News @ M-Media

Tag: WuhanVirus

  • ကိုဗစ်အကြောင်းပြ၍ မြန်မာအပေါ် အမုန်းစကားပြောဆိုမှု ထိုင်းတွင်မြင့်တက်

    ကိုဗစ်အကြောင်းပြ၍ မြန်မာအပေါ် အမုန်းစကားပြောဆိုမှု ထိုင်းတွင်မြင့်တက်

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    ထိုင်းနိုင်ငံမှ မြန်မာလုပ်သားတစ်ချို့

    – “မြန်မာတွေကို တွေ့တဲ့နေရာပစ်သတ်ပစ်”

    ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေမှာ ကိုဗစ်ကူးစက်မှု အများအပြား တွေ့လာရပြီးနောက် YouTube က ကွန့်မန်တစ်ခုမှာ ထိုင်းဘာသာစကားနဲ့ ရေးထားတာပါ။

    ဘန်ကောက်မြို့အနီး ပင်လယ်စာစျေးမှာ ကိုဗစ် အကြီးအကျယ်ကူးစက်မှု တွေ့လာရပြီးနောက်ပိုင်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် သမိုင်းနဲ့ချီ သည်းခံမှုရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီလို အွန်လိုင်းအမုန်းစကားတွေ၊ သန်းနဲ့ချီတဲ့ ရွေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံမှုအတွက် မေးခွန်းတွေ အများအပြား တွေ့လာရပါတယ်။

    “Covid-19 ပြန့်နှံ့မှုအတွက် မြန်မာတွေကို အပြစ်ဖို့ကြတယ်။ တကယ်တော့ ဒီဗိုင်းရပ်စ်ဟာ လူရွေးကူးတာမဟုတ်ပါဘူး” လို့​ ရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ ထိုင်းအဖွဲ့ Labor Protection Network က တာဝန်ရှိသူ Sompong Srakaew က ပြောပါတယ်။

    အွန်လိုင်းက ဒီလိုအမုန်းစကားတွေကြောင့် မြေပြင်မှာ ထိခိုက်မှုတွေ ရှိလာပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဘတ်စ်ကား၊ ဆိုင်ကယ်ကယ်ရီတွေ ပေးမစီးတာ၊ အလုပ်မလာခိုင်းတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    ရိုက်တာသတင်းဌာနက စီစစ်တွေ့ရှိခဲ့တဲ့ အွန်လိုင်းအမုန်းစကားတွေထဲမှာ ကိုဗစ်ကူးနေတဲ့ မြန်မာတွေကို ဆေးမကုပေးဖို့၊ မြန်မာတွေ ထိုင်းနိုင်ငံထဲ သွင်းတဲ့သူကို အပြစ်ပေးဖို့ စတာတွေလည်း ပါဝင်ပါတယ်။

    ကိုဗစ်ကူးစက်မှုအတွက် ​နိုင်ငံခြားသားတွေကို ဒီလို ပြစ်တင်ပြောဆိုတာဟာ ဒီကပ်ရောဂါ စဖြစ်ကတည်းက ကမ္ဘာတစ်ဝှမ်းမှာ မြင်ရတဲ့ပုံစံ ဖြစ်ပါတယ်။

    မိမိတို့ဟာ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် တရားမဝင်ရောက်လာသူတွေကြောင့် အခုလို ပြန့်နှံ့ကူးစက်မှုအသစ် ဖြစ်လာတာလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောပါတယ်။ ထိုင်းအစိုးရရဲ့ ကိုဗစ်နှိမ်နှင်းရေး အထူးအဖွဲ့ကတော့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် စာနာထောက်ထားဖို့ ထိုင်းပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ Social Media Monitoring for Peace က YouTube၊ Facebook နဲ့ Twitter စာမျက်နှာတို့မှာ မြန်မာတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းစကား ရာနဲ့ချီ တွေ့ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    “အဲဒီအမုန်းစကားတွေထဲမှာ လူမျိုးရေးစော်ကားမှု၊ ခွဲခြားဆက်ဆံမှု၊ အမျိုးသားရေးဝါဒကို လှုံဆော်တာတွေ ပါဝင်ပါတယ်။ အွန်လိုင်းက အမုန်းစကားကြောင့် မြေပြင်မှာ ပိုပြီးတော့ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တာမျိုးတွေ ဖြစ်လာမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ အဖွဲ့ရဲ့ တာဝန်ရှိသူ Saijai Liangpunsakul က ပြောပါတယ်။

    ရိုက်တာသတင်းဌာနက တစ်ချို့ အမုန်းစကားတွေကို အသိပေးခဲ့ပြီးနောက် Facebook က တော်တော်များများကို အမုန်းစကားတားမြစ်ရေးမူဝါဒအရ ဖျက်ပစ်လိုက်ပြီလို့ ပြောပါတယ်။

    “အကာကွယ်နည်းတဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းစကားတွေဟာ ထိခိုက်မှု ပိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူကဆိုပြီး သူတိုရဲ့ မူဝါဒဟာ အမုန်းစကား ၉၅ ရာခိုင်နှုန်းကို တားဆီးဖယ်ရှားနိုင်တယ်လို့ ပြောပါတယ်။

    Facebook က အမုန်းစကားတွေဟာ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှု​တွေကို မီးထိုးပေးခဲ့တယ်လို ဝေဖန်မှုတွေ အကြီးအကျယ် ပေါ်လာပြီးတဲ့နောက်၊ အမုန်းစကားတွေကို အလျင်အမြန် သိရှိဖယ်ရှားနိုင်မယ့် စနစ်ကို Facebook က အကောင်အထည်ဖော်ခဲ့ပါတယ်။

    Twitter ကတော့ ထိုင်းနိုင်ငံက အခုကိစ္စကို သုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပြီး YouTube က ဖြေကြားခြင်း မပြုသေးပါဘူး။

    ဆိုရှယ်မီဒီယာက ရေးသားမှုတိုင်းဟာ အနှုတ်လက္ခဏာဆောင်တဲ့ စကားတွေ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံသားတစ်ချို့က မြန်မာအလုပ်သမားတွေအပေါ် ကာကွယ်ပြောဆိုမှုတွေလည်း ရှိပါတယ်။

    ဒီလိုအမုန်းစကားတွေနဲ့ပတ်သက်ပြီး ရိုက်တာရဲ့ မေးမြန်းမှုကို ထိုင်းနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဖြေကြားခြင်း မပြုသေးပါဘူး။

    စိတ်မကောင်းစရာ

    လတ်တလော အကြီးအကျယ်ကူးစက်မှုကို ဘန်ကောက်မြို့နဲ့ ၃၅ ကီလိုမီတာအကွာ စမွတ်ဆာခွန်ပြည်နယ်က ပုဇွန်စျေးမှာ စတွေ့တာပါ။ အဲဒီစျေးနဲ့ ဆက်နွယ်နေတဲ့ လူ ၁၃၀၀ လောက်မှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းထားပါတယ်။

    “မြန်မာအလုပ်သမားတွေ ပြစ်တင်ပြောဆိုခံရတဲ့အတွက် ကျွန်တော်တို့ တော်တော်​လေး စိတ်မကောင်းပါဘူး။ ‘မြန်မာတွေကြောင့် ဖြစ်တာ’ လို့ ကျွန်တော်တို့ အပြောခံရပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ ဘာမှပြန်မပြောပေမယ့် တစ်ချို့က ဒေါသမထိန်းနိုင်တာတွေ ရှိပါတယ်” လို့ ကိုဗစ်ကူးစက်သူတွေ၊ ကွာရန်တင်းဝင်တဲ့သူတွေကို ကူညီပေးနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုနေလင်းသူက ပြောပါတယ်။

    တရားဝင်စာရင်းတွေအရ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၁.၆ သန်းလောက် ရှိတယ်လို့သိရပြီး နိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားအရေအတွက်ရဲ့ ၃ ပုံ ၂ ပုံ ဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုတွေ ရှိတာကြောင့် အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်။ ရွှေ့ပြောင်းလုပ်သားအများစုဟာ အခြေခံလုပ်သားတွေ၊ ဝန်ဆောင်မှုလုပ်သားတွေအဖြစ် လုပ်ကိုင်ကြရတာပါ။

    “အဲဒီလိုအလုပ်မျိုး ထိုင်းတွေက မလုပ်ကြဘူးဗျ။ မြန်မာတွေဟာ ကျွန်တော်တို့ မိသားစုဝင်တွေ ဖြစ်နေပါပြီ။ မြန်မာတွေလည်း ဗုဒ္ဓဘာသာ၊ ထိုင်းတွေလည်း ဗုဒ္ဓဘာသာပဲလေ” လို့ ကိုဗစ်နှိပ်နှင်းရေးအထူးအဖွဲ့ရဲ့ တာဝန်ရှိသူ Taweesin Wisanuyothin က ပြောပါတယ်။

    ထိုင်းဟာ သမိုင်းကြောင်းအရ နိုင်ငံခြားသားတွေအပေါ် သည်းခံမှုရှိပေမယ့် ၁၈ ရာစု ဗမာဘုရင်လက်ထက်က အယုဒ္ဒယကို သိမ်းပိုက်မှုအကြောင်း ဦးတည်ပြီး သမိုင်းရန်ကြွေး တွေကို ဆိုရှယ်မီဒီယာမှာ ရေးတတ်ကြပါတယ်။

    ကိုဗစ်ကပ်ရောဂါကို မြန်မာနိုင်ငံက ပိုပြီး ခံစားရတာပါ။ ကူးစက်သူ ၁ သိန်း ၂ သောင်းနီးပါးရှိပြီး သေဆုံးသူ ၂၅၀၀​ ကျော်ပါပြီ။ ထိုင်းနိုင်ငံမှာတော့ ကူးစက်မှု ၅၈၀၀ နဲ့ သေဆုံးသူ ၆၀ လောက်သာ ရှိပါသေးတယ်။

    ထိုင်းနိုင်ငံမှာ ကူးစက်မှုအသစ်တွေ ဘယ်လိုပေါ်လာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ထိုင်းနဲ့ကပ်နေတဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာလည်း ရွှေ့ပြောင်းလုပ်သားတွေအကြား ကိုဗစ် အကြီးအကျယ်ကူးစက်မှုတွေကိုကြည့်ရင် ကျန်းမာတဲ့ လူငယ်လူရွယ်တွေမှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံက ကူးစက်မှုမှာတော့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ စတွေ့ခဲ့ရတာပါ။

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု သိပ်မရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ထိုင်းနိုင်ငံကပြန်လာသူတွေမှာ ကိုဗစ်ကူးစက်မှုတွေ တွေ့ခဲ့ရပါတယ်။

    “ထိုင်းနိုင်ငံမှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူတွေ ရှိနေမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ မြန်မာအလုပ်သမားတွေဟာ တစ်ခန်းကို ၃၊ ၄ ယောက် စုပြုံနေရတာကြောင့် ခပ်ခွာခွာနေထိုင်ဖို့ မလွယ်ပါဘူး” လို့ ရန်ကုန်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်က ဦးစိန်ဌေးက ပြောပါတယ်။

    မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တယ်လို့ စွပ်စွဲပြောဆိုပေမယ့် ထိုင်းတွေလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ရှိပါတယ်။

    မြန်မာနိုင်ငံက လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ ကိုဗစ်ကူးစက်မှုတွေ့ရတဲ့အတွက် ဒီလုပ်ငန်းမှာ လုပ်ကိုင်တဲ့ ထိုင်းအမျိုးသမီးတွေ နယ်စပ်ဖြတ်ကျော် အိမ်ပြကြပြီးတဲ့နောက် ကိုဗစ်အန္တရာယ် မြင့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မကြာသေးခင်က ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

    Ref: Reuters

    (Reuters သတင်းဌာနမှ Anti-Myanmar hate speech flares in Thailand over virus ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -နိုဝင်ဘာနှောင်းပိုင်းလောက်ကတည်းက ဗြိတိန်မှာ ပြန့်နှံခဲ့တဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ဟာ တောင်အာဖရိမှာ တွေ့လာရသလို၊ အမေရိကန်မှာလည်း ရှိနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    B.1.1.7 လို့ အမည်ပေးထားတဲ့ အဲဒီပုံပြောင်းကိုဗစ်ဟာ ဗီဇမျိုးစိတ် ၉ ကြိမ်အထိ ပြောင်းလဲသွားတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပိုမိုပြန့်နှံလွယ်ပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုအချိန်အထိဆိုရင် ပုံပြောင်းမှု အကြိမ်ထောင်ချီ ရှိနေပြီ ဖြစ်ပါတယ်။

    အင်္ဂလန်မှာစတွေ့ရတဲ့ ပုံပြောင်းဗိုင်းရပ်စ်ဟာ မူလဗိုင်းရပ်စ်၊ တစ်ခြားပုံပြောင်းဗိုင်းရပ်စ်တွေထက် သေဆုံးနိုင်ချေပိုမြင့်လား၊ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက ဒီပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ပါ့မလားဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

    Pfizer ဆေးအတွက် ၆ ပတ်ခန့်ကြာနိုင်

    လက်ရှိ နာမည်ကြီးနေတဲ့ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးကို တီထွင်သူ အူရ် ဆာဟင်က သူတို့ကာကွယ်ဆေး ပုံပြောင်းကိုဗစ်အတွက်ပါ အလုပ်ဖြစ်မလားဆိုတာကို သိရဖို့ နှစ်ပတ် လေ့လာရမယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ ကာကွယ်ဆေးဟာ ပုံပြောင်းကိုဗစ်ကိုပါ ကာကွယ်နိုင်မလားဆိုတာ လက်ရှိအချိန်မှာ မသိရသေးပါဘူး။ သိပ္ပံနည်းကျဆိုရင်တော့ ကာကွယ်ဆေးက ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားက ပုံပြောင်းကိုဗစ်ကိုပါ ခုခံနိုင်စွမ်းရှိတယ်လို့ ပြောလို့ရပါတယ်”

    ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု၊ လူတွေမှာ စမ်းသပ်မှု၊ ခွင့်ပြုချက်ရဖို့ အစိုးရထံ တင်ပြမှု အားလုံးပေါင်းရင် Pfizer-BioNTech ကာကွယ်ဆေးကို ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြုနိုင်မလားဆိုတာ သိရဖို့ ၆ ပတ်လောက် ကြာနိုင်တယ်လို့လည်း ဆာဟင်က ဆိုပါတယ်။

    AstraZeneca အလုပ်ဖြစ်နိုင်တယ်

    ဗြိတိသျှဆေးကုမ္ပဏီ AstraZeneca က သူတို့ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ဖွယ်ရှိတယ် ရိုက်တာသတင်းဌာနကို အီးမေးလ်နဲ့ ဖြေကြားခဲ့ပါတယ်။

    “AZD1222 မှာ SARS-CoV-2 ဗိုင်းရပ်စ်က စပိုက်ပရိုတိန်း(spike protein) ရဲ့ ဗီဇမျိုးစိတ် ပါဝင်ပါတယ်။ ပုံပြောင်းဗိုင်းရပ်စ်အသစ်မှာတွေ့ရတဲ့ ဗီဇမျိုးစိတ် ပြောင်းလဲသွားပေမယ့် စပိုက်ပရိုတိန်းရဲ့ ပုံသဏ္ဍာန်ကတော့ ပြောင်းလဲသွားပုံ မပေါ်ပါဘူး”

    AZD1222 ကိုဗစ်ကာကွယ်ဆေးဟာ စပိုက်ပရိုတိန်း ပုံသဏ္ဍာန်အမျိုးမျိုးကို ကာကွယ်နိုင်အောင် ဖန်တီးထားတဲ့အတွက် ပုံပြောင်းဗိုင်းရပ်စ်ကို သတ်ပစ်နိုင်လိမ့်မယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

    Ref: CNA, Mraket Watch

  • ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -ယူကေမှာ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အလျင်အမြန်ကူးစက်မှုကို တွေ့လာရပြီးတဲ့နောက် ဥရောပနိုင်ငံတော်တော်များများနဲ့ ကမ္ဘာ့နိုင်ငံတွေက ယူ​ကေလေယာဉ်တွေကို ဝင်ခွင့်ပိတ်လိုက်ပါတယ်။

    လက်ရှိ ကမ္ဘာမှာပြန့်နှံ့နေတဲ့ အမျိုးအစားထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ ပုံပြောင်းကိုဗစ်ဟာ မြို့တော်လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ပြန့်နှံ့ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီဒေသတွေမှာ တင်းကြပ်တဲ့ ကိုဗစ်ဥ​ပဒေတွေ ထုတ်ပြန်ထားပါတယ်။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ ပိုမိုသေဆုံးနိုင်တယ် ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရဘူးလို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ယူကေကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က ပုံပြောင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လို့ မရအောင် ဖြစ်နေတယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ဘလ်ဂျီယံတို့အပါအဝင် ဥရောပနိုင်ငံတော်တော်များများက ယူကေလေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပါတယ်။ ကနေဒါ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ​ဟောင်ကောင်နဲ့ အခြားနိုင်ငံတစ်ချို့ကလည်း ယူကေက လေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။

    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက် အသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ယူကေဟာ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့ နိုင်ငံပါ။

    နောက်ထပ် အသုံးပြုနိုင်တော့မယ့် ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ဆေးကုမ္ပဏီ Moderna ထုတ် ဆေးဖြစ်ပြီး အမေရိကန်အစိုးရက အသုံးပြုဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

    Ref: CNA

  • ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -ရုရှားက ဖန်တီးထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်အတွင်း အိန္ဒိယမှာ အလုံးရေ သန်း ၃၀၀ လောက် ထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Sputnik V ဟာ ကမ္ဘာမှာ အစိုးရက တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ယူအေအီး၊ ဗင်နီဇွဲလား၊ အိန္ဒိယနဲ့ ဘီလာရုဇ်နိုင်ငံတွေမှာ စမ်းသပ်အသုံးပြုနေကာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယဆေးကုမ္ပဏီ Hetero Biopharma က သူတို့ဟာ Sputnik V အလုံးရေ သန်း ၁၀၀ လောက်ထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားတာပါ။ နောက်ထပ် သန်း ၂၀၀ လောက်ကို တစ်ခြား ဘယ်ကုမ္ပဏီတွေက ထုတ်ပေးမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

    နယူးဒေလီမှာရှိတဲ့ ရုရှားသံရုံးကတော့ အိန္ဒိယမှာထုတ်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်အသုံးပြုနေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ RDIF အကြီးအကဲ ကီရီရ် ဒီမီထရီဗ်က အိန္ဒိယကဆေးကုမ္ပဏီကြီး ၄ ခုလောက်နဲ့ စာချုပ်ချုပ်ထားပြီး နောက်နှစ်အတွင်း အလုံးရေ သန်း ၃၀၀ ကျော်လောက် ထုတ်လုပ်ဖို့ရှိတယ်လို့ ရုရှားသတင်းဌာနတစ်ခုကို ပြောပါတယ်။

    အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်​အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ချို့ကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ ပြောကြားထားပါတယ်။

    လက်ရှိမှာ အောက်စဖို့ဒ်ထုတ် Oxford-AstraZeneca၊ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech ထုတ် ကာကွယ်ဆေးတွေက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားပါတယ်။

    Ref: CNA

  • ကိုဗစ်ကာကွယ်ဆေး တီထွင်သည့် ဂျာမန်ဇနီးမောင်နှံ People of the Year အဖြစ် ရွေးချယ်ခံရ

    ကိုဗစ်ကာကွယ်ဆေး တီထွင်သည့် ဂျာမန်ဇနီးမောင်နှံ People of the Year အဖြစ် ရွေးချယ်ခံရ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -ကိုဗစ်ကာကွယ်ဆေး တီထွင်နိုင်ခဲ့တဲ့ ဂျာမနီက ဆေးသိပ္ပံပညာရှင် ဇနီးမောင်နှံနှစ်ဦးကို Financial Times သတင်းစာက ၂၀၂၀ ခုနှစ်အတွက် အကျိုးအပြုဆုံးလူသား (People of the Year ) အဖြစ် ရွေးချယ်လိုက်ပါတယ်။

    တာ့က်နွယ်ဖွားတွေဖြစ်ကြတဲ့ ဒေါက်တာ အူရ်ဇာဟင်နဲ့ အိုဇ်လမ် တူရီချီတို့ ဇနီးမောင်နှံဖြစ်ပြီး သူတို့ပိုင်တဲ့ ဆေးသုတေသနကုမ္ပဏီ BioNTech ဟာ ကိုဗစ်ကပ်ရောဂါ ကမ္ဘာကိုမပြန့်ခင် တရုတ်နိုင်မှာ စဖြစ်နေတဲ့ ဇန်နဝါရီလ နှောင်းပိုင်းကတည်းက အမည်မသိဒီရောဂါအတွက် ကာကွယ်ဆေးထုတ်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    “Covid-19 ကာကွယ်ဆေးကို တစ်နှစ်​ပျော့ပျော့အတွင်းမှာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဒီဇနီးမောင်နှံဟာ သိပ္ပံနဲ့ စီးပွားရေးနယ်ပယ်မှာ ထူးထူးခြားခြား အောင်မြင်တွေ ရခဲ့ပါတယ်” လို့ Financial Times က ပြောပါတယ်။

    “ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ စမ်းသပ်မှုမဟုတ်ဘဲ တကယ့်ဘ၀မှာ လူတွေ ကာကွယ်ဆေးထိုးတာကိုမြင်ရတဲ့ ခံစားချက်က မတူပါဘူး” လို့ ဒေါက်တာဆာဟင်က ပြောပါတယ်။

    ဒေါက်တာဆာဟင်နဲ့ ဇနီးဖြစ်သူ တူရီချီတို့ဟာ ထိရောက်တဲ့ ကင်ဆာကုသ​ဆေးရရှိဖို့ နှစ်ပေါင်း ၃၀ လောက် ကြိုးပမ်းခဲ့ပြီး လက်ရှိမှာ သူတို့ဖန်တီးထုတ်လုပ်ထားတဲ့ ကင်ဆာဆေး အနည်းဆုံး ၁၁ မျိုးလောက်ကို စမ်းသပ်နေပါတယ်။

    ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့လာပြီးနောက် သူတို့ဇနီးမောင်နှံဟာ ရရှိထားတဲ့ အတွေ့အကြံကို အသုံးချကာ Project Lightspeed စီမံကိန်းကို စတင်ပြီး ၁၀ လောက်အတွင်း ကိုဗစ်ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ပူးပေါင်းကာ ကမ္ဘာတစ်ဝှမ်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    BioNTech-Pfizer ထုတ် ကာကွယ်ဆေးကို ပြီးခဲ့တဲ့တစ်ပတ်က ယူကေမှာ ပထမဆုံး ပြည်သူတွေကို ထိုးပေးခဲ့ပြီး အမေရိကန်အပါအဝင် နိုင်ငံတစ်ချို့မှာလည်း အရေးပေါ်အသုံးပြုခွင့် ပေးလာပါတယ်။

    “ကိုဗစ်စဖြစ်တဲ့ ဇန်နဝါရီလတုန်းက တစ်နှစ်အတွင်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးရမယ်လို့ပြောရင် လူတွေက ခင်ဗျားမျက်နှာကိုကြည့်ပြီး ရယ်ကြမှာပါ” လို့ Southampton တက္ကသိုလ်က သုတေသနပညာရှင် မိုက်ကယ်ဟက်ဒ်က ပြောပါတယ်။

    Ref: Financial Times