News @ M-Media

Tag: WuhanVirus

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုမှာ ရုရှားက ၅၄၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ယူကေက ၅၄၀ ဦး၊ အမေရိကန်က ၅၀၇ ဦး ရှိပါတယ်။ စာရင်း​ကောက်ယူမှုမှာ မပါဝင်တာတွေ ရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အဖွဲ့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အကြံပေး ဆန်ဟီတာ အမ်ဘက်စ်က ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်တွေကို ပိုမိုအလေးထားဖို့အတွက် ကမ္ဘာ့တစ်ဝှမ်း အစိုးရတွေကို တိုက်တွန်းကြောင်း၊ မိမိတို့ရဲ့ အသက်န္တရာယ်ထိခိုက်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုတဲ့ ဝန်ထမ်းတွေကို အချို့အစိုးရတွေက အရေးယူအပြစ်ပေးတာမျိုး မြင်ရတာဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၅၁ ဦး သေဆုံးထားပြီး၊ မက္ကဆီကိုနိုင်ငံမှာလည်း ၂၄၈ ဦး သေဆုံးထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၁၂.၉ သန်းရှိနေပြီး သေဆုံးသူကတော့ ၅၆၉၀၀၀ ဦး ရှိပါတယ်။

    Ref: Aljazeera

  • Covid-19 ကူးစက်မှုနည်းလမ်းသစ်အကြောင်း သိကောင်းစရာ (၅) ချက်

    Covid-19 ကူးစက်မှုနည်းလမ်းသစ်အကြောင်း သိကောင်းစရာ (၅) ချက်

    ဇူလိုင် ၉၊ ၂၀၂၀
    M-Media

    -လူ့ခန္ဓာကိုယ်ကနေထွက်ပြီး လေထဲမှာ လွင့်မျောနိုင်တဲ့ အမှုန်စက် (Aerosol) ကနေတစ်ဆင့် Covid-19 ကူးစက်နိုင်တယ်လို့ နိုင်ငံ ၃၂ နိုင်ငံက သိပ္ပံနဲ့ သုတေသနပညာရှင် ၂၃၉ ဦး တနင်္လာနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အင်္ဂါနေ့မှာ ဒီကိစ္စကို အတည်ပြုခဲ့ပါတယ်။

    အမှုန်စက်နေ ကိုဗစ်ကူးစက်မှုနဲ့ ပတ်သက်တဲ့ အသိကောင်းစရာ ၅ ချက်ကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ၁။ လေကတစ်ဆင့် ကူးစက်မှုဆိုတာ ဘာလဲ?

    Covid-19 ရောဂါဟာ ပါးစပ်နဲ့ နှာခေါင်းကနေ ထွက်ပြီး အောက်ကို အလျင်အမြန်ကျတဲ့ အရည်စက် (Droplet) တွေကနေ ကူးစက်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရင်က ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် သိပ္ပံပညာရှင်တွေ၊ သုတေသန ပညာရှင်တွေက လူတွေ အော်ဟစ်တာ၊ သီချင်းဆိုတာမျိုးကနေ ထွက်လာပြီး လေထဲမှာ လွင့်မျောနိုင်တဲ့ အမှုန်စက် (Aerosol) တွေကနေတစ်ဆင့် ကူးစက်တဲ့ အထောက်အထားတွေ တွေ့လာရတယ်လို့ တစ်စိုက်မတ်မတ် ထောက်ပြလာကြပါတယ်။

    ၂။ အရည်စက် (Droplet) နဲ့ အမှုန်စက် (Aerosol) ဘာကွာလဲ?

    ချောင်းဆိုးတာ၊ နှာချေတာကနေထွက်တဲ့ Droplet တွေဟာ အချင်း ၅ မိုက်ခရိုမီတာကနေ ၁၀ မိုက်ခရိုမီတာအထိ ရှိပြီး ၃ ပေကနေ ၆ ပေ အကွာအဝေးထိသာရောက်ကာ အောက်ကိုကျတာ​ပါ။ အချင်း ၅ မိုက်ခရိုနီတာထက်သေးတဲ့ Aerosol အမှုန်လေးတွေကတော့ ၆ ပေကျော်တဲ့ အကွာအဝေးအထိ လေထဲမှာ လွင့်မျောသွားနိုင်ပါတယ်။

    ယူကေက ဆေးဝါးဇီ၀ဗေဒပညာရှင် စတီဖနီဒန်ဆာက Droplet နဲ့ Aerosol နှစ်ခုစလုံးမှာပါတဲ့ ကိုရိုနာဗိုင်းရပ်ဟာ ဓာတ်ခွဲခန်းအတွင်းမှာ ၃ နာရီလောက် အသက်ရှင်တာကိုတွေ့ရပြီး အပြင်မှာတော့ အပူချိန်၊ စိုစွတ်မှုတွေ၊ ခရမ်းလွန်ရောင်ခြည်၊ လေထဲက အခြားအမှုန်တွေနဲ့ ထိတွေ့မှု စတဲ့အခြေအနေတွေအပေါ် မူတည်ပြီး ရှင်သန်ချိန် အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။

    “Aerosol တွေဟာ အခန်းအတွင်းမှာတောင် ၆ မီတာ (၁၈ ပေ) လောက်အထိ မျောပါနိုင်ပါတယ်။ အပြင်မှာ လေတိုက်တာတွေ ဘာတွေနဲ့ဆိုရင် ဒီထက်တောင်ပိုပြီး ဝေးဝေးရောက်နိုင်ပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်နိုင်လဲဆိုတာက Aerosol ရဲ့ အရွယ်အစားအပေါ် မူတည်ပါတယ်”

    ၃။ လေထဲကနေ Covid-19 ဘယ်လိုကူးလဲ?

    အရည်စက် (Droplet) လိုပဲ အမှုန်စက် (Aerosol) တွေကလည်း အသက်ရှုတာ၊ စကားပြော၊ ရယ်မောတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ သီချင်းဆိုတာ၊ အော်ဟစ်တာ စတဲ့အခြေအနေတွေကနေ ထွက်တက်ပါတယ်။

    အသက်ရှုတာကနေထွက်တဲ့ အမှုန်စက်လောက်က ဝေးဝေးမသွားနိုင်ပေမယ့် အော်ဟစ်တာ၊ သီချင်းဆိုတာ၊ ​ချောင်းဆိုတာနဲ့ နှာချေတာမျိုးလို အခြေအနေမျိုးတွေကနေထွက်လာရင် ပိုဝေးဝေးရောက်နိုင်တယ်လို့ ဒန်ဆာက ပြောပါတယ်။

    “အမှုန်စက် တစ်စက်လောက်မှာ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်မျိုး မပါဝင်ပေမယ့် အသက်ရှုရာကနေ အမှုန်စက်တွေ များလာတဲ့အချိန် ပါးစပ်၊ နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းတွေမှာ အမှုန်စက်တွေ သွားစုပြီး ကူးစက်နိုင်ပါတယ်”

    အမှုန်စက်ကနေ ကူးစက်မှုဟာ လူနာတွေနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ကျန်းမာရေး​ဝန်ထမ်းတွေအတွက် ကူးစက်နိုင်မှုအန္တရာယ်လည်း ပိုမိုမြင့်တက်လာစေပါတယ်။

    ၄။ အမှုန်စက်​ကြောင့် ကူးစက်မှုအတိုင်းတာ ဘယ်လောက်ရှိလဲ?

    အမှုန်စက် (Aerosol) ကနေတစ်ဆင့် ကူးစက်မှုဟာ ဘယ်လောက်အတိုင်းအတာအထိ ရှိနိုင်လဲဆိုတဲ့မေးခွန်းအတွက် လက်ရှိမှာ အဖြေမရှိသေးပါဘူး။

    အရည်စက် (Droplect) တွေကနေတစ်ဆင့်သာ ကိုဗစ်ကူးစက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အချိန်အတော်ကြာ လက်ခံခဲ့ပေမယ့် အမှုန်စက် (Aerosol) ကနေ ကူးစက်မှု အထောက်အထားတွေကို အများအပြားတွေ့လာရကြောင်း အခုတစ်ပတ်မှာ ဝန်ခံခဲ့ပါတယ်။

    WHO ရဲ့ ကူးစက်ရောဂါထိန်းချုပ်တားဆီးရေး နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ ဘန်နီဒက်တာ အလီဂရန်ဇီက လူများတဲ့နေရာတွေ၊ အလုံပိတ်အ​ဆောက်အဦးတွေ၊ လေဝင်လေထက် သိပ်မကောင်းတဲ့ နေရာတွေမှာ အမှုန်စက်တွေကနေတစ်ဆင့် ကူးစက်နိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၅။ ဘယ်လိုကာကွယ်မလဲ?

    နှာခေါင်းစည်း အမြဲတမ်းတပ်တာ၊ လူတွေနဲ့ ခပ်ခွာခွာနေတာ စတဲ့ အလေ့အကျင့်တွေကို အမြဲတမ်း ကျင့်သုံးသွားရမယ်လို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

    အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလိုင်းတွေကို လူများတဲ့နေရာတွေကို ရှောင်ရှားဖို့ လိုအပ်သလို၊ ကျောင်းတွေ၊ ရုံးတွေနဲ့ ဆေးရုံတွေမှာ လေဝင်လေထွက်ကောင်းအောင်လုပ်တာက ကူးစက်မှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းအောင် မလုပ်နိုင်တဲ့ နေရာတွေမှာတော့ လေစစ်ဇကာတွေ၊ လေသန့်စင်စက်တွေ ထားရှိဖို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ရောဂါ လေထဲမှတစ်ဆင့် ကူးစက်နိုင်မှုကို WHO အတည်ပြု

    ကိုဗစ်ရောဂါ လေထဲမှတစ်ဆင့် ကူးစက်နိုင်မှုကို WHO အတည်ပြု

    ဇူလိုင် ၈၊ ၂၀၂၀
    M-Media

    -Covid-19 ရောဂါ လေထဲကနေ ကူးစက်နိုင်တဲ့ အထောက်အထား အများအပြားပေါ်ထွက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုလိုက်ပြီး လိုအပ်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ဟာ လေထဲကနေကူးစက်တယ်ဆိုတာကို သုတေသနမှာ တွေ့ရှိရပြီး၊ ဒါကို အလေးထားလုပ်ဆောင်ဖို့ ကမ္ဘာတစ်ဝှမ်းက ပညာရှင် ၂၃၉ ဦး တနင်္လာနေ့က လက်မှတ်ရေးထိုးတောင်းဆိုပြီးတဲ့နောက် အင်္ဂါနေ့မှာ WHO က အခုလို ထုတ်ပြန်ခဲ့တာပါ။

    ပိုးရှိသူရဲ့ ခန္ဓာကိုယ်ထဲက​နေ ထွက်လာတဲ့ အစက်အပြောက်တွေကို ထိတွေ့ရာကနေ ကိုဗစ် ကူးစက်တာပါ။ အရင်က လေထဲကနေတစ်ဆင့် မကူးစက်နိုင်ဘူးလို့ ယူဆထားပေမယ့် နောက်ပိုင်း လေ့လာဆန်းစစ်မှုတွေအရ နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အစက်တွေဟာ လေထဲမှာ မျောပါနိုင်တာကို တွေ့ရတာကြောင့် ကူးစက်မယ့်အန္တရာယ် မြင့်တက်လာတယ်လို့ ပညာရှင်တွေက သတိပေးထားကြပါတယ်။

    WHO ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးဌာန နည်းပညာဆိုင်ရာ အကြီးအကဲ ဒေါက်တာ ​ဘန်နက်ဒက်တာ အလီဂန်ဇီက လက်မှတ်ရေးထိုးခဲ့တဲ့ ပညာရှင်တွေထဲက တော်တော်များများနဲ့ မိမိတို့ တွေ့ဆုံဆွေးခဲ့တယ်လို့ ပြောကြားခဲ့ပ့ါတယ်။

    ရရှိတဲ့အထောက်အထားတွေကနေတစ်ဆင့် ကူးစက်မှုပုံစံတွေ၊ လုပ်ဆောင်ရမယ့် ကြိုတင်ကာကွယ်မှု လုပ်ငန်းစဉ်တွေကို နားလည်အောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    WHO ကို လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ပညာရှင်တွေထဲမှာ အင်ဂျင်နီယာအများအပြားပါဝင်တာကြောင့် ကိုဗစ်ကုသရေးမှာ အရေးပါတဲ့ အသက်ရှုစက်နဲ့ပတ်သက်ပြီး ပိုမိုသိရှိလာကြောင်း၊ သိပ္ပံပညာရှင်တွေနဲ့ ဆွေးနွေးထားတဲ့ အချက်အလက်တွေကို လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ထုတ်ပြန်ပေးမှာဖြစ်ကြောင်း WHO ရဲ့ အရေးပေါ်ဌာနက ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ မာရီယာ ဗန် ကာရ်ကိုဗီက ပြောကြားခဲ့ပါတယ်။

    Ref : CNN

  • လေထဲမှတစ်ဆင့် ကိုဗစ်ကူးနိုင်သည့်အချက်ကို လက်ခံရန် WHO ကို ပညာရှင်များ တိုက်တွန်း

    လေထဲမှတစ်ဆင့် ကိုဗစ်ကူးနိုင်သည့်အချက်ကို လက်ခံရန် WHO ကို ပညာရှင်များ တိုက်တွန်း

    ဇူလိုင် ၇၊၂၀၂၀
    M-Media

    -Covid-19 ရောဂါဟာ ​လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့အချက်ကို လက်ခံကြေငြာပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမေရိကန်နဲ့ ဩစတေးလျ သိပ္ပံပညာရှင် ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

    ရောဂါရှိသူတစ်ဦး နှာချေတာ၊ ချောင်းဆိုတာတွေကနေ ကျလာတဲ့ အရည်အစက်အပြောက်တွေဟာ မြေပြင်ကိုရောက်ပြီး အဲဒါကို ထိတွေ့မှသာ ကူးစက်နိုင်ကာ ​လေထဲကနေတစ်ဆင့် မကူးစက်နိုင်ဘူးဆိုတဲ့ အယူအဆကို WHO က လက်ခံထားတာပါ။

    ဆေးပညာဂျာနယ် Clinical Infectious Diseases မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြခဲ့တဲ့ ကိုဗစ်ဆောင်းပါးတစ်ခုမှာတော့ ချောင်းဆို၊ နှာချေတာကနေထွက်တဲ့ အစက်အပြောက်တွေဟာ လေထဲမှာ လွင့်မျောနိုင်တဲ့ အခြေအနေရှိတဲ့အတွက် လေထဲကနေတစ်ဆင့် ကိုဗစ်ကူးစက်နိုင်တဲ့အန္တရာယ် မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။

    လေ့လာဆန်းစစ်မှုကနေ ပေါ်ထွက်လာတဲ့ ဒီရေးသားမှုကို နိုင်ငံ ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ဦးကလည်း ထောက်ခံအတည်ပြုထားပါတယ်။

    ကိုဗစ်ဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တဲ့အန္တရာယ် ရှိတယ်ဆိုပြီး အရင်က သိပ္ပံပညာတွေ သတိပေးခဲ့ပေမယ့် WHO က လက်မခံဘဲ ဒီအတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။

    အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က သံပြိုင်အဖွဲ့တစ်ခုမှာ ကိုဗစ်ကူးစက်မှုရှိခဲ့တာ၊ တရုတ်နိုင်ငံကွမ်ကျိုးမြို့က လေဝင်လေထွက်မကောင်းတဲ့ စာသောက်ဆိုင်မှာ ကိုဗစ်ကူးစက်မှုနဲ့ပတ်သက်တဲ့ လေ့လာမှုရလဒ်ကို အစိုးရက မထုတ်ပြန်တာတွေကိုလည်း ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    Covid-19 လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာကို အသိအမှတ်မပြုတာ၊ ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေ ချမှတ်ထုတ်ပြန်ခြင်းမပြုတာတွေကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံပညာရှင်နှစ်ဦးက သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    ဇူလိုင် ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရာမှာ ထိရောက်မှုရှိတဲ့ Remdesivir ဆေးဝါး အားလုံးနီးပါးကို အမေရိကန်ကအစိုးရက ၀ယ်ယူလိုက်ပါတယ်။

    အမေရိကန်ဆေးကုမ္ပဏီ Gilead က နောက်ထပ် ၃ လအတွင်း ဆေးအရေအတွက် ၅ သိန်းလောက် ထုတ်ဖို့ရှိနေတာပါ။ Remdesivir ဆေးဟာ ကိုဗစ်ကို အချိန်တိုတိုနဲ့ ပျောက်ကင်းစေတယ်လို့ နာမည်ကြီးပေမယ့် သေဆုံးမှုကို သိသိသာသာ လျော့ကျစေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒီဆေးနဲ့ ကုသမယ့်ဆိုရင် လူနာတစ်ဦးကို ကန်ဒေါ်လာ ၂၃၄၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဆေးဝယ်ယူရေးအတွက် အမေရိကန်အစိုးရနဲ့ Gilead တို့ဟာ မေလအတွင်းက လက်မှတ်ထိုိးခဲ့တာပါ။

    Gilead အပါအဝင် ကုမ္ပဏီ ၉ ခု က ဒီဆေးကို အခြားနိုင်ငံတွေအတွက် စျေးသက်သက်သာသာနဲ့ထုတ်ဖို့ ရှိပေမယ့် အချိန်အနည်းငယ် ကြာမြင့်အုံးမှာ ဖြစ်ပါတယ် ။

    Ref: BBC