News @ M-Media

Tag: US

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    ပူတင်အား အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ ကြိုဆိုမှု

    တရားသူကြီးချုပ်ကိစ္စ မကျေနပ်၍ အမေရိကန်ပြည်သူများ ဆန္ဒပြ
    ================
    ထရမ့်က တရားသူကြီးချုပ်အဖြစ် အဆိုပြုထားတဲ့ ဘရတ်ကာဗာနော့ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတစ်ခု ၀ါရှင်တန်မှာ မနေ့က ဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ကာဗာနော့ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ အမျိုးသမီးတစ်ချို့က ဖွင့်ဟလာကြပြီးနောက်ပိုင်း FBI က စုံစမ်းစစ်ဆေးခဲ့ပေမယ့် ကာဗာနော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ၅ ရက်တာ စုံစမ်းစစ်ဆေးမှုဟာ ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ကာဗာနော့ကို ဒီကနေ့မှာ လွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။

    အဓမ္မမှု စွပ်စွဲခံနေရသည့် ရော်နယ်ဒို နိုင်ငံအသင်းလူစာရင်းတွင် ချန်လှပ်ခံရ
    ===================
    တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခုလနဲ့ လာမယ့်လမှာ ကစားမယ့် နိုင်ငံတကာပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပေါ်တူဂီ လက်ရွေးစင်အသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်မော်ဒယ်ဟောင်းတစ်ယောက်က ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်မှာ သူမကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲမှုတွေ လက်ရှိမှာ ထွက်ပေါ်နေပြီး ရော်နယ်ဒိုက ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ဆန်းတို့စ်က သူရယ်၊ ရော်နယ်ဒိုရယ်၊ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရယ် တွေ့ဆုံ စကားပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်း ဒီလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းအရင်းကိုတော့ ဖွင့်ဟခြင်း မရှိပါဘူး။

    ရွေးကောက်ပွဲမပြီးမချင်း ဆီးရီးယားက မဆုတ်ခွာဟု တူရကီပြော
    ================
    ဆီးရီးယားမှာ အထွေထွေရွေးကောက်ပွဲ မကျင်းပမချင်း သူတို့တပ်တွေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသမှာ IS အကြမ်းဖက်အုပ်စုကို နှိမ်နှင်းဖို့အတွက် တူရကီဟာ ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကို တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်အစပိုင်းမှာ နယ်စပ်က ကာ့ဒ်တပ်ဖွဲ့တွေကို ရှင်းလင်းရေးခေါင်းစဉ်နဲ့ တူရကီဟာ ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားအစိုးရနဲ့ သူပုန်တွေရဲ့ ဆွေးနွေးမှုအတွင်း ရုရှား၊ အီရန်တို့နဲ့အတူ တူရကီနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေပါတယ်။ အာဒိုဂန်ရဲ့ ယခုပြောကြားမှုဟာ ဆီးရီးယားမှာ တူရကီတပ်တွေ နှစ်အတော်ကြာ ဆက်ရှိနေမယ့် အနေအထားလည်း ဖြစ်ပါတယ်။

    တရားစွဲခံထားရသည့် မလေးဝန်ကြီးချုပ်ဟောင်းဇနီး သက်သေကို ချဉ်းကပ်ခဲ့
    ========================
    ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှု စွဲချက် ၁၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ မလေးဝန်ကြီးချုပ်ဟောင်းဇနီး ရိုစ်မာ မန်ဆူရ်ဟာ သက်သေတစ်ယောက်ကိုချဉ်းကပ်ကာ သူ့အတွက် ဖာဖာထေးထေး ထွက်ဆိုပေးဖို့ တောင်းဆိုခဲ့တယ်လို့ အစိုးရရှေ့နေအဖွဲ့က တရားရုံးကို အသိပေးခဲ့ပါတယ်။ ရိုစ်မာက စွဲချက်တွေအားလုံးအတွက် အပြစ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့ ကြားနာမှုမှာ ပြောကြားခဲ့ပါတယ်။ အစိုးရရှေ့နေအဖွဲ့က လက်ရှိ အချုပ်ကျနေတဲ့ ရိုစ်မာအနေနဲ့ ပြန်လွတ်သွားရင် သက်သေတွေကို ဖျားယောင်းမယ့် အနေအထားရှိတာကြောင့် အာမခံမပေးဖို့အတွက် ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။

    ရုရှားသမ္မတပူတင် အိန္ဒိယသို့ ရောက်ရှိလာ
    =================
    ရုရှားသမ္မတ ပူတင်ဟာ မနေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပူတင်ရဲ့ ၂ ရက်တာခရီးစဉ်အတွက် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ရောင်းချရေးအပါအ၀င် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ စစ်ဖက်ဆိုင်ရာ၊ နျူကလီးယားနဲ့ အာကာသ စူစမ်းရေးဆိုင်ရာ သဘေတူညီချက်တွေလည်း ရဖို့ ရှိနေပါတယ်။

    Ref: Aljazeera, CNA, BBC

  • အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    ICJ ကြားနာမှု မြင်ကွင်း

    – အီရန်အပေါ် အမေရိကန်က ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေနဲ့ အရပ်ဖက်လေကြောင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုကို ယာယီဖယ်ရှားဖို့အတွက် နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) က မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က မေလမှာ ကြေငြာပြီးနောက်ပိုင်း အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    အီရန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ကန့်ကွက်ဝေဖန်ကာ ဒီကိစ္စအတွက် ICJ ကို တိုင်ကြားခဲ့ပါတယ်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖက်က ကြည့်မယ်ဆိုရင် အီရန်နိုင်ငံထဲ ဒီလို ကုန်ပစ္စည်းတွေ ၀င်ရောက်မှုကို ဟန့်တားတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို အမေရိကန်က ဖယ်ရှားပေးရပါမယ်” လို့ ICJ ရဲ့ မနေ့က အမိန့်မှာ ဖော်ပြထားပါတယ်။

    ဒီအမိန့်ဟာ တရားဝင်ဖြစ်ပေမယ့် အမေရိကန်ဟာ ICJ မှ မပါဝင်တော့တာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။

    “အီရန်ဟာ မှန်ကန်ပြီး အီရန်ပြည်သူတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ဘဲ ရက်စက်ရာရောက်နေတယဆိုတာ ဒီဆုံးဖြတ်ချက်က ထပ်မံ သက်သေပြလိုက်တာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်ကိစ္စကို စစ်ဆေးနေစဉ်အတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံး ရပ်ဆိုင်းထားရေး အမေရိကန်ကို အမိန့်ပေးဖို့လည်း အီရန်က ICJ ကို တိုက်တွန်းထားပါတယ်။

    အရပ်ဖက်လေကြောင်းနယ်ပယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အီရန်အတွက် တော်တော်လေး အထိနာစေပြီး၊ အီရန်ကတော့ ပိတ်ဆို့မှုအားလုံး ICJ က ဖယ်ရှားတာကို လိုချင်နေတာ ဖြစ်ပါတယ်။

    ICJ ကို အီရန်ရဲ့တိုက်ကြားမှုဟာ ခုံသမာဓိရုံးကို အလွဲသုံးစားလုပ်ရာ ရောက်တယ်လို့ အမေရိကန်က ဝေဖန်ပြစ်တင်ထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဘုရင် ဆလ်မန်ရဲ့ အုပ်စိုးမှုဟာ ၂ ပတ်တောင် ခံမှာမဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က မစ္စစီပီမှာပြုလုပ်တဲ့ လူထုထောက်ခံပွဲအခမ်းအနားတစ်ခုမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ရေနံဈေး မြင့်တက်နေတဲ့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ အခြေအတင်ဖြစ်နေတဲ့အချိန် ဒီလိုစကားမျိုး ထွက်လာတာလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဆော်ဒီအာရေဗျကို ကာကွယ်ပေးထားတာပါ။ သူတို့ချမ်းသာတယ်လို့ ခင်ဗျားတို့ပြောမလား။ ကျွန်တော် ဘုရင်ဆလ်မန်ကို ချစ်တယ်။ ဒါပေမယ့် ‘ဘုရင်ကြီး – ခင်ဗျားကို ကျွန်တော်တို့ ကာကွယ်ပေးထားတာနော်။ ကျွန်တော်တို့မရှိဘဲနဲ့ ခင်ဗျား ၂ ပတ်တောင် ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့စစ်စားရိတ်အတွက် ခင်ဗျား ပိုက်ဆံပေးရမယ်’ လို့ ကျွန်တော် ပြောခဲ့တယ်”

    ဘုရင်ဆလ်မန်ကို ဒီစကား ဘယ်တုန်းကပြောခဲ့သလဲဆိုတာကိုတော့ ထရမ့်က ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီဟာ ကမ္ဘာ့ ထိပ်တန်း ရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်သူများအဖွဲ့ အိုပက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်ကတော့ ကမ္ဘာတစ်ဝှမ်း ရေနံဈေးမြင့်တက်လာမှုအတွက် အိုပက်နိုင်ငံတွေကို အပြစ်တင်ထားပါတယ်။

    စနေနေ့မှာ ထရမ့်ဟာ ဘုရင်ဆလ်မန်ကို ဖုန်းခေါ်ခဲ့ပြီး ရေနံဈေးကွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေနံထုတ်လုပ်မှုကို ထိန်းညှိဖို့ ဆွေးနွေးခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကူဝိတ်ကိုသွားရောက်ပြီး ရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ကိစ္စကို ကူဝိတ်ခေါင်းဆောင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တိုးတက်မှု မရှိသေးပါဘူး။

    ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံမှာ အမေရိကန်စစ်တပ်တွေ တပ်စွဲထားပြီး ထရမ့်က ဒီကုန်ကျစားရိတ်အတွက် လက်ခံထားတဲ့နိုင်ငံတွေကို ပေးစေချင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်က ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့မှာ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ လက်ယာအစွန်းရောက်တွေရဲ့ ချီတက်ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ လူဖြူအစွန်းရောက် ၄ ဦးကို အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ဘင်ဂျမင် ဒရာကီ ဒါလေး၊ အသက် ၂၉ နှစ်အရွယ် မိုက်ကယ် ပေါလ် မီစီလစ်၊ အသက် ၃၄ နှစ်အရွယ် သောမတ်စ် ဝေါလ်တာ ဂီလန်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုးလ် အီဗန် ၀ှိုက်တို့ ဖြစ်ပါတယ်။

    သူတို့ကို ကယ်လီဖိုးနီးယားမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး မနေ့က ချားလော့ဗီလီတရားရုံးမှာ ရုန်းရင်းဆန်ခတ်မှုဆိုင်ရာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်လောက် ကျခံရနိုင်ပါတယ်။

    အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေက ဒီလူတွေဟာ လူဖြူအစွန်းရောက် စစ်သွေးကြွအဖွဲ့ Rise Above Movement (RAM) က အဖွဲ့ဝင်တွေဖြစ်ပြီး၊ ကယ်လီဖိုးနီးယားကနေ ဗာဂျီးနီးယားကို လာရောက်ကာ ဆူပူဆန္ဒပြဖို့ လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    RAM အဖွဲ့မှာ အဖွဲ့ဝင် ၅၀ ကျော်လောက်ရှိပြီး သူတို့နဲ့ အယူမတူသူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ ProPublica ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ပြည်တွင်းစစ်အတွင်း ခွဲထွက်ရေးတပ်ဖွဲ့က တပ်မှူး ရောဘတ်အီးလီရဲ့ ရုပ်တု ဖယ်ရှားခံရတာကို မကျေနပ်ရာကနေ အစပြုကာ လူဖြူအစွန်းရောက်တွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက ချားလော့ဗီလီမှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

    အစွန်းရောက်တွေကို တန်ပြန်ဆန္ဒပြမှုလည်း ရှိခဲ့ပြီး လူဖြူအစွန်းရောက်တစ်ဦးက တန်ပြန်ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ ၀င်တိုက် အကြမ်းဖက်တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ဟီသာဟိုင်ယာ သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစွန်းရောက်တွေကို မျက်နှာသာပေးတဲ့ စကားမျိုး ပြောခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    – ဟက်ကာတွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခုအတွင်း အသုံးပြုသူ သန်း ၅၀ နီးပါးလောက်ရဲ့ အချက်အလက်တွေ ထိခိုက်သွားခဲ့တယ်လို့ Facebook က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်က ဇူလိုင်လက အပြောင်းအလဲလုပ်ခဲ့တဲ့ ဗီဒီယို upload စနစ်က “View As” လုပ်ဆောင်ချက် အသုံးပြုကာ ဟက်တာတွေက လုံခြုံရေးနစ်ကို ချိုးဖျက် ၀င်ရောက်နိုင်ခဲ့တာပါ။

    ကုမ္ပဏီတည်ထောင်သူ ဇက်ကာဘာ့ဂ်က ဒီလို ချိုးဖျက်ဝင်ရောက်မှုကို အခုတစ်ပတ် အင်္ဂါနေ့မှာ သိရှိခဲ့ပြီး ကြာသာပတေးနေ့မှာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    “ဘယ်အကောင့်တွေကို တစ်လွဲအသုံးချခဲ့လဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါဟာ ဆိုးဆိုးဝါးဝါးကိစ္စပါ”

    လက်ရှိမှာ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    “ဒီလို ဟက်နိုင်မှုကြောင့် သူတို့ (ဟက်ကာတွေ) ဟာ Facebook ကို ၀င်ရောက်နိုင်တဲ့ တိုကင်တွေကို ခိုးယူနိုင်ခဲ့ပြီး လူတွေရဲ့ အကောင့်တွေကို ရယူဖို့မှာ အသုံးပြုနိုင်ပါတယ်။ အဲဒီတိုကင်တွေဟာ ဖုန်း app မှာ အသုံးပြုတွေ password ကို ထပ်ခါထပ်ခါ မရိုက်ရဘဲ ၀င်ထားနိုင်တဲ့ ဒစ်ဂျစ်တယ်သော့တွေ ဖြစ်ပါတယ်” လို့ Facebook ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဌ ဂေး ရိုဆန်က ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Facebook ဟာ ပြီးခဲ့တဲ့နှစ်အတွင်း View As လုပ်ဆောင်ချက်ဟာ အသုံးပြုခဲ့ကြသူ သန်း ၉၀ လောက်ရဲ့ အကောင့်တွေကို log out လုပ်ခဲ့ပါတယ်။

    အသုံးပြုသူတွေအနေနဲ့ log in ပြန်ဝင်ပြီးသွားရင် New Feed ရဲ့ ထိပ်ဆုံးမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်ပြထားတဲ့ သတိပေးချက်ကို မြင်ရမှာ ဖြစ်ပါတယ်။

    View As လုပ်ဆောင်ချက်ဟာ မိမိရဲ့ ဗီဒီယိုကို တစ်ခြားသူတွေက ဘယ်လို မြင်ရမလဲဆိုတာကို ကြည့်ရှုတဲ့စနစ်ဖြစ်ပြီး လက်ရှိအချိန်မှာ ဒါကို ပိတ်ကာ လုံခြုံရေးဆိုင်ရာ သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။

    ဒီလို ချိုးဖောက်ဝင်ရောက်ခဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာကို မသိရှိသေးဘဲ လက်ရှိမှာ Facebook က အမေရိကန် လုံခြုံရေးတာဝန်ရှိသူတွေကို တိုင်ကြားထားပါတယ်။

    Ref: Aljazeera