News @ M-Media

Tag: Yangon

  • ရာဇာမင်း ခရီးသည်တင် ယာဉ်တိမ်းမှောက်မှု ခရီးသွား အာမခံကြေးပေးအပ်

    မေ ၁၄၊ ၂၀၁၄
    M-Media
    K K

    ဓါတ်ပုံ - ရဲဇာနည်အင်တာနက် စာမျက်နှာ
    ဓါတ်ပုံ – ရဲဇာနည်အင်တာနက် စာမျက်နှာ

    နေပြည်တော်    ။         ။    ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၉၇/၆ တွင် မေလ ၁၂-ရက်ညနေ ၆း၄၅-နာရီခန့်က ရာဇာမင်း ခရီးသည်တင် တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ အတွက် ခရီးသွား အာမခံလျော်ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁-နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ ခရီးသွား အာမံကြေးပေးအပ်ပွဲသို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်၊ ဒုတိယ ၀န်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ထမ်းများ၊ နေပြည်တော်ကောင်စီဝင် ဦးစောလှ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် သိန်းဦး၊ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (နေပြည်တော်) ဥက္ကဌ ဦးဝင်းဆွေနှင့် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ခရီးသွားအာမခံလျော်ကြေးငွေကျပ်သိန်း (၆၃၀)၊ အသက်ဆုံးရှုံးသူများအတွက် ရာဇာမင်း မော်တော်ယာဉ်လိုင်းမှ ပေးအပ်သည့် ကရုဏာကြေး ကျပ်သိန်း (၂၀၀)တို့ကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်းက အဝေးပြေး လမ်းမကြီး လုံခြုံရေး စီမံထားရှိမှု ကြိုတင် ကာကွယ်မှုများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

    10367602_10203242505280123_6919315883093247112_n
    Image via-Master Gyi FB

    ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ယာဉ်မတော်တဆမှုများ မြင့်တက်လျှက်ရှိပြီး ပညာရှင်များအကြား လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြှင့်တက် လျက်ရှိသည်။ သို့သော် ယခု ယာဉ်မတော်တဆမှုတွင်  လူမျိုးရေးဘာသာရေး မုန်းတီးမှုများ မြင့်တက်လာစေရန် ဆိုရှယ်မီဒီယာတွင် လှုံဆော်ေ၇းသားမှုများကို တွေ့ရှိရပါသည်။

    ကိုးကား – ရဲဇာနည်

     

  • ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်ထိ မိကျောင်းကန်ပြည်သူများ ဆန္ဒသွားပြမည်။

    ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်ထိ မိကျောင်းကန်ပြည်သူများ ဆန္ဒသွားပြမည်။

    မေ ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    အစိုးရနှင့်ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်လွှတ်တော်ရုံးရှေ့သို့ သွားရောက်ဆန္ဒပြမည့် မိကျောင်းကန်ပြည်သူများ


    DSC00327


    ရန်ကုန်  ။       ။    မိကျောင်းကန်ပြည်သူများကို လယ်ယာမြေနှင့်အခြား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစိုးရနှင့် ညှိနှိုင်းပေးမည်ဖြစ်ပြီး ထိုညှိနှိုင်းမှုတွင် ၎င်းတို့ကျေနပ်မှု မရှိပါက နေပြည်တော်လွှတ်ရုံးရှေ့ထိ သွားရောက်ကာ ဆန္ဒပြသတောင်းဆိုမည်ဟု မိကျောင်းကန် သပိတ်စခန်းဦးဆောင်သူဖြစ်သူ ဦးစိန်သန်း ကပြောခဲ့သည်။

    “လွှတ်တော်ပြန်စမီ ၂၈ ရက်နေ့မတိုင်မီကို ကျွန်တော်တို့ကို ညှိနှိုင်းပေးမယ်လို့ပြောတယ်။ အဲဒီညှိနှိုင်းပွဲမှာ ကျွန်တော်တို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ် ဆိုရင်တော့ ကျွန်တော်တို့နေပြည်တော်ကို သွားရောက်ပြီး မတောင်းဆိုတော့ပါဘူး။ ကျွန်တော်တို့ညှိနှိုင်းတဲ့ အတိုင်းမရရင်တော့ နေပြည်တော်ထိ သွားပြီး ဆန္ဒပြသတောင်းဆိုမှာပါ” ဟု ဦးစိန်သန်းကဆက်လက်ပြောကြားခဲ့သည်။

    ၎င်းတို့တွင် ပိုင်ဆိုင်ကြောင်း မြေယာ အထောက်အထားများလည်း ရှိပြီဖြစ်ပြီး တိကျစွာတောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

    မိကျောင်းကန်သပိတ်စခန်းကို တတိယကြိမ်မြောက် အဖြစ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် ဖွင့်လှစ်ထား ရှိထားသည်ဖြစ်ပြီး ယနေ့ မေလ ၁၃ ရက်နေ့ဆိုလျှင် ၅၁ ရက် ပြည့်မြောက်ပြီဖြစ်သည်။ 

  • လူနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်

    လူနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်

    မေ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ကိုတင်လှ ဆိုသူနှင့် အင်းစိန်မြို့နယ်တွင်နေထိုင်သူ ရန်လင်းဦးတို့ နှစ်ဦးစကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်မှတ်တမ်းများအရ သိရှိရပါသည်။

    ကန်းစွန်းရွက်ရောင်းသူ ကိုတင်လှဆိုသည် ၎င်းနေအိမ်မှ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန် ရောက်ရှိလာစဉ် အင်းစိန်မြို့နယ်မှ အိမ်သာစောင့် ရန်လင်းဦးဆိုသူသည် ကန်စွန်းရွက်ထုတ်ကို ထမ်းမည်ဟုပြုနေစဉ် ကိုတင်လှမှ မထမ်းရန်ပြောဆိုရာ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်းအားနေအိမ်သို့သွားရောက်ခေါ်ဆောင်လာပြီး ၎င်းညီဖြစ်သူမှ ဓားကိုင်ကာလိုက်လာပြီး ကိုတင်လှအား ဓားဖြင့်ထိုးကာ ကိုတင်လှမှာ သေဆုံးသွားကြောင်း သိရသည်။

    ထိုဓားဖြင့်ထိုးကာရန်လုပ်ခဲ့သည့် ညီအကိုနှစ်ယောက်အား အင်းစိန်မြို့မရဲစခန်းမှ (ပ)၄၃၉/၁၄၊ ပြစ်မှု ပုဒ်မ  ၃၀၂/၁၁၄ တို့ဖြင့် ၁၀.၅.၂၀၁၄ အချိန်မစတင်ကာ တရားခံများအားဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

  • ဟိုင်းလတ်ယာဉ်လိုင်းများ မြို့ထဲဝင်ရောက်မှုကို ယာဉ်ထိန်းရဲများမှ ထိရောက်စွာဖမ်းဆီးလျက်ရှိ

    ဟိုင်းလတ်ယာဉ်လိုင်းများ မြို့ထဲဝင်ရောက်မှုကို ယာဉ်ထိန်းရဲများမှ ထိရောက်စွာဖမ်းဆီးလျက်ရှိ

    မေ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    DSC01596

    ရန်ကုန်   ။      ။     ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ ပြေးဆွဲခွင့်ကို တိုင်းဒေသကြီးအစိုးရမှ ကန့်သတ်တားမြစ်ခဲ့ပြီး ထိုကန့်သတ် ထားသော ဟိုင်းလတ်ယာဉ်များမြို့ထဲသို့ဝင်ရောက်ပြေးဆွဲနေခြင်းကို ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးက မေလ ၁-ရက်နေ့မှ စတင်၍ ထိရောက်စွာဖမ်းဆီးလျက် ရှိကြောင်း သိရသည်။

    “ကျွန်တော်တို့တွေ နေ့မှာ မြို့ပြင်က၀င်လာနိုင်တဲ့နေရာ လမ်းဆုံတွေဖြစ်တဲ့ နေရာ ၇ နေရာ၊ ညမှာ ၃ နေရာ မှာစောင့်ပြီး ၀င်လာတဲ့ကားတွေကို ဖမ်းဆီးတာမျိုးတွေကို ပြုလုပ်ပါတယ်။ အခုလောလောဆယ်တော့ ၀င်လာရင် ချလံဖြတ်ပေးပြီး ပြီးသွားပေမဲ့ နောက်ဆိုရင်တော့ ထိရောက်စွာအရေးယူမှာဖြစ်ပါတယ်။ တချို့တွေကလည်း မြို့ထဲကို ဂတ်စ်ဖြည့်မယ်ဆိုပြီး လူတွေတင်ပြီးသွားကြတယ်။ အဲဒါမျိုးတွေကိုလည်း လိုက်ပြီးတော့ဖမ်းဆီးနေပါတယ်” ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ဦးလင်းထွဋ် ပြောခဲ့သည်။

    ယခုကဲ့သို့ ဟိုင်းလတ်ကားများကို ကန့်သတ်ပိတ်ပင်ရခြင်းမှာ ဟိုင်းလတ်ယာဉ်များသည် ပြည်သူလူထုကိုအန္တရယ်ဖြစ်စေနိုင်သောကြောင့် ပြည်သူ့အကျိုးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ဟိုင်းလတ်ယာဉ်များအစား မီနီဘတ်စ်များတင်သွင်ခြင်းကြောင့် ပြည်သူကို လုံခြုံစေခြင်းတို့ကြောင့် ဟိုင်းလတ်ယာဉ်များ ကန့်သတ် လိုက်ရခြင်းအကြောင်းကို ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    စည်ပင်သာယာနယ်နမိတ်အတွင်း “ခ” လိုင်စင် ခရီးသည်တင်ဆောင်သည့် ယာဉ်များကိုသာ ကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်း “ခ”ယာဉ်များသည် “က” လိုင်စင် ကုန်ပစ္စည်း သယ်ဆောင်သည့်လိုင်စင်ကို ပြောင်းလဲပါက စည်ပင်သာယာနယ်နမိတ်အတွင်းသွားလာနိုင်ကြောင်းကို မ.ထ.သ (ဗဟို)မှ ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

    မေလ ၁ ရက်နေ့ပိတ်သိမ်းသည့်အချိန်မှစတင်ကာ မေလ ၁၀ ရက်နေ့ထိ စည်ပင်သာယာနယ်နမိတ်အတွင်း ပြေးဆွဲသည့် ယာဉ်များကို ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ၃၇၆ စီးကိုအရေးယူဆောင်ရွက်ပြီးလျက်ရှိကြောင်းကို ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ စာရင်းများအရ သိရသည်။

  • မိုးရွာစဉ်ကားမောင်းလျှင် လိုက်နာရန် အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်

    မိုးရွာစဉ်ကားမောင်းလျှင် လိုက်နာရန် အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်

    မေ ၉၊ ၂၀၁၄
    M-Media
    လမင်း

    DSC01593

    ရန်ကုန်  ။       ။      မိုးရွာစဉ် ကားမောင်းရသော ယာဉ်မောင်းသမားများ လိုက်နာရန်အတွက် ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

    ထိုထုတ်ပြန်ကြေညာချက်တွင်  လမ်းတွင်စက်ဆီ၊ ချောဆီများဖိတ်နေလျှင် လမ်းချော်နိုင်ကြောင်း၊ မော်တော်ယာဉ်ဘီး များတွင် ပန်းမရှိလျှင် ဘီးချော်နိုင်ကြောင်း၊ လေပေါင်ချိန်များလျှင်နှင့် ရွံနွံများထဲတွင် လမ်းချော်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် အရှိန်ပြင်းစွာ မမောင်းနှင်ရန်၊ ဘရိတ်ကို ရုတ်တရက် မနင်းရန်၊ရေသုတ်တံပါရှိရန်၊ မိုးများပါက ရှေ့မီးကြီးဖွင့်မောင်းရန် နှင့် ကုန်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်းကို ဟန်ချက် ညီညီတင်ရန်နှင့် အုတ်၊ သဲ၊ ကျောက်တို့ သယ်ဆောင်ရာတွင် ဖိတ်စင်မှု မရှိစေရန်တို့ကို ထုတ်ပြန်ကြေညာထားသည်။

    “ကျွန်တော်တို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အနေနှင့် မိုးရာသီကာလရောက်ပြီဆိုလျှင် အမြဲထုတ်ပြန်ကြေညာပါတယ်။ မိုးအရမ်းရွာရင် ယာဉ်တိုက်မှုတွေ ပိုမိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသိပေးရတာပါ။ ရေဒီယိုတွေကနေ ရုပ်မြင်သံကြားတွေကနေပါ အချိန်အားလျော်စွာ ထုတ်ပြန် ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောခဲ့သည်။

    ယာဉ်စည်းကမ်းရေးကော်မတီမှ ထုတ်ပြန်ထားရှိသော ကြေညာချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

    ယာဉ်တိုက်မှုဖြစ်စဉ်များမှာ တစ်လထက် တစ်လ တိုးမြင့်လျှက် ရှိနေကြောင်းလည်း သိရသည်။ ဇန်န၀ါရီလ မှ ဧပြီလအတွင်း မြန်နာနိုင်ငံ တစ်ဝှမ်းလုံးတွင် ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၅၀၃၂၈ မှုဖြစ်ပွားခဲ့ရာ ၉၃၈၃ ဦး ဒဏ်ရရခဲ့ပြီး ၁၆၅၂ ဦးသေဆုံးခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့စာရင်းများအရ သိရပါသည်။