News @ M-Media

Tag: Zika Virus

  • ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုမှာ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေမျိုး မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပြီး၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ ထိုရောဂါအား တုန့်ပြန်မှု အားနည်းသွားမည်ကို စိုးရိမ်နေကြသည်။

    WHO ၏ အကြံပေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့ကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ပိုး၏ ခြိမ်းခြောက်မှုမှာ အဆိုပါရောဂါများ၏အဆင့်သာ ရှိသောကြာင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေမှာလည်း အဆုံးသတ်သွားပြီဟု ပြောကြားခဲ့သည်။

    သို့ရာတွင် ကော်မတီအဖွဲ့ဝင်များက ဇီကာပြဿနာအပေါ် လျှော့တွက်ထားမှုမျိုး မဟုတ်ဟုလည်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံချင်းစီကမူ အရေးပေါ်အခြေအနေ ကြေငြာနိုင်သည်ဟု အကြံပေးကော်မတီ၏ ဥက္ကဌ ဒေါက်တာ ဒေးဗစ် အလ် ဟေးမန်းက ဆိုသည်။

    အချို့ပညာရှင်များကမူ WHO ၏ ယခုကြေညာချက်သည် ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည့် ရောဂါတစ်ခုအပေါ် နိုင်ငံတကာ၏တုံ့ပြန်မှု နှေးကွေးသွားနိုင်ပြီး ကူးစက်ခံရသူများကလည်း ၎င်းတို့တွင် မည်သည့်ပြဿနာမှမရှိဟု ပေါ့ဆသွားစေနိုကြောင်း သတိပေးခဲ့သည်။

    WHO မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဇီကာဗိုင်းရပ်စ်ပြန့်နှံမှုအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ထိုစဉ်က ကမ္ဘာ့အနောက်ခြမ်းရှိ နိုင်ငံအားလုံးနီးပါးနှင့် ကနေဒါတို့တွင် ပြန့်နှံ့ခဲ့သည်။

    Ref : IINA

  • ဇီကာ ဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

    ဇီကာ ဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

    14906954_443570255813561_5322947416044935492_n

    ဖြစ်ပေါ်လာပုံ
    ဇီကာဗိုင်းရပ်စ် ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒိစ်ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွား တတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ကူးစက်မှု ရှိခဲ့ပါသည်။

    ရောဂါပြန့်ပွားပုံ
    ဇီကာဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသော အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင် ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည့်တို့တွင် တွေ့ရသည်။ နေ့အချိန်တွင် လူကို ကိုက်ခြင်း မှတဆင့် ရောဂါကူးစက်ဖြစ်ပွားစေပါသည်။ ခြင်ကိုက်ခံရပြီး ၂ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင် ပါသည်။ ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်သည်။
    14590275_443570562480197_7336750520862515364_n
    ရောဂါ လက္ခဏာများ
    အဓိက လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း ၏ နောက်ဆွဲတွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားခြင်းအပေါ် ဆက်စပ်မှု ရှိ မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။

    14729199_443570839146836_3908158863124958642_n

    ရှောင်ရန်
    ဇီကာ ဗိုင်းရပ်စ် ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ အနားယူခြင်း ၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီတိုများနှင့် အခြားအကိုက်အခဲပျောက်ဆေးများကို မသောက်ရန် ဖြစ်ပါသည်။

    လိုက်နာရန်
    ပါရာစီတမော့ဆေးကိုသာ အညွှန်းအတိုင်းသောက်သုံးရန်နှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

    ကြိုတင်ကာကွယ်ရန်
    14705690_443570342480219_5413616878523143067_n
    ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန် အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကျားပိုးလောက်လမ်းနှိမ်နှင်းရေးနှင့် ခြင်ကိုက်ခံရခြင်းမရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ ခြင်ကျားလောက်လမ်းများ ပေါက်ပွား မရှိစေရေးအတွက် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရပါမည်။

    ဖုံး- ရေလှောင်ထားသော အိုးခွက်များကို ခြင်များ ၀င်ရောက် မဥနိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်

    သွန်- အိုးခွက် နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊

    ခြင်ကျားလောက်လမ်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုးထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်

    လဲ- ပန်းအိုး များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောကာ ရေများကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ရန်

    စစ်- ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သောအခါ ရေစစ်ဖြင့် စစ်ထည့်ရန်

    ထို့ပြင် ခြင်ကိုက် မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ၀တ်ဆင်ခြင်း၊ နေအိမ်ခြင်လုံဇကာများ တပ်ဆင်ခြင်း လိုအပ်ပါသည်။

    14708225_443570415813545_6171088541348849593_n

    နိဂုံးချုပ်အားဖြင့် ခြင်ကျားလောက်လမ်းများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်းဖြင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းမှာ လူတိုင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဇီကာဗိုင်းရပ်စ်ရောဂါ အပါအ၀င် သွေးလွန် တု တ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမရှိအောင် ကာကွယ်နှိမ်နှင်းနိုင်မည်ဖြစ် ပါသည်။

    ကျန်းမာရေးဝန်ကြီးဌာန

  • မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    malay

    – မိမိတို့နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူကို ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုလိုက်ပြီး၊ အဆိုပါ အမျိုးသမီးမှာ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ရာ စင်ကာပူနိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ကူးစက်သူအမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်ပြီး ဆီလန်ဂေါပြည်နယ် ကီလာနာ ဂျာယာတွင် အလုပ်လုပ်နေသူဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနိုင်ငံမှ ကလန်းသို့ ပြန်ရောက်လာပြီးနောက် ဇီကာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထိုအမျိုးသမီးမှာ ဆွန်ဂိုင်းပူလိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမာနီယမ် ဆာသာဆီဗမ်က ၎င်း၏ သမီးဖြစ်ပြီး စင်ကာပူရှိ Paya Lebar တွင်နေထိုင်သူမှာလည်း ဇီကာဗိုင်းရပ်စ်ကူးစက်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းမှာ စင်ကာပူတွင် အလုပ်လုပ်နေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နေသူ မလေးရှားနိုင်ငံသား ၅ ဦးမှ တစ်ဦးလည်းဖြစ်သည်။

    ထိုအမျိုးသီးနေထိုင်ရာ ကလန်းဒေသ၌ လက်ရှိတွင် အခြားကူးစက်မှုများ ရှိ၊ ရှိကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကားဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသည့် ကားများအားလုံးကို ခြင်ဆေးဖြန်းရန် ကျန်းမာရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကူးစက်သူ စုစုပေါင်း ၁၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref: straitstimes,channelnewsasia

  • ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    မေ ၁၄၊ ၂၀၁၆
    M-Media

    zika

    – မွေးကင်းစကလေးငယ်တွေမှာဖြစ်တတ်တဲ့ ဦးနှောက်သေးရောဂါနဲ့ ဇီကာဗိုင်းရပ်စ် တိုက်ရိုက်ဆက်နွယ်မှုရှိကြောင်းကို တရုတ်သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ရှာဖွေဖော်ထုတ်လိုက်ပါတယ်။

    ဦးနှောက်သေးရောဂါဆိုတာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ ပုံမှန် ဖွံဖြိုးမှုမရှိတဲ့ အခြေအနေဖြစ်ပြီး ဘရာဇီးနဲ့ အခြားနေရာတွေမှာ ဦးနှောက်သေးရောဂါနဲ့မွေးဖွားလာကြတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ မိခင်တွေဟာ ဇီကာဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ ခြင် အကိုက်ခံရကြောင်း အတွေ့ရများလာပြီးတဲ့နောက်မှာ ၎င်းတို့ကြားဆက်စပ်မှုကို သံသယ၀င်လာကြပါတယ်။

    အခုတော့ တရုတ်သိပ္ပံအကယ်ဒမီကျောင်းက မျိုးရိုးဗီဇနဲ့ ဖွံ့ဖြိုးမှုဇီဝဗေဒဌာနက သိပ္ပံပညာရှင်တွေ၊ စစ်ဘက်ဆေးသိပ္ပံအကယ်ဒမီလက်အောက်က အနုဇီဝဗေဒနဲ့ ရောဂါပျံ့ပွားမှုထိန်းချုပ်ရေးဌာနက သိပ္ပံပညာရှင်တွေဟာ တိုက်ရိုက်ဆက်နွယ်မှုကို တွေ့ရှိထားပြီးဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်လူနာတစ်ဦးစီက ဗိုင်းရပ်စ်နမူနာကိုယူကာ မွေးကင်းစကြွက်လေးတွေ ဦးနှောက်မှာ ထည့်သွင်းလေ့လာခဲ့တာဖြစ်ပြီး၊ ဦးနှောက်သေးရောဂါနဲ့ စက်ဆပ်နေတဲ့ လက္ခဏာတွေအားလုံးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကွင်ကတော့ ဒီလိုဖော်ထုတ်နိုင်တာဟာ ဦးနှောက်သေးရောဂါကို ကုသနိုင်မယ့် ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ရာမှာ အသုံးဝင်မှာဖြစ်ပြီး ဇီကာကူးစက်နိုင်မှုကို တားဆီးရေးနဲ့ ကုသရေးတို့မှာလည်း အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuter

  • ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ်ပိုးဟာ အရင်တုန်းက ခန့်မှန်းထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပြီး မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့အတွက် ရံပုံငွေတွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဇီကာဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်အောင် ဒေါ်လာ ၁.၉ ဘီလီယံ ထုတ်ပေးဖို့ အိုဘားမားအစိုးရအဖွဲ့ဟာ လွှတ်တော်မှာ တောင်းဆိုထားပေးမယ့် အဲဒီတောင်းဆိုမှုကိုတော့ လွှတ်တော်က ဆိုင်းငံ့ထားပါတယ်။

    Aedes aegypti ခြင်အမျိုးအစားကနေ ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ မနှစ်ကတည်းက လက်တင်အမေရိကနဲ့ ကာရေဘီယန်ရဲ့ နေရာ ၃၀ ကျော်မှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့ ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်တာကိုလည်း ရှားရှားပါးပါးတွေ့မြင်ရပါတယ်။

    “ကျွန်မတို့ လုံးဝ အသင့်ပြင်ထားရပါမယ်။ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကျွန်မတို့တွေ့နေရတဲ့ အရာအားလုံးက ပထမကထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တွဲဖက်ဒါရိုက်တာ အန်နီ စခူးချက်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပိုင်နက်မှာရှိတဲ့ ပေါ်တိုရီကိုဒေသမှာ လာမယ့်နှစ်ကုန်ပိုင်းမှာ လူသိန်းနဲ့ချီ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သတိပေးမှုလည်း ရှိနေပါတယ်။

    Ref: Arab news