News @ M-Media

Blog

  • ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ လှရွှေ(ခ) အင်နာမွလ္လာခန်း (ဒုအရာခံဗိုလ် တပ်မတော်ရေ)

    ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ လှရွှေ(ခ) အင်နာမွလ္လာခန်း (ဒုအရာခံဗိုလ် တပ်မတော်ရေ)

    လက်ဝှေ့ပွဲပေါင်း ၂၂၇ ပွဲ ယှဉ်ပြိုင်ခဲ့ရာ အနိုင်ပွဲ ၂၀၄ ပွဲ နှင့် ရှုံးပွဲ ၂၃ ပွဲရှိသည်။

    တပ်မတော် လက်ဝှေ့ကော်မတီ၏ လက်ဝှေ့ နည်းပြနှင့် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချူပ်၏ ဒိုင်လူကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၆၀ ပြည့်နှစ်က မြန်မာပြည်ချန်ပီယံ နှင့် ကြည်း၊ရေ၊ လေ ချန်ပီယံဆုရခဲ့သည်။

    ၁၉၆၂ ခုနှစ်က ဒုတိယ ကျွန်းဆွယ်အားကစားပြိုင်ပွဲ လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

    ၁၉၆၉ ငါးကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရရှိခဲ့သည်။

    အိန္ဒိယ-မြန်မာ၊ ပါကစ္စတန်-မြန်မာ ပြိုင်ပွဲများတွင်လည်း ပထမရခဲ့သည်။

    ကြည်း၊ ရေ၊ လေ အကောင်းဆုံးဆုများ ဆွတ်ခူးရရှိခဲ့သည်။

    ကိုးကား-၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်

  • ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၄ ခုကို ဆော်ဒီပြဌာန်း

    ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၄ ခုကို ဆော်ဒီပြဌာန်း

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ တရားရေးဝန်ကြီးဌာနမှာ ပြီးခဲ့သည့် ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက် ၄ ခုကို အတည်ပြုခဲ့သည်ဟု ဆော်ဒီနေ့စဉ်ထုတ်သတင်းစာ Okaz က ဖော်ပြခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်များမှာ ကလေးများ၊ မုဆိုးမများ၊ တစ်ခုလပ်များနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်၊ သားသမီးများကို အမျိုးသမီးများက အုပ်ထိန်းခွင့်ရရေး၊ ဥပဒေဘွဲ့ ရရှိထားသော်လည်း အမျိုးသား ရှေ့နေများကြောင့် လုပ်ငန်းခွင်ဝင်၍ မရသည့် အမျိုးသမီးများနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ ဖြစ်သည်။

    ဥပဒေပြုရေး တာဝန်ရှိသူများမှာ အသက် ၁၇ နှစ်အောက် အမျိုးသမီးများ လက်ထပ်မှုကို ကန့်သတ်သည့် ကိစ္စကဲ့သို့ တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ၁၀ ခုကိုလည်း အတည်ပြုခဲ့သည်။ တစ်ခုလပ်အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများကို ၎င်းတို့၏ ခင်ပွန်းဟောင်းက အချိန်မီ အိမ်ထောင်စားရိတ်မပေးလျှင် အစိုးရက စိုက်ထုတ်ပေးထားနိုင်မည့် ရန်ပုံငွေအဖွဲ့တစ်ခုကို ဆော်ဒီကက်ဘိတ်က ဖွဲ့စည်းပေးခဲ့သည်။

    ဗဟိုတရားရုံးချုပ်ကလည်း သာသမီးများအား မိခင်က အုပ်ထိန်းပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့သည်။

    ဆော်ဒီ၌ ဥပဒေဘွဲ့ရ ကျောင်းသူများမှာ အလုပ်ရှာမရခြင်း၊ အချို့ရှေ့နေများထံတွင် အလုပ်သင်အဖြစ် ဆောင်ရွက်ရာ၌ ခေါင်းပုံဖြတ်ခံရခြင်းတို့ ရှိနေပြီး တရားရေးဝန်ကြီးဌာနက ၃ နှစ်တက်ရမည့် ဒီပိလိုမာသင်တန်းတစ်ခုကို အတည်ပြုခဲ့ပြီး ထိုသင်တန်းပြီးဆုံးပါက ရှေ့နေလိုင်စင် တန်းရမည်ဖြစ်သည်။

    Ref: Alarabiya

  • စူပါဖလားအနီကဒ်ကြောင့် ရော်နယ်ဒို ၅ ပွဲပယ်ခံရ

    စူပါဖလားအနီကဒ်ကြောင့် ရော်နယ်ဒို ၅ ပွဲပယ်ခံရ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့က ကစားခဲ့သည့် စပိန်စူပါဖလားတွင် ရရှိခဲ့သော အနီကဒ်အတွက် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ဘာစီလိုနာအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ထိုပွဲတွင် ဒုတိယပိုင်းမှာ လူစားဝင်ခဲ့ရသော်လည်း ရော်နယ်ဒိုမှာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းပြီးနောက် အင်္ကျီချွတ် အောင်ပွဲခံသောကြောင့် တစ်ဝါပြခံခဲ့ရသည်။ ထို့နောက် ပွဲပြီးရန် ၈ မိနစ်အလိုတွင် ဟန်ဆောင်လှဲချသည်ဆိုဟာ ဒိုင်လူကြီးက ဒုတိယမြောက်အ၀ါပြ၍ ထုတ်ပယ်ခဲ့သည်။

    ၂ ၀ါတစ်နီအတွက် တစ်ပွဲသာ ပယ်ခံခဲ့ရသော်လည်း အနီကဒ်အပြခံရပြီးနောက် ဒိုင်လူကြီးအား ရော်နယ်ဒိုက တွန်းခဲ့သည့်အတွက် ၄ ပွဲ ထပ်မံပယ်ခံခဲ့ရသည်။

    အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်ရန် ၁၀ ရက်အချိန်ရပြီး ရီးယဲလ်နည်း ဇီဒိန်းကလည်း အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် ရော်နယ်ဒိုမှာ စက်တင်ဘာ ၂၀ ရက်နေ့ ရီးယဲလ်ဘက်တစ်နှင့် ကစားမည့်အချိန်အထိ လာလီဂါပွဲများတွင် ပါဝင်ကစားခွင့် ရမည် မဟုတ်ပေ။

    ယခု အနီကဒ်မှာ ရော်နယ်ဒို၏ ကစားသမားဘ၀တစ်လျှောက် ၁၀ ကြိမ်မြောက် အနီကဒ်ဖြစ်သည်။

    Ref : BBC

  • တူနီးရှားတွင် ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    တူနီးရှားတွင် ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဓာတ်အားတွေကို နိုင်ငံရပ်ခြား တင်ပို့နိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တူနီးရှားမှာ တည်ဆောက်တော့မယ်လို့ သိရပါတယ်။

    ဓာတ်အား ၄.၅ ဂီဂါဝပ် ထုတ်ပေးနိုင်မယ့် အဲဒီစက်ရုံကို နိုင်ငံမြောက်ပိုင်းက ဆဟာရ သဲကန္တာရမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဗြိတိသျှလုပ်ငန်း TuNur Limited ဟာ ဒီအတွက် တူနီးရှားအစိုးရဆီကနေ လုပ်ပိုင်ခွင့်ကျဖို့ စောင့်ဆိုင်းနေပါတယ်။

    TuNur စီအီးအို ကီဗင်ဆာရာက အခု လျာထားတဲ့နေရာဟာ ဥရောပအလယ်ပိုင်းကထက် နေစွမ်းအင်သုံး ဓာတ်အား ၂ ဆလောက် ထွက်မှာဖြစ်ပြီး ကာဘွန်ကင်းစင်တဲ့ ဓာတ်အားအတွက် ဥရောပရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီနေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ ဥရောပက အိမ်ပေါင်း ၅ သန်းလောက်နဲ့ လျှပ်စစ်ကား ၇ သန်းလောက်ကို ဓာတ်အားထောက်ပံ့နိုင်မှာဖြစ်ပြီး ရေအောက်ကေဘယ်ကြိုးတွေနဲ့ သွယ်တန်းမှာ ဖြစ်ပါတယ်။

    ဓာတ်အား မီဂါဝပ် ၂၅၀ ထုတ်လုပ်နိုင်မယ့် ပထမအဆင့်အတွက် ယူရို ၁.၆ ဘီလီယံ ကုန်ကျကာ ၂၀၂၀ မှာ ပြီးစီးဖို့ ရည်ရွယ်ထားပါတယ်။

    ဒီနေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကထွက်တဲ့ ဓာတ်အားကို မော်လ်တာ၊ အီတလီနဲ့ ပြင်သစ်တို့ကို တင်ပို့သွားဖို့ တူနီရှားက ရည်ရွယ်ထားပြီး ဥရောပရဲ့ စွမ်းအင်ကဏ္ဍမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Alarabiya

  • မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု

    မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဘုရင်မင်းမြတ် ဆူလ်တန် အီဗရာဟင် အစ္စမာအီလ်၏ ဒုတိယမြောက် မင်းသမီး တွန်ကူ တွန် အေမီနာဟ် မိုင်မွန်နာဟ် အစ္စကန်ဒရီယာဟာ နယ်သာလန်သား ဒန်းနစ် မိုဟာမက် အဘ်ဒူလာနဲ့ မနေ့က လက်ထပ်ခဲ့ပါတယ်။

    အသက် ၂၈ နှစ်အရွယ်ရှိပြီး ၂၀၁၅ ခုနှစ်က အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်ခဲ့တဲ့ ဒန်းနစ်ဟာ မော်ဒဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ စင်ကာပူက ဘောလုံးအသင်းတစ်ခုမှာ ဈေးကွက်ဆိုင်ရာ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။

    မင်းသမီးကတော့ အသက် ၃၁ နှစ်အရွယ် ရှိနေပြီး ဆူလ်တန် အီဗရာဟင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။

    မင်္ဂလာအခမ်းအနားကို ဘုရင့်နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်တော်ပေါင်း ၁၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

    ဂျိုဟိုးပြည်နယ်ဘုရင်ဟာ မလေးရှားနိုင်ငံမှာ သြဇာညောင်းတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်လည်းရှိကာ မလေးရှားမှာ တစ်ခုတည်းသော ကိုယ်ပိုင်စစ်တပ်ရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။

    Ref: BBC