News @ M-Media

Tag: WuhanVirus

  • COVID-19 ပြန့်နှံ့မှုကြောင့် မလေးရှားက တစ်နိုင်ငံလုံးကို ၂ ပတ်ကြာ တံခါးပိတ်

    COVID-19 ပြန့်နှံ့မှုကြောင့် မလေးရှားက တစ်နိုင်ငံလုံးကို ၂ ပတ်ကြာ တံခါးပိတ်

    မတ် ၁၆၊ ၂၀၂၀
    M-Media

    တိုင်းပြည်ကို တံခါးပိတ်ကြောင်း ကြေငြာနေသည့် ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်

    -နိုင်ငံတစ်ဝှမ်း COVID-19 ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တိုင်းပြည်ကို ၂ ပတ်ကြာ တံခါးပိတ်သွားမယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့ညပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    မလေးရှားမှာ ​COVID-19 ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာခဲ့တာပါ။ မတ်လ ၁၆ ရက်နေ့အထိ ကူးစက်နေသူအရေအတွက် ၅၅၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်အတွင်း ၂၀၀ ကျော် ကူးစက်နေတာကို တွေ့ခဲ့ရပြီး အားလုံးနီးပါးဟာ အခုလအစောပိုင်း ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးက အစ္စလာမ်ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွယ်ပတ်သက်နေသူတွေဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က လက်ရှိ အစိုးရရဲ့ ဦးစားပေးလုပ်ငန်းဟာ နောက်ထပ်ပြန့်နှံ့မှုမဖြစ်အောင် တားဆီးဖို့ ဖြစ်တာကြောင့် မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ​လှုပ်ရှားသွားမှု ကန့်သတ်မိန့် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အခုလို တိုင်းပြည်ကို တံခါးပိတ်လိုက်တာကြောင့် ဘာသာရေး၊ လူမှုရေးအခမ်းအနားတွေ လုပ်ဆောင်လို့ရမှာမဟုတ်တော့သလို ကျောင်းတွေ၊ အလုပ်တွေ၊ ရုံးတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေ အားလုံးလည်း ပိတ်ထားရမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားတွေကို ပြည်ပထွက်ခွင့် ပြုမှာမဟုတ်သလို၊ နိုင်ငံခြားသားတွေကိုလည်း တိုင်းပြည်အတွင်း ပေးဝင်မှာမဟုတ်ပါဘူး။ မရှိမဖြစ်လိုအပ်တဲ့ ဌာနတွေကလွဲလို့ အစိုးရဌာနတွေအားလုံးကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

    COVID-19 ဗိုင်းရပ်စ် ကူးစက်မှု ရုတ်တရက် မြင့်တက်လာတာကြောင့် မလေးရှားပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေ အလုအယက် ဝယ်ယူလာကြပြီး စူပါမားကတ်တွေမှာ ပစ္စည်းပြတ်လပ်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။

    Ref: Malay Mail

  • COVID-19 ကာကွယ်ဆေး အမေရိကန်တွင် စတင်စမ်းသပ်

    COVID-19 ကာကွယ်ဆေး အမေရိကန်တွင် စတင်စမ်းသပ်

    မတ် ၁၆၊ ၂၀၂၀
    M-Media

    -လတ်တလော ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ COVID-19 အတွက် ကာကွယ်ဆေးကို အမေရိကန်မှာ ဒီကနေ့ စတင်စမ်းသပ်တော့မယ်လို့ သိရပါတယ်။

    ဒီကာကွယ်ဆေးကို အမေရိကန် အမျိုးသား ကျန်းမာရေးအင်စတီကျု National Institutes of Health နဲ့ Moderna Inc ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးထားတာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက စမ်းသပ်မှုကို ဆီယက်တဲလ်မြို့က သုတေသနစင်တာတစ်ခုမှာ ပြုလုပ်မှာဖြစ်ပြီး ငယ်ရွယ်သူ ၄၅ ဦးက စေတနာ့ဝန်ထမ်း စမ်းသပ်ခံမယ်လို့ Fox News ကို ပြောကြားခဲ့ပါတယ်။

    စမ်းသပ်ခံမယ့်သူတွေမှာ COVID-19 ဗိုင်းရပ်စ်မရှိဘဲ အခု စမ်းသပ်မှုဟာ ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိကိုသာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုအောင်မြင်ရင် နောက်ထပ် စမ်းသပ်မှုတွေပြုလုပ်မှာဖြစ်ပြီး ထိုးနှံလို့ရတဲ့ ကာကွယ်ဆေးအဖြစ် အတည်ဖြစ်ဖို့အတွက် ၁ နှစ်ကနေ ၁ နှစ်ခွဲအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    COVID-19 ကူးစက်မှု အလွန်မြင့်မားနေတဲ့အချိန် ကမ္ဘာတစ်ဝှမ်း သုတေသနအဖွဲ့တွေဟာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

    အမေရိကန်က ပြည်နယ် ၄၉ ခုမှာ ကူးစက်သူအရေအတွက်ဟာ ၃၀၀၀ အထိရှိလာပြီး သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ကာ တစ်နိုင်ငံလုံး ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေငြာထားရပါတယ်။

    Ref: Fox News

  • အာဆီယံတွင် မလေးရှားက COVID-19 ဗိုင်းရပ်စ် အဆိုးဝါးဆုံးကူးစက်သည့်နိုင်ငံ ဖြစ်လာ

    အာဆီယံတွင် မလေးရှားက COVID-19 ဗိုင်းရပ်စ် အဆိုးဝါးဆုံးကူးစက်သည့်နိုင်ငံ ဖြစ်လာ

    မတ် ၁၆၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ တနင်္ဂနွေနေ့တစ်နေ့တည်း လူပေါင်း ၁၉၀ လောက် COVID-19 ဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၄၂၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

    ကူးစက်သူတွေဟာ အခုလအစောပိုင်းက မြို့တော်ကွာလာလမ်ပူဆင်ခြေဖုံး ဆရီပက်တလင်းမြို့မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၁၆၀၀၀ ကျော်လောက် တက်ရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာရေးအခမ်းအနားကို သွားရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီအခမ်းအနားကနေ ကူးစက်သူအရေအတွက်ဟာ ၂၄၃ ဦး ရှိလာပြီး ၉ ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီး ဒေါက်တာ အဒမ်ဘာဘာက ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ COVID-19 ဗိုင်းရပ်စ် အဆိုးဝါးဆုံး ကူးစက်ပြန့်နှံ့တဲ့နိုင်ငံလည်း ဖြစ်လာပါတယ်။ ကူးစက်သူ ၄၂၈ ဦးမှာ ၄၂ ဦးက ဗိုင်းရပ်စ်ပျောက်ကင်းကာ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိပြုလုပ်တဲ့ အဲဒီဘာသာရေးအခမ်းအနားမှာ မလေးရှားနိုင်ငံသား ၁၄၅၀၀ နဲ့၊ နိုင်ငံခြားသား ၁၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဘရူးနိုင်းနိုင်ငံမှာ ရောဂါကူးစက်သူ ၅၀ ရှိပြီး ၄၅ ဦးက ဒီဘာသာရေးအခမ်းအနားကို တက်ရောက်မှုနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ဒီဘာသာရေးအခမ်းအနားကို တက်ရောက်သူတစ်ချို့ ရောဂါကူးစက်နေပါတယ်။

    နိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ်​ ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ဒီကနေ့မှာ မလေးရှာအစိုးရ အစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က တိုင်းပြည်ဟာ ဒုတိယဗိုင်းရပ်စ်လှိုင်းလုံးနဲ့ ကြုံတွေ့နေပြီး စီးပွားရေးတိုးတက်မှုအပေါ် ထိလိုက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ကူးစက်ပြန့်နှံ့မှုကို ထိန်းနိုင်ဖို့အတွက် နိုင်ငံတကာ အစည်းအဝေးတွေ၊ အာကစားပြိုင်ပွဲတွေ၊ လူမှုရေးနဲ့ ဘာသာရေးအခမ်းအနားတွေအားလုံးကိုလည်း မလေးရှားအစိုးရက ရပ်ဆိုင်းထားလိုက်ပါတယ်။

    Ref: CNA

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့အလယ်ပိုင်းတွင် ဘာသာရေးကိစ္စများ ကန့်သတ်မှု၊ ရပ်ဆိုင်းမှု ပြုလုပ်

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့အလယ်ပိုင်းတွင် ဘာသာရေးကိစ္စများ ကန့်သတ်မှု၊ ရပ်ဆိုင်းမှု ပြုလုပ်

    မတ် ၁၄၊ ၂၀၂၀
    M-Media

    ဗလီဝတ်ကျောင်းတော်အတွင်း ပိုးသတ်သန့်ရှင်းမှု ပြုလုပ်နေစဉ်

    -ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို စိုးရိမ်တာ​ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဝတ်ပြုဆုတောင်းမှုတွေ၊ ဘာသာရေးအခမ်းအနားတွေကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေ လုပ်ဆောင်လာပါတယ်။

    ကူဝိတ်နိုင်ငံမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းမှုကို ဗလီမသွားဘဲ အိမ်မှာသာဝတ်ပြုဖို့ ဘာသာရေးအကြီးအကဲတွေက တိုက်တွန်းထားပါတယ်။ အီဂျစ်နိုင်ငံမှာတော့ သောကြာနေ့ဝတ်ပြုဆုတောင်းမှုမှာ လူဦးရေကန့်သတ်ဖို့နဲ့ တရားဒေသနာဟောကြားမှုကို ၁၅ မိနစ်ထက်မကျော်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အီဂျစ်က ဗလီတွေမှာ တရားဒေသနာ ဟောကြားမှုဟာ အနည်းဆုံး ၁ နာရီလောက် ကြာမြင့်လေ့ရှိပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို အကြီးအကျယ် ခံစားနေရတဲ့ အီရန်နိုင်ငံရဲ့ မြို့ကြီးအားလုံးမှာ သောကြာနေ့ စုပေါင်း ဝတ်ပြုဆုတောင်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လူ​တစ်သောင်းကျော်လောက် ကူးစက်နေပြီး သေဆုံးသူက ၄၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်ပြန့်နှံမှုနှုန်းဟာ အခုထက် ပိုမို များပြားလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ပါလက်စတိုင်းက နာမည်ကျော် အလ်-အက္ကဆွာဗလီရဲ့ ဂေါပကအဖွဲ့က သောကြာနေ့ ဝတ်ပြုဆုတောင်းမှုတွေမှာ ဗလီထဲကို စုပြုံတိုးဝင်တာမျိုးမလုပ်ဘဲ ဗလီအပြင်ဘက် ပရဝုဏ်အတွင်းမှာ လူချဲပြီးဝတ်ပြုကြဖို့ နှိုးဆော်ထားပါတယ်။

    လူ ၈၀ လောက်ကူးပြီး ၈ ယောက်သေဆုံးထားတဲ့ အီရတ်နိုင်ငံမှာတော့ ဘာသာရေးအထွဋ်အမြတ် ကာရ်ဘာလာဒေသနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ ဒေသတွေမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းမှုတွေအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

    လက်ဘနွန်က ရှီအာဗလီတွေမှာ သောကြာနေ့ဝတ်ပြုဆုတောင်းမှုကို ရပ်ဆိုင်းထားပြီး စွန္နီမွတ်စလင် အကြီးအကဲတွေက ဖျားနာနေသူတွေ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ခံအားနည်းသူတွေ ဗလီမလာဘဲ အိမ်မှာသာ ဝတ်ပြုကြဖို့ တိုက်တွန်းထားပါတယ်။

    ဆော်ဒီဟာ အခုလအစောပိုင်းမှာ အွမ္မရာ ဘုရားဖူးခရီးသွားမှုကို ခေတ္တရပ်ဆိုင်းလိုက်ပြီး၊ မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ်ဗလီတွေထံ နိုင်ငံခြားသားတွေလာရောက်လည်ပတ်မှုကိုလည်း ပိတ်ပင်လိုက်ပါတယ်။

    ကိုရိုနာ ဗိုင်းရပ်စ်သစ်ဟာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၃၀၀၀၀ ကျော်လောက်ကို ကူးစက်ပြန့်နှံ့နေပြီး သေဆုံးသူ အရေအတွက်ကတော့ ၄၇၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • COVID19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်

    COVID19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်

    မတ် ၁၂၊ ၂၀၂၀
    M-Media

    ပုံ – မင်းသား တွမ်ဟော့နှင့် ဇနီး
    • ကိုရိုနာဗိုင်းရပ်စ်သစ်ဖြစ်တဲ့ COVID19 ပြန့်နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ကြေငြာလိုက်ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၁၈၀၀၀ လောက်မှာ ဒီဗိုင်းရပ်စ် ကူးစက်နေပြီး သေဆုံးသူကတော့ ၄၀၀၀ ကျော်လာပါပြီ။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဒီဗိုင်းရပ်စ်လို ကပ်ရောဂါမျိုးကို အရင်တုန်းက မတွေ့ခဲ့ဘူးကြောင်း၊ ဒါပေမယ့် ထိန်းချုပ်နိုင်မှုကတော့ အရင်က ကပ်ရောဂါတွေထက် ပိုပြီး ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။ WHO ဟာ ဇန်နဝါရီလမှာ COVID19 ဗိုင်းရပ်စ်ကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့တာပါ။
    • ဩစတေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အော်စကာဆုရမင်းသား တွမ်ဟော့နဲ့ ဇနီးဖြစ်သူတို့က သူတို့ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်လို့ မနေ့ကညပိုင်းက Twitter စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ သူတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိ​ပေမယ့် နောက်ဆုံးအခြေအနေတွေကို အဆက်မပြတ် တင်ပေးမယ်လို့ ဆိုပါတယ်။ မင်းသား တွမ်ဟော့ဟာ အသက် ၆၃ နှစ် ရှိနေပါပြီ။
    • ဒုတိဝန်ကြီးချုပ်နဲ့ တန်းတူညီမျှရေးဝန်ကြီးတို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေတယ်လို့ စပိန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံအတွင်း ဆက်လက်မပြန့်နှံရေးအတွက် မြို့တော်မက်ဒရစ်ကို တံခါးပိတ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
    • ကိုရိုးနာဗိုင်းရပ်စ်သစ် ကူးစက်မှု အဆိုးဝါးဆုံးကာလကို ကျော်လွန်ခဲ့ပြီလို့ တရုတ် ဗဟိုကျန်းမာရေးကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ကိုရိုနာဆိုင်ရာ အကြံပေး ကျုံးနန်ရှင်က ကမ္ဘာ့ကပ်ရောဂါအခြေအနေကို ဇွန်လလောက်ကြရင် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့က ကူးစက်မှု ၁၅ ခုသာ ရှိခဲ့ပြီး ရောဂါစပြန့်တဲ့ ဒီဇင်ဘာလကစလို့ တစ်နေ့တာကူးစက်မှု အနိမ့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ သေဆုံးသူကတော့ မနေ့မှာ ၁၁ ဦး ရှိခဲ့ပါတယ်။
    • Schengen ​အခွန်လွတ် နယ်စပ်ကုန်သွယ်ရေး ဧရိယာမှာ ပါဝင်နေတဲ့ ဥရောပနိုင်ငံ ၂၆ နိုင်ငံကလူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။ ဥရောပမှာ ဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပိုမိုပြန့်နှံ့လာနေပြီး အီတလီနိုင်ငံက အဆိုးဝါးဆုံး အခြေအနေကို ကြုံတွေနေရပါတယ်။ သောကြာနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မယ့် ဒီကန့်သတ်မှုမှာ ယူကေ၊ အိုင်ယာလန်နဲ့ အခြားဥရောပနိုင်ငံတစ်ချို့ ပါဝင်မှာမဟုတ်ပါဘူး။ ဥရောပရောက် အမေရိကန်နိုင်ငံသားတွေအတွက်လည်း ဒီကန့်သတ်ချက်က အကြုံးမဝင်ပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂဟာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပျက်ကွက်​တယ်လို့ အပြစ်တင်ခဲ့ပါတယ်။
    • အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတ (၁) အက်စ်ဟက် ဂျာဟန်ဂီရီဟာ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ အီရန် မီဒီယာတွေက ဒီကနေ့မှာ ရေးသားခဲ့ပါတယ်။ ဖေဖော်ဝါရီလကစလို့ အီရန်နိုင်ငံမှာ လူပေါင်း ၉၀၀၀ လောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ပြီး သေဆုံးသူက ၃၅၄ ဦး ရှိနေပါတယ်။ အီရန်လွှတ်တော်အမတ်တစ်ချို့နဲ့ အစိုးရ တာဝန်ရှိသူအချို့လည်း ရောဂါကူးစက်မှု ရှိနေပါတယ်။
    • မနေ့မှာ ပထမဆုံး ကူးစက်နေသူ တွေ့ခဲ့တဲ့ ဘရူးနိုင်းမှာ နောက်ထပ် ကူးစက်နေသူ ၁၀ ဦးကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ပထမဆုံး ကူးစက်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားဟာ အခုလအစောပိုင်း မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မွတ်စလင်ဘာသာရေး အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ် ကူးစက်သူ ၁၀ ဦးဟာ သူနဲ့ ဆက်နွယ်နေတာဖြစ်ပြီး အားလုံး တည်ငြိမ်တဲ့အနေအထားမှာ ရှိနေတယ်လို့ ဘရူးနိုင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
    • တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်က Call Center တစ်ခုမှာ လူ ၁၀၀ လောက် ဗိုင်းရပ်စ်ကူးစက်နေပြီး ကူးစက်ပြန့်နှံ့ရာ နေရာသစ်တစ်ခု ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်​ေနပါတယ်။ တောင်ကိုရီးယား ကူးစက်သူ စုစုပေါင်း ၈၀၀၀ နီးပါးရှိနေပြီး ၉၀ ရာခိုင်နှုန်းလောက်က နိုင်ငံတောင်ပိုင်း ဒယ်ဂူမြို့နဲ့ အနီးအနားက မြောက်ဂျွန်ဆန်ပြည်နယ်တွေက ​ဖြစ်ပါတယ်။

    Ref: CNA, Aljazeera