စက်တင်ဘာ ၁၊ ၂၀၁၆
M-Media
– မိမိတို့နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူကို ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုလိုက်ပြီး၊ အဆိုပါ အမျိုးသမီးမှာ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ရာ စင်ကာပူနိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကူးစက်သူအမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်ပြီး ဆီလန်ဂေါပြည်နယ် ကီလာနာ ဂျာယာတွင် အလုပ်လုပ်နေသူဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနိုင်ငံမှ ကလန်းသို့ ပြန်ရောက်လာပြီးနောက် ဇီကာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထိုအမျိုးသမီးမှာ ဆွန်ဂိုင်းပူလိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမာနီယမ် ဆာသာဆီဗမ်က ၎င်း၏ သမီးဖြစ်ပြီး စင်ကာပူရှိ Paya Lebar တွင်နေထိုင်သူမှာလည်း ဇီကာဗိုင်းရပ်စ်ကူးစက်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းမှာ စင်ကာပူတွင် အလုပ်လုပ်နေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နေသူ မလေးရှားနိုင်ငံသား ၅ ဦးမှ တစ်ဦးလည်းဖြစ်သည်။
ထိုအမျိုးသီးနေထိုင်ရာ ကလန်းဒေသ၌ လက်ရှိတွင် အခြားကူးစက်မှုများ ရှိ၊ ရှိကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကားဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသည့် ကားများအားလုံးကို ခြင်ဆေးဖြန်းရန် ကျန်းမာရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကူးစက်သူ စုစုပေါင်း ၁၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။
Ref: straitstimes,channelnewsasia
Leave a Reply
You must be logged in to post a comment.