News @ M-Media

Tag: UWintin

  • သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန  ဂါဝရ၀ပြု  အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန ဂါဝရ၀ပြု အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC01028

    ရန်ကုန်   ။         ။     ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန ဂါရ၀ပြု အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ခန်းမတွင် နံနက် ၈-နာရီမှ ည ၈-နာရီထိ ပြုလုပ်လျက် ရှိသည်။

    ဆရာကြီးဦးဝင်းတင်ကို ချစ်ခင်လေးစားမြတ်နိုးသော ပြည်သူများမှ လွမ်းသူ့ပန်းခွေများ၊ လွမ်းသူ့ပန်းခြင်းများဖြင့် လာရောက် ဂါရ၀ပြုလျက် ရှိကြသည်။ ထို့ပြင် သမ္မတရုံးဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာ လောကမှ ဆရာကြိးကို လေးစားချစ်ခင်သူများ နှင့် အခြားအဖွဲ့အစည်းများမှလည်း ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ထို့ပြင် ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

    ဆရာကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင်ပြုလုပ်မည်ဖြစ်ပါသည်။

    အဘဦးဝင်တင်ကိုချစ်ခင်လေးစားကြသော ပြည်သူများလိုက်ပါပို့ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများအတွက် နာရေးကားများကို သက်ဆိုင်ရာမြို့နယ်ရုံးများမှ စီစဉ်ထားကြောင်း သိရသည်။

    ဆရာကြီးဦးဝင်းတင်၏ဈာပနာကို  ဧပြီ ၂၃ ရက်နေ့   နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်း အစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

     

  • ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှု အောင်မြင်စွာပြီးဆုံး

    ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှု အောင်မြင်စွာပြီးဆုံး

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်‌ကုန်‌ပြည်‌သူ့‌ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော ဦးဝင်းတင်အား ဒေါ်‌အောင်‌ဆန်းစုကြည်‌ကတတိယအကြိမ်‌ လာ‌ရောက်‌ကြည့်‌ရှုစဉ် (ဓါတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့ဘွတ်စာမျက်နှာ)
    ရန်‌ကုန်‌ပြည်‌သူ့‌ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော ဦးဝင်းတင်အား ဒေါ်‌အောင်‌ဆန်းစုကြည်‌ကတတိယအကြိမ်‌ သွားရောက်‌ကြည့်ရှုစဉ် (Photo – Facebook)

    ရန်ကုန် ။     ။       ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသလျှက်ရှိနေသော ဟံသာဝတီဦးဝင်းတင်သည် ဧပြီလ ၁၈ ရက်နေ့ညက ကျောက်ကပ်ဆေးကြောကုသမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

    ဦးဝင်းတင်၏ကျောက်ကပ်သည် ပုံမှန်အလုပ်မလုပ်နိုင်သည့်အတွက် ဆီးဆိပ်တက်ခြင်း၊ ဦးနှောက်တဖြည်းဖြည်းနဲ့ပုံမှန်အလုပ်မလုပ်ခြင်းနှင့် အခြား ကိုယ်တွင်းအဂါင်္များလုပ်ဆောင်မှုပါ ကောင်းစွာမလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက ကျောက်ကပ်ဆေးရန် အတွက် ကာယကံရှင်၏ဆန္ဒကိုရယူပြီး ဧပြီလ ၁၈ ရက်နေ့ ည ၇နာရီတွင် ကျောက်ကပ်ဆေးကုသခဲ့သည်။

    “ဒီအတိုင်း ဘာမှမလုပ်ပဲထားရင် နောက်နေ့တွေမှာ ပိုမောလာနိုင်မယ်။ ကျောက်ကပ်ပျက်စီးတာများလာလို့လည်း ဆီးထွက်လည်းနည်းနေပြီ။ အခုလို ကျောက်ကပ်ဆေးလိုက်တော့ အရင်ထက်ပိုပြီးအများကြီးကောင်းသွားမှာပါ” ဟု မိသားစုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာမြင့်သိန်းက ရှင်းလင်း ပြောကြားသည်။

    ဆရာကြီးဦးဝင်းတင်ကို ဧပြီလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် အခြား ၈၈ မျိုးဆက်ခေါင်းဆောင်တွေက လာရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။ ဦးဝင်းတင်နေမကောင်းဖြစ်နေသည့်အချိန်မှစတင်ကာ မြို့အနှံ့အပြားတွင် လည်း ဘဘဦးဝင်းတင်ပြန်လည်ကျန်းမာစေရန်အတွက် ဆုတောင်းပွဲများကိုလည်း ပြူလုပ်ခဲ့ကြသည်။

    ကျောက်ကပ်စစ်ဆေးနေစဉ် အသက်အန္တရယ်ဆုံးရှုံးရန် ရာခိုင်နှုန်းများပြားသော်လည်း ည ၇ နာရီတွင်စတင်စစ်ဆေး ဆေးကြောခဲ့ရာ ၉ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

    ဦးဝင်းတင်ကို ကျန်းမာရေးအခြေအနေစစ်ဆေးရန်အတွက် ၀ိတိုရီယဆေးရုံတွင် ဆေးကုသနေရာမှ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့ရသည်။

  • “ မိတ္ထီ “ တွေ နောက်ထပ် မ“လာ “ အောင် အာဏာပိုင်တို့တကယ်လုပ် လူထုတို့ တကယ်ဝိုင်း

    ဟံသာဝတီဦးဝင်းတင်
    ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၃)

    321329_249849831824080_2000085586_n

    ဟိုတစ်လောက တစ်တိုင်းပြည်လုံး ဆူပွတ်ယိမ်းယိုင်သွားတော့မလားဟဲ့လို့ ကျုပ်ရင်တမမ ဖြစ်လိုက်ရတယ်ဗျာ။ ပြေးပေါက်တော့ မရှာပါဘူး။ မိုးပြိုအများပေါ့ကွယ်လို့ပဲ စိတ်တုံးတုံးချတယ်။ စိတ်သာတုံးတုံးချတာ စကားကတော့ လျှာဖျားမှာ အားကြီးသီးနေရသပေါ့ဗျာ။ ကျုပ်ကတောပြော-တောင်ပြော ပြောသမားဆိုတော့ စကားရောင်းစကားဝယ် လုပ်ချင်သူတွေနဲ့ အံကိုက်ဖြစ်နေတော့တာပေါ့။

    အားလုံးသိကြတဲ့အတိုင်းပေါ့။ မိတ္ထီလာမှာ အရပ်သားနှစ်ယောက်အကြား ပဋိပက္ခပွားရာကတစ်မြို့လုံး သင်္ချိုင်းကုန်းအဖြစ်မျိုး ရောက်သွားခဲ့တယ်လေ။ အစိုးရဘက်က မသာစာရင်းနဲ့ အရပ်ဘက်က လူသေစာရင်းကတော့ကွာချင်တိုင်းကွာပေါ့။ အဖြစ်ဆိုးတွေကတော့ ဆိုးသွားခဲ့ပြီပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ အစိုးရကြီးများတောင် ဘာမှမတတ်နိုင်တာ။ ကျုပ်တို့လို အရပ်သူအရပ်သား ပါမွှားနင်းပြားတွေအဖို့ကတော့ ဘုရားတနေခဲ့ကြရတာပါပဲ။ ဘာမှမတတ်နိုင်ဘူးဆိုပေမဲ့ ပြောရေးရှိကပြောအပ်စွလေးတွေတော့ ပြောရမှာပေါ့။

    လူကြီးတွေကတော့ ပြောကြပါရဲ့။ တရားဥပဒေစိုးမိုးရေးတဲ့။ မိတ္ထီလာနဲ့နောက်ဆက်တွဲ မသာပေါင်းများစွာ၊ မီးလောင်မြေပေါင်းများစွာ၊ ဗလီပြိုပေါင်းများစွာကတော့ တစ်မျိုးအသံထွက်နေလေရဲ့။ အဲ့ဒီအသံတွေ ပြောတဲ့စကားကဘယ်လိုလဲ။ ရဲတွေလက်ပိုက်ကြည့်နေသတဲ့။
    တာဝန်ရှိသူတွေ မျက်နှာလွှဲနေကြသတဲ့။ အဖျက်သမားတွေ ဂိုဏ်းဖွဲ့ထိုးစစ်ဆင်နေကြသတဲ့။ ဒီလိုအသံတွေကတော့ ထွက်နေတာပဲပေါ့။ ဟုတ်သလောက်လည်း ဟုတ်နေပေသကိုး။

    တစ်ဆင့်တိုးလာတဲ့ အသံတွေက တော့ အာဏာပိုင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ကြောင်တောင်ကန်းနေကြသတဲ့။ တုဏှိဘော လျှာကြောသေနေကြသတဲ့။ ဒါကတော့ မဟုတ်လှဘူးဗျ။ သမ္မတ ဦးသိန်းစိန်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရယ်၊
    ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရယ် သုံးပွင့်ဆိုင်ဆွေးနွေးသတဲ့။ မူခြောက်ချက်ချလိုက်သတဲ့။ တရားဥပဒေစိုးမိုးရေး ထိရောက်အောင်လုပ်ရန်ဆိုတာက တစ်ချက်။ ‘မိတ္ထီ’ တွေ နောက်ထပ်မ ‘လာ’ ရလေအောင် တားဆီးကာကွယ်ရန်ဆိုတာကတစ်ချက်။ အဲဒီနှစ်ချက်ကအရေးကြီးဆုံးပဲ။ ကျုပ်တို့ကတည်း ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်ကြပါလို့ပဲ ကျယ်ကျယ်ကြီး ပြောရတော့မယ်။ အာဏာပိုင်တွေကလည်း တကယ်လုပ်၊ လူထုကလည်း တကယ်ဝိုင်းကြရပေမပေါ့။

    အရေးကြီးတဲ့ အသံကျယ်ကျယ်တစ်ခွန်းတော့ နိုင်ငံရေးအသိုင်းအဝိုင်းထဲက ပြောလာတယ်။ ၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်ပိုင်းက ထွက်လာတဲ့အသံဗျ။ ဒီနေ့ သတ်ပွဲ၊ ဖျက်ပွဲ၊ ဖြိုပွဲ၊ ရှို့ပွဲတွေဟာ ပြည်သူတွေမျှော်နေတဲ့၊ တောင်းနေတဲ့၊ တိုက်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ပျက်စီးစေလိမ့်မယ်တဲ့။ အစိုးရက မထိန်းနိုင်ရင်၊ ပြည်သူကမတားနိုင်ရင် ဒီမိုကရေစီ ဇာတ်မပေါင်းခင် ခေါင်းပြတ်၊ ဇက်ပြတ်တွေ ဖြစ်ကုန်လိမ့်မတဲ့။ (ရှစ်လေးလုံးကာလတုန်းက အဖျက်အမှောင့်သမားတွေခေါင်းဖြတ်ပွဲတွေနွှဲခဲ့ကြသလိုလေ။)

    ခေါင်းဆောင်ကြီးတွေပြောသလိုကျုပ်လည်း ပြောနေတာပါပဲဗျ။ ခေါင်းဆောင်လေးတွေရင်မ သလို ကျုပ်လည်းရင်မ နေတာပဲဗျ။ ကျုပ်က ခေါင်းဆောင်းကြီး-ငယ်တွေလို အရာမရာက်တောက်တောက်ပပ မဟုတ်ဘူးလေ။ ဒီတော့ အသံတိုးတိမ် အရောင်အဝါမှိန်ပေပေါ့။

    ကျုပ်ပြောချင်တဲ့ အသံတချို့က ဒီလိုဗျာ။

    မိတ္ထီလာလို၊ မိတ္ထီလာကတစ်ဆင့်တပ်ကုန်းလို၊ တပ်ကုန်းကတစ်ဆင့်အုတ်ဖိုစစ်ကွင်းလို၊ အုတ်ဖိုစစ်ကွင်းက တစ်ဆင့်ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းလို အဲဒီကတစ်ဆင့် မင်းလှ၊ မိုးညိုလို ဆူပူဖျက်ဆီးသတ်ဖြတ်မှုတွေ တောမီးလောင်သလိုပြန့်ကူးနေတာဟာ
    ရပ်တန်းက ရပ်ချိန်တန်ပြီ။ လူထုကိုယ်တိုင်ကိုယ်ကျ ထိန်းကြပ်မှဖြစ်တော့မယ်ဗျာ။ မြို့လူထု၊ ရွာလူထုဟာ ကိုယ့်ကာကွယ်ရေး ကိုယ်လုပ်ကြရတော့မယ်ဗျာ။ ရှစ်လေးလုံးကာလလို ကိုယ့်လမ်း၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကိုယ် ကာကွယ်တဲ့နည်းကို စီမံကြရတော့မှာပဲ။ လိုအပ်ချက်အတိုင်း
    ရုပ်လုံးဖော်ရတော့မှာပဲ။

    ဒုတိယပြောချင်တာက နှစ်သမနိရှည်ကြာစွာ ရပ်ဆွေရပ်မျိုးလို နေထိုင်ပေါင်းသင်းလာခဲ့ကြသူတွေ ဘာကြောင့်ရမ်းကားရက်စက် ဘီလူးသဘက်လိုသတ်ကြ-ဖြတ်ကြ၊ ရန်စောင်-ရန်လိုဖြစ်နေကြသလဲ။ နှစ်ဖက်လုံးမှာပေါက်ပွားနေတဲ့အစွန်းရောက်တွေကို
    ဘာကြောင့်မဖျဉ်-မဖျန်နိုင်ကြသလဲ။ ခေါင်းမာသမားတွေကို ခေါင်းချင်းဆိုင်ပေးရတော့မှာပဲ။

    တတိယပြောချင်တာက လူတွေဟာလူတွေပဲ။ မွတ်စလင်သော၊ ကုလားသော ဘာသော ညာသော လာပြောမနေနဲ့။ လူဟာလူပဲ။ လူတိုင်းမှာ သူ့လူသားပီပီ အသက်ရှင်နေထိုင်နိုင်တဲ့အခွင့်အရေးရှိတယ်။ လူ့ဘောင် လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးဟာ တရားဥပဒေစိုးမိုးရေး သက်သက်ကလေးနဲ့ ကိစ္စမပြည့်စုံသေးဘူး။ လူသားအခွင့်အရေး အပြည့်အဝဖော်ထုတ် ထုံမွှမ်းနိုင်မှ ထမြောက်နိုင်တယ်။

    ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်နေတဲ့စစ်အာဏာအရေခွာ အရပ်သားအစိုးရကြီးခင်ဗျား၊ လူ့အခွင့်အရေးအပြောင်းအလဲဖော်ဆောင်ရေးတွေလည်း မေ့ချန်မထားပါလေနဲ့။ မေ့ကျန်သလောက် မေ့ကျန်နေသေးသပါ့ဆိုရင်လည်း တစ်ဆိတ်လောက် ပြန်ကောက်ဖြည့်ဆည်း ဖော်ဆောင်လိုက်ပါဦးလို့ ပြောချင်သဗျာ။ ။

    ဟံသာဝတီဦးဝင်းတင်
    ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၃)