News @ M-Media

Tag: US

  • ရခိုင်ကိစ္စအတွက် အနည်းဆုံး မြန်မာတာဝန်ရှိသူတစ်ဦး အရေးယူခံရမည်ဟု အမေရိကန်ပြော

    ရခိုင်ကိစ္စအတွက် အနည်းဆုံး မြန်မာတာဝန်ရှိသူတစ်ဦး အရေးယူခံရမည်ဟု အမေရိကန်ပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအတွက် တာဝန်ရှိသူ အနည်းဆုံး တစ်ဦးကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်မှု၊ ခြစားမှုအတွက် နိုင်ငံရပ်ခြားက လူတစ်ဦးချင်းဆီကို ပစ်မှတ်ထား အရေးယူနိုင်တဲ့ အမေရိကန်ရဲ့ ဥပဒေအရ ထရမ့်အစိုးရဟာ အစောဆုံး နောက်တစ်ပတ်လောက်မှာ ဒီကိစ္စပတ်သက်ပြီး ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

    မြန်မာနိုင်ငံက ပိတ်ဆို့အရေးယူမှုခံရမယ့်သူဟာ ဘယ်သူဘယ်ဝါဆိုတာကို ရက်စ်တီလာဆန်က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကြောင့် အရင်က လုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖယ်ရှားပေးခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပေါ်လစီပြောင်းလဲမှု အစလည်း ဖြစ်ပါတယ်။

    ပိတ်ဆို့အရေးယူခံရမယ့်သူဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ၀င်ရောက်ဆောင်ရွက်ခွင့် ရမှာမဟုတ်သလို၊ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိနေရင် အဲဒီပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရမှာ ဖြစ်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရပြီးတဲ့နောက် ဒီကိစ္စမှာ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူမယ်လို့ အမေရိကန်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေဟာ ‘လူမျိုးစုလိုက် သုတ်သင်မှုဒဏ်’ ခံစားနေရတယ်လို့လည်း အမေရိကန်က ပြောကြားခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

    မနေ့က နယူးယောက်မြို့ ကုလရုံးချုပ်မှာ တီလာဆန်က သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို ဆက်လက်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ အောင်မြင်ချင်တယ်။ ဒီပြဿနာတစ်ခုဟာ ဒီမိုကရေစီခရီးလမ်းအပေါ် ရိုက်ခတ်မှုရှိလာနိုင်လားဆိုတဲ့ တကယ့် စမ်းသပ်မှုကြီးပါပဲ” လို့ တီလာဆန်က ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စအတွက် အရေးယူရမယ့် လူတစ်ယောက်ကို အမေရိကန်က ဆုံးဖြတ်ထားပြီးဖြစ်ကာ၊ နောက်လူတွေကိုလည်း ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ တီလာဆန်က ဆိုပါတယ်။

    ရခိုင်ပြည်နယ်က သတင်းရယူမှုကိစ္စတစ်ခုနဲ့ အခုတစ်ပတ်အတွင်း ဖမ်းဆီးခံရတဲ့ Reuters သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

    Ref: Washington Post

  • ဒေါ်နယ်ထရမ့်မှာ အနိုင်ကျင့်ရေးသမား လူသွမ်းတစ်ဦးဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    ဒေါ်နယ်ထရမ့်မှာ အနိုင်ကျင့်ရေးသမား လူသွမ်းတစ်ဦးဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ‘နိုင်ငံတကာ အနိုင်ကျင့်ရေးသမား’ နှင့် ‘လူသွမ်း’ တစ်ဦးဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ယနေ့တွင် ပြောကြားလိုက်ပြီး ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ကွာလာလမ်ပူရှိ အမေရိကန်သံရုံးရှေ့တွင် ပြုလုပ်သည့် ချီတက်ဆန္ဒပြမှုတွင် အသက် ၉၃ နှစ်အရွယ် မဟာသီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထရမ့်၏ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်မှုက ‘အကြမ်းဖက်ဝါဒဆီ ဦးတည်သွားမည်’ ဟုလည်း သတိပေးခဲ့သည်။

    “ဒီကနေ့ နိုင်ငံတကာ အနိုင်ကျင့်ရေးသမားတစ်ယောက် ရှိလာပြီ။ ထရမ့်ရေ – ခင်ဗျားနဲ့ တန်ရာလူရှာပါ။ ဒီ (ဂျေရုစလင်) အစီအစဉ်ဟာ မွတ်စလင်တွေကို ဒေါသထွက်စေတာပဲ ဖြစ်လိမ့်မယ်။ အမေရိကန်သမ္မတဖြစ်နေတဲ့ လူသွမ်းကြီးကို ကျွန်တော်တို့အားလုံးရဲ့ အင်အားတွေသုံးပြီး ဆန့်ကျင်ရပါမယ်”

    ထို့ပြင် မွတ်စလင်နိုင်ငံများအနေဖြင့် အစ္စရေးနှင့် အဆက်အသွယ်ဖြတ်ရန်လည်း မဟာသီက တိုက်တွန်းခဲ့သည်။

    ထရမ့်မှာ ကုလ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာဥပဒေကို ဆန့်ကျင်ကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ပြီးခဲ့သည့်တစ်ပတ်တွင် ကြေငြာခဲ့ပြီး ကုလနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဆန့်ကျင်ခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များနှင့် ကမ္ဘာတစ်ဝှမ်းတွင် ထိုလုပ်ရပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။

    မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကလည်း မွတ်စလင်ခေါင်းဆောင်များအနေဖြင့် ထရမ့်၏ အစီအစဉ်ကို လက်မခံရန် တိုက်တွန်းခဲ့ပြီး လာမည့် သောကြာနေ့တွင် ပူထရာဂျာယာ၌ ၎င်းဦးဆောင်ကာ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်။

    Ref: CNA

  • ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ

    ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    IS ထံမှ သိမ်းဆည်းရမိသည့် လက်နက်များကို အီရတ်အစိုးရက ပြသထားစဉ်

    – အရှေ့အလယ်ပိုင်းက အစိုးရဆန့်ကျင်ရေး သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့က ထောက်ပံ့ပေးနေတဲ့ လက်နက်တွေဟာ IS အကြမ်းဖက်အဖွဲ့တွေလက်ထဲ ရောက်ရောက်သွားတယ်လို့ ပဋိပက္ခရေးရာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Conflict Armament Research (CAR) က ပြောကြားလိုက်ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားတို့မှာ CAR က ၃ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက် Weapons of the Islamic State ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    IS ရဲ့ လက်နက်အများစုဟာ အီရတ်နဲ့ ဆီးရီးယားစစ်တပ်တွေဆီကနေ လုယူခဲ့တာဖြစ်ပေမယ့် တစ်ချို့တွေဟာ ဆီးရီးယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့လို အခြားနိုင်ငံတွေကနေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေဖြစ်တယ်ဆိုတာ သုတေသနမှာ တွေ့ခဲ့ရပါတယ်။

    CAR က ဆန်းစစ်ခဲ့တဲ့ လက်နက်တွေဟာ ဥရောပလုပ်လက်နက်တွေဖြစ်ပြီး အမေရိကန်က ဥရောပကနေတစ်ဆင့် ဆီးရီးယားသူပုန်တွေလက်ထဲကို ထည့်ပေးခဲ့တာလို့ ဆိုပါတယ်။

    IS အကြမ်းဖက်အဖွဲ့က အသုံးပြုတဲ့ လက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်၊ ရုရှားနဲ့ အရှေ့ဥရောပက ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ပြီး ရုရှားလုပ်လက်နက်တွေက အများဆုံး ဖြစ်နေပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေပါ။

    “အစပိုင်းမှာ အီရတ်နဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေထံကနေ ဒီအဖွဲ့ဟာ လက်နက်တွေလုခဲ့တယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နေမှုကို ဒီတွေ့ရှိချက်တွေက ထောက်ခံနေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီတွေ့ရှိချက်တွေဟာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီး ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ လက်နက်ထောက်ပံ့တာမျိုးဟာ ထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သတိပေးနေတယ်လို့ CAR က ထောက်ပြခဲ့ပါတယ်။

    IS ဟာ သူတို့ သိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေမှာ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ CAR က ပြီးခဲ့တဲ့နှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

    အီရတ်ကတော့ သူတို့အနေနဲ့ IS အကြမ်းဖက်အဖွဲ့လက်ထဲက နယ်မြေအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီအဖွဲ့နဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

     

  • သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ သမ္မတမဖြစ်ခင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် ဒီမိုကရက်တစ်အမတ် ၁၀၀ ကျော်က အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီကို တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ဖလော်ရီဒါမှ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ အမျိုးသမီး လုပ်ငန်းဆိုင်ရာအဖွဲ့ (DWWG) ၏ ဥက္ကဌလည်းဖြစ်သူ လိုအစ် ဖရန်ကန်က သမ္မတအပေါ် စွဲဆိုချက်မျာအတွက် ‘အမှန်တရားကို ဖော်ထုတ်ရန် အချိန်တန်ပြီ’ ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ အလိုမတူဘဲ နမ်းခြင်း၊ တင်ပါးအား ကိုင်တွယ်ပွတ်သတ်ခြင်းတို့ အပါအ၀င် လိုင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိခဲ့သည်ဟု အနည်းဆုံး အမျိုးသမီး ၁၇ ဦးက စွပ်စွဲထားသည်ဟု DWWG က ထုတ်ပြန်သည့် တိုက်တွန်းစာတွင် ဖော်ပြထားသည်။

    ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖရန်ကန်က အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီက ထိုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန်အတွက် လက်မှတ်ရေးထိုးသူ အမတ် ၁၀၀ ကျော်ရှိကြောင်း၊ အရေအတွက်မှာ ဆက်လက်၍ မြင့်တက်လာဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

    ထရမ့်ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး ဒီမိုကရက်များမှာ ၎င်းနှင့် သိကျွမ်းခြင်း၊ တွေ့ဆုံခဲ့ခြင်း မရှိသူများ၏ စွပ်စွဲချက်များ၊ လုပ်ကြံမှုများဖြင့် ၎င်းအား တိုက်ခိုက်နေသည်ဟု ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    Ref: Aljazeera

  • နယူးယောက်မြို့လယ်ကောင်တွင် ပေါက်ကွဲမှုဖြစ်

    နယူးယောက်မြို့လယ်ကောင်တွင် ပေါက်ကွဲမှုဖြစ်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင် မဟတ္တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ကြေငြာခဲ့သည်။

    နယူးယောက်တိုင်းမ်စကွဲအနီး Port Authority ဘတ်စ်ကားမှတ်တိုင်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်သည်ဟု သတင်းရရှိကြောင်း နယူးယောက်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ပေါက်ကွဲမှု ပမာဏနှင့် အကြောင်းအရင်းကို အတည်မပြုနိုင်ဟု ဆိုသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အနည်းဆုံး လူတစ်ယောက်ကို အသက်အန္တရာယ်မရှိသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးထားသည်ဟု ရဲဌာနက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပေါက်ကွဲမှုကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု နယူးယောက်အစိုးရက Twitter စာမျက်နှာတွင် ဖော်ပြကာ၊ နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera