ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
M-Media
သတင်း- ဆူးထက်
ရန်ကုန် ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား သမ္မတ မဖြစ်စေရန် ရည်ရွယ်၍ ကန့်သတ်ပြဌာန်းထားသော ပုဒ်မ ၅၉(စ) ၊ ပုဒ်မ ၅၉(ဃ) အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၂၃ရက်နေ့က ညနေ ၃နာရီမှ ၆နာရီထိ တာမွေမြို့နယ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကွန်ရက်မှ ကျင်းပ ပြုလုပ်ခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စ လယ် ဆုံး တစ်အုပ်လုံး ပြင်ဖို့ လိုလားပါတယ်။ သို့သော် အခြေအနေနဲ့ အချိန်အခါအရ တတ်နိုင်တဲ့ အပိုင်းတွေမှာ ပြင်ဆင်သွားဖို့က လက်တွေ့ကျတယ်လို့ ယူဆပါတယ်။ ပထမဆုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆ ကိုအရင်ဆုံး စပြင်ဖို့လိုပါတယ်” ဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုမိုဃ်းသွေး M-Media သို့ပြောသည်။
ယင်းပွဲတွင် အရပ်သား သမ္မတဖြစ်ခွင့် တားမြစ်ထားသော ပုဒ်မ ၅၉(စ) ၊ ပုဒ်မ ၅၉(ဃ) အလိုမရှိ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ တိုင်းရင်းသား တစ်ရပ်လုံး ကိုယ်စားပြု အခြေခံဥပဒေ ပေါ်ပေါက်ရေး အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အခြေခံဥပဒေက ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပါဝင်တာပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သပ်ပြီး နေရာဒေသ အသီးသီးမှာ ပွဲတွေ အများကြီး လုပ်တယ်။ ဒါပေမယ့် ပြည်သူလူထုက မရိုးအီသွားဘဲ တခဲနက် အားကောင်း မောင်းသန် ပါဝင်နေကြတာကို တွေ့မြင်ရမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သင့်တယ်ဆိုတာ အစိုးရအနေနဲ့ သတိပြုသင့်ပါတယ်” ဟု ကိုဒီငြိမ်းလင်းက M-Media သို့ သုံးသပ်ပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သင်္ဂဟလမ်း၊ ဗညာဒလလမ်း၊ စက်ရုံလမ်း၊ ၁၃၄ လမ်း၊ အရိုးကုန်းလမ်း၊ ၁၄၅လမ်း၊ သီတာလမ်း၊ ကျောက်ရေတွင်းလမ်း၊ ကျားကွက်သစ်လမ်း၊ အတိပဌာန်လမ်း၊ ကျိုက္ကဆံလမ်း အစရှိသည့် မြို့နယ်နေ ပြည်သူများမှ လူဦးရေ ၂၀၀ ဖြင့် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲရာ ခရီးသွား ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် လူ ၂၀၀၀ကျော် နီးပါးဖြစ်ခဲ့ကြောင်း သိရသည်။
“အခြေခံဥပဒေ ပြင်လိုက်ရင် လူ့အခွင့်အရေး အပြည့်အ၀ ရရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ကျွန်တော်တို့ မွေးဖွားလာတဲ့ လက်ထက်မှာ သမ္မတ မဖြစ်ဘူးဆိုရင် သေမပျော်ဘူး ကျွန်တော်။ အမေစုကို သမ္မတ ဖြစ်စေချင်တယ်” ဟု ပြည်သူတစ်ဦးက M-Media သို့ပြောသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲချိန်မှ စ၍ ယနေ့ချိန်ထိ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများနှင့် ဒီမိုကရေစီ လိုလားသူအဖွဲ့အစည်းများ ပြည်သူများမှ သဘောတူ လက်ခံခြင်း မရှိကြောင်းနှင့် ပြောင်းလဲပြင်ဆင်မှုများ မဖြစ်မနေပြုလုပ်ပေးရန် လိုအပ်ကြောင်း သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြသည်။
Leave a Reply
You must be logged in to post a comment.