News @ M-Media

Tag: US

  • အစ္စရေးရှိ အမေရိကန်သံရုံး ဂျေရုစလင်ပြောင်းမည့် ထရမ့်အစီအစဉ် ဝေဖန်မှု မြင့်တက်

    အစ္စရေးရှိ အမေရိကန်သံရုံး ဂျေရုစလင်ပြောင်းမည့် ထရမ့်အစီအစဉ် ဝေဖန်မှု မြင့်တက်

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

    ဂျေရုစလင်ရှိ မတ်စ်ဂျစ်ဒ် အက်ဆွာ ဗလီဝတ်ကျောင်းတော်

    – အစ္စရေးက အမေရိကန်သံရုံးကို ဂျေရုစလင်ကို ပြောင်းရွှေ့မယ့် အစီအစဉ်နဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေ၊ အာရပ်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ အသိပေးခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်း မတည်မငြိမ်မှု ပိုမိုဖြစ်လာလိမ့်မယ်ဆိုတဲ့ သတိပေးမှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

    ထရမ့်ဟာ မနေ့က ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၊ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ၊ ဆော်ဒီဘုရင် ဆလ်မန်နဲ့ ဂျော်ဒန်ဘုရင် အဘ်ဒူလာတို့ကို ဖုန်းခေါ်ဆိုကာ ဒီအကြောင်းကို ပြောကြားခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ တရားဝင် သတင်းထုတ်ပြန်ဖွယ် ရှိနေပါတယ်။

    တယ်လ်အဗီးက အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းတာဟာ အစ္စရေးရဲ့ မြို့တော်အဖြစ် ဂျေရုစလင်ကို အသိအမှတ်ပြုလိုက်တာမျိုး ဖြစ်ပြီး ဒီကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တစ်လျှောက်လုံး လော်ဘီလုပ်ခဲ့တာပါ။

    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားတဲ့ ဒေသတွေကို အစ္စရေးက ၁၉၆၇ ခုနှစ်နောက်ပိုင်းမှာ တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ်လို့ ထရမ့်ကို သတိပေးခဲ့ကြောင်း အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    အစ္စရေးက နိုင်ငံတကာသံရုံးတွေဟာ တယ်လ်အဗီးမှာပဲ ရှိတာဖြစ်ပြီး ဂျေရုစလင်မှာ တစ်ခုမှ မရှိသလို၊ ဂျေရုစလင်ကို အစ္စရေးက စိုးမိုးအုပ်ချုပ်မှုကိုလည်း အမေရိကန်အပါအ၀င် ကမ္ဘာ့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုပါဘူး။

    ဥရောပ

    ဥရောပသမဂ္ဂ နိုင်ငံရေးပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ထရမ့်ရဲ့ ဒီအစီအစဉ်ကို သဘောမကျဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ရရေး အစီအစဉ်ကို ပျက်ဆီးစေတဲ့ ဘယ်လို့ လုပ်ရပ်မျိုးမဆို လုံးဝ ရှောင်ရှားရမယ်လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က အစ္စရေးက အမေရိကန်သံရုံးကို ဂျေရုစလင်ကို ရွှေ့တာဟာ မွတ်စလင်တွေအပေါ် စည်းဖောက်တာဖြစ်ပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ချက်ခြင်းဖြတ်တောက်သွားမယ်လို့ မနေ့မှာ သတိပေးခဲ့ပါတယ်။

    တနင်္လာနေ့ကလည်း ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်ဟာ ထရမ့်ကို ဖုန်းခေါ်ကာ ဂျေရုစလင်ကိစ္စဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံ ငြိမ်းခမ်းစွာတည်ရှိရေး ဆွေးနွေးမှုကနေတစ်ဆင့် ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတ
    ယ်။

    အာရပ်ကမ္ဘာ

    ဂျော်ဒန်ဘုရင့်နန်းတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ထရမ့်ဟာ သံရုံး ဂျေရုစလင်ကို ရွှေ့ဖို့ကိစ္စအတွက် ဘုရင်အဘ်ဒူလာကို ဖုန်းဆက်ပြောကြားကြောင်း၊ ဒီလုပ်ရပ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ရှိလာမှာဖြစ်ပြီး ဂျေရုစလင်က မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကိုလည်း ထိခိုက်နာကျည်းစေမှာဖြစ်ကြေင်း ဖော်ပြခဲ့ပါတယ်။

    အီဂျစ်သမ္မတ အလ်-စီစီကလည်း ဒီဆုံးဖြတ်ချက်မျိုး မချဖို့အတွက် ထရမ့်ကို မနေ့က ဖုန်းခေါ်ဆိုမှုအတွင်း တိုက်တွန်းခဲ့ပြီး ဒါဟာ အရှေ့အလယ်ပိုင်းက ငြိမ်းချမ်းရေးအခွင့်အလမ်းတွေကို ထိခိုက်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာကတော့ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရေး ဘယ်လို လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့မယ့်အစီအစဉ်ဟ အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ပိုမိုရှုပ်ထွေးကာ ဒေသတွင်း အကွဲအပြဲတွေ ဖြစ်လာမှာဖြစ်ဖြစ်ကြောင်း၊ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းကိစ္စကို ထိခိုက်ပြီး ကမ္ဘာမွတ်စလင်လူထုလည်း အုံကြွလာမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

    ကျွမ်းကျင်သူများ သတိပေး

    အစ္စရေးက အမေရိကန်သံရုံး ဂျေရုစလင်ကို ၁၉၉၉ ခုနှစ်မှာ ပြောင်းရွှေ့ဖို့ အမေရိကန်အောက်လွှတ်တော်က ၁၉၉၅ ခုနှစ်မှာ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တာကြောင့် ၁၉၉၈ ခုနှစ်ကစပြီး အမေရိကန်သမ္မတ အဆက်ဆက်ဟာ ဒီဆုံးဖြတ်ချက်ကို ၆ လတစ်ကြိမ် ရွှေ့ဆိုင်းလာခဲ့တာပါ။

    ထရမ့်ကလည်း ဇွန်လမှာ ဒီဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပြီး နောက်ထပ် ၆ လက်သက်တမ်းဟာ မနေ့မှာ ကုန်ဆုံးခဲ့ပါတယ်။

    အရှေ့မျှော်ပေါ်လစီဆိုင်ရာ ၀ါရှင်တန်အင်စတီကျုက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စီမံကိန်း ဒါရိုက်တာ ဒေးဗစ် မာကော့ဗ်စကီးက ထရမ့်အနေရဲ့ ဒီလို ကြေငြာလိုက်မယ်ဆိုရင် ငြိမ်းရေးလမ်းစအားလုံး အဆုံးသတ်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    မေရီလန်းတက္ကသိုလ်က ပါမောက္ခ ရှိဘီ တဲလ်ဟာမီကလည်း ဒီလုပ်ရပ်ဟာ အစွန်းရောက်တွေ ၀ါဒဖြန့်ဖို့ ခေါင်းစဉ်တစ်ခု ဖော်ပေးလိုက်တာဖြစ်ပြီး လုံခြုံရေးကိစ္စမှာ အစ္စရေးနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်နေကာ အမေရိကန်တပ်တွေ ရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေအတွက် ခက်ခဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    လတ်တလောမှာတော့ အမေရိကန်က ဒီလို ကြေငြာချက်မျိုးထုတ်လာရင် ဆန္ဒပြဆန့်ကျင်သွားဖို့ ပါလက်စတိုင်းပြည်သူတွေက စီစဉ်နေပါတယ်။ အဘတ်စ်ကလည်း ဒီလုပ်ရပ်ကို မကြေနပ်ကြောင်း ပြသဖို့အတွက် ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

    Ref: CNN, Aajazeera

  • အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့လျှင် အစ္စရေးနှင့် အဆက်အသွယ်ဖြတ်မည်ဟု တူရကီပြော

    အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့လျှင် အစ္စရေးနှင့် အဆက်အသွယ်ဖြတ်မည်ဟု တူရကီပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    တူရကီသမ္မတ အာဒိုဂန်

    – ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုလိုက်ပါ ကမ္ဘာမွတ်စလင်ထုတစ်ရပ်လုံးအပေါ် စည်းဖောက်မှုဖြစ်ပြီး မိမိတို့နိုင်ငံကလည်း အစ္စရေးနှင့် အဆက်အသွယ်ဖြတ်မည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

    အမေရိကန်သမ္မတ ထရမ့်မှာ အစ္စရေးရှိ ၎င်းတို့၏ သံရုံးအား တယ်လ်အဗီးမြို့မှ ဂျေရုစလင်သို့ ပြောင်းရွှေ့ရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း အာဒိုဂန်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

    ထရမ့်၏ ထိုအစီအစဉ်ကို အခြားသော ကမ္ဘာ့ခေါင်းဆောင်များကလည်း ကန့်ကွက်ထားပြီး ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေမည့် ကိစ္စဖြစ်သည်ဟု သတိပေးထားသည်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ထရမ့်အား ဖုန်းခေါ်မှုအတွင်း ဂျေရုစလင်ကိစ္စမှာ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် ဖြေရှင်းရမည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များ၏ မေတ္တာရပ်ခံမှုကြောင့် အာရပ်လိဂ်မှာ အင်္ဂါနေ့တွင် ထိုကိစ္စအတွက် အရေးပေါ်အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေသည်။

    ကုလ၏ ဆုံးဖြတ်ချက်အရ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်ရမည် ဖြစ်သော်လည်း ၁၉၆၇ ခုနှစ် စစ်ပွဲအပြီးနောက်ပိုင်း အစ္စရေးက ဂျေရုစလင်အပါအ၀င် ကုလက သတ်မှတ်ပေးထားသည့် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ကာ ဂျေရုစလင်ကို ၎င်းတို့၏ မြို့တော်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်လာခြင်းဖြစ်သည်။

    အမေရိကန်အနေဖြင့် ဂျေရုစလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုပါက ပါလကစတိုင်းခေါင်းဆောင်များမှာ အမေရိကန်နှင့် အဆက်အသွယ်ဖြတ်သင့်သည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်၏ သံတမန်ရေးရာအကြံပေးက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဂျေရုစလင်၌ မည်သည့် သံရုံးမှ မရှိသေးဘဲ အမေရိကန်အပါအ၀င် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမှ ဂျေရုစလင်မြို့အား အစ္စရေးက စိုးမိုးအုပ်ချုပ်မှုကို အသိအမှတ်မပြုပေ။

    အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဟိုဂန် ဂစ်ဒ်လေးက ထရမ့်၏ ကြေငြာမှုကို လာမည့်ရပ်အနည်းငယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်သံရုံး ဂျေရုစလင်သို့ ရွှေ့ပြောင်းရန်ကိစ္စကို ထရမ့်က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    သံရုံးအား ၁၉၉၉ ခုနှစ်တွင် ဂျေရုစလင်သို့ ရွှေ့ပြောင်းရန်အတွက် အမေရိကန်အောက်လွှတ်တော်က ၁၉၉၅ ခုနှစ်တွင် အတည်ပြုခဲ့သော်လည်း အမေရိကန်သမ္မတ အဆက်ဆက်က အမျိုးသားလုံခြုံရေးကို ထောက်ချင့်ကာ ၁၉၉၈ ခုနှစ်မှစ၍ ထိုဆုံးဖြတ်ချက်ကို ၆ လတစ်ကြိမ် ရွှေ့ဆိုင်းခဲ့ကြသည်။

    ထရမ့်ကိုယ်တိုင်လည်း ဇွန်လတွင် ထိုဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပြီး ၆ လတာအတွက် နောက်ဆုံးသတ်မှတ်ရက်မှာ တနင်္လာနေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

    Ref: Aljazeera

  • မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်သည့် ထရမ့်၏အမိန့်ကို တရားရုံးချုပ် အတည်ပြု

    မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်သည့် ထရမ့်၏အမိန့်ကို တရားရုံးချုပ် အတည်ပြု

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာ ၆ နိုင်ငံမှ ပြည်သူများကို ပြည်ဝင်ခွင့်မပေးရေး ထရမ့်အစိုးရ၏ တတိယမြောက် ပြင်ဆင်ချက်အမိန့်ကို အပြည့်အ၀အကောင်အထည်ဖော်ရန် အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်သည်ဟု သိရသည်။

    ချဒ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့အား ပြည်ဝင်ခွင့်ပိတ်ပင်ရန် ထရမ့် ယခင် နှစ်ကြိမ် ကြိုးစားမှုမှာ တရားသူကြီးများ၏ ပယ်ချမှုနှင့် ကြုံတွေ့ရပြီးနောက် ထပ်မံပြင်ဆင်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော ယခုအမိန့်ကို စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ရစ်ခ်ျမွန်း၊ ဗာဂျီးနီးယား၊ ဆန်ဖရန်စစ္စကိုတို့ရှိ ဖက်ဒရယ်အယူခံရုံးများက အဆိုပါ တတိယမြောက်အမိန့်ကို ဆန့်ကျင်ခဲ့ကြပြီး အောက်တိုဘာလတွင် အောက်ရုံးတော်များက အမိန့်၏ တစ်ချို့အစိတ်အပိုင်းများကိုသာ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။

    သို့သော်လည်း တရားရုံးချုပ်က ယမန်နေ့တွင် အမိန့်တစ်ခုလုံး သက်ရောက်စေရန် ဆုံးဖြတ်ခဲ့ပြီး၊ အယူခံခုံရုံးများအနေဖြင့် ယခုအမိန့်၏ ဥပဒေကြောင်းအရ ခိုင်လုံမှုကို ဆုံးဖြတ်ရန် လျင်လျင်မြန်မြန် ဆောင်ရွက်သင့်သည်ဟုလည်း တိုက်တွန်းခဲ့သည်။

    အမေရိကန် နိုင်ငံသားလွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) က တရားရုံးချုပ်၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ကောင်းကျိုးဖြစ်မည့် ဆုံးဖြတ်ချက်မဟုတ်ဟု ပြောကြားခဲ့ပြီး၊ မိမိတို့၏ မိသားစုများနှင့် မတရားသဖြင့် ခွဲထုတ်ခံရသူများအတွက် လွတ်လပ်မှုမှုနှင့် တန်းတူညီမျှမှု ရရှိအောင် တိုက်ပွဲဝင်သွားမည်ဟု ယမန်နေ့တွင် Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ရုရှားသံအမတ်နှင့် တွေ့ဆုံမှုဖြင့် တရားစွဲခံရသည့် ထရမ့်၏လူယုံဟောင်းတစ်ဦး အပြစ်ရှိကြောင်းဝန်ခံ

    ရုရှားသံအမတ်နှင့် တွေ့ဆုံမှုဖြင့် တရားစွဲခံရသည့် ထရမ့်၏လူယုံဟောင်းတစ်ဦး အပြစ်ရှိကြောင်းဝန်ခံ

    ဒီဇင်ဘာ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာမရခင် ရုရှားသံအမတ်အား တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ လိမ်လည်ထွက်ဆိုခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ် ဖလင်းက ၀န်ခံလိုက်သည်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှား၏ ပါဝင်ပတ်သက်မှုအတွက် စုံစမ်းစစ်ဆေးမှုအတွင်း ဖလင်းက အမေရိကန်ဆိုင်ရာ ရုရှား သံအမတ်နှင့် တွေ့ဆုံမှုကို FBI အား ဖုံးကွယ် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် ကြာသာပတေးနေ့တွင် တရားစွဲခံခဲ့ရသည်။

    ဖလင်းက ထရမ့်မဲဆွယ်ရေးအဖွဲ့မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးမှာ ၎င်းအား ရုရှားနှင့် ဆက်သွယ်ရန် ညွှန်ကြားခဲ့သည်ဟု ယမန်နေ့တွင် ထွက်ဆိုခဲ့သည်။

    သာမန် နိုင်ငံသားတစ်ယောက်အနေဖြင့် အမေရိကန်၏ သံတမန်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ခြင်းမှာ ဥပဒေချိုးဖောက်ခြင်းဖြစ်ပြီး ရုရှားသံတမန်များနှင့် အဆက်အသွယ်ရှိသူကို အမျိုးသားလုံခြုံရေးအကြံပေး ခန့်ထားမှုအတွက် ထရမ့်အစိုးရကို တရားရေးဌာနက ဖေဖော်ဝါရီလတွင် သတိပေးခဲ့ပြီးနောက် ဖလင်းမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

    တရားရုံးမှတ်တမ်းတွင် ဖလင်းမှာ FBI အား ‘ရည်ရွယ်ချက်ရှိရှိ’ ဖြင့် ‘မှားယွင်းသော ထွက်ဆိုမှုများ၊ ပြောကြားမှုများ ပြုလုပ်ခဲ့သည်’ ဟု ဖော်ပြထားသည်။

    ထရမ့်၏ လူယုံဖြစ်ခဲ့သည့် ဖလင်းမှာ ရာထူးမှ နှုတ်ထွက်စဉ်က ၎င်းအနေဖြင့် ရုရှားသံအမတ်နှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ဖူးသည်။

    Ref: Aljazeera

     

  • အမေရိကန်သမ္မတ မျှဝေသည့် မွတ်စလင်ဆန့်ကျင်ရေးဗီဒီယိုမှာ လုပ်ကြံထားမှု ဖြစ်နေ

    အမေရိကန်သမ္မတ မျှဝေသည့် မွတ်စလင်ဆန့်ကျင်ရေးဗီဒီယိုမှာ လုပ်ကြံထားမှု ဖြစ်နေ

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ တစ်ဆင့် မျှဝေခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယိုတစ်ခုဟာ လုပ်ကြံဖန်တီး ၀ါဒဖြန့်ထားတဲ့ ဗီဒီယိုသာ ဖြစ်တယ်လို့ ဗီဒီယိုကို ပထမဆုံးတင်ခဲ့တဲ့ နယ်သာလန် ၀ဘ်ဆိုက် Dumpert က ပြောကြားလိုက်ပါတယ်။

    ဗြိတိန်အစိုးရက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Britain First အဖွဲ့က ဒုတိယအကြီးအကဲ ဂျေဒါ ဖရန်ဆန်က သူ့ရဲ့ Twitter စာမျက်နှာမှာ မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယို ၃ ခုကို တင်ခဲ့ပြီး ထရမ့်က အဲဒီဗီဒီယိုတွေကို ပြန်လည်မျှဝေခဲ့တာပါ။

    အဲဒီဗီဒီယိုတွေထဲကတစ်ခုဟာ နယ်သာလန်နိုင်ငံမှာ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဗီဒီယိုဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေးသမားတွေက ပြောင်းရွှေ့အခြေချ ၀င်ရောက်လာတဲ့ မွတ်စလင်လူငယ်ဟာ မသန်စွမ်း ဌာနေ ဒက်ခ်ျလူငယ်တစ်ဦးကို ရိုက်နှက်စော်ကားတယ်လို့ ၀ါဒဖြန်ခဲ့တာပါ။

    ဒီဗီဒီယိုကို မေလမှာ ပထမဆုံးလွှင့်တင်ခဲ့တဲ့ Dumpert ဗီဒီယိုဝဘ်ဆိုက်ကို စီမံနေသူ Rene van Leeuwen က သူ့တို့အနေနဲ့ ဗီဒီယိုကို တင်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဒီကိစ္စမှာ ပါဝင်တဲ့ လူငယ်နှစ်ဦးစလုံးဟာ ပြောင်းရွှေ့အခြေချသူတွေ မဟုတ်သလို မွတ်စလင်တွေလည်း မဟုတ်ဘူးလို့ အကြောင်းကြားခဲ့ပြီးတဲ့နောက် ပြန်လည် ဖြုတ်ချခဲ့တယ်လို့ အမေရိကန်သတင်းဌာန ABC News ပြောကြားခဲ့ပါတယ်။

    ဗီဒီယို ပြန့်နှံ့ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ဒက်ခ်ျရဲတပ်ဖွဲ့ကလည်း Rene van Leeuwen ရဲ့ ပြောကြားမှုကို အတည်ပြုခဲ့ပါတယ်။

    ဖရန်ဆန်ရဲ့ အမုန်းဗီဒီယိုတွေကို ထရမ့်က ပြန်လည်မျှဝေမှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအပါအ၀င် ဗြိတိန် နိုင်ငံရေး သမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။

    ဗြိတိန်ပြည်ထဲရေးဝန်ကြီးက Britain First အဖွဲ့ဟာ သတင်းမှားတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း သွေးကွဲအောင်၊ တင်းမာမှုတွေ မြင့်တက်လာအောင် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ကြောင်း၊ သူတို့ရဲ့ ဖြန့်ဝေမှုဟာ ဗြိတိန်ရဲ့ တန်ဖိုးတွေဖြစ်တဲ့ သည်းခံမှု၊ သဟဇာတဖြစ်မှု၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုတွေနဲ့ ဆန့်ကျင်တာကြောင့် ဗြိတိန်ပြည်သူ အများစုက လက်ခံခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : ABC