News @ M-Media

Tag: Yangon

  • နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။      ။    ရန်ကုန်တိုင်းဒေသကြီး သင်္ဃကျွန်းမြို့နယ်ရှိ ဈေးသူဈေးသားများနှင့် ဦးစံဖေ ရပ်ကွက်ရှိ ပြည်သူများစုပေါင်း၍ ယနေ့ ဇန်န၀ါရီလ ၂၈-ရက်နေ့တွင် အနော်ရထာ လမ်းရှိ ခရိုင်စည်ပင်အဆောက်အဦးအား ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

    သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့သဖြင့် ဈေးအသစ်ကြီး ဆောက်လုပ်ရာတွင် ဈေးဟောင်းကတည်းက အသုံးပြုခဲ့သော အနော်ရထာလမ်းအား ဈေးဧရိယာအတွင်း သိမ်းယူထားခဲ့ရာ ယခုအခါတွင် ထိုလမ်းပေါ်တွင် အရှေ့ပိုင်းခရိုင် ဈေးများဌာနရုံး ဆောက်လုပ် အကောင်ထည် ဖော်နေသည့် အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လက်မခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာအရေးယူမှုမရှိသောကြောင့် ဇန်န၀ါရီလ ၁၀-ရက်နေ့တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သောကြောင့် ယခု ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါသည်။

    “နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေမှာ ပါ ပါတယ်၊ အခုလိုလမ်းပေါ်မှာ အဆောက်ဦးတွေ မဆောက်ရဘူးဆိုတဲ့ ဥပဒေရှိပါတယ်၊ အခုလို လုပ်နေ ခြင်းဟာ ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်၊ အခုဟာက ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတာပဲ ဖြစ်တယ်။ ဌာနဆိုင်ရာတွေ တောင်မှ ဥပဒေကို မလိုက်နာရင် ကျွန်တော်တို့ ပြည်သူတွေက ဘယ်သူ့ကိုယုံစားရမှာလဲ၊ ပြည်သူတွေကို ငဲ့ညာမှုမရှိဘူး၊ ဒီလမ်းကြီးကို ပိတ်လိုက်တော့ အရေးပေါ် ကားတွေဘယ်လမ်းက သွားမလဲ၊ လမ်းကလမ်းပဲ ဖြစ်ရမယ် ဘာအဆောက်အဦးမှ မရှိစေရပါဘူး၊ သူတို့နေရာမရှိလို့ လာဆောက်တာလို့ ပြောတယ်။ ပြည်သူတွေကို လုပ်ချင်တိုင်း လုပ်နေကြတယ်ဗျာ အခုအကျေနပ်လို့ ဆန္ဒပြကြတာ ဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ သင်္ဃကျွန်းဈေးမှ ဈေးသားတစ်ဦးဖြစ်သူ ကိုစန်းမင်းက ပြောကြားခဲ့ပါသည်။

    ယခုလိုဆန္ဒဖော်ထုတ်သော်လည်း သက်ဆိုင်ရာမှ ဆောက်လုပ်လျက်ရှိသော ခရိုင်စည်ပင်အဆောက်အဦးကို ဖယ်ရှားခြင်းမပြုပါက ၎င်းတို့ဈေးသူ ဈေးသားများမနေနှင့် ဆက်လက်ဆန္ဒဖော်ထုတ်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media
    သူရိန်

    အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ၏ ဗဟိုဦးစီး ညီလာခံကို ဇန်န၀ါရီလ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် မင်္ဂလာဒုံ ဗုခါရီရှားခန်းမဆောင်၌ ကျင်းပခဲ့ရာ ယနေ့ နေ့လည်ပိုင်းက ညီလာခံပိတ်သိမ်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ပြီး ညီလာခံမှ ထွက်ပေါ်လာခဲ့သော အဆို(၈)ချက်ကိုတင်သွင်း၍ မင်္ဂလာဒုံ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

    ဗဟိုဦးစီး ညီလာခံကြိးတွင် တက်ရောက်ခဲ့ကြသူ ဦးစီးကိုယ်စားလှယ်များက အဆိုပါများကို တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

    ၎င်းအဆို(၈)ချက်မှာ

    (၁) ပသီလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်ကြောင်း အတိအလင်း ကြေညာပေးရန်၊

    (၂) ပသီလူမျိုးအဖြစ် တိုင်းရင်းသားလူမျိုးများ စာရင်းတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ကြိုတင် Pre Code ဖြင့် ဖော်ပြပေးရန်၊

    (၃) လူနည်းစု အခွင့်အရေးကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ရန်အတွက် ဥပဒေကြမ်း ရေးဆွဲ၍ အမြန်ဆုံးတင်သွင်းရန်၊

    (၄) ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် တင်သွင်းထားသည့် ကိစ္စကို ဆက်လက် ဆောင်ရွက်ရန်၊

    (၅) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်မဲ့ လယ်ယာစနစ်ကို ဖျက်သိမ်း၍ ပိုင်ရှင်အမည်ပေါက် လယ်ယာစနစ်သို့ ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်ရန်၊

    (၆) နိုင်ငံနှင့်အ၀ှမ်း တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ထိရောက်စွာ ရှိစေရေး တိုက်တွန်း ဆောင်ရွက်ရန်၊

    (၇) နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်နှင့် လက်ရှိ မငြိမ်မသက်မှုများ အားလုံး ချုပ်ငြိမ်းရေးဆောင်ရွက်ရန်၊

    (၈) ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရန်၊ နိုင်ငံသားတိုင်း၏ အခွင့်အရေးများ လွတ်လပ်စွာရရှိမှု အာမခံနိုင်ရန်၊ ပြည်ထောင်စုသားများ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် သမိုင်း အမွေကောင်း တစ်ခုအနေနှင့် ပသီလူမျိုးအမည်ကိုသာ အမျိုးသားအမည်အဖြစ် အသုံးပြုနိုင်ရေး ခိုင်မာအောင် ဆောင်ရွက်ရန် တို့ကို ကြေညာခဲ့ ပါတယ်။

    အဆိုပါ အဆို(၈)ရပ်ကို အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)၏ ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါတယ်။

    ၎င်းအခမ်းအနားသို့ တက်ရောက်သူ ၉၅၀-၀န်းကျင်ရှိပြီး ‘ပသီအမျိုးသားအရေး – တို့အရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် – တည်ဆောက်ကြ’ ‘အမျိုးသား ညီညွတ်ရေးကွန်ဂရက် အဓွန့်ရှည်ပါစေ’ဟူသော ကြွေးကြော်သံများဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြပါတယ်။

  • တိုင်းရင်းသား နိုင်ငံသား မွတ်စလင်များနှင့် သက်ဆိုင်သည့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ဖွဲ့စည်း

    တိုင်းရင်းသား နိုင်ငံသား မွတ်စလင်များနှင့် သက်ဆိုင်သည့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ဖွဲ့စည်း

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media
    သီရိ

    တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် သက်ဆိုင်သည့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း အထောက်ကူပြု ကော်မတီ (ယာယီ)၏ ထုတ်ပြန်ကြေညာချက်

    ရန်ကုန် ။     ။   မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတို့ အတွက် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် ၂၀၁၄ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ကို ဇန်န၀ါရီလ ၂၁-ရက်နေ့က ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

    ၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား အသိပညာပေးရန်နှင့် အကူအညီ ပေးနိုင်ရန်တို့ အတွက် ပါဝင်ထိုက်သူများဖြင့် ၎င်းအဖွဲ့စည်းအား လိုအပ်ချက်အရ ဖွဲ့စည်းလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။

    ၎င်းအဖွဲ့၏ ရည်ရွယ်ချက်မှာ သန်းခေါင် စာရင်းကောက်ယူရာတွင် မြန်မာမွတ်စလင်တို့အား သန်းခေါင်းစာရင်း ဆိုင်ရာ သိကောင်း စရာများကို အသိပညာ ပေးရန်နှင့် ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေဆိုနိုင်ရေးအတွက် အကူညီပေးရန်၊ မြန်မာ မွတ်စလင် များအား သန်းခေါင်စာရင်း ကောက်ယူမည့် ကိစ္စများအား ကြိုတင်သိရှိ လိုက်နာ ဆောင်ရွက်နိုင်စေရန်၊ မြန်မာ မွတ်စလင်များ အနေနှင့် ဘာသာနှင့် လူမျိုးဖြေဆိုရာတွင် သမိုင်းဝင်နှင့် ပြန်တမ်းဝင် အမည်များကို မှန်ကန်စွာ ဖြေဆိုနိုင်စေရန် စသည့် အချက်(၃)ချက်ကို ရည်ရွယ်ခြင်းဖြစ်သည်။

    ကော်မတီ၏ လုပ်ငန်းစဉ်များမှာ (၁) သန်းခေါင်စာရင်းကောက်ယူရာတွင် မြန်မာမွတ်စလင် အဖွဲ့စည်းများမှ ကောက်ယူမည့် အကြောင်းအရာနှင့် ဥပဒေအကြောင်း သိရှိနားလည်စေရန် ကွင်းဆင်း ရှင်းလင်းခြင်း၊ (၂) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ ဖြေဆိုရာတွင် သမိုင်းဝင် ပြန်တမ်းဝင် လူမျိုးအမည်များကို မှန်ကန်စွာ ဖြေဆိုနိုင်ရေး အတွက် လမ်းညွန် ရှင်းလင်းတင်ပြခြင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသအလိုက် ရပ်ရွာ ကျေးရွာ အဆင့် အဖွဲ့ဝင်များက ပြည်သူများအား အခက်ခဲမရှိ ဖြေဆိုနိုင်ရေး အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။

    ၎င်း အဖွဲ့မှ မြန်မာမွတ်စလင်များ ဆက်လက်ပြီး သိရှိစေရန် အသိပညာပေး စာတမ်းများကို ဖြန့်ဝေသွားမည် ဖြစ်ပြီး ပညာရှင်အဖွဲ့ ဖွဲစည်းကာ အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ပြလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

  • ၁၃၀၀-ပြည့်စိတ်ဓါတ်တွေ ပြန်လည်ရှင်သန်လာစေမယ့် ၁၃၀၀-ပြည့် စိန်ရတု အခမ်းအနား

    ၁၃၀၀-ပြည့်စိတ်ဓါတ်တွေ ပြန်လည်ရှင်သန်လာစေမယ့် ၁၃၀၀-ပြည့် စိန်ရတု အခမ်းအနား

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media
    သီရိ

    DSC00590-1

    ရန်ကုန် ။ ။ ၁၃၀၀-ပြည့် အရေးတော်ပုံ ၇၅-နှစ်မြောက် စိန်ရတုအခမ်းနားကြီးကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ယနေ့ ဇန်န၀ါရီလ ၂၂-ရက်နေ့ နံနက် ၉-နာရီမှစတင်ကာ ကျင်းပခဲ့သည်။

    အခမ်းနားကို ၁၃၀၀-ပြည့်အရေးတော်ပုံ တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အာဠာဝက သခင်ဘိုးလှကြီးနှင့် သူ၏ သပိတ်စစ်ပွဲ စာတမ်းကို ဆရာစာရာ နေ၀င်းစံမှ ဖတ်ကြားခဲ့ပါသည်။ ယခုခေတ် ကျောင်းသူ ကျောင်းသား များသည်ချောက်မြို့တွင် ရှိသော သခင် ဘိုးလှကြီး၏ ရုပ်တုကို မြင်သာမြင်နေရပြီး ဘယ်သူ ဘယ်ဝါမှန်း မသိကြပါ။ အဘယ်ကြောင့် ဆိုသော် ဘိုးလှကြီး ရုပ်ထုအောက်တွင် ကပ်ထားသော ကျောက်ပြားမှာ ကွာကျ ပျောက်ဆုံး သွားသောကြောင့် ဖြစ်သည်။ ပြန်လည် တပ်ဆင်ရန် သက်ဆိုင်ရာသို့ ပန်ကြားသော်လည်း ဘိုးလှကြီး၏ အမည်စာလုံးပေါင်းမှာ ‘ဖ’ နှင့်လား ‘ဘ’နှင့်လား ဘိုးသည်ကို မသေချာ သေးသောကြောင့် တပ်ဆင်ခြင်း မပြုသေးသည်ဟု ပြောခဲ့သည်။ ဘိုးလှကြီးသည် နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်ရာတွင် ဗိုလ်လရောင်၏ ညာလက်ရုံးတစ်ဦးဖြစ်ခဲ့ပါသည်။ ၁၉၃၈-ခု တွင် ချောက်ရေနံမြေသပိတ်ကြီးကို သခင်ဘိုးလှကြီး ဦးဆောင်ကာ ရန်ကုန်သို့ ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း ထည့်သွင်း ဖတ်ကြား သွားခဲ့သည်။

    ၁၃၀၀-ပြည့်အရေးတော်ပုံကြီးတွင် တို့ဗမာအစည်းရုံး၏ ဦးဆောင်မှု အခန်းကဏ္ဍကို လေ့လာခြင်း စာတမ်းကို စာရေးဆရာ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)မှ ဖတ်ကြားခဲ့ရာတွင် ‘၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ သူ့ကျွန်ဘ၀ နယ်ချဲ့ လက်အောက်မှ ပထမဆုံး တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ပထမဆုံး တစ်မျိုးသားလုံး ပါဝင်ဆင်နွှဲခဲ့တဲ့ အရေးတော်ပုံကြီးလည်း ဖြစ်ပါတယ်’ဟု ၎င်းမှ ဖတ်ကြားခဲ့ပါသည်။

    ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ၁၃၀၀ ပြည့်အရေးတော်ပုံ စာတမ်းကို စာရေးဆရာ ထွန်းဝင်းငြိမ်း မှ လည်းကောင်း အသီးသီးဖတ်ကြားခဲ့ပါသည်။

    ဆက်လက်ပြီး အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက် ဦးတည်ချက်များကို ပြောကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အဖွဲ့စည်းအသီးသီးမှ အမှာစကားပြောကြားခဲ့ပါသည်။

    အခမ်းနားသို့တက်ရောက်လာသော ၁၃၀၀-ပြည့်အရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဦးဘသော် မှ “အဘ ၁၃၀၀-ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ချိန်က ၁၇-နှစ် ကျောင်းသားဘ၀ပဲ ရှိခဲ့သေးတယ်။ ရဲစခန်းရဲ့ နှိပ်စက်မှုတွေကိုလည်း ခံခဲ့ရတယ်၊ ဒါပေမယ့်လည်း အဘတို့က ဆက်လက် လုပ်ဆောင် နေခဲ့တယ်၊ အခုလို ပွင့်လင်း မြင်သာအောင် စွမ်းဆောင် ဂုဏ်ပြုနေတဲ့ ခေတ်မှာ သမိုင်းစစ် သမိုင်းမှန်တွေ မပျောက်ပျက်အောင် မျိုးချစ်စိတ်ဓါတ် တက်ကြွစွာနဲ့ နိုင်ငံကြီးသားများပီပီ ဆောင်ရွက်နိုင်ကြပါဖို့ မျှော်လင့်မိပါတယ်”ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ကတော့ သခင် ခေါင်းဆောင်တွေရယ် လယ်သမားတွေရယ် သူတို့ကို လာအားပေးတဲ့ အနေနဲ့ တက်ရောက်တာပါ၊ အခုလို လယ်သမားတွေ အများကြီး တက်ရောက်လာတော့ ကျွန်တော့အနေနဲ့ ၀မ်းသာပါတယ်၊ ဒီပွဲကနေ သူတို့တွေ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို အနည်းနဲ့ အများ ပြန်ရမယ်လို့ ထင်ပါတယ်၊ ၁၃၀၀-ပြည့်စိတ်ဓာတ်တွေလည်း ပြန်လည် ရှင်သန် လာမယ်လို့ ထင်မိပါတယ်” ဟု ကျောင်းသားသမဂ္ဂမှ တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းမှ ပြောကြားခဲ့ပါသည်။

    နေ့လည်ပိုင်းတွင် စန္ဒရားတင်ဝင်းလှိုင်နှင့် အဖွဲ့မှ ဖျော်ဖြေခြင်း၊ DVB နှင့် MRTV-4 တို့မှ ထုတ်လွှင့် ခဲ့သော ရုပ်သံများကို ပြသခြင်းများ၊ နိုင်ငံတော်အလံ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ၁၃၀၀-ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူ များအား အလေးပြုခဲ့ကြပါသည်။ ထို့နောက် အလုပ်သမား ခေါင်းဆောင်ကြီး သခင်ဘိုးလှကြီး၊ လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံနှင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အပါဝင် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား သတိရအောက်မေ့ခြင်း အထိမ်းမှတ် တစ်မိနစ် ငြိမ်သက်၍ အလေးပြုခဲ့ကြသည်။

    အခမ်းအနားသို့ သခင် သခင်မ မိသားစုများ၊ သံတမန်များ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားများ၊ အလုပ်သမား၊ လယ်သမားများ၊ နိုင်ငံရေးပါတီများ နှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်သူတို့၏ စည်းလုံးမှုကို ပြသခဲ့သော ၁၃၀၀-ပြည့် အရေးတော်ပုံ၏ ပုံရိပ်တချို့ကို ထင်ဟပ်ပေါ်လွင်စေခဲ့သည့် အခမ်းအနားတစ်ရပ်ဖြစ်ခဲ့သည်။

  • မပြည့်စုံတဲ့ လူတွေကို ပံ့ပိုးပေးတာဟာ ကောင်းမွန်တဲ့ အလုပ်ဖြစ်ကြောင်း နွယ်အေး ဗလီ သာရေး/နာရေး (၃) နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ပြောကြား

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေး (၃) နှစ်ပြည့်အခမ်းနားပြုလုပ်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်

    ရန်ကုန်  ။     ။       ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်ရှိ ရွှေနှင်းဆီလမ်း နွယ်အေး စွန္နီ ဂျာမေဗလီကြီးတွင် သာရေးနာရေး ဆပ်ကော်မတီမှ ဦးစီးကျင်းပသော နွယ်အေး သာရေးနာရေး (၃)နှစ်ပြည့် အခမ်းအနားကို ယနေ့ ဇန်န၀ါရီလ ၁၉-ရက်နေ့  နံနက် ၉-နာရီ၌ နွယ်အေး စွန္နီဗလီတွင် ပြုလုပ်ခဲ့သည်။

    အခမ်းအနားကို ကုရ်အာန်ကျမ်းမြတ် မုက္ခပတ်တော် ရွတ်ဖတ်၍ နွယ်အေးရှေ့ဆောင် ဆရာမှ ဖွင့်လှစ်ခဲ့သည်။

    ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ လူသား အားလုံးသည် ဘာသာစကား၊ နေထိုင်ရာဒေသ၊ ယဉ်ကျေးမှု ကွဲလွဲမှုရှိကြသော်လည်း လူသားအချင်းချင်း မပြည့်စုံတဲ့ အတွက် အကူအညီပေးရန် အသင်းအဖွဲ့များ လိုကြောင်း၊ လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်နေသည့် နွယ်အေးဗလီ သာရေးနာရေး အဖွဲ့အားလည်း ကျေးဇူးတင်ကြောင်း၊ ရှေ့ဆက်ပြီး လူသားအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ပါစေကြောင်းတို့ကို ပြောကြားခဲ့သည်။

    “ဘာသာစကား၊ နေထိုင်ရာဒေသ၊ ယဉ်ကျေးမှုတွေ ကွဲလွဲနေပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးဟာ လူတွေပါပဲ။ လူသားအချင်းချင်း မပြည့်စုံတဲ့ လူတွေအတွက် အကူညီပေးဖို့ လိုအပ်ပါတယ်။ လူမှုရေးအသင်း အဖွဲ့တွေလိုပါတယ်၊ ဒီနွယ်အေးဂျာမေ ဗလီကြီးမှ အခုလို လူမှုရေးကိစ္စတွေကို
    ကူညီဆောင်ရွက်နေတဲ့ အတွက် အထူးကိုပင် ကျေးဇူးတင်ပါတယ်၊ မပြည့်စုံတဲ့လူတွေကို ပံ့ပိုးပေးတာဟာ အထူးကိုပင်ကောင်းမွန်ပါတယ်၊ အခုလို လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ရှေ့ဆက်လဲဆောင်ရွက်မှုကိုပြုလုပ်နိုင်ပါစေ ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ဌာနချုပ် ဥက္ကဌ အလ်ဟာဂ်ျ ဦးညွန့်မောင်ရှိန် မှလည်း (၃) နှစ်ပြည့် အခမ်းနားသို့ ချီးကျူးဂုဏ်ပြု အမှာစကားပြောကြား ခဲ့သည်။

    နွယ်အေးစွန္နီဂျာမေ ဗလီကြီးတွင် တည်ရှိသော သာရေးနာရေး ဆပ်ကော်မတီသည် ဒေါပုံမြို့နယ်ရှိ လူမျိုး ဘာသာမရွေး သာရေးနာရေးတွင် လိုအပ်သော ကူညီမှုများကို အစဉ်မြဲ ကူညီဆောင်ရွက်လျက်ရှိပါသည်။ သာရေးနာရေး သာမက ဆင်းရဲနွမ်းပါးသည့် သက်ကြီး ရွယ်အိုများကိုလည်း ဆေးဝါး ကူညီ ဆောင်ရှောက်မှုများ၊  အာဟာရဝေငှမှုများကို ပြုလုပ်လျက်ရှိပါသည်။ ပညာသင်ရန် အခက်ခဲဖြစ်နေသည့် ကလေးငယ်များကိုလည်း လိုအပ်သော ထောက်ပံ့မှုများကို လည်း ပြုလုပ်ပေးလျှက်ရှိပါသည်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကူညီမှုများကို လူမျိုးဘာသာမရွေး ဆောင်ရွက်လျက် ရှိနေကြောင်း သိရပါသည်။

    ထို့နောက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊ အတန်းကျောင်းများတွင် ပထမဆုရရှိခဲ့သည့် ထူးချွန် ကျောင်းသူ/ကျောင်းသား များအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး အခမ်းနားကို ဆုမွန်တောင်းပြီး ရုပ်သိမ်းခဲ့သည်။