News @ M-Media

Tag: WuhanVirus

  • COVID-19 ရှိ၊ မရှိ ၄၅ မိနစ်အတွင်းသိရမည့် စမ်းသပ်ကိရိယာတစ်ခုကို မကြာခင် အသုံးပြုနိုင်တော့မည်

    COVID-19 ရှိ၊ မရှိ ၄၅ မိနစ်အတွင်းသိရမည့် စမ်းသပ်ကိရိယာတစ်ခုကို မကြာခင် အသုံးပြုနိုင်တော့မည်

    မတ် ၂၂၊ ၂၀၂၀
    M-Media

    -COVID-19 ရှိ၊ မရှိကို ၄၅ မိနစ်အတွင်း သိနိုင်မယ့် စမ်းသပ်ကိရိယာတစ်ခုကို မြေပြင်မှာ စတင်စမ်းသပ်အသုံးပြုဖို့အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ခွင့်ပြုလိုက်ပါတယ်။

    ဒီကိရိယာကို Cepheid ဆိုတဲ့ကုမ္ပဏီက ထုတ်လုပ်တာပါ။ ဆေးရုံတွေ၊ အရေးပေါ်ဌာနတွေမှာ စတင် စမ်းသပ် အသုံးပြုမှာဖြစ်ပြီး FDA ကလည်း ခွင့်ပြုချက်ပေးခဲ့ပြီလို့ ကုမ္ပဏီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိရိယာတွေကို ​လာမယ့်တစ်ပတ်မှာ စမ်းသပ်မယ့်နေရာတွေဆီ ပို့ဆောင်မှာဖြစ်ပါတယ်။

    လက်ရှိမှာ သံသယရှိသူတွေထံကနေ နှာခေါင်းတို့ဖတ် နမူနာယူကာ ဓာတ်ခွဲခန်းကို ပို့ဆောင် စစ်ဆေးရတာကြောင့် စမ်းသပ်မှုဟာ ရက်အနည်းငယ် ကြာမြင့်တတ်ပါတယ်။ Cepheid က ထုတ်တဲ့ အခုကိရိယာက ၄၅ မိနစ်အတွင်း အဖြေထုတ်နိုင်မှာဖြစ်ပြီး ကိုင်တွယ်အသုံးပြုမယ့်သူတွေမှာ ဆေးဖက်ဆိုင်ရာ အထူးကျွမ်းကျင်မှုတွေ မလိုအပ်ပါဘူး။

    ဒီကိရိယာအသုံးပြုမှုအတွက် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာကို Cepheid ကုမ္ပဏီက ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: Reuters

  • ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    မတ် ၂၁၊ ၂၀၂၀
    M-Media

    – ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ပြန့်နှံ့ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွတ်ဟာ မတ်လ ၂၁ ရက်နေ့မှာ ၁၁၀၀၀ ကျော်လာခဲ့ပြီး ကူးစက်ခံရသူကတော့ ၂၇၇၀၀၀ ​ထောင်ကျော် ရှိလာပါတယ်။ အဲဒီအထဲမှာ ပြန်ကောင်းသွားသူကတော့ ၈၈၀၀၀ ကျော် ရှိ​ခဲ့ပါတယ်။

    – အီတလီမှာ မနေ့ကတစ်နေ့တည်း သေဆုံးသူ ၆၂၇ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ်ဒဏ်ခံရတဲ့ ၄ ပတ်အတွင်း တစ်နေ့တာ သေဆုံးမှု အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ စုစုပေါင်းသေဆုံးသူ ၄၀၃၂ ဦးရှိလာပြီး ဗိုင်းရပ်စ်စပြန့်ရာ တရုတ်နိုင်ငံထက် ပိုများသွားတာပါ။

    – အီရန်နိုင်ငံမှာတော့ မနေ့က ၁၂၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၁၅၅၆ ဦး ရှိလာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၂၀၆၁၀ ရှိလာပါတယ်။

    – ဥရောပနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု၊ သေဆုံးမှုတွေ မြင့်တက်လာပါတယ်။ စပိန်မှာ သေဆုံးသူ ၁၃၀၀ ကျော်လာသလို၊ နယ်သာလန်မှာလည်း မနေ့ကတစ်ရက်တည်း လူ ၃၀ သေဆုံးတာကြောင့် သေဆုံးသူ ၁၃၆ ဦး ရှိလာပါတယ်။ ကူးစက်ခံရသူတွေကတော့ စပိန်မှာ ၂၄၉၂၆ ဦးနဲ့ နယ်သာလန်မှာ ၃၆၃၁ ဦးဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာ သေဆုံးသူ ၅၆ ဦး၊ ကူးစက်သူ ၆၁၀၀ ရှိနေပြီး၊ ၅၂၁ ဦး ကူးစက်ခံထားရတဲ့ ဖင်လန်နိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မယ့် အန္တရာယ်ကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေငြာလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံမှာ သေဆုံးသူက ၂ ဆတိုးတာ ၁၂ ဦးအထိ ရှိလာပြီး၊ ကူးစက်သူက ၁၂၈၀ အထိ ရှိလာပါတယ်။

    – အာဖရိကနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ၊ သေဆုံးမှုတွေ ဖြစ်လာပါတယ်။ ကွန်ဂိုနိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့ပြီး ကူးစက်သူ ၅ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၂၃ ဦး ရှိလာတာပါ။ ဘာကီနာဖာဆိုမှာ အစိုးရဝန်ကြီး ၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ၆၄ ဦးရှိလာတာပါ။ သေဆုံးသူကတော့ ၂ ဦး ရှိနေပါတယ်။ အာဖရိကတိုက် အစွန်က ကျွန်းနိုင်ငံငယ် မောရေးရှပ်စ်မှာလည်း မနေ့က ပထမဆုံး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ အန်ဂိုလာနိုင်ငံမှာ ပထမဆုံး ကူးစက်သူ ၂ ဦးကို မနေ့မှာ တွေ့ခဲ့ရပါတယ်။

    – အရှေ့အလယ်ပိုင်းမှာတော့ ယူအေအီးနိုင်ငံမှာ မနေ့က ပထမဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကူဝိတ်နိုင်ငံမှာ ကူးစက်သူ ၅ ဦး ပြန်ကောင်းသွားတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂၇ ဦးသာ ရှိပါတော့တယ်။ အိုမန်နိုင်ငံမှာ မနေ့က ၄ ဦး ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်းကူးစက်သူ ၅၂ ဦး ရှိလာကာ ပြန်လည်သက်သာသူက ၁၃ ဦးရှိပါတယ်။

    – စင်ကာပူနိုင်ငံမှာ ထပ်မံကူးစက်ခံရသူ ၄၇ ဦးရှိပြီး စုစုပေါင်း ၄၃၂ ဦး ရှိလာတာပါ။ ဒီကနေ့မနက်က လူ ၂ ဦးသေဆုံးခဲ့ပြီး COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    – မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် စနေနေ့မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈ ဦးအထိ ရှိလာပါတယ်။ ကူးစက်မှုတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၅၃ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်သူ ၁၁၈၃ ဦးအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

    – အင်ဒိုနီးရှားနိုင်ငံမှာ မနေ့က သေဆုံးသူ ၆ ဦးရှိပြီး၊ ကူးစက်ခံရသူကတော့ ၈၁ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၄၅၀ နဲ့ သေဆုံးသူ ၃၈ ဦးအထိ ရှိလာတာပါ။

    – ပါလက်စတိုင်းမှာ မနေ့က ထပ်မံကူးစက်သူ ၄ ဦးရှိပြီး စုစုပေါင်း ကူးစက်သူ ၅၂ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – မတ်လ ၂၁ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်မှု)

  • COVID-19 ကြောင့် အီတလီတွင်လူသေဆုံးမှု တရုတ်ထက် ပိုမိုများပြားလာ

    COVID-19 ကြောင့် အီတလီတွင်လူသေဆုံးမှု တရုတ်ထက် ပိုမိုများပြားလာ

    မတ် ၂၀၊ ၂၀၂၀
    M-Media

    -COVID-19 ကြောင့် အီတလီမှာ သေဆုံးသူအရေအတွက်ဟာ မနေ့က ၃၄၀၅ ဦးအထိ ရှိလာခဲ့ပြီး ဒါဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံက သေဆုံးမှုထက် ပိုမိုများပြားသွားတာ ဖြစ်ပါတယ်။

    မနေ့ကတစ်ရက်တည်း အီတလီမှာ သေဆုံးသူ ၄၂၇ ဦး ရှိခဲ့တာပါ။ အီတလီဟာ မတ်လ ၁၂ ရက်နေ့ကစလို့ နိုင်ငံကို ၂ ပတ်ကြာ တံခါးပိတ်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာ ပြီးဆုံးမယ့် ဒီတံခါးပိတ်မှုကို သက်တမ်းတိုးခဲ့ ပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်ကတော့ ဆက်လက်မြင့်တက်နေပါတယ်။ မတ်လ ၁၉ ရက်နေ့အထိ အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၄၁၀၃၅ ဦးရှိနေပါတယ်။

    တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့တဲ့ ဒီဇင်ဘာလကစလို့ အခုအချိန်အထိ ကူးစက်သူ ၈၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၂၄၅ ဦး ရှိခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်းကူးစက်မှု လုံး၀ မရှိတော့ပါဘူး။

    အီတလီက တရုတ်နိုင်ငံထက် သေဆုံးသူအရေအတွက် ပိုမိုများပြားလာသလို၊ သေဆုံးမှုနှုန်းလည်း မြင့်မားနေတာ ဖြစ်ပါတယ်။

    Ref: BBC

  • COVID-19 စိုးရိမ်မှုကြောင့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီကို အခြေအနေစောင့်ကြည့်နေ

    COVID-19 စိုးရိမ်မှုကြောင့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီကို အခြေအနေစောင့်ကြည့်နေ

    မတ် ၂၀၊ ၂၀၂၀
    M-Media

    -COVID-19 ကူးစက်နေတဲ့ လွှတ်တော်အမတ်တစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ လက်ရှိမှာ သီးခြားနေထိုင်နေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    မဟာသီနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လွှတ်တော်အမတ်ဟာ ဒေါက်တာ ကယ်လ်ဗင် ယီ လီ ၀မ်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်နေကြောင်း မတ်လ ၁၇ ရက်နေ့တုန်းက Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တာပါ။ ဒေါက်တာကယ်လ်ဗင်ဟာ အခြားလွှတ်တော်အမတ်တစ်ဦးထံကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိ ဆာရာဝပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

    အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဟာသီက ဒီကိစ္စကိုဖြေရှင်းရေး စည်းကမ်းလိုက်နာဖို့ လိုအပ်တယ်လို့ ပြည်တွင်းရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “၁၄ ရက်လောက် အိမ်မှာ သီးခြားနေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခြားလူတွေထံ ဗိုင်းရပ်စ်ပြန့်နှံနိုင်ခြေ နည်းသွားမယ်။ အခုဆိုရင် ကျွန်တော် အိမ်မှာနေထိုင်နေတယ်။ အပြင်ထွက်လို့မရသလို၊ လူတွေနဲ့ တွေ့ဆုံလို့လည်း မရပါဘူး။ လက်ဆွဲလည်း မနှုတ်ဆက်နိုင်ဘူး။ ဒါပေမယ့် ဘုရားသခင်အလိုတော်နဲ့ ဒါဟာ ကျွန်တော့်အတွက် မခက်ခဲပါဘူး”

    Ref: The Star

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မတ် ၁၉၊ ၂၀၂၀
    M-Media

    ရပ်ဆိုင်းထားသည့် အင်္ဂလိပ်ဘောလုံးပြိုင်ပွဲများကို ပြီးဆုံးသည်အထိ ကျင်းပမည်

    • ရပ်ဆိုင်းထားတဲ့ ဘောလုံးပြိုင်ပွဲတွေအားလုံး ပြန်လည်ကျင်းပနိုင်ရေး နည်းလမ်းရှာသွားမှာဖြစ်ပြီး၊ အခွင့်သာတာနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီပြီးဆုံးအောင် ကျင်းပသွားမယ်လို့ ​ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေးအဖွဲ့နဲ့ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (FA) တို့က ဒီကနေ့မှာ ကြေငြာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ​ြပန်နှံ့မှုကြောင့် ပြိုင်ပွဲတွေကို လက်ရှိမှာ ဧပြီလအစောပိုင်းအထိ ရပ်ဆိုင်းထားတာပါ။ ဒီကနေ့ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ ဒီရပ်ဆိုင်းမှုကို ဧပြီလကုန်အထိ ထပ်တိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခုနှစ် ဘောလုံးရာသီကို ဇွန်လ ၁ ရက်နေ့ အဆုံးသတ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ယူရို ၂၀၂၀ ကို နောက်နှစ်ရွှေ့လိုက်တာကြောင့် ဥရောပမှာ ပြည်တွင်းပြိုင်ပွဲတွေ ပြီးဆုံးအောင်ကစားနိုင်မယ့် အနေအထားမျိုး ဖြစ်လာတာပါ။ လက်ရှိမှာ ယူကေအစိုးရဟာ အားကစားပြိုင်ပွဲတွေအပါအဝင် လူစုလူဝေးတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

    ဂယ်ရီနဗီးလ်ပိုင်ဆိုင်သည့် ဟိုတယ် ၂ လုံးတွင် ကျန်းမာရေးဝန်ထမ်းများ အခမဲ့နေထိုင်နိုင်မည်

    • ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းမှာ ပါဝင်​ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မိမိပိုင်ဆိုင်တဲ့ ဟိုတယ် ၂ ခုမှာ အခမဲ့ နေထိုင်ခွင့်ပေးသွားမယ်လို့ မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။ နဗီးလ်ဟာ မန်ယူကွင်းလယ်လူဟောင်း ရိုင်ယန်ဂစ်နဲ့အတူ မန်ချက်စတာမြို့မှာ ဟိုတယ် ၂ လုံး ပိုင်ဆိုင်ထားတာပါ။ လာမယ့် တနင်္ဂနွေနေ့ကစလို့ အများပြည်သူ လာရောက်တည်းခိုမှုကို ပိတ်ပင်မှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုလုပ်ကာ ကျန်းမာရေးဝန်ထမ်းကို သောကြာနေ့က စတင်နေထိုင်ခွင့်ပြုသွားမယ်လို့ နဗီးလ်က ဆိုပါတယ်။ အလုပ်သမားတွေကို အလုပ်ထုတ်မှာမဟုတ်သလို လစာမဲ့ခွင့် ယူခိုင်းတာမျိုးလည်း လုပ်မှာမဟုတ်ဘူးလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ချယ်ဆီးအသင်းကလည်း သူတို့ပိုင်တဲ့ ဟိုတယ်ကို ကိုရိုနာတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေထိုင်ဖို့ စီစဉ်ပေးထားပါတယ်။

    COVID-19 တိုက်ဖျက်ရေးအတွက် အီဗရာဟီမိုဗစ် ရန်ပုံငွေမတည်

    • အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရန်ပုံငွေတစ်ရပ်ကို ထူထောင်လိုက်ပြီး အခြားဘောလုံးသမားတွေ ပါဝင်ကြဖို့လည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။ စီးရီးအေပြိုင်ပွဲရှိရာ အီတလီနိုင်ငံဟာ လက်ရှိမှာ တရုတ်ပြီးတဲ့နောက် ဗိုင်းရပ်စ်ဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့နိုင်ငံ ဖြစ်လာပါတယ်။ မိုဗစ်က ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းအတွက် ယူရို တစ်သိန်းလောက် မတည်လှူဒါန်းထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုမှာ ပါဝင်ကြဖို့ Twitter မှာ ပို့စ်လွှင့်တင်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ ရန်ပုံငွေ ယူရို တစ်သိန်းကျော်လောက် ကောက်ခံရရှိခဲ့ပါတယ်။

    Ref: BBC