News @ M-Media

Tag: WuhanVirus

  • ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ဩဂုတ် ၁၂၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာ မနေ့က စတင်အသုံးပြုခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး ရရှိရေး ကြိုးပမ်းသွားမယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ရုရှားကျန်းမာရေးဌာနဟာ Covid-19 ကာကွယ်ဆေးကို အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း မနေ့ကစတင်ကာ ထိုးနှံနေကြပြီဖြစ်ပါတယ်။

    သမ္မတပူတင်ကလည်း မိမိတို့ဟာ ကမ္ဘာ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အသုံးပြုနိုင်တဲ့ နိုင်ငံဖြစ်ပြီး သမီးဖြစ်သူကိုယ်တိုင် ထိုးနှံခဲ့တယ်လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရုရှားကာကွယ်ဆေးကို ချီးကျူးပြောဆိုခဲ့ပါတယ်။

    ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ရိုစာရီယို ဗာဂီရီက ကာကွယ်ဆေးထုတ်လုပ်တဲ့​ ရုရှားနိုင်ငံပိုင် သုတေသနဌာနက ပညာရှင်တွေနဲ့ ဖိလစ်ပိုင် သိပ္ပံပညာရှင်တွေ တွေ့ဆုံကာ နိုင်ငံအတွင်း ကာကွယ်ဆေးစမ်းသပ်ရေး၊ ဆေးနဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ ရရှိရေး ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရုရှားနိုင်ငံမှာ စတင်ထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေး အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာကို သုံးသပ်နိုင်ဖို့ အချက်အလက် အပြည့်အစုံ မရဘူးလို့ ပြောကြားထားပါတယ်။

    ရုရှားမှာ မနေ့က ကိုဗစ်ကူးစက်သူ ၅၁၀၂ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၉ သိန်းကျော်နဲ့ ကမ္ဘာ့ စတုတ္ထကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    Ref: Aljazeera

  • ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံတစ်ချို့တွင် ကူးစက်မှုများ ပြန်မြင်လာရ

    ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံတစ်ချို့တွင် ကူးစက်မှုများ ပြန်မြင်လာရ

    ဇူလိုင် ၃၀၊ ၂၀၂၀
    M-Media

    ဗီယက်နမ်လေဆိပ်တစ်ခု မြင်ကွင်း

    -အခုနှစ်အစောပိုင်းက Covid-19 ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ ဟောင်ကောင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ကူးစက်မှုတွေ ပြန်ဖြစ်လာတာကြောင့် အစိုးရတွေက သတိပေးရတဲ့ အနေအထားကို ရောက်လာပါတယ်။

    ကိုဗစ်ဗဟိုချက် တရုတ်နဲ့ ကပ်နေတဲ့ ဟောင်ကောင်ဟာ အစောပိုင်းက ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမယ့် တနင်္လာနေ့ကစပြီး ကူးစက်မှုဟာ တစ်နေ့ကို ၁၀၀ ကျော်လောက် ပြန်ဖြစ်လာပါတယ်။

    ကူးစက်မှုတွေ ထပ်ပြီးမြင့်တက်လာရင် ကျန်းမာရေးစနစ် ပြိုလဲသွားနိုင်တယ်လို့ အင်္ဂါနေ့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ လူ ၂ ဦးထက်ပိုမစုဖို့ အပြင်သွားရင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့ လည်း အစိုးရက ညွှန်ကြားထားပါတယ်။

    ဟောင်ကောင်မှာ ထပ်မံကူးစက်သူအရေအတွက်ဟာ ၃၀၀၀ ကျော်ရှိလာပြီး၊ သေဆုံးသူက ၂၄ ဦး ရှိလာပါတယ်။ ကိုဗစ် ကူးစက်နိုင်ချေရှိတဲ့ လူ ၂ သိန်းလောက်ကို သီးခြားခွဲထား စောင့်ကြည့်မှုတွေ မလုပ်ခဲ့တာ၊ ဟောင်ကောင်ထဲဝင်လာသူတွေအတွက် ကျန်းမာရေး စောင့်ကြည့်မှု ကန့်သတ်ချက်လျော့ပေးခဲ့တာတွေကြောင့် အခုလို ဖြစ်လာတာလို့ ဝေဖန်မှု​တွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့ ၃ လအတွင်း ကူးစက်မှု လုံး၀မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး နိုင်ငံအလယ်ပိုင်း ကမ်းရိုးတမ်းမြို့ ဒါနန်းမှာ ကူးစက်မှုတွေ မြင်လာရပါတယ်။

    ဒါနန်းမြို့ကနေ ဆက်စပ်ပြီး မြို့တော်ဟနွိုင်းအထိ ကူးစက်သူတွေ တွေ့လာရသလို တစ်နိုင်ငံလုံး ပြန့်နှံ့သွားနိုင်တယ်လို့လည်း ဗီယက်နမ်ဝန်ကြီးချုပ်က သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အတည်မပြုခင် ဒါနန်းကို ပြည်တွင်းခရီးသွား ၈ သောင်းလောက် လာရောက်ခဲ့ကြတာပါ။

    အခု ပြန်လည်ကူးစက်လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုနှစ်အစောပိုင်းတုန်းက ပြန့်နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ မတူဘူးလို့လည်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုအသစ်ကို ထိန်းချုပ်နိုင်ရေး တင်းကြပ်တဲ့မူဝါဒတွေ ချမှတ်ဖို့လည်း စီစဉ်နေပါတယ်။

    ဗီယက်နမ်ဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် မတွေ့ခင် အခုနှစ်အစောပိုင်းမှာကတည်းက ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး မတ်လမှာတော့ ကူးစက်မှုကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့ပါတယ်။

    Ref: Malay Mail

  • တရုတ်နိုင်ငံတွင် Covid-19 ကူးစက်မှု ပြန်ဖြစ်

    တရုတ်နိုင်ငံတွင် Covid-19 ကူးစက်မှု ပြန်ဖြစ်

    ဇူလိုင် ၂၉၊ ၂၀၂၀
    M-Media

    လျောင်နင်းပြည်နယ်တွင် ပိုး ရှိ၊ မရှိ စမ်းသပ်ရန် စောင့်ဆိုင်းနေကြစဉ်

    -တရုတ်နိုင်ငံမှာ Covid-19 ကူးစက်မှုဟာ ၃ လအတွင်း အမြင့်ဆုံးကို ပြန်ရောက်လာခဲ့ပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေ ပိတ်ပစ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ထပ်မံကူးစက်မှု ၁၀၁ ခု ရှိခဲ့ပြီး ၉၈ ခုက ဒေသတွင်း ကူးစက်တာဖြစ်ပါတယ်။ ရှင်ကျန်းမှာ အခုလအစောပိုင်းကတည်းက ကူးစက်မှုတွေ ပြန်လည်မြင်လာရတာကြောင့် စစ်ဆေးစမ်းသပ်မှုတွေ လုပ်ခဲ့ရပါတယ်။

    နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်အများအပြားကူးစက်နေတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ ပြည်နယ်အတွင်း လူပေါင်း ၃ သန်းလောက်ကို ပိုး ရှိ၊ မရှိ စမ်းသပ်ခဲ့ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကိုလည်း ပိတ်ထားပါတယ်။

    ဝူဟန်မြို့ကစတင်ခဲ့တဲ့ ကိုဗစ်အကြီးအကျယ် ကူးစက်မှုကို ဧပြီလလောက်မှာ တရုတ်အစိုးရက ထိန်းနိုင်ခဲ့ပေမယ့် ဇွန်လအတွင်း ဘေဂျင်းမှာ ပြန်လည်ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နိုင်ငံတစ်ဝှမ်း အချို့ပြည်နယ်တွေမှာလည်း ကူးစက်မှုတွေကို တွေ့လာရပါတယ်။

    တရုတ်နိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၈၄၀၆၀ ဦးရှိပြီး သေဆုံးသူက ၄၆၃၄ ဦး ရှိခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

    Ref: AFP

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇူလိုင် ၁၆၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ဆေးအချက်အလက်များ ခိုးယူရန် ရုရှားဟက်ကာများ ကြိုးစား

    -ကိုဗစ်ကာကွယ်ဆေးအချက်အလက်တွေ ခိုးယူဖို့အတွက် ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့မှာရှိတဲ့ ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကာ ရုရှားဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ယူကေရဲ့ နိုင်ငံတော် ဆိုက်ဘာလုံခြုံရေးစင်တာ(NCSC)က တိုက်ခိုက်မှုကို ရုရှားထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ APT29 အဖွဲ့က ပြုလုပ်တာလို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ကိုဗစ်ကာကွယ်ဆေး သုတေသနကို ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရလဲဆိုတာနဲ့ ဟက်ကာတွေက ဘာတွေရသွားလဲဆိုတာကို NCSC က ထုတ်မပြောပါဘူး။

    ဟက်ကာတွေဟာ ဆော့ဖ်ဝဲယိုပေါက်တွေ၊ Malware တွေကနေတစ်ဆင့် ကွန်ပျူတာကွန်ယက်တွေထဲဝင်ရောက်ခဲ့ကြသလို၊ အသုံးပြုသူတစ်ချို့ရဲ့ Log in အချက်အလက်တွေကိုလည်း ရယူခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NCSC က အခြား ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို သတိပေးထားပါတယ်။

    ကိုဗစ်ကြောင့် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု အစီအစဉ်များ ရပ်ဆိုင်း

    • Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေမှာ ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ကာကွယ်ဆေး ထိုးနှံမှုပမာဏ သိသိသာသာ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုဟာ ပြည်သူ့ကျန်းမာရေးမှာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။

    ကိုဗစ်နောက်ဆက်တွဲ လှုပ်ရှားသွားလာမှု ကန့်သတ်တာ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးပစ္စည်း လုံလုံလောက်လောက် မရှိတာတွေကြောင့် အခုနှစ် ပထမ ၄ လပတ်အတွင်း ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၈၀​ လောက်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။

    ကာကွယ်ဆေး မထိုးရတာကြောင့် ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ရောဂါတွေ ကူးစက်သေဆုံးမှုကို ပိုမိုမြင်တွေ့ရလိမ့်မယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။

    ဆောင်းရာသီတွင် ကိုဗစ်ဒုတိယလှိုင်းကို ယူကေ ကြုံရဖွယ်ရှိနေ

    • လာမယ့်ဆောင်းရာသီ ယူကေမှာ Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နိုင်ပြီး အဆိုးဆုံးအနေအထားမှာ လူပေါင်း တစ်သိန်းနှစ်သောင်းလောက် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    လက်ရှိ ယူကေမှာ ကိုဗစ်ကြောင့် ၄၄၈၃၀ ဦး သေဆုံးထားပြီးဖြစ်ပါတယ်။ ရောဂါ ပြန့်နှံ့ကူးစက်မှု အခြေအနေမကို သုံးသပ်ပြီး ယူကေ ဆေးသိပ္ပံအကယ်ဒီက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လာမယ့် ဆောင်းရာသီကာလအတွင်း ပြန့်နှံ့မှု ဘယ်လောက်ရှိနိုင်လဲဆိုတာ တိတိကျကျ တွက်ဆမရနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

    အေးတဲ့ရာသီမှာ ဗိုင်းရပ်စ်ဟာ ပိုကြာကြာရှင်သန်နိုင်ပြီး၊ လူတွေဟာ အိမ်ထဲမှာပဲ အနေများတာကြောင့် ကူးစက်နိုင်ချေကလည်း ပိုမို မြင့်မားလိမ့်မယ်လို့ ဆိုပါတယ်။

    ယူကေကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်အပြင်၊ အခြား ရာသီပေါ်ရောဂါတွေကြောင့် ဖိအားတွေများလာနိုင်ပြီး အဆိုးဆုံးအခြေအနေ မဖြစ်အောင် အခုအချိန်ကတည်းက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့လည်း အစီရင်ခံစာမှာ ိဖော်ပြခဲ့ပါတယ်။

  • ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေးကို အစောဆုံး လာမယ့်လလောက် ထုတ်ဝေဖြန့်ချီသွားမယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အစိုးရရဲ့ ဆေးဘက်ဆိုင်ရာအသင်း Gamalei Institute of Epidemiology and Microbiology က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ Sechenov တက္ကသိုလ်ရဲ့ စမ်းသပ်မှုဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

    တက္ကသိုလ်ရဲ့ သုတေသနအကြီးအကဲ Smolyarchuk က ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ပြီး၊ အန္တရာယ်ကင်းတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်လို့ ရုရှားပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    Gamalei အသင်းရဲ့ ဒါရိုက်တာ Alexander Gintsburg က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြည်တွင်းမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေက လာမယ့်စက်တင်ဘာမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ ပြော​ကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို အဆင့် ၁၊ ၂၊ ၃ အဖြစ် သတ်မှတ်ထားပြီး ဒီ ၃ ဆင့်စလုံးမှာ အန္တရာယ်ကင်းမှု၊ ထိရောက်မှုရှိမှသာ အမြောက်အများ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

    Gamalei အဖွဲ့က ထုတ်လုပ်တဲ့ အခုကာကွယ်ဆေးဟာ အဆင့် ၁၊ ၂ စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဩဂုတ်လ ​တတိယအဆင့် စမ်းသပ်မှု အောင်မြင်ရင် ကိုဗစ်ကာကွယ်ဆေးအဖြစ် ကမ္ဘာကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်​ဆေး စမ်းသပ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်ဝှမ်း ဖြန့်ချီမှု မရှိသေးပါဘူး။

    Ref: Times Now