News @ M-Media

Tag: US

  • ရုရှားနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ထရမ့် မဲဆွယ်ရေးအကြံပေး ၀န်ခံ

    ရုရှားနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ထရမ့် မဲဆွယ်ရေးအကြံပေး ၀န်ခံ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့်၏ သမ္မတလောင်းမဲဆွယ်ရေးအစီအစဉ်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယအကြံပေးက ယမန်နှစ်က ရွေးကောက်ပွဲအတွင်း ရုရှားအရာရှိများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ပြီး မဲဆွယ်ကာလအတွင်း ရုရှားသို့ ထရမ့်သွားရန် အကြံပြုခဲ့ကြောင်း ၀န်ခံပြောကြားလိုက်သည်။

    ဘဏ်လုပ်ငန်းရှင်းဟောင်းတစ်ဦးဖြစ်ပြီး ရုရှားကျွမ်းကျင်သူ Carter Page က ၎င်းအနေနှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လက မော်စကိုသို့သွားစဉ် ရုရှားဒုဝန်ကြီးချုပ် Arkady Dvorkovick နှင့် အကျမ်းဖျဉ်း တွေ့ဆုံခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီသို့ ပြောပြခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်သည့် ၎င်း၏ သက်သေခံချက်များတွင် တွေ့ရှိရသည်။

    ဒေါ်နယ်ထရမ့် ရုရှားသို့သွား၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမိန့်ခွန်းပြောရန်ကိစ္စကို ၂၀၁၆ ခုနှစ် မေလတွင် စီစဉ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုအချိန်မှာ ထရမ့်၏ အခြား နိုင်ငံခြားရေးအကြံပေး George Papadopoulos က ထရမ့်အား မော်စကိုသို့ သွားရောက်ရန် အကြံပြုခဲ့သည်ဟု ပြီးခဲ့သည့်တစ်ပတ် တရားရုံးတွင် ထွက်ဆိုခဲ့သည့် လနှင့်လည်း တူညီနေသည်။

    ထရမ့်အဖွဲ့က ၂၀၁၆ ခုနှစ် ယင်းမဲဆွယ်စည်းရုံးပွဲ၌ ဟီလာရီကလင်တန်ကို အနိုင်ယူရန် ရုရှား၏ အကူအညီဖြင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိ၊ မရှိကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီများမှာ တရားရေးဌာနနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

    ပြီးခဲ့သည့် ကြာသပတေးနေ့က တံခါးပိတ်ကြားနာမှုတစ်ခုတွင် Page က ၎င်းသည် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့၌ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့ပြီး ထရမ့်နှင့် တိုက်ရိုက်၊ တွေ့ဆုံစကားပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း ရုရှားနှင့် မလျော်ကန်သော ဆက်သွယ်မှု မလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သို့သော် ဇူလိုင်လနှင့် ဒီဇင်ဘာလ ရုရှားသို့သွားရောက်စဉ်က ဒုဝန်ကြီးချုပ်နှင့် အခြားအရာရှိကြီးများ၊ စီးပွားရေးသမားများ၊ ပညာရှင်အကြီးအကဲများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

    ထရမ့်၏ မဲဆွယ်ရေးအကြီးအကဲဟောင်း ပေါလ် မာနာဖို့မှာ ယခုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုအတွင်း ငွေကြေးခ၀ါချမှု၌ ပူးပေါင်းကြံစည်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် နေအိမ်အကျယ်ချုပ် ချခံထားရသည်။

    Ref : Arab News

  • မြောက်ကိုရီးယားကိစ္စ လိုအပ်လျှင် စစ်အင်အားအပြည့်သုံးမည်ဟု ထရမ့် ထပ်ပြော

    မြောက်ကိုရီးယားကိစ္စ လိုအပ်လျှင် စစ်အင်အားအပြည့်သုံးမည်ဟု ထရမ့် ထပ်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – မိမိကိုယ်ကိုယ်နှင့် မဟာမိတ်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက စစ်အင်အားကို အပြည့်အ၀ အသုံးပြုသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် မြောက်ကိုရီးယားကို သတိပေးလိုက်သည်။

    ဆိုးလ်မြို့သို့ ရောက်ရှိနေသည့် ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား အာဏာရှင်က လူ့အသက်များအား ခြိမ်းခြောက်မှုကို တားဆီးရေးအတွက် လိုအပ်သည်များအားလုံးကို လုပ်ဆောင်ရင် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။

    ထရမ့်က မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး ပြုံးယမ်အနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

    “ဘုရားသိကြား မ,လို့ အမေရိကန်ရဲ့ စစ်အင်အားကို အပြည့်အ၀သုံးရတာမျိုး မဖြစ်ပါစေနဲ့” ဟု ထရမ့်က ဆိုသည်။

    ထရမ့်မှာ တောင်ကိုရီးယားရှိ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်းကိုလည်း သွားရောက်ခဲ့သည်။

    တောင်ကိုရီးယားသမ္မတနှင့် ထရမ့်တို့၏ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စကို ခေတ်စနစ်နှင့်အညီ ပြန်လည်ညှိနှိုင်းရန်လည်း ဆွေးနွေးခဲ့သည်။

    အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ထရမ့်မှာ ဂျပန်နိုင်ငံသို့ သွားရောက်ပြီးနောက် ယနေ့တွင် တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    Ref: CNA

  • တက္ကဆက်ခရစ်ယာန်ဘုရားကျောင်းပစ်ခတ်မှု ယောက္ခမကို မကျေနပ်ရာမှ အစပြု

    တက္ကဆက်ခရစ်ယာန်ဘုရားကျောင်းပစ်ခတ်မှု ယောက္ခမကို မကျေနပ်ရာမှ အစပြု

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့က တက္ကဆက်ပြည်နယ် ဆူသာလန်း စပရင်း တောမြို့လေးက ခရစ်ယာန်ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ယောက္ခမကို မကျေနပ်ရာကနေ ဖြစ်လာတယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒီဗင် ပက်ထရစ် ကီလီဆိုတဲ့ အသက် ၂၆ နှစ်အရွယ် လူဖြူအမျိုးသားဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက် ၀တ်ပြုဆုတောင်းနေတဲ့အချိန် ၀င်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၈ လကနေ ၇၁ နှစ်အရွယ် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

    ပက်ထရစ်ကီလီရဲ့ ယောက္ခမဟာ အခင်းဖြစ်ပွားတဲ့ First Baptist ဘုရားကျောင်းကို တစ်ခါတစ်ရံမှာ သွားတက်လေ့ရှိပြီး အဲဒါနဲ့ပတ်သက်လို့ ပက်ထရစ်ကီလီက ခြိမ်းခြောက်စာတွေပို့တယ်လို့လည်း ဆိုပါတယ်။

    “ဒီဘုရားကျောင်းကိုတက်တဲ့ သူ့ယောက္ခမကို မကျေနပ်ကြောင်း ပြောတာတွေရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါဟာ မိသားစုတစ်ခုအတွင်းမှာ ဖြစ်ပွားတဲ့ ကိစ္စပါ” လို့ တက္ကဆက် အများပြည်သူလုံခြုံရေးဌာနက ဖရီးမန်းမာတင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကီလီရဲ့ မိန်းမဖက်က ညီအစ်ကိုမောင်နှမတွေဟာ ဒီဘုရားကျောင်းကို ပုံမှန်တက်လေ့ရှိပေမယ့် အခင်းဖြစ်တဲ့နေ့က ဘယ်သူမှ လာရောက်ခြင်း မရှိပါဘူး။

    ရဲတပ်ဖွဲ့က ဘုရားကျောင်းအပြင်ဘက်မှာ ကီလီကို ပစ်ခတ်နိုင်ခဲ့ပြီး နောက်ပိုင်း ကားထဲမှာ သေဆုံးနေတာကို တွေ့ရကြောင်း၊ ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးသွာတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အလောင်းခွဲစိပ်စစ် ဆေးမှု ရလဒ်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    ကီလီမှာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် မရှိဘဲ ဘုရားကျောင်းမှာ ရိုင်ဖယ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး သူ့ကားပေါ်မှာ နောက်ထပ် ပစ္စတို ၂ လက်ကို တွေ့ခဲ့ရပါတယ်။ အမေရိကန်လေတပ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့အထိ ကီလီဟာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပစ်ခတ်မှုဟာ စိတ်ကျန်းမာရေးပြဿနာကြောင့်ဖြစ်တယ်လို့ ပြောပေမယ့် ပက်ထရစ်ကီလီမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ ဆေးမှတ်တမ်းမျိုး မရှိပါဘူး။

    သေဆုံးသူ ၂၆ ဦးထဲမှာ အသက် ၁၈ လအရွယ်အပါဝင် ကလေးငယ်တစ်ချို့နဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပါဝင်ပါတယ်။

    ဒဏ်ရာရသူကတော့ ၂၀ လောက်ရှိပြီး ၁၀ ဦးဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ သင်းအုပ်ဆရာရဲ့ အသက် ၁၄ နှစ်အရွယ် သမီးလည်း ပါဝင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သင်းအုပ်ဆရာနဲ့ ဇနီးဖြစ်သူတို့ ဘုရားကျောင်းထဲမှာ ရှိမနေပါဘူ။

    Ref: Aljzeera

  • မြောက်ကိုရီးယားကို ဆက်လက်သည်းမခံတော့ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကို ဆက်လက်သည်းမခံတော့ဟု ထရမ့်ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယား ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အနီးကပ်မဟာမိတ် ဂျပန်ဖက်မှ ရပ်တည်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယားအပေါ် သည်းခံသည့်ခေတ် ကုန်ဆုံးသွားပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံမှာ မြောက်ကိုရီးယား၏ အန္တရာယ်ရှိသော ရန်စမှုများကို တုန့်ပြန်ရန် အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူပြီးနောက် ဂျပန်မှာ မြောက်ကိုရီးယား၏ ဒုံးကျည်များကို ပ
    စ်ချသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားမှာ မကြာသေးမီက ဂျပန်ကိုဖြတ်၍ ဒုံးကျည် ၂ စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ထရမ့်က ထိုပစ်လွှတ်မှုမှာ ယဉ်ကျေးသောကမ္ဘာနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆိုသည်။

    အာဘေးက ဂျပန်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားပေးရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ မိမိတို့ပိုင်နက်အတွင်း ဒုံးကျည်ရောက်လာပါက ပစ်ချသွားမည်ဖြစ်ကြောင်း ပောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပြီး တရုတ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။

    Ref: CNA

  • တက္ကဆက်ဘုရားကျောင်း ပစ်ခတ်မှုမှာ စိတ်ကျန်းမာရေးပြဿနာဟု ထရမ့်ပြော

    တက္ကဆက်ဘုရားကျောင်း ပစ်ခတ်မှုမှာ စိတ်ကျန်းမာရေးပြဿနာဟု ထရမ့်ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media

    သေနတ်သမား ဒီဗင် ပက်ထရစ်ကီလီ

    – ယမန်နေ့က တက္ကဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုမှာ သေနတ်ကိုင်ဆောင်မှုပြဿနာမဟုတ်ဘဲ စိတ်ကျန်းမာရေးပြဿနာဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    “ကျွန်တော်တို့တိုင်းပြည်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာ တော်တော်များပါတယ်။ ဒါပေမယ့် ဒါဟာ သေနတ်ကိုင်ဆောင်မှု ပြဿနာမဟုတ်ပါဘူး” ဟု ဂျပန်သို့ရောက်ရှိနေသည့် ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာတွင် ရေး သားခဲ့သည်။

    ထို့ပြင် သေနတ်သမားမှာ စိတ်ဖောက်ပြန်သူဖြစ်ပြီး ယခုပစ်ခတ်မှုက စိတ်ကျန်းမာရေးပြဿနာ အမြင့်ဆုံးအဆင့် ရောက်နေမှုကို ဖော်ပြနေသည်ဟုလည်း ဆိုသည်။

    တောမြို့လေးဖြစ်သော ဆူသာလန်း စပရင်းရှိ First Baptist ဘုရားကျောင်း၌ နံနက် ၁၁ နာရီခန့် ၀တ်ပြုဆုတောင်းနေစဉ် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အသက် ၂၆ နှစ်အရွယ် ဒီဗင် ပက်ထရစ်ကီလီဆိုသူက ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ အသက် ၅ နှစ်မှ ၇၁ နှစ်အရွယ်အထိ ရှိ
    ကြသည်။

    သေဆုံးသူများတွင် သင်းအုပ်ဆရာ၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

    ပက်ထရစ်ကီလီမှာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဒေသခံများက လိုက်ဖမ်းရာ ကားဖြင့် ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် တိုက်ထားသောကား၌ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    လက်ဗီးဂက်စ်တွင် သေနတ်သမားတစ်ဦးက ဂီတပွဲကြည့်ရှုနေသည့် လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၅၈ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီး တစ်လမပြည့်ခင် ပေါ်ပေါက်လာသည့် ယခုအဖြစ်အပျက်က အမေရိကန်နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်မှုပြဿနာနှင့်ပတ်သက်၍ ကန့်ကွက်မှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။

    သေနတ်ရာဇတ်ဝတ်မှုစောင့်ကြည့်အဖွဲ့ Mass Shooting Tracker က အမေရိကန်နိုင်ငံတွင် ပြီးခဲ့တဲ့လအတွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်မှု အနည်းဆုံး ၂၄ ခု ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်အတွင်း ၁၄၉၅ ခု ဖြစ်ခဲ့သည်ဟု ပြောကြားထားသည်။

    Ref: Aljazeera