နိုဝင်ဘာ ၁၄၊ ၂၀၁၃
M-Media
A.N.Lay

ရန်ကုန် ။ ။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြဝဠာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်က ပြိုင်ပွဲတွင် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃-ရက်နေ့တွင် ရန်ကုန်မြစ်အတွင်းရှိ RV King Whale မြစ်တွင်း အပျော်စီးသဘောင်္ပေါ်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းပွဲတွင် မိုးစက်ဝိုင်က “မိုးစက် ဒီပြိုင်ပွဲ မှာ ဆုတစ်ဆုမှ မရခဲ့ပေမယ့်လည်း မြန်မာအမျိုးသမီးတွေရဲ့ အကြောင်း၊ မြန်မာနိုင်ငံရဲ့အကြောင်းတွေကို ကမ္ဘာက သိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း ရေကူးဝတ်စုံနဲ့ ပြိုင်ရတာကလွဲလို့ ကြောက်စိတ်မရှိခဲ့ပါဘူး။ အကောင်းဆုံးလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ရုရှားကို သွားမပြိုင်သေးခင်ကနေ အခုပြန်ရောက်တဲ့ အထိကတော့ မိုးစက်ကို အားပေးတာ ပရိသတ်ကြီးပါပဲ။ မိုးစက်ကိုပရိသတ်ကြီးက အရမ်း အားပေးခဲ့တဲ့အတွက် မိုးစက်နဲ့အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် မိုးစက်ကိုအားကျခဲ့ပါတယ်။ အဲ့ဒီအတွက် ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
၎င်းနောက် Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်သည် နိုင်ငံတကာ မှ လာရောက်ယှဉ်ပြိုင်ကြသော အလှမယ်များ၊ National Directorများ၊ Miss Universe Organization မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ ကြားတွင် ပေါင်းသင်းဆက်ဆံရေး ပြပြစ်ကောင်းမွန်မှု၊ ချစ်ကြည် ရင်းနှီးစွာ ပြောဆိုတတ်မှု၊ ယဉ်ကျေးပျူငှာ ဖော်ရွေမှုတို့အတွက် မြန်မာနိုင်ငံ၏ ကောင်းသတင်း ကျော်စောခဲ့ပြီး ပြိုင်ပွဲသို့တက်ရောက်လာသူများက မြန်မာနိုင်ငံတွင် မိုးစက်ဝိုင်ကဲ့သို့ နိုင်ငံတကာအဆင့် ခေတ်ပညာတတ် မိန်းကလေးငယ်များစွာ ရှိကြောင်း သိရှိရသဖြင့် မြန်မာ အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာ တိုးတက်စေခဲ့ကြောင်း၊ ထို့အပြင် မိုးစက်ဝိုင် ယူဆောင်သွားခဲ့သည့် National Gift
အား Miss Universe Organization ၏ ဥက္ကဌဖြစ်သူ Ms.Paula M.Shugart က အခြားသူများထက် ဈေးပိုပေး၍ အမြတ်တနိုးဝယ်ယူခဲ့ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
Leave a Reply
You must be logged in to post a comment.