News @ M-Media

Blog

  • မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား စကားစစ်ထိုးပွဲများကြောင့် ကမ္ဘာကြီးက စိုးရိမ်မှုရှိနေချိန်တွင် မီးလောင်ရာလေပင့်စေမည့် စကားမျိုး မပြောရန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အး သတိပေးစကား ပြောကြားလိုက်သည်။

    ခေါင်းဆောင်နှစ်ဦးမှာ ယနေ့တွင် ဖုန်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိတင်းမာနေသည့် အခြေအနေကို ပိုမိုဆိုးရွားစေမည့် စကားလုံးများ၊ လုပ်ရပ်များကို ရှောင်ကျဉ်ရန်အတွက် သမ္မတရှီက ဒေါ်နယ်ထရမ့်အား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    မြောက်ကိုရီးယားက ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းအနီးသို့ တာလတ်ပစ်ဒုံးကျည် ၄ လုံးအား ဂျပန်ကိုကျော်ကာ ပစ်ခတ်နိုင်မည့်အစီအစဉ်မှာ သြဂုတ်လလယ်ပိုင်းတွင် ပြီးစီးမည်ဟု ခြိမ်းခြောက်ထားပြီး၊ ထရမ့်က ကမ္ဘာကြီးအနေဖြင့် မည်သည့်အချိန်ကမှ မမြင်ဖူးခဲ့သည့် ပုံစံမျိုးဖြင့် မြောက်ကိုရီးယားကို တုန့်ပြန်သွားမည်ဟု သတိပေးချက်နောက်ပိုင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ယမန်နေ့ကလည်း ထရမ့်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်အပေါ် ရန်လိုသည့်လုပ်ရပ် လုပ်ဆောင်ပါက လုံးဝ နောင်တရသွားမည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာပြီးနောက် နိုင်ငံအနောက်ပိုင်းတွင် Patriot ဒုံးဖျက်စနစ်ကို ချထားနေသည်ဟု ဂျပန်က ပြာကြားခဲ့သည်။

    Ref: Aljazeera

  • အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ၅ ရက်အတွင်း ကလေးငယ် အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အစိုးရ၏ စီမံခန့်ခွဲမှုများအတွက် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    ဂိုရက်ပူးရ်ဒေသရှိ အစိုးရက စီမံသော Baba Raghav Das ဆေးရုံတွင်ဖြစ်ပြီး ဒေသတွင်းမီဒီယာများကမူ အောက်ဆီဂျင်ထောက်ပံ့ပေးနေသည့် ကုမ္ပဏီကို ဆေးရုံက ငွေပေးချေမှုမရှိသည့်အတွက် အဆိုပါကုမ္ပဏီက ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြကြသည်။

    အိန္ဒိယအစိုးရတာဝန်ရှိသူများက ထိုဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကနဦးတွေ့ရှိချက်ကို ဒီနေ့မှာ ထုတ်ပြန်မှာပါ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဆေးရုံမှာ လူနာ ၆၀ သေဆုံးခဲ့ပြီး၊ ဒါဟာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ဂိုရက်ပူးရ် ခရိုင်ကော်မရှင်နာမင်းကြီး အနီးလ်ကူးမားရ်က ပြောကြားခဲ့သည်။

    Hindustan Times သတင်းဌာနက အူတာပရာဒက်ရှ်ပြည်နယ်ရှိ အဆိုပါပြည်နယ်မှာ သောကြာနေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် အောက်ဆီဂျင်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရပြီး ဆရာဝန်များမှာ လူနာများအတွက် လက်ဖြင့်အသုံးပြုရသည့် အသက်ရှူစက်များကို တပ်ပေးခဲ့ရသည်။

    ကလေးများ သေဆုံးလာသည့်အချိန်တွင် ဆရာဝန်များမှာ အောက်ဆီဂျင်ကုမ္ပဏီ Pushpa Sales ကို ဆက်သွယ်ကာ အောက်ဆီဂျင်ပြန်ပေးရန် တောင်းဆိုခဲ့သောကြောင့် အကန့်အသတ်ဖြင့် လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လျှော့ခဲ့သည်ဟုလည်း သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    Baba Raghav Das ဆေးရုံမှာ ရူပီး ၆.၉ သန်း (ကန်ဒေါ်လာ ၁၀၇၀၀၀) အကြွေးတင်နေသည်ဟု အောက်ဆီဂျင်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • “ယာဉ်ကြောပိတ်ဆို့၊ လိပ်လိုသွားနေရခြင်းမှ ကင်းဝေးရအောင်”

    “ယာဉ်ကြောပိတ်ဆို့၊ လိပ်လိုသွားနေရခြင်းမှ ကင်းဝေးရအောင်”

    လှည်းတန်း မှ ယာဉ်ကြောပိတ်ဆို့မှု Photo: Aung Myin Ye Zaw / The Myanmar Times

    မဟာရန်ကုန်မြို့ရဲ့လူဦးရေမှာ ၇သန်းကျော်လောက်ရှိကြောင်းစာရေးသူဖတ်ဖူးပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်မှ ပြည်သူလူထုအများစုသည် ရုံးဆင်း၊ရုံးတက်၊ ကျောင်းကြို၊ ကျောင်းပို့၊ ဈေးရောင်း၊ ဈေးဝယ် အသက်မွေးဝမ်းကြောင်းမှု့ပြုရန် နေ့တဓူဝ ကိုယ်ပိုင်ကားများဖြင့် လည်းကောင်း၊ အငှားယာဉ်များဖြင့်လည်းကောင်း၊ လိုင်းကားများ(ယခု YBS ယာဉ်လိုင်းများ) ဖြင့် လည်းကောင်း၊ မီးရထားများဖြင့်လည်းကောင်း၊ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း မြစ်ကူးရန်အတွက် လှေ၊ သင်္ဘောများဖြင့်လည်းကောင်း မဖြစ်မနေ သွားလာလှုပ်ရှားနေရပါသည်။

    တစ်နေ့ ရုံးဆင်းချိန် မိုးသည်းထန်စွာရွာသဖြင့် YBS အမှတ် ၇ ယာဉ်လိုင်းမှာလည်း အလွန် ကြပ်သဖြင့် အိမ်အပြန်စောရောက်ချင်တဲ့ အတွက် အငှားယာဉ် Taxi တစ်စီးကို ပန်းဆိုးတန်းထိပ်မှ သင်္ဃန်းကျွန်းသို့ ၃၅၀၀ကျပ်ပေးကာစီးခဲ့ရပါသည်။ အငှားယာဉ်မောင်းသည် အပြောကောင်း၊ သဘောကောင်း၊ စာပေဗဟုသုတ နှံ့စပ်သူတစ်ဦးဖြစ်သည့်အပြင် ရန်ကုန်မြို့မှာမွေး၊ ရန်ကုန်မြို့လယ်မှာ ကြီးပြင်းခဲ့သူ အသက်၁၆နှစ်သားမှ ယခုအသက် ၆၈နှစ်အထိ ယာဉ်မောင်း အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါသည်။ မဟာရန်ကုန်မြို့၏ ယာဉ်သွားယာဉ်လာထူထပ်၍ ခရီးသွားပြည်သူလူထုများ ကားပေါ်အချိန်ကုန်ကာ စိတ်ပမ်း၊လူပမ်းဖြစ်ရပုံတို့ကို စကားစမြည် ပြော ဆိုဆွေးနွေးဖြစ်ခဲ့ပါသည်။ ဒါကြောင့် ဗဟုသုတအကြံဥာဏ်များ သူ့ထံမှ အမြောက်အမြားရရှိခဲ့ပါ သည်။ ထို့ကြောင့်လည်း စာဖတ်ပရိသတ်ကြီးနှင့်တကွ ရန်ကုန်တိုင်းဒေသကြီး တာဝန်ရှိသူတွေကို စာရေးသူတစ်ယောက်အနေနဲ့ ခရီးသွားပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသောပြဿနာ အချို့ကို မိမိတတ်စွမ်းသလောက် ကူညီဖြေရှင်းပေးလိုစိတ်များ ဖြစ်ပေါ်မိ၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် ယာဉ်များကို ညာဖက်(လက်ယာရစ်ဘက်) မောင်းစနစ်ဖြင့် မောင်နှင်ခွင့် ပြုထားပါသည်။ ဘယ်ဖက်(လက်ဝဲရစ်ဘက်) မောင်းနှင်ခဲ့ပါက ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူး လွန်ရာရောက်သဖြင့် ယာဉ်ထိန်းရဲက အရေးယူလိမ့်မည် ဖြစ်ပါသည်။ လမ်းပြောင်းပြန်မောင်းသည့် သဘောဖြစ်သွား၍ ဖြစ်ပါသည်။

    အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံအများစုတွင် လက်ဝဲရစ်မောင်း စနစ်ကို ယနေ့တိုင်ကျင့်သုံးနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ထိုလက်ဝဲဖက်ယာဉ်ကြောမှ မောင်းနှင်သည့်စနစ်ရှိခဲ့ဖူးပါသည်။ ၁၉၇၀ခု ဝန်းကျင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် Left side ယာဉ်ကြောမှ မောင်းနှင်နေသည့်စနစ်မှ Right side ညာဖက်ယာဉ်ကြောမှ မောင်းနှင် သည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ယာဉ်မောင်းအဖိုးအိုတစ်ဥိးက စာရေးသူအား ရှင်းပြခဲ့ ဖူးပါသည်။

    အမေရိကန်နိုင်ငံပြီးလျှင် ဂျပန်နိုင်ငံသည် ကားထုတ်လုပ်ရာတွင် စံချိန်တင်သော နိုင်ငံဖြစ်ပါ သည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထုတ်ကားများကို ယနေ့တိုင်မှာယူ တင်သွင်း အသုံးပြုနေရသော နိုင်ငံဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအများစုသို့ ကားတင်ပို့ရာတွင် steering (စတီရာတိုင်)အား ကား၏ညာဖက်တွင်ထားကာ တတ်ဆင်ထုတ်လုပ်ပြီး လက်ဝဲရစ်ယာဉ်ကြော မောင်းစနစ်နှင့် အံ့ဝင်ခွင်ကျ ဖြစ်အောင် ထုတ်လုပ်လျက်ရှိပါသည်။ လက်ဝဲရစ်ယာဉ်ကြောမှ မောင်း နှင်နေစဉ်တွင် steering မောင်တံသည် ယာဉ်မောင်း၏ ညာဖက်အခြမ်းတွင် ရှိသဖြင့် ရှေ့ကားကို မြင်နေရသောကြောင့် ကျော်တက်သင့်၊ မသင့် ချင့်ချိန်နိုင်ပါသည်။ သို့သော် ယခင်က တင်သွင်းခဲ့ သော ယာဉ်များသည် လက်ဝဲရစ်မောင်းယာဉ်ကြောစနစ်အတွက် အဆင်ပြေစေရန် ရည်ရွယ်ထုတ် လုပ်ထားသဖြင့် လက်ယာဘက်မောင်း၊ ယာဉ်ကြောများတွင် မောင်းနှင်ရသောအခါ ၂လမ်းမောင်း သွားလမ်းများတွင် ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်သောအခါ မျက်နှာချင်းဆိုင်မှ မောင်းလာ သောယာဉ်အား တိုက်မိပြီး မတော်တဆ Car Accident များနေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။ ယာဉ်မောင်းနေရသည့်ဘက်နှင့် စတီရာတိုင်ရှိသည့်ဘက် အံ့မဝင်သောကြောင့်ဖြစ်သည်။

    ထိုပြဿနာကိုဖြေရှင်းနိုင်ရန် နောက်တင်သွင်းမည့်ယာဉ်များကို လက်ယာဖက်အခြမ်း မောင်းစနစ်နှင့် အံ့ဝင်ခွင်ကျဖြစ်စေမည့် စတီရာတိုင်(Steering) ဘယ်အခြမ်းတတ် ယာဉ်များကိုသာ နိုင်ငံအတွင်းတင်သွင်းသင့်ပါသည်။ လက်ဝဲဘက်၊ လက်ယာဘက်မောင်းသည့် စနစ်အား ရုတ်တရက်ပြောင်းလဲဖို့ရန်ကား စိန်ခေါ်မှု့များ၊ အဆင်မပြေမှု့များစွာ ရှိနိုင်ပါသည်။

    မဟာရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများရှိ လူကူးမျဉ်းကျားများတွင်ပင် ခရီးသည်များ သည် လမ်းဖြတ်ကူးရန်၊ ကားများကိုယာဉ်ကြောပြတ်သည်အထိ စောင့်ဆိုင်းနေရပါသည်။ ယာဉ် အသွားအလာကျဲသွားမှ လမ်းဖြတ်ကူးရသည့် ဒုက္ခကို နေ့စဉ်နှင့် အမျှရင်ဆိုင်ရပါသည်။ အင်္ဂလန်နိုင်ငံလို နေရာမျိုးကို စာရေးသူရောက်ခဲ့စဉ် အရှိန်နှင့်လာသောကားများသည် ခရီးသည် များ လမ်းဖြတ်ကူးမည်ကို မြင်သောအခါ ရပ်တန့်ပေးကြပါသည်။ ကျောင်းသားလေးတစ်ဦး လူကူးမျဉ်းကျားအနီးရှိ Bell ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် ကားများ အရှိန်လျော့ကာ လမ်းဖြတ် ကူးသူများကို ဦးစားပေးသည့် ယဉ်ကျေးမှု့မှာ မှတ်သား ဂုဏ်ယူဖွယ်ရာကောင်းလှပါသည်။

    ယနေ့ ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု ယာဉ်တန်းရှည်ကြီးများ ဖြစ်ပေါ်ကာ ကားများက “လိပ်သွား သွားနေမှု့” လမ်းခရီးများတွင်ပင် တန်ဖိုးရှိအချိန်များဆုံးရှုံးကာ ရုံးဆင်း၊ရုံးတက် အလုပ်သွား၊ အလုပ်ပြန်၊ကျောင်းတက်၊ကျောင်းဆင်း စသည်တို့ နောက်ကျမှု့တို့ကြောင့် စိတ်ဖိစီး မှု့များကို နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ရန်ကုန်မြို့နေ ပြည်သူလူထုကြီး ထိုရင်ဆိုင်ကြုံတွေ့ နေရသော စိန်ခေါ်မှု့များကို လျော့နည်း၊လျော့ပေါ့သွားစေရန် ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့လိုပါသည်။ ဥပမာ- ယာဉ်မောင်းများအနေဖြင့် လူကူးမျဉ်းကြားအနီး၊ မီးပွိုင့်များအနီး၊ သင်္ဘောဆိပ်များ၊ မီးရထားဘူတာရုံများအနီး လူစည်ကားသည့် ဈေးများ၊ ကျောင်းများအနီးတွင် ခရီးသည် အတင်အချကို အချိန်ကြာမြင့်စွာ လုပ်နေခြင်း၊ အငှားယာဉ်များ အနေဖြင့် ထိုနေရာများတွင် ခရီးသည်ရရန်၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း စသည်တို့ ကင်းဝေးပပျောက်သွားစေရန် CCTV- ကင်မရာများကို လုံလုံ လောက်လောက် အသုံးပြုကာ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများကို ပညာပေးကာလများ ကန့် သတ်၍ အရေးယူ အပြစ်ပေးခြင်းများကို ပြုလုပ်ရပေမည်။

     

    ပုံမှန်ညာဘက် ယာဉ်ကြောမှ မောင်းနှင်နေသောကားများကို ကွေ့ကြောပေးလိုပါက ညာ ဖက်လမ်းများရှိရာဖက်သို့သာ ကွေ့ကြောပေးသင့်ပါသည်။ အကယ်၍ ညာဘက်ယာဉ်ကြော အတိုင်း မောင်းလာနေသော ကားတစ်စီးသည် အကြောင်းကြီး၊ငယ်၊ကိစ္စတစ်စုံတစ်ခုကြောင့် ဘယ် ဘက်အခြမ်းရှိ လမ်းချိုးများကို ချိုးကွေ့လိုက်လျှင် နောက်မှကပ်ပါလာသော ကားနဲ့ဖြစ်စေ၊ မျက်နှာ ချင်းဆိုင်ယာဉ်ကြောမှ မောင်းလာသော ကားနဲ့ ဖြစ်စေ ရှောင်တိမ်း ကျော်ဖြတ်ရင်း ယာဉ်ကြော ပိတ် ဆို့မှု့ ပြဿနာကို ကြိမ်ဖန်များစွာ ဖြစ်စေနေပါသည်။ ထို့ကြောင့် ၂ လမ်းမောင်းစနစ်ခွင့်ပြုထားသည့် ယာဉ်ကြော၌ ကွေ့ကြောကို ညာဖက်အခြမ်းရှိ လမ်းတို၊ လမ်းရှည်များအတွက်သာ ရည်ရွယ်၍၊ ညာဖက်ကွေ့ကြောမောင်းနှင်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။

    ထို့အပြင် ခရီးသွားလူထုများ၊ အသွားအလာကျဲသည့်၊ အသွားအလာနည်းသည့်၊ ယာဉ်ကြောများရှိရာဖက်တွင် တစ်လမ်းမောင်းစနစ်ယာဉ်ကြောကို သတ်မှတ်သင့်ပါသည်။ အဝိုင်း ပတ်လမ်းများရှိရာနေရာမျိုးတွင် မီးပွိုင့်များထားခြင်းသည် ယာဉ်အသွားအလာကိုပို၍ ထူထပ်များ ပြားစေပြီး ယာဉ်ကြောပိတ်ဆို့မှု့ကို ဖန်တီးပေးသလို ဖြစ်စေပါသည်။

    ရုံးချိန်၊ ကျောင်းဆင်း၊ ကျောင်းတက်ချိန်များတွင် ပင်မလမ်းမကြီး (Main Road)များပေါ် တွင် ရပ်တန့်နေသော ကားမှန်သမျှကို အချိန်တို အကန့်အသတ်တစ်ခုပေးကာ ခွင့်ပြုပေးပြီး သတ်မှတ်ချိန်ကျော်လွန်သွားပါက Video Camera များဖြင့်ပါ မှတ်တမ်းတင်စေပြီး ကျူးလွန်သူများ ကိုအရေးယူ အပြစ်ပေးသင့်ပါသည်။

    မည်သို့ပင်ဆိုစေ ရန်ကုန်မြို့နေ ပြည်သူအများစုကြီးသည် YBS ယာဉ်များကိုသာ အားကိုးပြီး စီးနေရသူများဖြစ်၍ စာရေးသူ အကြံပြုသည့်အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ပါက ယာဉ်ကြော ပိတ်ဆို့မှု့များသည် အတိုင်းအတာတစ်ခုထိ လွယ်ကူပြေလည်သွားမည်ကို ထင်မြင်မိပါကြောင်း အကြံပြုလိုပေသည်။

    ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု့ အာဏာပိုင်အဖွဲ့ (YRTA) က YBS ယာဉ်လုပ်သားများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖောက်ဖျက်မှု့နှင့် သတ်မှတ်ထား သည့် စည်းကမ်းများ၊ မလိုက်နာခြင်းများကို YBS Complain Center ဖုန်း ၀၉-၄၄၉၂၁၆၅၇၈ ကို ဆက်သွယ်တိုင်ကြားနိုင်ခြင်းသည်လည်း ယာဉ်ကြောပိတ်ဆို့မှု့ကို ကူညီဖြေရှင်းရာတွင် အပေါင်း လက္ခဏာဆောင်သော လုပ်ဆောင်ချက် တစ်မျိုးပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ပျက်စီးနေသော စိတ်ဓာတ်များ၊ အကျင့်စရိုက်များကို အများပြည်သူလူထု အကျိုးကို မျှော်ကိုး၍ မိမိတို့ ကိုယ်တိုင်က စတင်ပြီး နည်းမှန်၊ လမ်းမှန် ပြုပြင်ကြပြီး အခက်အခဲဟူသရွေ့ကို ဝိုင်းဝန်းဖြေရှင်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T )

     

  • ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    မလအွန် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တစ်ဦး

    – ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားရာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က မိမိကိုယ်ကို သတ်သေနှုန်း မြင့်မားနေတဲ့ စခန်းတွေမှာ အနာဂတ်မဲ့စွာ နေထိုင်နေရပါတယ်။ တတိယနိုင်ငံတွေမှာ နေရာချထားပေးရေး မျှော်လင့်ချက်တွေ ကျဉ်းမြောင်းလာခဲ့တာကြောင့် တစ်ချို့တွေက မြန်မာနိုင်ငံကို ပြန်သွားနေကြပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းရေးမှာ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။

    ဒုက္ခသည် တစ်သောင်းလောက်ရှိတဲ့ မယ်လအွန်ဒုက္ခသည်စခန်းမှာ မီးစက်နဲ့ တစ်ညကို တစ်နာရီလောက်သာ ဓာတ်အားလွှတ်ပေးပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွန်ပျူတာဆရာ နေကောထူးတစ်ယောက် မီးရတဲ့အချိန်အများစုကို ဖုန်းအာသွင်းတာ၊ သူနှစ်သက်တဲ့အဆိုတော် ဘရူနိုမားစ်ရဲ့သီချင်း နားထောင်တာတွေ လုပ်လေ့ရှိပါတယ်။ ဒုက္ခသည်စခန်းကနေ လွတ်မြောက်ရင် ကွန်ပျူတာပညာရှင်တစ်ယောက်၊ ဒါမှမဟုတ် ပရိုဂရမ်မာတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေလည်း သူ့မှာ ရှိနေပါတယ်။

    ကရင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြေင့် မြန်မာနိုင်ငံအရှေ့ပိုင်းက ဒုက္ခသည် တစ်သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သူတို့ထဲကအများစုဟာ ထိုင်းမြန်မာနယ်စပ်က စခန်း ၉ ခုမှာ နေထိုင်နေရတာပါ။

    နေကောထူးဟာ တတိယနိုင်ငံတစ်ခုမှာ ခိုလှုံ့ခွင့်ရဖို့ စောင့်နေတာ ၃ နှစ်လောက်ရှိပါပြီ။ ဒါပမယ့် သူ့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ ကုလဒုက္ခသည်များအေဂျင်စီ UNHCR က ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချနိုင်ဖို့ စာရင်းသွင်းမှုကို ၂၀၁၄ ခုနှစ်မှာ ရပ်နားလိုက်ပြီးနောက်ပိုင်း သူဟာ ထိုင်းနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

    အမေရိကန်မှာ အခြေချရေးဆိုတဲ့ အိပ်မက်နဲ့ နေကောထူးတစ်ယောက် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပေမယ့် စခန်းထဲက တစ်ချို့ကတော့ မျှော်လင့်ချက်မဲ့မှုတွေသာ ပိုမိုတိုးလာခဲ့ပါတယ်။ နယ်စပ်မှာ အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒုက္ခသည် ၂၈ ဦးဟာ မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး ၆၈ ဦးကလည်း အဲဒီလို သတ်သေဖို့ ကြံစည်ခဲ့တယ်လို့ နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ (IOM) ရဲ့ လေ့လာမှုက ပြသနေပါတယ်။

    ထိုင်းနိုင်ငံက IOM အဖွဲ့အကြီးအကဲ ဒါနာ ဂရာဘာရ် လာဒက်က ဒီနှုန်းဟာ ကမ္ဘာ့ပျမ်းမျှ မိမိကိုယ်ကို သတ်သေမှုနှုန်းထက် ၃ ဆလောက်ရှိတယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ နှစ်ဖက်မိသားစုက တော်တော်လေး ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ပိုးသတ်ဆေးတွေသောက်ပြီး အဆုံးစီရင်ခဲ့ပါတယ်။

    “တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ” လို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ ဂရာစီယာ ဖဲလ်မက်သ်က ပြောပါတယ်။

    သူမဟာ အဲဒီဇနီးမောင်နှံက အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ကို အခင်းမဖြစ်ပွားခင် ၂ ရက်အလိုမှာ တွေ့ခဲ့သူပါ။

    အောက်စဖို့ဒ်တက္ကသိုလ်က ပီအိခ်ျဒီကျောင်းသူ ဖဲလ်မက်သ်တစ်ယောက် ဒုက္ခသည်စခန်းအတွင်း ၂ နှစ်ကြာ သုတေသနတွေအရ အမျိုးသမီးတွေ မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်ပိုင်း ဖြစ်ပွားတတ်တဲ့ စိတ်ကျရောဂါလိုမျိုး စိတ်ကစဥ့်ကလျား ဖြစ်စဉ်တွေဟာ ဒုက္ခသည်အမျိုးသမီးတွေကြားမှာ တိုးလာနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ သူမကတော့ ဒီလို စိတ်ရောဂါတွေ ဖြစ်နေကြောင်း စောစောစီးစီးသိတာဟာ မိမိကိုယ်ကိုသတ်သေမှုကို တားဆီးဖို့အတွက် သော့ချက်တစ်ခုဖြစ်ပြီး အသက်ရွယ်၊ လိင်အလိုက် ထောက်ပံ့ကူညီရေးအဖွဲ့တွေကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

    မယ်လစခန်းက အမည်မဖော်လိုတဲ့ အခြား အကြံပေးတစ်ဦးကလည်း ဒုက္ခသည်စခန်းတွေအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆိုးဆိုးဝါးဝါး အားနည်းနေပြီး အထူးသဖြင့် လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူမျိုးမရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

    အမျိုးသမီး တော်တော်များများက သူတို့ဟာ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေကြောင်း၊ တစ်ချို့ကတော့ ကရင်ပြည်နယ်ကို အတင်းပြန်ပို့ခံရမှာ ကြောက်နေကြောင်း ဖဲလ်မက်သ်ကို ပြေကြားခဲ့ပါတယ်။ စစ်ပွဲအနိဌာရုံတွေကြောင့် တွယ်တာစရာမိသားစု၊ ပိုင်ဆိုင်ရာမြေယာတွေ မရှိတော့အတွက်အကြောင့် မပြန်ချင်သူတွေလည်း ရှိနေပါတယ်။

    နယ်စပ်မှ မသေချာမှုများ

    မယ်လအွန်ဒုက္ခသည်စခန်းရဲ့ အစိတ်အပိုင်းတွေက ရွာတွေလိုဖြစ်နေပြီး အိမ်တွေကို ၀ါးဓနိတွေနဲ့ ဆောက်လုပ်ထားတာပါ။ လူငယ်အချို့ဟာ မြေပြောင်ပြောင်မှာ နှစ်ဖက်ခွဲကာ ပိုက်တားပြီး ကြိမ်လုံးတစ်လုံးကို ခတ်နေကာ ဘေးမှာလည်း လူတွေက ၀ိုင်းကြည့်နေကြပါတယ်။ ဒီကစားနည်းကို ‘ခြင်းလုံးခတ်တယ်’ လို့ခေါ်ပြီး အနု
    ပညာပုံစံတစ်ခုအဖြစ်လည်း မှတ်ယူကြပါတယ်။

    ထိုင်းမှာ ဒုက္ခသည်တွေဟာ အလုပ်လုပ်ခွင့်မရှိပါဘူး။ တစ်ချို့ဆိုရင် သီးခြားဖြစ်နေတဲ့ ဒုက္ခသည်စခန်းကနေ ထွက်ခဲပါတယ်။

    “တရားမ၀င်အလုပ်လုပ်ရင် ထိုင်းအာဏာပိုင်တွေက ကျွန်မကိုဖမ်းပြီး ထောင်ထဲ ထည့်လို့ရပါတယ်” လို့ ထမင်းချက်ဖို့ ဆန်ဆေးနေတဲ့ ကော်ကေပေါက ပြောပါတယ်။ မယ်လအွန် ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သူမဟာ အသက် ၂၀ အရွယ်ရောက်နေပေမယ့် ပြင်ပကမ္ဘာနဲ့ ထိတွ့ဆက်ဆံဖူးခြင်း မရှိသေးပါဘူး။

    အသက် ၂၄ နှစ်အရွယ် စောကူဒဟ်ကတော့ လူငယ်တွေကို စိတ်ပျက်စေတာက နေ့စဉ်နေ့တိုင်း တစ်ပုံစံတည်း ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေက ဦးစီးဖွင့်လှစ်ထားတဲ့ ပညာဒါန ကျောင်းလေးတွေမှာ စာသင်ပြီးသွားရင် ဘာလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး လူငယ်တွေမှာ မရှိပါဘူး။

    ပြန်လည်နေရာချထားရး အစီအစဉ် ရပ်တန့်သွားတာကြောင့် တစ်ချို့ဒုက္ခသည်တွေက မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ UNHCR အကူအညီနဲ့ ပထမဆုံး နေရပ်ပြန်ပို့မှုအတွင်း ဒုက္ခသည် ၇၁ ဦးဟာ သူတို့ဆန္ဒအလျောက် အိမ်ပြန်ခဲ့ကြပါတယ်။

    လက်နက်ကိုင်အုပ်စုတွေက ၂၀၀၅ ခုနှစ်မှာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ ငြိမ်းချမ်းတယ်လို့ ပြောနိုင်ပေမယ့် ပြန်ရောက်လာတဲ့အရေအတွက်က သိပ်ပြီး များများစားစား မရှိပါဘူး။ ကရင် လူ့အခွင့်အရေးအဖွဲ့က စောဝေလေးကတော့ ငြိမ်းချမ်းရေးဟာ အာမခံချက်မရှိဘူးလို့ ဆိုပါတယ်။

    “ဒုက္ခသည်တွေပြန်လာဖို့ဆိုတာဟာ စစ်မက်ဇုန်မဖြစ်တော့တာနဲ့ ဆက်စပ်နေပါတယ်။ အစိုးရတပ်ဖွဲ့တွေ၊ စခန်းတွေဟာ ကရင်ဒေသမှာ ဆက်ရှိနေတုန်းပါပဲ”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်းမှာ စစ်တပ်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကရော မြေမြှုပ်မိုင်းတွေကို ထင်သလို ချထားမှုကြောင့် ကရင်ပြည်နယ်မှာ မိုင်းတွေကလည်း ပြန့်ကျဲနေပါတယ်။

    ဒုက္ခသည်စခန်းကနေ ပြန်ရောက်လာသူတွေ ကြုံတွေ့ရမှုကို စောင့်ကြည့်နေတဲ့ KHRG က လူတစ်ချို့ဟာ လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    “ပြန်လာလိုက်တာကောင်ပါတယ်” လို့ စောဘီလို့သာ အမည်ပြောတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ဇနီးနဲ့အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ပြန်ရောက်လာမှုအကြောင်း KHRG ကို ပြောပါတယ်။ နိုဟ်ပိုး ဒုက္ခသည်စခန်းမှာ အထောက်အထားမဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက် သူတို့ဟာ နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ရရှိခဲ့ပါတယ်။

    “လူတစ်ယောက်ဟာ နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်” လို့ စောဘီက ဇွန်န၀ါရီမှာ KHRG ကို ပြောပါတယ်။

    ဒါပေမယ့် အလုပ်ရှာလို့မရတာကြောင့် UNHCR က ပေးတဲ့ အကူအညီနဲ့ပဲ သူတို့ဟာ ရပ်တည်နေကြပါတယ်။

    “ဒီမှာ အရင်ကတည်းက နေလာကြတဲ့ ရွာသားတွေက ကျွန်တော်တို့ကို ခွဲခြားဆက်ဆံချင်တဲ့ပုံပဲဗျ။ အလုပ်ရှိတယ်ုဆိုရင် ကျွန်တော်တို့ကို မပြောချင်တာမျိုး၊ မရစေချင်တာမျိုး ရှိနေတယ်”

    မြေနဲ့ အခြားအကူအညီတွေ ရရှိပေမယ့် ဒုက္ခသည်စခန်းကနေ ပြန်လာသူတွေက ရေ၊ ကျောင်းတက်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလို အခြားအရာတွေ မရဘူးလို့ KHRG ကို ပြောပါတယ်။ အလုပ်နဲ့ အခြားဝန်ဆောင်မှုတွေလို အခွင့်အလမ်းမျိုးတွေ မရဘဲနဲ့ ဒုက္ခသည်တော်တော်များများဟာ ပြန်လာနိုင်မှာမဟုတ်ဘူးလို့ စောဝေလေးက ပြောကြားခဲ့ပါတယ်။ တွေ့ကြုံခံစားခဲ့ရတာတွေက စိတ်ထဲစွဲထင်နေတာကြောင့် ဘယ်တော့မှ ပြန်မလာဘူးလို့ တစ်ချို့ဒုက္ခသည်တွေက ပြောခဲ့ကြပါတယ်။

    ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုကွန်ယက်က ရှာမူးက လူတွေ အစုလိုက်ပြန်လာဖို့အတွက် ကရင်ရွာတွေရဲ့အခြေအနေဟာ မလုံလောက်သေးဘဲ လက်ရှိ စခန်းအတွင်း အကူအညီတွေ ဖြတ်တာက်ထားမှုဟာ ဒုက္ခသည်တွေ အဆင်သင့်မဖြစ်သေးခင် ကရင်ပြည်နယ်ကို ပြန်ဖို့အတွက် ဖိအားဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Newsdeeply

    (Refugees Deeply တွင် ဖော်ပြထားသည့် Karen Refugees Wary of Return to Myanmar as Despair Rises in Camps ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – ခေါင်းဆောင်းပုဝါကို အဓမ္မဆွဲချွတ်မှုအတွက် ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည့် ကယ်လီဖိုးနီးယားမှ မွတ်စလင်အမျိုးသမီးတစ်ဦးကို တရားရုံးက အနိုင်ပေးလိုက်ပြီး အစိုးရက နစ်နာကြေး ဒေါ်လာ ၈၅၀၀၀ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

    ကီရ်စတီ ပါဝဲလ်ဆိုသည့် မွတ်စလင်အမျိုးသမီးမှာ ပြီးခဲ့သည့်နှစ်က သူမ၏ ခင်ပွန်းနှင့်အတူ ခရီးသွားနေစဉ် ခွင့်မပြုသည့် ကားကို စီးနင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပါဝဲလ်မှာ ခရီးသည်သာဖြစ်သော်လည်း သူမ၏နာမည်ပါ ဖမ်းဝရမ်းတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

    ဇနီးအတွက် ရဲမေက ကိုင်တွယ်ဆောင်ရွက်ရန် ပါဝဲလ်၏ခင်ပွန်းက တောင်းဆိုခဲ့သော်လည်း ရဲများက လက်မခံခဲ့ဘဲ ခေါင်းဆောင်းပုဝါကို အတင်းအဓမ္မ ဆွဲချွတ်ခဲ့သည်။ ရဲစခန်းတွင် တစ်ညတာ နေထိုင်နေရသည့် ပါဝဲလ်မှာ ရဲတပ်ဖွဲ့အနေဖြင့် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟုဆိုကာ နောက်ပိုင်းတွင် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

    ရဲတပ်ဖွဲ့က ခေါင်းဆောင်းပုဝါမပါသည့် ဓာတ်ပုံကို လိုချင်သည့်အတွက် ပုဝါကို ဆွဲချွတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ တရားရုံးဖိုင်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်က ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့်ကို ပိတ်ပင်ရာရောက်ပြီး ကီရ်စတီ ပါဝဲလ်မှာ အရှက်ရမှု၊ စိတ်မသက်မသာဖြစ်မှု၊ စိတ်ဓာတ်ကျဆင်းမှုကို ခံစားခဲ့ရသည်ဟု ဖော်ပြထားသည်။

    တရားရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ပါဝဲလ်အား အနိုင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘီခ်ျမြို့အနေဖြင့် ပါဝဲလ်ကို နစ်နာကြေး ကန်ဒ်ါလာ ၈၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    အမေရိကန်တွင် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့က ထိုဆုံးဖြတ်ချက်အတွက် စိတ်သက်သာရသည်ဟု ပြောကြားခဲ့ပြီး၊ အခြေခံဥပဒေက အပ်နှင်းထားသည့် ရပိုင်ခွင့်ကို ကာကွယ်ခဲ့သည့်အတွက်လည်း ပါဝဲလ်ကို ချီးကျူးခဲ့သည်။

    Ref: CNN