News @ M-Media

Tag: WuhanVirus

  • တရုတ်နိုင်ငံတောင်ပိုင်းတွင် Delta ကိုဗစ်ကူးစက်မှု ရုတ်တရက် မြင့်တက်

    တရုတ်နိုင်ငံတောင်ပိုင်းတွင် Delta ကိုဗစ်ကူးစက်မှု ရုတ်တရက် မြင့်တက်

    စက်တင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှုဟာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေက ကန့်သတ်ထိန်းချုပ်မှု​တွေ ပြုလုပ်လာရပါတယ်။

    တနင်္ဂနွေနေ့က တစ်နိုင်ငံလုံးကူးစက်မှု ၂၂ ခု ရှိရာကနေ တနင်္လာနေ့မှာတော့ ၅၉ ခုအထိ ဖြစ်လာခဲ့ပြီး အားလုံးမှာ ဖူကျန့်ပြည်နယ်မှာ ကူးစက်တာဖြစ်ပါတယ်။ ၄ ရက်တာအတွင်း ဖူကျန့်ပြည်နယ်က မြို့ ၃ ခုမှာ ကူးစက်မှုစုစုပေါင်း ၁၀၂ ခုအထိ ရှိလာတာပါ။

    ပြည်နယ်အရှေ့ဘက် လူ ၃ သန်း​ကျော်နေထိုင်တဲ့ ပူကျန့်မြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့က Delta ဗိုင်းရပ်စ်ကူးစက်မှု တွေ့ခဲ့ရပြီးတဲ့​နောက်၊ တောင်ပိုင်း ရှာ့မန်မြို့မှာပါ ကူးစက်မှုတွေ တွေ့လာရတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံမှာ ခရီးသွားရာသီဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ​ဖူကျန့်ပြည်နယ်ကနေ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့ကူးစက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ်အာဏာပိုင်တွေက ကူးစက်မှုဖြစ်တဲ့ မြို့တွေမှာ ခရီးသွားလာခွင့်ကန့်သတ်တာ၊ လော့ဒေါင်းချတာ၊ ကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တွေနေရာတွေ ပိတ်တာ စတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း တရုတ်နိုင်ငံ ဒေသတစ်ချို့မှာ ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့ပေမယ့် အကြီးအကျယ် ပြန့်နှံ့မှုမဖြစ်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရေရှည်အတွက် ကောင်းမွန်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရေရှည်အတွက် ကောင်းမွန်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေဟာ ကူးစက်မှုအန္တရာယ်၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို လျှော့ချနိုင်ရုံသာမက၊ ကူးစက်ခဲ့ရင်လည်း နာတာရှည်ခံစားရတာမျိုး မဖြစ်နိုင်တော့တာကို ဗြိတိန်ကောလိပ် King’s College London ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသူတွေမှာ ကိုဗစ်ဝေဒနာကို ၄ ပတ်ကျော်အထိ ခံစားရတဲ့ အန္တရာယ်မျိုး ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်သူတွေဟာ ပုံမှန်အားဖြင့် ၄ ပတ်အတွင်းမှာ သက်သာလေ့ရှိပေမယ့် တစ်ချို့တွေကတော့ ၄ ပတ်ကျော်တဲ့အထိ ရောဂါလက္ခဏာတွေ ပြသလေ့ ရှိပါတယ်။

    ကူးစက်မှုကာလကြာရှည်တာကြောင့် အသက်အန္တရာယ်နဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    King’s College London က အခုလေ့လာမှုဟာ ကိုဗစ်ရောဂါကို ခြေရာခံစောင့်ကြည့်တဲ့ ယူကေ အက်ပလီကေးရှင်း Zoe Covid Study က အချက်အလက်တွေကို အခြေခံပြီး ပြုလုပ်ခဲ့တာပါ။

    ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသူတွေမှာ ကိုဗစ်ကူးစက်မှု ၀.၂ ရာခိုင်နှုန်း၊ နာတာရှည်ကိုဗစ်ရောဂါ ခံစားရသူ ၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ လေ့လာမှုက ဆိုပါတယ်။

    ကာကွယ်ဆေးထိုးထားပေမယ့်လည်း ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါဘယထူပြောပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့နေရာတွေမှာ နေထိုင်သူတွေဟာ ကိုဗစ်ကူးစက်ဖို့ အန္တရာယ်ပိုမြင့်တာကိုလည်း အခုလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ကလယ်ရာ စတိဗ်က ကူးစက်မှုအန္တရာယ် ပိုမြင့်တဲ့သူတွေကို တတိယအကြိမ်ကာကွယ်ဆေး Booster ဦးစားပေးထိုးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားရင် ကိုဗစ်ကူးစက်နိုင်မှု၊ နာတာရှည်ရောဂါခံစားရမှုတွေကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်ဟာ နာတာရှည် ကိုဗစ်ဝေဒနာ ခံစားရတာမျိုး ဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ ကျွန်မတို့အတွက် သတင်းကောင်းပါပဲ”

    Ref: BBC

  • ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ဩဂုတ် ၂၁၊ ၂၀၂၁
    M-Media

    -ပြည်တွင်းထုတ် မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီး ဒါဟာ ကိုဗစ်အတွက် ဒီလိုကာကွယ်ဆေးမျိုးကို ကမ္ဘာပေါ်မှာ ပထမဆုံးအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    မျိုးဗီဇအခြေပြုကာကွယ်ဆေး (DNA vaccine) ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ထဲက မျိုးဗီဇီအစိတ်အပိုင်းကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး ဗိုင်းရပ်စ် မွေးခိုင်းကာ ခန္ဓာကိုယ်ထဲက ကိုယ်ခံစွမ်းအား ထွက်လာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ သာမန်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို ထိုးသွင်းတာပါ။

    အိန္ဒိယအစိုးရက ခွင့်ပြုတဲ့ မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေး ZyCoV-D ကို ပြည်တွင်းကုမ္ပဏီ Cadila Healthcare က ထုတ်လုပ်တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ကာကွယ်ဆေးထိုးရမယ့်သူတွေအားလုံး ဒီဇင်ဘာလမှာ အပြီးထိုးပေးဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး စီမံကိန်းကို ZyCoV-D က အထောက်အကူဖြစ်စေမှာပါ။

    လက်ရှိ ကိုဗစ်ကာကွယ်ဆေးအများစုဟာ ၂ ကြိမ်ထိုးရပြီး ZyCoV-D ကိုတော့ ၃ ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို တစ်နှစ် အလုံးရေ သန်း ၁၀၀ နဲ့ သန်း ၁၂၀ ကြား ထုတ်လုပ်ဖို့ ကုမ္ပဏီက ရည်ရွယ်ထားပြီး လက်ရှိမှာ အမြောက်အများ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အိန္ဒိဟာ သမရိုးကျ ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်တဲ့ Covaxin ကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ထားနိုင်ပါတယ်။

    အိန္ဒိယမှာ လူဦးရေရဲ့ ၉.၁၈ ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေးထိုးထားနိုင်ပြီး၊ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးအရေအတွက်က ၆ မျိုးရှိပါတယ်။

    ZyCoV-D ကာကွယ်ဆေးကို နိုင်ငံတစ်ဝှမ်းက စေတနာ့ဝန်ထမ်းပေါင်း ၂၈၀၀၀ ကို ထိုးနှံပေးထားရာမှာ ၆၆.၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ကုမ္ပဏီဖက်က ပြောထားပြီး၊ လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ကို ကာကွယ်နိုင်တယ်လို့လည်းဆိုပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ဩဂုတ် ၂၀၊ ၂၀၂၁

    M-Media 

    -လက်ရှိကာကွယ်​ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ တွေ့ရတဲ့ နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တွေ့လာရပါတယ်။

    ဂျပန်နိုင်ငံပါရင် အာရှမှာ Lambda ဗိုင်းရပ်စ် တွေ့ရှိရတဲ့နိုင်ငံ ၃ နိုင်ငံအထိ ရှိလာတာပါ။

    ၂၀၂၀ နှစ်ခု ဒီဇင်လာ တောင်အမေရိက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဟာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    လက်ရှိ နိုင်ငံပေါင်း ၄၀ ​ကို ပြန့်နှံ့နေပြီး Delta လို ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့် Delta လောက် ကူးစက်မှု မမြန်နိုင်ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတ်လအတွင်းက လူနာတစ်ဦးကို စစ်ဆေးထားတဲ့ ဓာတ်ခွဲမှုစမ်းသပ်မှုမှာ တွေ့ရှိတာဖြစ်ပြီး ဖိလစ်ပိုင်မှာတော့ မနေ့က စစ်ဆေးမှုမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အာရှမှာ Lambda ဗိုင်းရပ်စ် ပထမဆုံးရောက်တာက ဂျပန်မှာဖြစ်ပြီး  တိုကျိုအိုလံပစ်အတွက် ပီရူးနိုင်ငံကနေ ဇူလိုင်လ ၂၀ ရက်နေ့ကရောက်လာတဲ့ အမျိုးသမီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်က ဒီကိစ္စကို ဩဂုတ်လ ၆ ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် လူထုထံ ချပြသွားဖို့ ရှိနေပါတယ်။ 

    Ref: The Star

  • ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ဩဂုတ် ၁၉၊ ၂၀၂၁

    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေ ကိုယ်ခံအားကို ထိန်းထားနိုင်ဖို့အတွက် တတိယအကြိမ် Booster ထိုးဖို့ လိုအပ်တယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ပုံပြောင်းကိုဗစ် Delta ကူးစက်မှု ကမ္ဘာတစ်ဝှမ်း ဆက်လက်မြင့်တက်နေပြီး၊ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားဟာ အချိန်ကြာလာရင် ကျသွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာချိန် အမေရိကန်က အခုလို သတိပေးလိုက်တာပါ။

    အမေရိကန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပေမယ့် သိပ်မပြင်းတဲ့ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းဟာ အချိန်ကာလတစ်ခုကြာရင် ကျဆင်းသွားတတ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

    တတိယအကြိမ်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၈ လကြာတဲ့အခါ ထပ်ထိုးရမှာဖြစ်ကာ အမေရိကန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ စတင်ထိုးပေးမှာဖြစ်ပါတယ်။ Pfizer နဲ့ Moderna နှစ်ကြိမ်ထိုးထားသူတွေအပြင် တစ်ကြိမ်ည်းထိုးရတဲ့ Johnson & Johnson ဆေး ထိုးထားသူတွေပါ Booster ထိုးရဖို့ ရှိနေပါတယ်။

    လက်ရှိ အမေရိကန်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်နေပြီး လာမယ့်လအနည်းငယ်အတွင်း ကူးစက်မှု ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    အမေရိကန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသား​သူတွေကို တတိယအကြိမ် ထိုးပေးဖို့အတွက် ဆေးအလုံအလောက်ရှိနေပမယ့် ၃ ကြိမ်ထိုးရတဲ့အခါ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေမှာ ဆေးမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။ 

    Ref: Aljazeera