News @ M-Media

Tag: Yangon

  • မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သူရိန်

    unnamed
    နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ဆင်နွှဲလေ့ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာမဟာဘုံကထိန်ပွဲများကို နိုင်ငံနှင့်အ၀ှမ်းတွင် စည်ကားစွာ ကျင်းပလျက် ရှိကြသည်။

    ယခုကဲ့သို့ ကျင်းပပြုလုပ်ကြသော ကထိန်ပွဲတွင် ရပ်ရွာအတွင်းရှိ ၇-ရက်သားသမီးအပေါင်းမှ စုပေါင်းထည့်ဝင်ပါဝင်မှုဖြင့် သက်ဆိုင်ရာဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းအပါအ၀င် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်ပွဲတော်တရပ်လည်း ဖြစ်သည်။အများအားဖြင့် တန်ဆောင်မုန်းလပြည့်နေတွင် စုပေါင်းဘုံကထိန်ပွဲတော်များလှည့်လည်လေ့ရှိပြီး ငွေပဒေသာပင်များဖြင့် မြို့ရွာအတွင်း စည်ကားလျက် ရှိကြသည်။ ဆရာတော်သံဃာတော်များကို ဆွမ်း၊သင်္ကန်းများဆက်လှူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြင့် စည်ကားလျက်ရှိကြသည်။

    တန်ဆောင်တိုင်ပွဲတော်ဟု လူသိများသော ကထိန်ပွဲတော်သည် မြန်မာ့ရိုးရာတစ်ဆယ့်နှစ်လ ရာသီပွဲများတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။ တန်ဆောင်းမုန်း လပြည့်ည ကို ကျီးမနိုးပွဲတော် သူခိုးကြီးများညဟုကင်ပွန်းတပ်ကြပြီး ကျေးလက်ရပ်ရွာများတွင် ကျီးမနိုးခင်(မိုးမလင်းခင်) ပစ္စည်းများပြောင်းရွေ့သည့် ဓလေ့လည်းရှိကြသည်။ ဆေးပေါင်းခသည်ဟု အဆိုရှိသည့် ထိုညတွင်မဲဇလီဖူးသုပ်စားခြင်းသည်လည်း မြန်မာ့ဓလေ့တစ်ခုဖြစ်နေပါသည်။

    ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့်သဲ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

  • မင်္ဂလာဒုံ လေဆိပ်တွင် OIC ကန့်ကွက်ကြောင်း ထပ်မံ ဆန္ဒပြ

    နိုဝင်ဘာ ၁၆-၂၀၁၃
    M-Media
    သီရိ

    DSC00877a
    ရန်ကုန်။             ။OIC အားကန့်ကွက်ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က ရွှေတိဂုံဘုရားနှင့် ဆူးလေဘုရားတို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ယနေ့ နံနက် ၇ နာရီမှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည့်ံ ရိုဟင်ဂျာ မွတ်စလင်မ် များအား သွားရောက်ကြည့်ရှုသော OIC အဖွဲ့အား ဦးတည်သည့် အဆိုပါ ဆန္ဒပြမှုတွင် မြန်မာနိုင်ငံအတွင်း OIC အဖွဲ့၏ ရုံးခန်းဖွင့်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုတို့အား လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

    ထို့ပြင် OIC ဆန့်ကျင်ရေး အဖွဲ့မှ ၄င်းတို့၏ သဘောထားထုတ်ပြန်ချက်ကို ဗီနိုင်းဆိုင်းဘုတ်များ ဖြင့် ဆန္ဒပြခဲ့ကြပါသည်။

    ၁။မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်၍ ပြည်တွင်းရေးကို OIC နိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခြင်း၊ရုံးစိုက်ရန်ကြိုးစားခြင်းများကို မြန်မာပြည်သူများမှ လုံးဝ လက်မခံပါ။

    ၂။OIC နိုင်ငံများက လက်ခံကျင့်သုံးနေသော ရှရီယာဥပဒေကို မြန်မာနိုင်ငံတွင်း သွတ်သွင်းကျင့်သုံးရန် ကြိုးပမ်းမည့်အရေးကို မြန်မာပြည်သူများမှလုံးသလက်မခံပါ။

    ၃။အစ္စလာမ်ဘာသာဝင်များအကျိုးကိုအကြောင်းပြ၍ မြန်မာနိုင်ငံအတွင်း( အထူးသဖြင့်) ရခိုင်ဒေသတွင်း OIC အခြေစိုက်၍သိမ်းယူမည့်အခွင်အရေးကို မြန်မာပြည်သူများမှလုံးဝလက်မခံပါ။

    ၄။မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာပြန့်ပွားရေးနှင့် လူဦးရေပြန့်ပွားရေး ဆောင်ရွက်မည့် အစီစဉ်များကို မြန်မာပြည်သူများမှ လုံးဝလက်မခံပါ။

    ၅။နိုင်ငံတော်သမ္မတကြီးမှ မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် ခွင့်မပြုဟူသော သဘောထားကြေငြာချက်ကို မြန်မာပြည်သူများမှ ကြိုဆိုထောက်ခံပါသည်။

    ထိုဆန္ဒပြပွဲအား လူ ၄၀ ကျော် တက်ရောက်ခဲ့ကြပြီး နေ့လည်ပိုင်းတွင် ပြီးဆုံးခဲ့သည်။

    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲမှ ဒုတိယ သမ္မတနှင့် လွှတ်တော် ဒုတိယဥက္ကဌ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က လူမျိုးဘာသာမရွေးဘဲ လူအဖွဲ့အစည်း နှစ်ရပ်စလုံးကို လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ကူညီချင်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိပါသည်။

  • အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် သူမကိုအားကျခဲ့ဟု အတွေ့အကြုံရှင်းလင်းပွဲတွင် မိုးစက်ဝိုင်ပြော

    အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် သူမကိုအားကျခဲ့ဟု အတွေ့အကြုံရှင်းလင်းပွဲတွင် မိုးစက်ဝိုင်ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    A.N.Lay

    Miss Universe Myanmar 2013 ဆုရစဉ်က မိုးစက်ဝိုင် (၂၀၁၃-ခု အောက်တိုဘာလ ၃-ရက်)
    Miss Universe Myanmar 2013 ဆုရစဉ်က မိုးစက်ဝိုင် (၂၀၁၃-ခု အောက်တိုဘာလ ၃-ရက်)

    ရန်ကုန် ။        ။         နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြဝဠာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်က ပြိုင်ပွဲတွင် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃-ရက်နေ့တွင် ရန်ကုန်မြစ်အတွင်းရှိ RV King Whale မြစ်တွင်း အပျော်စီးသဘောင်္ပေါ်၌ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ရှင်းလင်းပွဲတွင် မိုးစက်ဝိုင်က “မိုးစက် ဒီပြိုင်ပွဲ မှာ ဆုတစ်ဆုမှ မရခဲ့ပေမယ့်လည်း မြန်မာအမျိုးသမီးတွေရဲ့ အကြောင်း၊ မြန်မာနိုင်ငံရဲ့အကြောင်းတွေကို ကမ္ဘာက သိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း ရေကူးဝတ်စုံနဲ့ ပြိုင်ရတာကလွဲလို့ ကြောက်စိတ်မရှိခဲ့ပါဘူး။ အကောင်းဆုံးလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ရုရှားကို သွားမပြိုင်သေးခင်ကနေ အခုပြန်ရောက်တဲ့ အထိကတော့ မိုးစက်ကို အားပေးတာ ပရိသတ်ကြီးပါပဲ။ မိုးစက်ကိုပရိသတ်ကြီးက အရမ်း အားပေးခဲ့တဲ့အတွက် မိုးစက်နဲ့အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် မိုးစက်ကိုအားကျခဲ့ပါတယ်။ အဲ့ဒီအတွက် ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

    ၎င်းနောက် Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်သည် နိုင်ငံတကာ မှ လာရောက်ယှဉ်ပြိုင်ကြသော အလှမယ်များ၊ National Directorများ၊ Miss Universe Organization မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ ကြားတွင် ပေါင်းသင်းဆက်ဆံရေး ပြပြစ်ကောင်းမွန်မှု၊ ချစ်ကြည် ရင်းနှီးစွာ ပြောဆိုတတ်မှု၊ ယဉ်ကျေးပျူငှာ ဖော်ရွေမှုတို့အတွက် မြန်မာနိုင်ငံ၏ ကောင်းသတင်း ကျော်စောခဲ့ပြီး ပြိုင်ပွဲသို့တက်ရောက်လာသူများက မြန်မာနိုင်ငံတွင် မိုးစက်ဝိုင်ကဲ့သို့ နိုင်ငံတကာအဆင့် ခေတ်ပညာတတ် မိန်းကလေးငယ်များစွာ ရှိကြောင်း သိရှိရသဖြင့် မြန်မာ အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာ တိုးတက်စေခဲ့ကြောင်း၊ ထို့အပြင် မိုးစက်ဝိုင် ယူဆောင်သွားခဲ့သည့် National Gift
    အား Miss Universe Organization ၏ ဥက္ကဌဖြစ်သူ Ms.Paula M.Shugart က အခြားသူများထက် ဈေးပိုပေး၍ အမြတ်တနိုးဝယ်ယူခဲ့ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

  • အလုပ်သမားသမဂ္ဂများ ကိုယ်စားပြု ညီလာခံ လာမည့်သုံးလအတွင်းကျင်းပမည်

    အလုပ်သမားသမဂ္ဂများ ကိုယ်စားပြု ညီလာခံ လာမည့်သုံးလအတွင်းကျင်းပမည်

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံ - အင်တာနက်မှ ရယူသည်။
    ဓါတ်ပုံ – အင်တာနက်မှ ရယူသည်။

    ရန်ကုန်   ။       ။            အလုပ်သမား သမဂ္ဂများအားလုံးအား ကိုယ်စားပြုနိုင်သည့်ညီလာခံတစ်ရပ်ကို လာမည့် သုံးလအတွင်း အကောင်ထည်ဖော်နိုင်ရန် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(ယာယီ)က ကြိုးပမ်းသွားမည်ဟု သတင်းရရှိပါသည်။

    ဆက်လက်ပြီး ရန်ကုန်တကက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂအတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “တစ်နိုင်ငံလုံးက အလုပ်သမားတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတစ်ခုကို သုံးလလောက်အတွင်း အကောင်အထည်ဖော်နိုင်အောင်ကြိုးစားနေပါတယ်။ ဒီညီလာခံကြီးကနေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့အတွက်ပါ ကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ ညီလာခံကို နိုဝင်ဘာ ၁၀-ရက်နေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်ပြုလုပ်ခဲ့ပြီး ယခုထက် အလုပ်သမားများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်သည့် ညီလာခံ တစ်ခုထပ်မံပြုလုပ်နိုင်အောင် ကြိုးစားသွားမည်ဟု ရည်ရွှယ်ထားကြောင်းလည်း သိရှိရသည်။

    ၎င်းနောက် အဆိုပါ ညီလာခံသို့တက်ရောက်လာကြသည့်အလုပ်သမားသမဂ္ဂ ၃၀၀ ကျော်အနက်မှ ထောက်ခံသည့်အဖွဲ့ ၁၄၇ ဖွဲ့ဖြင့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ကို အတည်ပြုဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။

  • သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    လမင်းဖြူ

    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။
    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။

    ရန်ကုန် ။        ။        သက်ကြီးရွယ်အိုများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

    မကြာခင်ဖွင့်လှစ်တော့မည့် အဆိုပါ Day Care Centre တွင် ကမ္ပည်းမော်ကွန်း၊ ဘုရားခန်း၊ အဘိုးအဘွားများ နားနေခန်း၊ ဆေးပေးခန်း၊ ဧည့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ အပန်းဖြေနားနေခန်း၊ စာကြည့်ခန်း၊တစ်ကိုယ်ရေသန့်ရှင်းခန်း၊ ကွန်ပျူတာခန်း၊ သီချင်းဆိုခန်း၊ စားသောက်ခန်း၊ ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် အစမ်းလေ့ကျင့်မှုများလည်း ပြင်ဆင်လုပ်ဆောင်နေပြီး  ရနက်ုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ရှိသည်ဟု သိရသည်။

    အဆိုပါ Day Care Centre ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင်မှ နိုဝင်ဘာ ၉-ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါသည်။

    သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသည် တခြားသော နိုင်ငံများတွင် လုပ်ဆောင်သည်များကို လေ့လာ၍ မြန်မာနိုင်ငံတွင် ယခုအခါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်သည့် တစ်ခုတည်းသော Day Care Center ဖြစ်ကြောင်းလည်း သိရပါသည်။