News @ M-Media
Tag: Yangon
  • ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ တိုင်းလုံးကျွတ် သဘောထား ရယူရေး ဟောပြော
    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    A.N.Lay
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူရေး လူထုဟောပြောပွဲ ပြုလုပ်
    02
    ရန်ကုန်   ။        ။         ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဟောပြောပွဲကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန် တိုင်းလုံးကျွတ် သဘောထားရယူရေးအဖြစ် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားကွင်း၌ နိုဝင်ဘာလ ၁၀-ရက်နေ့ နေ့လည် ၃-နာရီမှ ညနေ ၆-နာရီအထိ ပြုလုပ်ခဲ့ပါသည်။
    ဟောပြောဆွေးနွေးသူ ဦးကိုနီမှ “ပြည်သူလူထုကလည်း ကျွန်တော်တို့ နဲ့တစ်ထပ်တည်းရှိပါတယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး ပြင်ချင်ပါတယ်။ ဒါကြောင့် ပြင်ချင်သလားဆိုတဲ့ မေးခွန်းဟာ ဖြေစရာမလိုအောင်ရှင်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မေးတယ်။ ဘာကြောင့်မေးရသလဲ၊ ဒါအရေးကြီးတဲ့
    အချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေဟာ ပြင်စရာအချက်တွေသိပ်များတယ်။ အပေါက်တစ်ရာလောက် ပေါက်နေတဲ့ ပုဆိုးကို ဖာထေးဝတ်တာနဲ့ အသစ် ဝယ်ဝတ်တာဘယ်ဟာကောင်းသလဲလို့ မေးကြသလို ပြင်စရာအချက်တွေက သိပ်များတယ်။ ပြင်လို့မရအောင်လည်းခက်ခက်ခဲခဲပြဌာန်းထားတယ်။ အဲ့ဒီတော့
    ပြင်ဆင်ချင်သလား အသစ်ရေးဆွဲချင်သလားမေးကြတယ်။ အသစ်ရေးဆွဲတာကပိုကောင်းတာပေါ့ဗျာ။ တိုင်းရင်းသားတော်တော်များများက အသစ်ရေးတာကို ပိုပြီးတော့သဘောကျပါတယ်။ သူတို့ကလည်း အလကားပြောနေတာမဟုတ်ဘူး သူတို့မှာလည်းအကြောင်းပြချက်ရှိတယ်။ အဲ့ဒီ အကြောင်းပြချက်ကို
    ဒေါ်အောင်ဆန်းစုကြည် ပိုလန်မှာပြောခဲ့တယ်။ တိုင်းရင်းသားတွေလိုချင်တာက ဖက်ဒရယ် စနစ်ကိုလိုချင်တယ်။ ကိုယ့်ပြည်နယ်ကိုယ်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင် တယ်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေက တစ်ပြည်ထောင်စနစ် မင်းတစ်ပါးတည်းက တစ်နိုင်ငံလုံးကိုအုပ်ချုပ်တဲ့ စနစ်ဖြစ်နေတယ်။ ဒီတော့ ပြည်ထောင်စု စနစ်ကိုပြောမယ် ဆိုရင် ၂၀၀၈ ကိုပြင်လို့မရဘူး၊ အသစ်ရေးမှရမယ်လို့ တိုင်းရင်းသားတွေက ပြောတယ်။ အဲ့ဒါလည်း အကျိုးအကြောင်းခိုင်လုံနေတာပဲ ရမ်းသမ်းပြောနေတာမဟုတ်ဘူး။
    ကျွန်တော်တို့အချင်းချင်းလည်းအသစ်ရေးတာကောင်းတယ်လို့ပြောတဲ့လူနဲ့ ပြင်တာကောင်းတယ်လို့ ပြောတဲ့သူတွေရှိတယ်။ ကျွန်တော်တို့က ပါတီအနေနဲ့ အဖွဲ့ချုပ် တစ်ခုတည်းအနေနဲ့ လုပ်တာထက် တခြားပါတီတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြင်မလား သို့မဟုတ် အသစ်ရေးတာကောင်မလားဆိုတာကို ဆွေးနွေးမယ်ဆိုပြီးတော့
    ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို စက်တင်ဘာလ ၆-ရက်နေ့ကဆုံးဖြတ်ပါတယ်။ ၇-ရက်နေ့မှာ တိုင်းရင်းသားပါတီတွေကို ဖိတ်ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တိုင်းရင်းသားပါတီတွေကလည်း လာဆွေးနွေးပါမယ်လို သဘောတူပါတယ်။ ၁၄-၂၁-၂၈ ရက်နေ့ ၃-ရက်ဆွေးနွေး ပြီးပါတယ်။ တိုင်းရင်းသား ပါတီတွေ ထဲမှာလည်း တစ်ချို့က ပြင်မယ်လူနဲ့ တစ်ချို့ အသစ်ရေးဆွဲမယ်လို့ပြောတဲ့လူတွေ ရှိပါတယ်။ ၂၈-ရက်နေ့ နောက်ဆုံး အစည်းအဝေးမှာ တိုင်းရင်းသားပါတီ ၁၂-ဖွဲ့နဲ့ အဖွဲ့ချုပ်နဲ့ လုပ်တဲ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားမှာ ဖွဲ့စည်းပုံအခြေခံ ဥပေဒေဆိုတာ တိုင်းပြည်တစ်ခုမှာ အရမ်းအရေးကြီးပါတယ်။ နိုင်ငံသား တစ်ဦးချင်းနဲ့လည်းဆိုင်တယ်။
    ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား အသစ်ရေးမလား ဆိုတာကိုတော့ ဒီအစည်းအဝေးမှာ လူတစ်စု ဆုံးဖြတ်တာထက် ပြည်သူလူထုကို အကျိုးအကြောင်း ရှင်းပြ ပြည်သူလူထုဆန္ဒကို ယူပြီးတော့ ဆုံးဖြတ်ရင်ပိုပြီးတော့ ကောင်းမယ်လို့ဒေါ်အောင်ဆန်းစုကြည်က အခုလို တင်ပြခဲ့ပါတယ်။ တင်ပြတာကို တက်ရောက်လာတဲ့
    အဖွဲ့စည်းတွေအားလုံးက သဘောတူတဲ့အတွက် အခုလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်းကို ပြည်သူလူထုကို ရှင်းလင်းပြောပြပြီးတော့ ဆန္ဒယူတဲ့အလုပ်ကို လုပ်တာဖြစ်ပါတယ်။ တစ်ခုတော့ ကျွန်တော် ပြောချင်ပါတယ်။ ပြင်မယ့်လူနဲ့ အသစ်ရေး ဆွဲမယ့်သူ အားပြိုင်ပွဲလို့တော့မယူဆချင်ပါဘူး။ ပြင်မယ့်လူကလည်း
    စာအုပ်ထဲမှာပါတဲ့အချက်တွေကို မကြိုက်လို့ပြင်မှာပါ။ အသစ်ရေးမယ့်လူကလည်း ဒါတွေကိုမကြိုက်လို့ အသစ်ရေးမှာပါ။ဒါကြောင့်လွတ်လွတ်လပ်လပ်ဆန္ဒပေးလို့ ရပါတယ်။
    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲလို့မေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်မယ့် အစိုးရမင်းများလိုက်နာဖို့ လူထုက ရေးတဲ့ဥပဒေ အဲ့ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲလို့ပြောပါတယ်။ အဲ့ဒီလို လူထုကရေးပြီး အစိုးရမင်းများလိုက်နာရမယ့် ဥပဒေဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာတော့မရှိပါဘူး။ အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဒီလိုဖွဲစည်းပုံဥပဒေမရှိပါဘူး။ ဘယ်လိုနိုင်ငံတွေမှာရှိလဲဆိုရင် ပြည်သူလူထု ရွှေးချယ်တင်မြောက်တဲ့ အစိုးရမင်းများက ပြည်သူ့ဆန္ဒ နဲ့အညီ အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာသာ ဖွဲ့စည်းပုံအခြေခံဥပေဒေဆိုတာရှိပါတယ်”လို့ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ ဒေါက်တာ စိုးဝင်းဦးက အသစ်ပြန်လည်ရေးဆွဲမလား သို့မဟုတ် ပြန်ပြင်ဆင်မလား ဆိုပြီး ကောက်ခံရတွင် ပြည်သူလူထု အများစုက ပြန်လည်ပြင်ဆင်ရေးအတွက် ၉၉% ကျော်ထောက်ခံခဲ့ကြပြီး အသစ်ပြန်လည် ရေးဆွဲရာတွင် ၁%ကျော်သာထောက်ခံခဲ့ပြီး ၎င်း ကောက်ခံမှု ၎င်း အခမ်းအနား၏ သဘာပတိဖြစ်တဲ့ ဦးတင်ဦးမှ အတည်ပြုပေးခဲ့ကြောင်းနှင့် အခမ်းအနားကို တက်ရောက်သူဦးရေမှာ ၆၀၀၀ ကျော် ရှိကြောင်း သိရှိရပါသည်။
    ဓါတ်ပုံများကို FB တွင် ကြည့်လိုလျှင် Click Here
  • ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်
    ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်
    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC00274
    ရန်ကုန်     ။      ။       ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှူးဘရှင် မွေးနေ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဖြစ်သော ရာပြည့်စာဖတ်ခန်းကို  နိုဝင်ဘာ ၁၀-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်-၁၇ နတ်မောက်လမ်း တွင်ဖွင့်လှစ်ခဲ့ပါသည်။
    အဆိုပါ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် မြန်မာစာ ပါမောက္ခ ဦအော်ဇော်က “စာဖတ်ခန်းဖွင့်တာဟာ တိုင်းပြည်ကို အကျိုးပြုတဲ့လုပ်ငန်း၊ လူမျိုးကိုအကျိုးပြုတဲ့ လုပ်ငန်း သာသနာကိုအကျိုးပြုတဲ့လုပ်ငန်း များကို အကျိုးပြုနိုင်ရန် ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒီနေ့ တာဝန်သိတဲ့ လူငယ်တစ်စုကနေပြီးတော့ ဗိုလ်မှူးဘရှင်က တစ်သက်လုံး စာဖတ်ခဲ့တယ်။ ပညာနဲ့လည်း တပ်မတော်ကိုအကျိုးပြုခဲ့တယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကိုပါ ပညာနဲ့အကျိုးပြုခဲ့လို့ အယ်မာရီးယက်စ် ဘွဲ့ရခဲ့တယ်။ ဗိုလ်မှူးဘရှင်ကိုအားကျတယ်၊ ဗိုလ်မှူးဘရှင်ကို လေးစားတယ်ဆိုရင် ဗိုလ်မှူးဘရှင်ပြောသွားတဲ့ စကားတွေကို လိုက်နာတာဟာ စံပြအနေနဲ့ပြုလုပ်တာပဲ။ ဒီနေ့တာဝန်သိ လူတွေဟာ တော်တော်ကြိုးကြိုးစားစားနဲ့ လုပ်တော့ တစ်ခုပဲ စိုးရိမ်တယ်။ အစတော့ကောင်းပြီ အနှောင်းသေချာဖို့လိုပါတယ်။ အနှောင်းသေချာဖို့ ကလည်း တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်လို့မရတဲ့ အတွက် အလားတူ တာဝန်တိတဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ကြိုးပမ်းပြီးတော့ ရာပြည့်အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ပွဲလို့တက်တဲ့ ရာပြည့်ဝေါဟာရကို ဒီစာတိုက်ကြီးလည်းရာပြည့်နိုင်အောင် တည်တံ့နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြပါ”လို့ ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ဆရာကြီးဗိုလ်မှူးဘရှင်၏ တပည့်များထဲမှ တစ်ဦးဖြစ်တဲ့ ဦးတင်ဦးက “ကျွန်တော်ဖြစ်စေချင်တဲ့ စာဖတ်ခန်းကတော့ လုပ်ပြီးသွားပြီ၊ နောက်ပြီး ဆရာ့ရဲ့ စာအုပ်တွေလည်း စဉ်ဆက်မပြတ် ထုတ်ဝေချင်ပါတယ်။ ဆရာရဲ့ နာမည်နဲ့ဖောင်ဒေးရှင်းတစ်ရပ်လည်း ထူထောင်ချင်ပါတယ်”လို့ သူရဲ့ ရည်ရွှယ်ချက်လေးတွေကို ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး အဆိုပါ စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် ဆရာကြီးရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်ရွှေ (ပါမောက္ခ၊ သတ္တဗေဒ)က မိသားစု ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ရာ ၎င်းအလှူငွေကို ဦးကြည်လွင်က လက်ခံရယူခဲ့ပြီး စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားကို ရပ်နားခဲ့ပါသည်။
  • ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန် ။           ။       လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ဆန္ဒပြသည့် ဖယောင်းတိုင်မီးထွန်း ကိုင်ဆောင်၍ လမ်းလျှောက်ကာ ဆန္ဒပြ ထုတ်ဖော်မှုတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ ရပ်ကွက် City Mark ရှေ့တွင် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆-နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူ ၂၀၀-ခန့် ပါဝင် ခဲ့ကြသည်။
    “မန္တလေးမြို့မှာလည်း မီတာခ မူလအတိုင်းထားရှိရေးအတွက် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆း၃၀-အချိန်မှ စ၍ တောင်းဆိုနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကို ယုံကြည်လေးစားချင်ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာကို ပါးစပ်ကနေပဲ ကြွေးကြော်မနေပဲ ပြည်သူတွေအတွက် အခြေခံဖြစ်တဲ့ အခွန်ခ တိုးမြင့်နေခြင်းကို နိုင်ငံတော်သမ္မတအနေနဲ့အရင်ဦးဆုံး လျော့ချပေးဖို့ကို တောင်းဆိုနေခြင်းဖြစ်ပါတယ်။ မီတာခ မြင့်မားလာခြင်းဟာ ကုန်ဈေးနှုန်းကိုလည်း မြင့်မား လာစေတဲ့အတွက် ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားဟာ မီတာခ တိုးမြင့်ခြင်းနဲ့အတူ မကိုက်ညီ နေခြင်းဖြစ်ပါတယ်။ သမ္မတကြီးအနေနဲ့ မီတာခ လျော့ချပေးဖို့ သက်ဆိုင်ရာဌာနသို့ တိုက်တွန်းပေးဖို့ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲမှုပပျောက်ရေးဆိုတာ ကျွန်တော်တို့ပြည်သူလူထုက ဆင်းရဲတွင်း ထပ်ပြီးတော့ နက်နေရမှာလား မီတာခတွေကို တိုးမြင့် လိုက်ခြင်းဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားနဲ့ညီညွတ်လားဆိုတာ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီနေ့မှာမေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ပြည်သူ့အစိုးရဆိုရင်ပြည်သူ့ အသံကို နားထောင်ပေးပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ မီတာခကို မြင့်မားစွာ ပေးဆောင် နေရခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရရဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ကျွန်တော်တို့ယုံဆပါတယ်။ ကျွန်တော်တို့ ဒီလိုတောင်းဆိုမှုဟာ ပြည်သူတွေနဲ့ သက်ဆိုင် သလို၊ ပြည်သူတွေရွှေးချယ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်”လို့ ဆန္ဒထုတ်ဖော်သူများထဲမှ တစ်ဦးက M-Media ကို ပြောကြားခဲ့ပါသည်။
  • သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်
    သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်
    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်
    DSCN1201
    ရန်ကုန်  ။         ။              ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရာပြည့်စာဖတ်ခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။
    လာမည့် ၂၀၁၄-ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၏ မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်မှူးဘရှင်၏ ဆွေမျိုးများနှင့် တပည့်များမှ ရာပြည့်စာဖတ်ခန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
    ရာပြည့်စာဖတ်ခန်းဖွင့်ပွဲအား ၂၀၁၃-ခု နိုဝင်ဘာလ ၁၀-ရက် (တနင်္ဂနွေနေ့) နံနက် ၈း၀၀-နာရီမှ ၁၀း၀၀-နာရီအထိ အမှတ်-၁၇၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တက်ရောက်ချီးမြှင့်ပေးကြရန် ဖိတ်ကြားကြောင်းကိုလည်း သိရှိရပါသည်။
    DSCN1200
  • တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်
    တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်
    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    Ygn Uni
    ရန်ကုန်  ။       ။         ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော နယ်မြို့များမှ မွတ်စလင်မ် ကျောင်းသားအချို့ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောင် များမှ လက်မခံသောကြောင့် အဆောင်မရရှိပဲ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
    ယခင်နှစ် တက္ကသိုလ်ဖွင့်ချိန်တွင် နေထိုင်ခဲ့သော အဆောင်တွင် ဆက်လက်နေထိုင်လိုသော်လည်း မွတ်စလင်မ်ကျောင်းသားဖြစ်နေ၍ ပတ်ဝန်းကျင်မှ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်၍ အဆောင်ပိုင်ရှင်မှ လက်မခံတော့သောကြောင့် အခက်အခဲဖြစ်နေသည်ကို ကျောင်းသားတစ်ဦးမှ ပြောပြလာပါသည်။
    “ကျွန်တော် အမြဲတမ်း ဒီအဆောင်မှာပဲ နေခဲ့တာပါ။ အရင်နှစ်တွေကလည်း ကျောင်းဖွင့်ချိန်နေတယ်။ ကျောင်းပိတ်ရင်ပြန်တယ်။ အခု ဒီအဆောင်မှာ ပြန်လာနေဖို့ ဖုန်းဆက်လိုက်တော့ အဆောင်ရှင်က ကျွန်တော့်ကို လက်မခံတော့ဘူးလို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မွတ်စလင်မ်ဖြစ်နေလို့ မွတ်စလင်မ်ကို ထားရင် တခြားက ပြဿနာရှာတာဖြစ်လာမှာစိုးလို့ လက်မခံရဲတော့လို့ လက်မခံတော့ဘူးလို့ ပြောတယ်။ ကျွန်တော်လည်း တခြားအဆောင်တွေ ပတ်ရှာနေရတုန်းပါ အခုထိတော့ အဆောင်မရသေးပါဘူး။”ဟု ပြောပါသည်။
    ယခုကဲ့သို့သော အခြေအနေသည် ရန်ကုန်မြို့ရှိ အဆောင်များတွင်သာမက အချို့ တက္ကသိုလ်၊ ကောလိပ်နှင့်  ကျောင်းများရှိသည့် မြို့အများစုတွင်လည်း ဖြစ်နေသည် ဟုလည်း သိရပါသည်။
    ဓါတ်ပုံအညွှန်း >>  ရန်ကုန်တက္ကသိုလ် (google မှ ရယူထားပါသည်)