News @ M-Media

Tag: WuhanVirus

  • ယူကေတွင် ကိုဗစ်ကုသောက်ဆေးကို အများပြည်သူထံ ဖြန့်ဖြူးမည်

    ယူကေတွင် ကိုဗစ်ကုသောက်ဆေးကို အများပြည်သူထံ ဖြန့်ဖြူးမည်

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်သူတွေကို ကုသရာမှာ အသုံးပြုနိုင်မယ့် သောက်ဆေး Molnupiravir ကို အခုလကုန်ပိုင်းမှာ အများပြည်သူထံ ဖြန့်ဖြူးသွားမယ်လို့ ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဆူဆန် ဟော့ပ်ကင်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကေဟာ Molnupiravir ဆေးကို ပြီးခဲ့တစ်ပတ်က အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီး ကိုဗစ်ကု သောက်ဆေးကို ပထမဆုံး အသုံးပြုခွင့်ပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး အဓိကကျလာမယ့် ဒီဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီတွေဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးပေါင်း ထုတ်လုပ်တာပါ။

    ယူကေက ကိုဗစ်ကု Molnupiravir သောက်ဆေး အခွက်ရေ ၄၈၀၀၀၀ စာ၊ Pfizer က ထုတ်တဲ့ ကိုဗစ်ကုသောက်ဆေး အခွက်ရေ ၂၅၀၀၀၀ စာ ဝယ်ယူထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဟော့ပ်ကင်းက Molnupiravir ဆေးကို ခွင့်ပြုချက် ပေးလိုက်နိုင်တာဟာ သတင်းကောင်းတစ်ခုဖြစ်ပြီး စမ်းသပ်မှုအဆင့်တစ်ခုအနေနဲ့ နိုဝင်ဘာ လကုန်ပိုင်း ဒါမှမဟုတ် ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ အများပြည်သူထံ ဖြန့်ချီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Molnupiravir ပတ်သက်တဲ့ လက်ရှိ စမ်းသပ်မှု​တွေဟာ ကာကွယ်ဆေးမထိုးရသေးသူတွေမှာသာ လုပ်ဆောင်ထားတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲဆိုတာ အခုစမ်းသပ်ဖြန့်ချီမှုကနေ သိရှိနိုင်မယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကို​ဗစ်ရှိနေသူ ဒါမှမဟုတ် ရောဂါလက္ခဏာပြနေသူတွေဟာ Molnupiravir ဆေးကို သောက်သုံးမယ်ဆိုရင် သေဆုံးမှု၊ ရောဂါအပြင်းအထန်ခံစားရမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်ဆိုတာ စမ်းသပ်မှုအချက်အလက်တွေအရ သိရပါတယ်။ ဒီဆေးကို တစ်ရက် ၂ ကြိမ်နှုန်းနဲ့ ၅ ကြိမ် သောက်ရမှာ ဖြစ်ပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေးအတွက် လက်ရှိမှာ ကာကွယ်ဆေးကိုသာ အဓိက အားထားနေရတာဖြစ်ပြီး ကိုဗစ်ကု Molnupiravir သောက်ဆေးက အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    Ref: Reuters

  • ကိုဗစ်ကို သောက်ဆေးဖြင့် ကု၍ ရပြီ

    ကိုဗစ်ကို သောက်ဆေးဖြင့် ကု၍ ရပြီ

    နိုဝင်ဘာ ၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ရောဂါကုသရာမှာ အသုံးပြုနိုင်မယ့် သောက်ဆေးတစ်မျိုးကို ယူကေ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုကာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။

    Molnupiravir လို့ အမည်ပေးထားတဲ့ အဲဒီသောက်ဆေးကို Merck နဲ့ Ridgeback Biotherapeutics ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ဖြစ်ကြောင်း တွေ့ရှိပြီး၊ ဒါမှမဟုတ် ကိုဗစ်လက္ခဏာပေါ်ပြီး ချက်ခြင်းသောက်ရမယ်လို့ ယူကေအစိုးရရဲ့ ကျန်းမာရေးနဲ့ ဆေးဝါးအဖွဲ့ (MHRA) က မနေ့မှာ ထုတ်ပြန်ပါတယ်။

    ဒါဟာ ကိုဗစ်ကုသရေးမှာ သောက်ဆေးတစ်မျိုးကို အစိုးရကျန်းမာရေးအဖွဲ့အစည်းက ပထမဆုံး ခွင့်ပြုချက် ပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ဒီဆေးကို အသုံးပြုခွင့် ပေးမလားဆိုတာ ဒီလအတွင်း ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၅.၂ သန်းကျော် ရှိနေပြီး တိုက်ဖျက်ဖို့အတွက် လက်ရှိအချိန်အထိ ကာကွယ်ဆေးကိုသာ အဓိက အားထားနေရတာဖြစ်ပါတယ်။ ပိုးသတ်ဆေး Remdesivir နဲ့ စတီယိုရွိုက်ဆေး Dexamethasone လို ကုသဆေးတွေ ရှိပေမယ့် ဆေးရုံတက်ရတဲ့ လူနာတွေမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    ကိုဗစ်လက္ခဏာ ပြင်းထန်တဲ့သူတွေကို ရောဂါစဖြစ်ဖြစ်ခြင်း Molnupiravir ဆေး တိုက်မယ်ဆိုရင် ဆေးရုံတက် ကုသမှု ခံယူရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာတွေကို ၅၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်ကြောင်း ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့တဲ့ စမ်းသပ်မှုရလဒ်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီကတည်းက ဒီဆေးကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်ခဲ့ကြတာပါ။

    ယူကေမှာ ဒီဆေးကို Lagevrio လို့ အမည်ပေးကာ ဖြန့်ချီမှာဖြစ်ပြီး ကိုဗစ်သမားတွေဟာ တစ်ရက် ၂ ကြိမ်နဲ့ ၅ ရက် သောက်ရာမှာ ဖြစ်ပါတယ်။ Molnupiravir ကို ကိုဗစ်ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်မလားဆိုတာကို စမ်းသပ်နေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    လက်ရှိလေ့လာမှုတွေအရ ဒီဆေးဟာ ကူးစက်မြန် ပုံပြောင်းကိုဗစ် Delta အပါအဝင် ကိုဗစ်မျိုးကွဲအားလုံးအတွက် ထိရောက်မှုရှိတယ်ဆိုတာ ​ တွေ့ရပါတယ်။

    Ref: Reuters

  • တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁

    M-Media

    -မြို့တော်ဘေဂျင်းအပါအ၀င် တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်လာတာကြောင့် လော့ဒေါင်းချမှုတွေ၊ အခြားကန့်သတ်မှုတွေ ပြန်လည် လုပ်ဆောင်လာရပါတယ်။

    တနလာနေ့မှာ ကူးစက်မှု ၃၉ ခု ထပ်တွေ့ခဲ့ပြီး တစ်ပတ်အတွင်း ၁၀၀ ကျော် ရှိလာတာပါ။ ဘေဂျင်းက ပိုးတွေ့တဲ့ အိမ်ယာအများအပြားကို အာဏာပိုင်တွေက လော့ဒေါင်းချလိုက်ပြီး မလိုအပ်ရင် အပြင်မသွားဖို့နဲ့ လူစုလူ၀ေး မလုပ်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    လူအများအပြားကို ဆေးစစ်မှာကြောင့် ပိုးတွေ့သူအရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ တရုတ်က တစ်ကျော့ပြန်ကိုဗစ်ဟာ နိုင်ငံတစ်၀ှမ်း လည်ပတ်ခဲ့တဲ့ ခရီးသွားအုပ်စုတစ်ခုကနေ စတင်ကူးစက်တာ ဖြစ်ပါတယ်။

    မြို့တော်ဘေဂျင်းက ခရီးသွားနေရာ ၅ ခုကို ပြန်ပိတ်ပြီး မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းလိုက်သလို၊ အင်းနားမွန်ဂိုလီးယားဒေသနဲ့ ဂန်းဆူပြည်နယ်တို့က တစ်ချို့ နေရာတွေမှာလည်း ကိုဗစ်ကန့်သတ်မိန့်တွေ ပြန်လည်ထုတ်ပြန်ထားပါတယ်။

    ကိုဗစ်စတင်ပေါက်ဖွားရာ ၀ူဟန်မြို့မှာလည်း ရောဂါတစ်ကျော့ပြန်လာမှာကို စိုးရိမ်တဲ့အတွက် မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။

    Ref: CNA

  • ကိုဗစ်ကို ထိထိရောက်ရောက် ကုသနိုင်မည့် ထိုးဆေးသစ်တစ်မျိုး AstraZeneca က မိတ်ဆက်

    ကိုဗစ်ကို ထိထိရောက်ရောက် ကုသနိုင်မည့် ထိုးဆေးသစ်တစ်မျိုး AstraZeneca က မိတ်ဆက်

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -ကိုဗစ် ကုသဆေးတစ်မျိုးကို စမ်းသပ်နေရာမှာ သိသာတဲ့ ထိရောက်မှုကို တွေ့ရတယ်လို့ AstraZeneca ဆေးကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

    AstraZeneca ဟာ ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပြီးတဲ့နောက် ကုသဆေးကို ထုတ်လုပ်ပြီး စမ်းသပ်နေတာဖြစ်ပါတယ်။

    AZD7442 လို့ အမည်ပေးထားတဲ့ အဲဒီကုသဆေးဟာ ဆေးရုံသွားဖို့မလိုအပ်တဲ့ ကိုဗစ်ကူးစက်သူတွေမှာ ဆိုးဆိုးရွားရွား ရောဂါလက္ခဏာမျိုး၊ သေဆုံးမှုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းရတာဖြစ်ပြီး ကိုဗစ်ကုသဆေးတွေထဲမှာ ထိရောက်မှုအရှိဆုံး ဆေးလည်း ဖြစ်ပါတယ်။ စမ်းသပ်မှုဆိုင်ရာ အကြီးအကဲ ဟူဂျ် မောင့်ဂိုမာရီက သူတို့ဆေးဟာ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    AZD7442 ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ AstraZeneca က အမေရိကန် ဆေးဝါးစီစစ်ရေးဌာနကို ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးအဖွဲ့အစည်းတွေကိုလည်း စမ်းသပ်မှုရလဒ်တွေ ပေးပို့ဖို့ စီစဉ်နေပါတယ်။

    ဒီဆေးကို နိုင်ငံပေါင်း ၁၃ နိုင်ငံက အရွယ်ရောက်ပြီးသား ကိုဗစ်လူနာပေါင်း ၉၀၀ ကျော်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို ကျူးဘားက နိုင်ငံခြားသို့ စတင်ရောင်းချ

    ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို ကျူးဘားက နိုင်ငံခြားသို့ စတင်ရောင်းချ

    စက်တင်ဘာ ၂၈ ၊၂၀၂၁
    M-Media

    -ကျူးဘားနိုင်ငံဟာ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Abdala ကို နိုင်ငံရပ်ခြားကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

    ဗီယက်နမ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို စတင်ရောင်းချတာဖြစ်ပြီး ကျူးဘားသမ္မတ မီဂွဲ ဒီယက်ဇ် ကာနဲလ်က ဗီယက်နမ်ကို ကာကွယ်ဆေးတွေ တင်ပို့လိုက်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဗီယက်နမ်ဟာ Abdala ကာကွယ်ဆေး ၉ သိန်း ဝယ်ယူခဲ့ပြီး ကျူးဘားက ၁ သိန်းခွဲ ထပ်မံလှူဒါန်းခဲ့ပါတယ်။

    ဗီယက်နမ်သမ္မတ Nguyen Xuan Phuc ကျူးဘားနိုင်ငံကို ပြီးခဲ့တဲ့တစ်ပတ်က သွားရောက်စဉ်မှာ ကာကွယ်ဆေး ထုတ်လုပ်တဲ့နေရာကို သွားရောက်ကြည့်ရှုကာ Abdala အလုံးရေ ၅ သန်း ဝယ်ယူဖို့ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

    ကျူးဘားရဲ့ ပြည်တွင်းဖြစ် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို အီရန်မှာ ထုတ်လုပ်နေပါတယ်။ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးတွေကို နိုင်ငံရပ်ခြားတင်ပို့နိုင်ဖို့ ကျူးဘားက ကြိုးစားနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ သူတို့ရဲ့ ကာကွယ်ဆေးတွေကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်းဆိုခဲ့ပါတယ်။

    ကျူးဘားသိပ္ပံပညာရှင်တွေက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်လို့ ပြောထားပါတယ်။

    ဗင်နီဇွဲလား အစိုးရဆေးဘက်ဆိုင်ရာ အကယ်ဒမီက ကျူးဘားထုတ် ကာကွယ်ဆေးတွေဟာ လုံလောက်တဲ့ သုတေသန လုပ်ဆောင်ထားတာ မရှိတဲ့အတွက် အလွန်အမင်းစိုးရိမ်မိတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။

    ကျူးဘားဟာ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ နိုင်ငံစီးပွားရေး ပြန်လည်​ဖွံဖြိုးလာဖို့အတွက် နိုဝင်ဘာလရောက်ရင် လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေးထိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။

    Ref: Aljazeera