News @ M-Media

Blog

  • အမေရိကန်တစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိနေပြီဟု မြောက်ကိုရီးယား သတိပေး

    အမေရိကန်တစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိနေပြီဟု မြောက်ကိုရီးယား သတိပေး

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    – ယမန်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည်မှာ အမေရိကန်အတွက် ‘ပြင်းထန်သော သတိပေးချက်’ ဖြစ်ပြီး အမေရိကန်တစ်ခုလုံးကို မိမိတို့က တိုက်ခိုက်နိုင်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    Hwasong-14 ဟုအမည်ပေးထားသည့် အဆိုပါဒုံးကျည်မှာ ပျံသန်းချိန် ၄၇ မိနစ်ရှိပြီး အမြင့် ၃၇၂၄ ကီလိုမီတာ (၂၃၀၀ မိုင်) သို့ ရောက်ရှိခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့ကလည်း မြောက်ကိုရိးယားမှာ အဆိုပါဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယခုစမ်းသပ်မှုမှာ ၃ ပတ်အတွင်း ပထမဆုံး ဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါပစ်လွှတ်မှုမှာ မြောက်ကိုရီးယားအစိုးရ၏ အဆင်ခြင်မဲ့သော၊ အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံက ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သော်လည်း ပါဝင်ပတ်သက်သူ အားလုံးအနေဖြင့် ထိန်းချုပ်ရမည်ဖြစ်ပြီး တင်းမာမှုများ မြင့်တက်မည့်အနေအထားကို ရှောင်ကျဉ်ရမည်ဟု ပြောကြားခဲ့သည်။

    “အမေရိကန်ပြည်မကြီးရောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိပြီဆိုတာကို ဒီ စမ်းသပ်မှုက သက်သေပြလိုက်တာပါပဲလို့ ခေါင်းဆောင်ကြီးက ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်” ဟု မြောက်ကိုရီးယား သတင်းဌာနက ကြေငြာခဲ့သည်။

    ဂျပန်ပင်လယ်ပြင်သို့ ကျသွားခဲ့သည့် မြောက်ကိုရီးယား၏ ထိုစမ်းသပ်မှုကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်များက မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်စနစ်ကို ကျည်အစစ်အများအသုံးပြုကာ ပစ်ခတ်လေ့ကျင့်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: BBC

  • “လူမျိုးဘာသာ ခွဲခြားကာ ပြည်သူအား ပညာပြနေသည့် လဝက ဌာနဝန်ထမ်းများ ပြုပြင်စရာများ”

    “လူမျိုးဘာသာ ခွဲခြားကာ ပြည်သူအား ပညာပြနေသည့် လဝက ဌာနဝန်ထမ်းများ ပြုပြင်စရာများ”

     

    အရပ်သားအစိုးရလက်ထက်တွင် လူဝင်မှု့ကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာ အများအခေါ် လ၀ကဌာန ၀န်ထမ်းများအနေဖြင့် နဝတ စစ်အစိုးရ နအဖ စစ်အစိုးရ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်နှင့် ယခု NLD အရပ်သားအစိုးရလက်ထက်တွင် လူတိုင်း အိမ်တိုင်း အခြေအနေ အချိန်အခါပေါ် မူတည်၍ မဖြစ်မနေ မသွားမနေရ လုပ်ကိုင်ဆောင်ရွက် ဆက်ဆံနေရသည့် ဌာနတစ်ခုသည် “လဝက ဌာန”ပင် ဖြစ်သည်။ပြည်သူများထံမှ ပေါ်ပေါ်တင်တင် ငွေကြေး တောင်းခံခြင်းတို့ကြောင့် အစိုးရဝန်ကြီးဌာနဆိုင်ရာများတွင် အကျင့်ပျက် ခြစား နည်းပေါင်းစုံဖြင့် လာဘ်ပေး လာဘ်ယူပြုမှု့ကြောင့် ပြည်သူများ အော့နှလုံးနာစိတ်ပျက်ရွံရှာမုန်းတီးလွန်းတာကြောင့် မသွားချင်ဆုံးသော ဌာန တစ်ခုအနေဖြင့် မြန်မာပြည်တွင် နာမည်ဆိုးဖြင့် ထင်ပေါ်ကျော်ကြားလူသိများသော ဌာနတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လဝက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အား “မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသား မိဘ နှစ်ပါးမှ မွေးဖွားသူတစ်ဦးသည် နိုင်ငံသားဖြစ်သည်”ဟု၍ လမ်းညွှန်ခဲ့ဖူးသည်ကို စာရေးသူ မီဒီယာများတွင် ဖတ်ခဲ့ဖူးပါသည်။

    စည်းကမ်းလိုက်နာမှု အားနည်းသည့် ပြုပြင်ရန်စရာ ဆင်ခြင်စရာများနှင့်ပြည့်နှက်နေသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အချက် ၃၀ ပါသည့် ညွန်ကြားချက်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခဲ့ပါသည်။စာရေးသူအနေဖြင့် လက်တွေ့နယ်ပယ်တွင် မတူကွဲပြားဘာသာဝင်များအပါဝင် ပြည်သူလူထုကြီး ရင်ဆိုင်ကြုံတွေ့နေရသော လက်တွေ့ အခက်အခဲအကြပ်အတည်းများကို နံပါတ်စဉ်များ မပြောင်းဘဲ ထပ်မံဖြည့်စွက်ပြီး အစိုးရနှင့်တာဝန်ရှိသူများ သိရှိဖို့ရန် အကြံပေးဖော်ပြလိုက်ပါသည်။

    ၁။ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကို တာဝန်ယူသည့် “လဝက”တိုက်နယ်မှူးများသည် ကာယကံရှင်များ (မှတ်ပုံတင်၊ မွေးတိုး၊သန်ခေါင်စာရင်းစသည်များ)အသစ် ပျောက်ပျက်များ လာရောက် လျောက်ထားသူများ အား တာဝန်ရှိ မြို့နယ်ဦးစီးမှူးများနှင့်တွေ့ဆုံခွင့်မပေးခြင်း။

    ၂။ မြို့နယ်ဦးစီးမှူးများမှလည်း အောက်ချေ လဝက ဝန်ထမ်းများအား အတွေ့မခံရအောင် နှုတ်မိန့် ညွှန်ကြားထား ခြင်း။

    ၃။ ကာယကံရှင်အား အမှု့တွဲပါ အကြောင်းအရာများနှင့် လိုအပ်ချက်များကို သေသေချာချာ ရှင်းလင်းပြသမှုမရှိခြင်း။

    ၄။ ပညာဗဟုသုတနည်းပါးသူများ ရုံးကဏ္ဏသွား ကြောက်တတ်သူ ပြည်သူများကို ချောက်လုံးဟောက်လုံးသုံးခြင်း။တနည်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှု မရှိခြင်း၊

    ၅။ လာရောက် မွေးတိုး သန်းခေါင်စာရင်း မှတ်ပုံတင်လာရောက် လျှောက်ထားသူများအပေါ်(တရုတ်နွယ်ဖွား၊ အိန္ဒိယ နွယ်ဖွားများကို) အထူးကန့်သတ်ရည်ရွယ်ကာ ခွဲခြားဆက်ဆံကာ လူမျိုး၊နှင့် ကိုးကွယ်သည့် ဘာသာအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံနေခြင်း။

    ၆။ ကာယကံရှင်များထံမှ လာဘ်ပေး လာဘ်ယူ တပ်မက် ရယူလိုစိတ်ရှိများပြားနေခြင်း။

    ၇။ ကာယကံရှင်လျောက်လွှာရှင်မှ လဝက ရုံးသို့ စတင်လျှောက်ထားသည့်နေ့အား အမှုတွဲစတင်စာရင်းသွင်းသည့်နေ့ အဖြစ် သတ်မှတ် ရမည်ဖြစ်သော်လည်း မသတ်မှတ်ဘဲထားရှိခြင်း။

    ၈။ အချို့တိုက်နယ်မှူးများမှ ရုံးတွင်းအမှုတွဲများအား မိမိတို့သက်ဆိုင်ရာရုံးများတွင်စာရင်းမသွင်း မှတ်ပုံမတင်ဘဲ ၎င်းတို့၏နေအိမ်များတွင် ထားကာ နေအိမ်တွင် အမှုတွဲတည်ဆောက်နေခြင်း။

    ၉။ အချို့ ရပ်ကျေးကိုင် “လဝက” တိုက်နယ်မှူးများသည် လျောက်ထားသူကာယကံရှင်များ၏ မပြည့်စုံသောအမှုတွဲအား ရုံးတွင်လက်ခံမပေးဘဲ လာရောက်လျှောက်ထားသည့် ကာယကံရှင်ထံပြန်ပေးလိုက်ခြင်း။ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာ စေတနာထားခြင်း အကြံဥာဏ်များပေးခြင်း လမ်းညွှန်မှု့များပေးခြင်း စသည်တို့ကို မပြုလုပ်နိုင်ခြင်း။

    ၁၀။ ယနေ့ IT နည်းပညာခေတ်လို အချိန်မျိုးတွင် ကာယကံရှင်များ၏အမှုတွဲအတွက် လိုအပ်သည့် အထောက်အထားများကို မိမိတို့ လဝက ရုံးဌာနအချင်းချင်း ရုံးစာများ အမြန်ချောပို့များ။Fax များ။ Email စသည့် တို့ကိုသုံး၍ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အချို့လျောက်လွှာရှင်များသည် ပြည်နယ်နှင့်တိုင်းများသို့သွားရောက် ယူဆောင်ပေးရသည့်အတွက် မိမိတို့၏အမှုတွဲများ မလိုအပ်ဘဲ ကြန့်ကြာနေခြင်း။

    ၁၁။ သက်ဆိုင်ရာ လဝကရုံးများ၏ တောင်းခံချက်အရ မိခင် ဖခင် များနှင့်သက်ဆိုင်သည့် လိုအပ်သည့် မှတ်တမ်း အထောက်အထားများကို ထုတ်ပေးရမည့်မြို့နယ်ရုံးများသည် မိမိတို့ရုံးအချင်းချင်း ရုံးစာဖြင့် အပြန်အလှန် ပေးပို့ရမည် ဖြစ်သော်လည်း ကာယကံရှင်များအား ကိုယ်တိုင်သွားရောက်ယူခိုင်းသဖြင့် ကာယကံရှင်များဘက်မှ အချိန်ကုန် ငွေကုန် စိတ်ပမ်းလူပမ်းဖြစ်ရခြင်း။ ကာယကံရှင်မှ ၎င်းစာရွက်စာတမ်းများအား မိမိအတွက် လက်ခံအနေဖြင့် မိတ္ထူကူးယူထားသည့်အတွက် မိမိတို့ လဝက ဌာန၏ စာရွက်စာတမ်း၊ လုံခြုံရေးစည်း ကျိုးပေါက်ရခြင်း။

    ၁၂။ လဝက ဝန်ထမ်း (တိုက်နယ်မှူး)များအနေဖြင့် လာရောက်လျှောက်ထားသည့် ကာယကံရှင်များနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကို အတိအကျ မှတ်သားထားခြင်းမရှိခြင်း။

    ၁၃။ အမှုတွဲဖိုင်များနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများတွင် လဝက ဝန်ထမ်းများ လက်မှတ်ရေးထိုးရာတွင် အထောက်အထား တစ်ရပ်အနေဖြင့် ရက်စွဲ တတ်လေ့မရှိခြင်း။

    ၁၄။ အချို့ လဝက တိုက်နယ်မှူးဝန်ထမ်းများသည် ငွေမရပါက အမှုတွဲများအား လဝက ဦးစီဆီသို့မပို့ဘဲ ရုံးတွင်းအောင်းထားခြင်း။ သိမ်းထားခြင်း၊။မကြာ ကြာအောင်ပြု တမင်တကာ အချိန်ဆွဲထားခြင်း။

    ၁၅။ အချို့ ခရိုင်/မြို့နယ်ရုံးများတွင် တင်ထားသည့် အမှုတွဲဖိုင်ကိစ္စအတွက် လာကြသည့်ကာယကံရှင်များအား ရုံးအတွက်ရန်ပုံငွေ ထည့်သွားရန် ဖိအားပေးပြောကြားခြင်း၊(မှတ်ချက်-စာရေးသူကိုယ်တိုင် ၂၀၀၅ ခုနှစ်က ခလေး မွေးတိုးကိစ္စအတွက် သင်္ကန်းကျွန်းမြို့နယ် လဝက ရုံးသို့ ဦးစီးမှူး ဦးကျော်ကျော်ထွန်း လက်ထက် ကတွေ့ဆုံရာတွင် ထိုဦးစီးကိုယ်တိုင် စာရွက်စာတမ်းဖိုး အလှူထည့်ရန် ပြောကြားခဲ့သောကြောင့် တိုက်နယ်မှူး ၅၀၀၀ ကျပ် အလှူငွေ ၅၀၀၀ ကျပ် ထည့်ခဲ့ရပါသည်။)ကာယကံရှင်မှ ရန်ပုံငွေ ၂၀၀၀ိ/ ၃၀၀၀ ကျပ်ထည့်ပါက နည်းသည် ။ထပ်ထည့်ပါဦးဟု ပြောဆိုသည့်ဝန်ထမ်းများလည်း ရှိကြောင်း တင်ပြလိုပါသည်။

    ၁၆။ မြို့နယ် လဝက ဦးစီးမှူးများသည် မြို့ကြီး ပြကြီးများတွင် မိမိနှင့် အဆင်ပြေသည့် ရုံးဝန်ထမ်းများကို လာဘ်ငွေယိုဖိတ်သည့် ကောင်းသည့်တိုက်နယ်များ/ ရပ်ကွက်များကို အပိုင်စား ပေးထားခြင်း။

    ၁၇။ ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူးများမှ ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကိုသာ တာဝန်ပေးဆောင်ရွက်စေခြင်း၊ ဝင်လာသည့်အမှုတွဲများမှာ ရုံးလုပ်ငန်းစနစ်အရ မှတ်ပုံတင်ခြင်းမပြုလုပ်ဘဲ ၎င်းဝန်ထမ်းများမှ ကိုယ်တိုင်ဆောင်ရွက်၍ ကိုယ်တိုင် မြို့နယ်ဦးစီးမှူးများထံ တိုက်ရိုက်တင်ပြနေခြင်းဖြင့် ရုံးလုပ်ငန်းသမားစဉ်များ ပျက်ပြားနေခြင်း။

    ၁၈။ အချို့ရုံးများတွင် တင်ပြလာသည့်အမှုတွဲများတွင် ပိုက်ဆံထည့်ထားသောစာအိတ်လေးကြား ညှပ် ပါရှိမှ ၎င်းအမှုတွဲအား လက်ခံဆောင်ရွက်ခြင်း။

    ၁၉။ အချို့ လဝက ဦးစီးရုံးများတွင် အမှုတွဲ လက်ခံ မှတ်ပုံတင်စာရင်းစာအုပ် မထားရှိခြင်း။

    ၂၀။ နေ့အလိုက်လက်ခံရရှိသည့်အမှုတွဲဖိုင်များအား နံပါတ်အစီအစဉ်အလိုက် စိစစ်ဆောင်ရွက်မည့်အစား အလှည့်ကျစနစ်ကို မကျင့်သုံးဘဲ မိမိအတွက် အကျိုးအမြတ်ရှိမည့် မိမိအားလာဘ်ထိုးထားသည့် အမှုတွဲဖိုင်များကိုသာ ရွေးထုတ်ပြီး ဆောင်ရွက်ပေးခြင်း။

    ၂၁။ မြို့နယ်ရုံးမှ စိစစ်ပြီးသော အမှုတွဲဖိုင်များကို ခရိုင်/တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးနှင့် ခရိုင်ရုံးတို့မှ “ပို့ပါ” ဆိုသည့်အချိန်မှ မြို့နယ်ရုံးမှပို့ရသဖြင့် မြို့နယ်ရုံးတွင် အမှုတွဲဖိုင်များ ရာနဲ့ချီ စုပုံနေခြင်း။ဥပမာ ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ လဝက ဦးစီးရုံးတစ်ခုတွင် အမှု့တွဲဖိုင်ပေါင်း ၅၀၀ ကျော်ရှိနေခြင်း။

    ၂၂။ တိုင်းဒေသကြီး/ ပြည်နယ်ရုံးမှ စစ်ဆေးပြီး မပြည့်စုံသော အမှုတွဲများကို ခရိုင်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ ခရိုင်မှစစ်ဆေးပြီး မပြည့်စုံသောအမှုတွဲများကို မြို့နယ်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ အမှုတစ်ခုချင်းအလိုက် လိုအပ်ချက်ကို တရားဝင်ရုံးစာဖြင့် ချပြညွှန်ကြားခြင်း မရှိဘဲ အမှုအားလုံးအတွက် ယေဘုယျ လိုအပ်ချက်ကို ဖုန်းဖြင့် ပြောပြီး ပြန်ပို့နေသဖြင့် မြို့နယ်ရုံးများမှ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိဖြစ်နေခြင်း။

    ၂၃။ အချို့သောဝန်ထမ်းများသည် ပုံစံ(၁၀) အဝင်မရှိဘဲ မိမိမြို့နယ်တွင် ပုံစံ(၁၀) အဝင်ပြပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးနေခြင်း။

    ၂၄။ ကိုင်ဆောင့်သင့်သည့် ကတ်အမျိုးမျိုး ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် မိတ္ထူလာလျှောက်ရာ တွင် ငွေကြေးတန်ဆိုးလက်ဆောင်ပေးနိုင်သူအား ရက်ပိုင်းအတွင်း ထုတ်ပေးခြင်း၊။ မပေးနိုင်သူ အား ဆိုင်းငံ့ထားခြင်း။ ပညာပြသည့်အနေဖြင့် အကြောင်းမရှိ အကြောင်းရှာကာ မှတ်ပုံတင်လျောက်ထားစဉ်က တောင်းဆိုခဲ့သည့် ကာယကံရှင်မိဘ ဘိုးဘွားများ၏ လဝက အခေါ် ပုံစံ ၁ စသည့် စာရွတ်စာတမ်းအထောက်အထားများကို တောင်းခံနေခြင်း။

    ၂၅။ မြို့နယ်လဝကဦးစီးမှူးများသည် မိမိလက်အောက်ရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို စနစ် တကျ ကြီးကြပ်နိုင်ခြင်း မရှိသဖြင့် ဝန်ထမ်းများမှာ ထင်သလိုစိတ်ကြိုက် ဆောင်ရွက်နေခြင်း။ လဝက ရုံးကိုမိမိတို့ အရောင်းအဝယ်လုပ်နေသည့် ဈေးဆိုင်များ သဖွယ်ပြုမူဆောက်ရွက်နေခြင်း။

    ၂၆။ လဝကရုံးဝန်ထမ်းများ ကျင့်သားရပြီး ခေါက်ရိုးကျိုးနေပြီဖြစ်သော နေ့စဉ်ရုံးတက်ချိန်နောက်ကျခြင်းနှင့် ရုံးဆင်းချိန်စောနေခြင်းများကို မြို့နယ်ဦးစီးမှူးများက သိလျှက်နှင့် ခွင့်ပြုနေခြင်း။ မသိကျိုးကျွံပြုပေးနေရခြင်း။

     

    ၂၇။ အချို့သော မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လဝက ဦးစီးမှူးများသည် မိမိ လက်အောက် ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိလုပ်ပိုင်ခွင့်အရ နားလည်မှု့ပေးကာ ခွင့်ရက်ရှည် ပေးထားခြင်း၊။ ထိုကိစ္စကို ထိပ်ပိုင်း တာဝန်ရှိသူအရာရှိမှ မသိရှိခြင်း။

    ၂၈။ အချို့သော လဝက ရုံးများတွင် ရုံးအတွက် ရန်ပုံငွေထည့်ပေးသော လဝက ဝန်ထမ်းများကို ရုံးဖွင့်ရက်ဖြစ်စေ ကာမူ နားလည်မှုဖြင့် ခွင့်ပေးထားခြင်း။ရုံးပိတ်ရက် သို့မဟုတ် ရုံးချိန်ပြင်ပဖြစ်စေကာမူ ရုံးတွင် အလုပ်လုပ်ခွင့်ပြုခြင်း။
    ဥပမာ။ ရုံးတက်သည့်နေ့များတွင် ညနေ ၆နာရီမှ ည ၉ နာရီလောက်အထိလည်းကောင်း စနေနှင့်တနင်္ဂနွေ နေ့များတွင် မနက်ပိုင်း အချိန်များတွင်လည်းကောင်း လဝက ရုံးများတွင် အလုပ်လုပ်ခွင့် ပြုထားခြင်း။

    ၂၉။ အချို့သောရုံးများတွင် တစ်ရုံးထဲတွင် ခင်ပွန်းနှင့်ဇနီး အတူတူတာဝန်ထမ်းဆောင်နေပြီး မြို့ နယ်လဝက ဦးစီးမှူးဖြစ်သူ (ခင်ပွန်း)မှ ဇနီးဖြစ်သူ (လက်အောက်ဝန်ထမ်း)အား နားလည်မှုဖြင့် ရုံးဆင်း ရုံးတက် နောက်ကျမှုကို ခွင့်လွှတ်လိုက်လျောပေးနေခြင်း။ထို့အပြင် ရုံးတွင်ပြုလုပ်သည့် အစည်းအဝေးများတွင်လည်း ၎င်း၏ဇနီးအား မခေါ်ဘဲ ပြင်ပ လုပ်ငန်းတွင် တာဝန်ပေးထားခြင်း၊ တခါတရံ တစ်နေကုန်ရုံးမတက်ဘဲ နေခြင်း ကို မြို့နယ်ဦးစီးမှူးမှ လက်ခံနေခြင်း။

    ၃၀။ မြို့နယ်လဝက ဦးစီးမှူးများသည် မိမိ လက်အောက် ဝန်ထမ်းများ၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများနှင့် သက်သာချောင်ချိရေး အတွက် စည်းကမ်းဘောင် အတွင်းမှ ဆောင်ရွက်ပေးခြင်းမရှိဘဲ ကြုံသလိုဆောင်ရွက်ပေးနေ ခြင်း တစ်ရုံးထဲရှိ ဝန်ထမ်းအချင်းချင်းအပေါ်တွင် မျှမျှတတ စီစဉ် ဆောင်ရွက်ပေးမှုမရှိခြင်း။

    အထက်ပါ အချက်များသည် လဝက ဌာန၏ ခေတ်အဆက် အစိုးရများလက်ထက်တွင် မြန်မာပြည်တစ်ဝန်း ပြည်သူများ ရင်ဆိုင်ဖြတ်သန်းနေရသော လက်တွေ့ဖြစ်ရပ်များပင် ဖြစ်ပေသည်။စာရေးသူအနေဖြင့် လက်တွေ့နယ်ပယ်တွင် ကြုံတွေ့နေရသော မတူကွဲပြားလူမျိုးများနှင့်ဘာသာဝင်များများဦးရေ တစ်ရာကျော်ကို တွေ့ဆုံပြီး မှတ်တမ်းပြု ဖြည့်စွက်တင်ပြခြင်း ဖြစ်ပါသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းသောအစိုးရ သန့်ရှင်းသော အစိုးရတစ်ရပ်လည်း လိုအပ်သလို အစိုးရဝန်ထမ်း( ပြည်သူ့ဝန်ထမ်း )ဆိုသူများကလည်း ပြည်သူ့အခွန်ဘဏ္ဏာစားပြီး ပြည်သူလူထုအကျိုးကို တာဝန်ကျေဖို့ လိုနေပေသည်။ပြည်သူလူထု ရွံရှာမုန်းတီးသည့် ပြည်သူလူထုကို ဝန်ပိစေမည့် ဒုက္ခရောက်စေမည့်လုပ်ရပ်များကို မပြုလုပ်မိဖို့အလွန်အရေးကြီးလှပေသည်။ပြည်သူလူထုဘက်ကလည်း နိုင်ငံတော်အတွက် အဖိုးထိုက်တန်သည့် တာဝန်သိပြည်သူသားကောင်းများ ဖြစ်စေရန် မိမိအနေနဲ့ နိုင်ငံတော်အတွက် ပေးဆပ်နိုင်သည့် ကာယအား ဥာဏအားများစသည့် အရာများကို ပေးဆပ်ဖို့အချိန်တန်နေပေသည်။ထို့ကြောင့်လည်း စာရေးသူအနေဖြင့် တာဝန်သိ ပြည်သူတစ်ယောက်ဖြစ်လိုတာကြောင့် မိမိတွေ့ကြုံခဲ့ရသည့် ဗဟုသုတ အတွေ့အကြုံများကို နိုင်ငံတော်အတွက် တာဝန်ရှိ လူကြီးများ လိုအပ်သလို သိရှိလမ်းညွှန်ဖို့ရန် ကလောက်စွမ်းဖြင့် အကြံပြုရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါသည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)

  • အလ်-အက်ဆာဗလီတွင် ပါလက်စတိုင်းများ လွတ်လပ်စွာ ၀တ်ပြုခွင့် ပြန်ရပြီ

    အလ်-အက်ဆာဗလီတွင် ပါလက်စတိုင်းများ လွတ်လပ်စွာ ၀တ်ပြုခွင့် ပြန်ရပြီ

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    – တင်းမာမှုတွေဖြစ်ပွားနေတဲ့ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်မှာ နောက်ဆုံးကန့်သတ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ မနေ့က ဒီသမိုင်းဝင်ဗလီကြီးမှာ သွားရောက် ၀တ်ပြုခဲ့ကြပါတယ်။

    မနေ့က မနက်ပိုင်းမှာ အစ္စရေးက သောကြာဝတ်ပြုမှုအတွက် အသက် ၅၀ အောက် ပါလက်စတိုင်းအမျိုးသားတွေ မ၀င်ရဘူးလို့ ထပ်ပြီး အမိန့်ထုတ်ခဲ့ပြီး ဒါဟာ ၂ ပတ်အတွင်း အစ္စရေးတို့က နောက်ဆုံးလုပ်ဆောင်တဲ့ ကန့်သတ်ချက်တစ်ခု ဖြစ်ပါတယ်။

    ဒီကန့်သတ်ချက်ကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းပြည်သူတွေဟာ ဗလီဂိတ်ပေါက်ဝတွေမှာ ၀တ်ပြုခဲ့ကြရပြီး ၀တ်ပြုမှုအပြီးမှာတော့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းခဲ့တာကြောင့် အနောက်ဖက်ကမ်းနဲ့ ဂျေရုစလင်မှာ ပါလက်စတိုင်းပြည်သူ ၂၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ အသက် ၅၀ အောက် ပါလက်စတိုင်းတွေ အလ်-အက်ဆာဗလီထဲ မ၀င်ရဘူးဆိုတဲ့ တားမြစ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို စီမံခန့်ခွဲနေတဲ့ ဂေါပကအဖွဲ့က ၀င်ပေါက်အားလုံးကနေ ပါလက်စတိုင်းအားလုံး အသက်ကန့်သတ်မှုမရှိ ၀င်ရောက်ဝတ်ပြုနိုင်ပြီလို့ မနေ့က ကြငြာခဲ့ပါတယ်။

    သူတို့ရဲ့ အမှတ်သညာဖြစ်တဲ့ အလ်-အက်ဆာဗလီမှာ ကျူးကျော်သူတွေက ထိန်းချုပ်ကန့်သတ်မှုတွေ လုံးဝမရှိဖို့ ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုဟာ လွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။

    ဇူလိုင်လ ၁၄ ရက်နေ့က ဗလီအပြင်ဘက် စစ်ဆေးရေးဂိတ်ကို ပါလက်စတိုင်း ၃ ဦးက သေနတ်နဲ့ပစ်ခတ်မှုအတွင်း အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် အစ္စရေးက ဗလီဝင်ပေါက်တွေမှာ သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေထားကာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့ ၁၃ ရက်လုံးလုံး ပါလက်စတိုင်းတွေဟာ ဗလီရဲ့ အပြင်မှာ ၀တ်ပြုတာ၊ ဆန္ဒပြမှုတွေလုပ်ကာ ဒီအပိုင်စီးလိုတဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက သတ္တုရှာဖွေရေးစက်တွေကို ဖယ်ရှားပေးခဲ့ပေမယ့် အဆင်မြင့် စောင့်ကြည့်ကင်မရာတွေကို ထပ်မံတပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းဖက်က ဒါကိုလည်း လက်မခံပါဘူး။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နှင်းခဲ့တာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးခဲ့ပြီး ထောင်ချီ ဒဏ်ရာရရှိခဲ့ကြပါတယ်။

    ကြာသာပတေးနေ့မှာ အစ္စရေးက သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေအားလုံးကို ဖယ်ရှားပေးခဲ့ပြီး ပါလက်စတိုင်းတွေက ၂ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ကို ၀င်ရောက် ၀တ်ပြုခဲ့ကြပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ရဲ့ တတိယအမြတ်ဆုံးနေရာဖြစ်ပြီး အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရှိရာ ဟရမ် အလ်-ရှရစ်ဖ်လို့ခေါ်တဲ့ ပရ၀ုဏ်ကို ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်မရအောင် တစ်စတစ်စ ကန့်သတ်မှုတွေ တိုးလုပ်လာခဲ့တာပါ။

    ဒါတင်မကသေးဘဲ အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေ ဂျေရုစလင်ကို ၀င်လို့မရအောင်လည်း အစ္စရေးက နံရံကြီးတွေကာပြီး စစ်ဆေးရေးဂိတ်ပေါက်တွေထားကာ တင်းတင်းကျပ်ကျပ်ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

    မနေ့က ဘက်သလီဟမ်မှာ ပါလက်စတိုင်းလူငယ်တစ်ဦးဟာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရပြီး အစ္စရေးဘက်ကတော့ အသက် ၂၄ နှစ်အရွယ် အဘ်ဒူလာ တာကတ်ကာဟာ အစ္စရေးစစ်သားကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် မျက်မြင်သက်သေတွေက အဘ်ဒူလာဟာ အစ္စရေးတပ်ဖွဲ့တွေနဲ့ မီတာ ၂၀ (ပေ ၆၀ ကျော်) အကွာမှာ ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

    ဂါဇာကမ်းမြှောင်နယ်စပ်မှာလည်း မနေ့က အသက် ၁၆ နှစ်အရွယ်လူငယ် အဘ်ဒဲလ် ရဟမ် အဘူ ဟူမေရှာဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာက ဆန္ဒပြမှုအတွင်းမှာလည်း အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljzeera

  • ပထ၀ီဝင် –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၀)

    ပထ၀ီဝင် –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၀)

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    စစ္စလီကျွန်းရှိ ဘုရင်ရော်ဂျာရှေ့မှောက်တွင် မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီက ပထမဆုံး ကမ္ဘာ့မြေပုံ ပြသနေမှုကို စိတ်ကူးပုံဖော်ထားသည့် ပန်းချီ

    – အလယ်ခေတ် အစ္စလာမ်ကမ္ဘာမှာ နေထိုင်ခဲ့သူတွေဟာ ရပ်နီး၊ ရပ်ဝေးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို ရှာဖွေစူးစမ်းမှု၊ မှတ်တမ်းတင်မှုတွေမှာ မွေ့လျော်တဲ့ ခရီးသွားတွေ၊ ရှာဖွေစူးစမ်းသူတွေ၊ ကုန်သည်တွေ ဖြစ်ခဲ့ပါတယ်။ သိုးအုပ်တွေ၊ ဆိတ်အုတ်နဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ စားကျက်သစ် ရှာဖွေကြတဲ့ လူနေမှုပုံစံဟာ ပထ၀ီဝင်ကို သူတို့ စိတ်ဝင်စားလာမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီလို လှည့်လည်သွားလာနေရတာကြောင့် သစ်ပင်တွေ၊ သားရဲတိရစ္ဆာန်တွေအကြောင်း သိရှိဖို့ဟာ သူတို့အတွက် မရှိမဖြစ် လိုအပ်ပြီး ဒီအခြေအနေတွေကြောင့်ပဲ လက်တွေ့အသုံးချနိုင်တဲ့ ပထ၀ီဝင်ဘာသာရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဟဂ်ျလို့ခေါ်တဲ့ မက္ကာကို ဘုရားဖူးလာရောက်ရတဲ့ ခရီးစဉ်ကလည်း မွတ်စလင်တွေ ပထ၀ီဝင်နယ်ပယ်ကို ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဝေးကွာတဲ့ ဒေသတွေကနေ လာရောက်ကြရတဲ့သူတွေဟာ မက္ကာနဲ့မဒီနာကို သွားရမယ့် လမ်းကြောင်းတွေအကြောင်း ပါးစပ်စကားနဲ့ နားထောင် အသုံးပြုခဲ့ရပါတယ်။ နောက်ပိုင်း ဒါတွေကို ပေထက်အက္ခရာ တင်နိုင်ခဲ့ပြီး မွတ်စလင်ကမ္ဘာရဲ့ အစွန်အဖျားကနေ မက္ကာကို လာရောက်ကြမယ့်သူတွေကို ခရီးသွားလမ်းညွှန်တွေက ဒီစာအုပ်တွေဖတ်ပြီး အကူအညီပေးခဲ့ကြပါတယ်။

    နေ့စဉ်ဝတ်ပြုတဲ့အခါမှာ မက္ကာမြို့က ‘ကအ်ဘာ’ ၀တ်ကျောင်းတော်ကို မျက်နှာမူရတာကြောင့် ဗလီဝတ်ကျောင်းတော်တွေ ဆောက်လုပ်ရာမှာ မက္ကာဘက်ကို ဦးတိုက်စေရေး ဆောင်ရွက်ရတာကလည်း မွတ်စလင်တွေ ပထ၀ီဗေဒကို လေ့လာဖို့အတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ပွဲတွေ၊ နယ်မြေချဲ့ထွင်မှုတွေနဲ့အတူ ကျယ်ပြန့်လာတဲ့ မွတ်စလင်ကမ္ဘာအတွက် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း ပထ၀ီအသိပညာတွေ ရှာဖွေရာမှာ တွန်းအားဖြစ်စေခဲ့တဲ့ နောက်ထပ်အကြောင်းအရင်း ဖြစ်ပါတယ်။

    မွတ်စလင်ကမ္ဘာမှာ နက္ခတ္တဗေဒပညာရပ်နဲ့ သင်္ချာပညာရပ်တွေ ပိုပြီး တိတိကျကျ ဖြစ်လာမှုနဲ့အတူ ပထ၀ီဝင်ဘာသာရပ် လေ့လာမှုမှာလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး မြေပုံရေးဆွဲခြင်းဟာ မွတ်စလင်တွေ ဖွံ့ဖြိုးစေခဲ့တဲ့ ပ၀ထီပညာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၉ ရာစုက ပါရှန်ပညာရှင် အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ဟာ သိပ္ပံနည်းကျ အသေးစိတ်လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့တဲ့ အစောဆုံး ပထ၀ီပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး သင်္ချာပညာမှာ ပါရမီရင့်သန်သူပါ။ သူ့ရဲ့ ကျော်ကြားတဲ့စာအုပ် The Form of the Earth (ကမ္ဘာဂြိုဟ်၏ ပုံသဏ္ဍာန) မှာ ပထ၀ီဆိုင်ရာ အချက်အလက်တွေကို လေ့လာဖော်ထုတ် ဆန်းစစ်မှတ်တမ်းတင်ခဲ့ပြီး သူ့နောက်ပိုင်း ဘဂ္ဂဒတ်နဲ့ မွတ်စလင်အုပ်စိုးတဲ့ စပိန်တို့က ပညာရှင် မျိုးဆက်တော်တော်များများဟာ ဒီစာအုပ်ကို လက်စွဲအဖြစ် အသုံးပြုခဲ့ရပါတယ်။

    နောက်ထပ် ကျော်ကြားတဲ့ မွတ်စလင်ပထ၀ီပညာရှင်က ၁၀ ရာစုအစပိုင်းက ဆူဟ်ရဘ် (Suhrab) ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပင်လယ်တွေ၊ ကျွန်းတွေ၊ ရေကန်တွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေအကြောင်း စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။ ယူဖရေးတီး၊ တီဂရစ်၊ နိုင်းမြစ်တို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရေးသားမှတ်တမ်းတင်ထားမှုဟာ တော်တော်လေးကို အဖိုးတန်ခဲ့ပြီး အလယ်ခေတ်ဘဂ္ဂဒတ်မြို့ကို ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာ မြို့ရဲ့ တူးမြောင်းတွေအကြောင်း သူ့ရဲ့ရေးသားချက်တွေဟာ အဓိက အားကိုးအားထားပြုစရာ ဖြစ်ခဲ့ပါတယ်။ ဂိုင်း လီ စထရိန်းဂ်ျ (Guy Le Strange) ဆိုသူဦးစီးတဲ့ ဘဂ္ဂဒတ်မြို့ ပြန်လည်ဆောက်လုပ်မှုဟာ ၁၈၉၅ ခုနှစ်မှာ ပြီးစီးခဲ့ပြီး  လီ စထရိန်းဂ်ျဟာ ဆူဟ်ရဘ်ရဲ့အမည်ကို ထင်ရှားတဲ့ မွတ်စလင်သမားတော် အစ်ဗနေ့ ဆာရာဘီယွန် (Ibn Sarabiyun) နဲ့ မှားယွင်းပြီး မှတ်သားခဲ့ပါတယ်။ ၉ ရာစု ပညာရှင် အလ်-ယာကူဘီ (Al-Ya’qubi) ရဲ့ ဖော်ထုတ်မှုတွေကိုလည်း လီစထရိန်းဂ်ျက သူ့ရဲ့ ပြန်လည်တည်ဆောက်မှုမှာ အသုံးချခဲ့ပါတယ်။ ဘဂ္ဂဒတ်မြို့က ရေပေးဝေရေးကွန်ယက်အကြောင်း ဆူဟ်ရဘ်ရဲ့ ရေးသားမှု၊ အလ်-ယာကူဘီက ရေးသားခဲ့တဲ့ ဘဂ္ဂတ်ဒတ်အတွက် အဝေးပြေးလမ်းအကြောင်းတွေဟာ တစ်ခုနဲ့တစ်ခု တော်တော်လေးကို ပြည့်စုံပြီး လိုက်လျောညီတွေ ရှိပါတယ်။

    မွတ်စလင်ပထ၀ီပညာရှင် နောက်တစ်ဦးကတော့ ၁၀ ရာစုက အလ်-မုကဒ်ဒါစီ (Al-Muqaddasi) ဆိုသူဖြစ်ပြီး မွတ်စလင်ကမ္ဘာတစ်ဝှမ်း ခြေဆန့်ခဲ့တဲ့သူဟာ ရှာဖွေစူးစမ်းမှု၊ ရှိပြီးသား အထောက်အထားတွေကို အတည်ပြုမှု၊ မှန်၊ မမှန် ချိန်ဆစစ်ထုတ်မှုတွေကို လုပ်ခဲ့သလို သူကိုယ်တိုင် တွေ့ရှိခဲ့ရတာတွေကိုလည်း ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ခရီးသွားပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တဲ့ သူ့ရဲ့လက်ရာက Best Divisions for Knowledge of the Regions (ဒေသများအကြောင်း ခွဲခြမ်းစိတ်ဖြာမှုကျမ်း) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သက္ကရာဇ် ၉၈၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ဒီစာအုပ်ကို လူတော်တော်များများကလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ သူ့အရင်နဲ့ သူ့နောက်ပိုင်းက လူတွေလိုပဲ အလ်-မုကဒ်ဒါစီရဲ့ ဒီလို ပညာရပ်ဆိုင်ရာ သုတေသနပြုမှုတွေရဲ့ အဓိကတွန်းအားက ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့စာအုပ်တွေဟာ ဘုရားသခင်ကို ပိုမို နားလည်သဘောပေါက်ဖို့ နည်းလမ်းတစ်ခုအဖြစ် ရည်ရွယ်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်အတွက် စနစ်ကျတဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး၊  ပထ၀ီအသုံးနှုန်းတွေ၊ ကမ္ဘာမြေကြီးကို ပိုင်းခြားမှု၊ လက်တွေ့အခြေခံတဲ့ စူးစမ်းဖော်ထုတ်မှု စတာတွေကို မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    အစောဆုံး တူရကီပထ၀ီပညာရှင်တွေထဲက တစ်ဦးက မဟ်မူးဒ် အလ်-ကက်ရှ်ဂါရီ (Mahmud al-Kashghari) ဖြစ်ပြီး သူဟာ ကျော်ကြားတဲ့ အဘိဓာန်ပြုစုသူ ပညာရှင်ကြီးဖြစ်ပါတယ်။ ဘာသာဗေဒကို အခြေခံကာ ထူးခြားပြီး စက်ဝိုင်းပုံစံရှိတဲ့ ကမ္ဘာ့မြေပုံတစ်ခုကို သူက ရေးဆွဲခဲ့ပါတယ်။ ၁၀၇၃ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပြီး သူရဲ့ ထိပ်တန်းလက်ရာတစ်ခုဖြစ်တဲ့ သဒ္ဒါကျမ်း Compendium of Turkish Dialects (တူရကီ ဒေသသုံး ဘာသာစကားများဆိုင်ရာ သုတပေါင်းချုပ်ကျမ်း) မှာ ဒီမြေပုံကို ဖော်ပြခဲ့ပါတယ်။  အဲဒီမြေပုံမှာ ဗဟိုဘာရှဒေသကို ကြီးကြီးမားမားဖော်ပြထားပြီး တရုတ်နဲ့ မြောက်အာဖရိက ဒေသတွေလည်း ပါဝင်ပါတယ်။ အနောက်ဖက်မှာတော့ ဥရေပရဲ့အရှည်ဆုံး ဗိုလ်ဂါမြစ် (Volga) စွန်းစွန်းလေးပဲ ဖော်ပြထားပြီး ဒါဟာ တူရကီတွေ အနောက်ဖက်ကို မရောက်ခင်မှာ ရေးဆွဲထားတာကြောင့် ဖြစ်နိုင်ပါတယ်။

    ၁၁ နဲ့ ၁၂ ရာစုတွေမှာ မွတ်စလင် စာရေးဆရာနှစ်ဦးဖြစ်တဲ့ အလ်-ဘက္ကရီ (Al-Bakri) နဲ့ အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) တို့ဟာ သူ့အရင်က ပညာရှင်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို စုဆောင်းကာ၊ ရှာဖွေဖတ်ရှုဖို့ လွယ်ကူတဲ့ ပုံစံမျိုးနဲ့ အစီအစဉ်တကျ စုစည်းခဲ့ပါတယ်။ အလ်-ဘက္ကရီဟာ စပိန်က ဟူလ်ဗာ (Huelva) နဲ့ ဆာလ်တက်စ် (Saltes) ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်ပြီး၊ ဆီးဗီးလ်နန်းတော်မှာ သံတမန်ရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ အရေးပါသူ ၀န်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်တွေ မအားပေမယ့် အလ်-ဘက္ကရီဟာ ဉာဏ်ပညာပြည့်စုံတဲ့ ပညာရှင်တစ်ယောက်၊ စာရေးသွက်သူတစ်ယောက်ဖြစ်ပြီး နေရာဒေသနာမည်တွေ အပါအ၀င် အာရေဗျကျွန်းဆွယ်အကြောင်း အဓိကဖော်ပြထားတဲ့ ပထ၀ီဆိုင်ရာ အရေးပါတဲ့ကျမ်တစ်စောင်ကို ရေးသားခဲ့ပါတယ်။ Route and Kingdoms (လမ်းကြောင်းနှင့် ဘုရင့်နိုင်ငံများ) ဆိုတဲ့ အဲဒီ ကျမ်းမှာ ရွာတွေ၊ မြို့တွေ၊ တောင်ကြားတွေ၊ အထိမ်းအမှတ် အဆောက်အအုံ စတာတွေရဲ့ အမည်နာမတွေကို အက္ခရာစဉ်အလိုက်စီကာ ဖော်ပြထားပါတယ်။ အလ်-ဘက္ကရီရဲ့ နောက်ထပ် အဓိကအားထုတ်မှုတစ်ခုက အဲဒီခေတ်မှာ သိရှိထားတဲ့ ကမ္ဘာတစ်ခုလုံးအကြောင်းကို ဘက်စုံ ထောင့်စုံကနေ လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ဗလင်စီယာက မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) ဟာ မက္ကာမြို့ကို သွားရတဲ့ ဟဂ်ျခရီးသွားမှတ်တမ်းကို မှတ်တမ်းတင်ထားသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က သူ့ရဲ့ နေ့စဉ်မှတ်တမ်းတွေမှာ မြေထဲပင်လယ် အရှေ့ဘက်တစ်ခြမ်းလုံးအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ ဂျူဘိုင်းရဲ့ ဒီခရီးသွားမှတမ်းဟာ ပထ၀ီသိပ္ပံထက်ကို ပိုပြီး ရုက္ခဗေ၊ ဟင်းလျာမျိုးစုံချက်ပြုတ်နည်းတွေ၊ ခရီးသွားအကြံပြုချက် စတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။

    မွတ်စလင်အုပ်စိုးတဲ့ စပိန်မှာ ခရီးသွားကျမ်းတွေ ရေးသားပြုစုမှုဓလေ့ ကြီးထွားလားခဲ့ပြီး ဒီ စာအုပ်၊ စာတမ်းတွေက အချက်အလက်တွေကို ပေါင်းစည်းကာ နာမည်ကျော် မွတ်စလင်ပညာရှင် အလ်-အစ်ဒ်ရီစီ (Al-Idrisi) က အဲဒီအချိန်က အပြည့်စုံဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ဖန်တီးရေးဆွဲခဲ့ပါတယ်။ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ သက္ကရာဇ် ၁၁၃၉ ခုနှစ်မှာ အလ်-အစ်ဒ်ရီစီကို ကော်ဒိုဘာကနေ စစ္စလီကိုခေါ်ယူပြီး သူ့အတွက် မြေပုံတစ်ခု ရေးဆွဲပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့ ပါလာမိုနန်းတော်မှာ အလ်-အစ်ဒ်ရီစီတစ်ယောက် ချီးမြှင့်မြှောက်စားခံခဲ့ရပြီး ၁၅ နှစ်တာကာလအတွင်းမှာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေကို မေးမြန်းကာ အရင်က မပါဝင်ခဲ့တဲ့ နေရာတွေအပါအ၀င် အဲဒီအချိန်က အတိကျဆုံးဖြစ်တဲ့ ကမ္ဘာ့မြေပုံ ၇၀ ကို ရေးဆွဲပေးနိုင်ခဲ့ပါတယ်။

    သူ့ရဲ့ဒီအားထုတ်မှုမှာ သူ့အရင်ကရှိခဲ့တဲ့ ပညာရှင်တွေရဲ့ ရေးသားမှုတွေကို အခြေခံသလို၊ စစ္စလီမှာနေစဉ် သူရရှိခဲ့တဲ့ အချက်အလက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတဲ့ အချက်ကို အလ်-အစ်ဒ်ရီစီက တစ်စိုက်မတ်မတ် ဖော်ပြခဲ့ပြီး “ကြက်ဥထဲမှာ အနှစ်က တည်ငြိမ်နေသလိုပဲ ကမ္ဘာကြီးဟာ အာကာသထဲမှာ တည်ငြိမ်နေတယ်” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်တွေထဲမှာ ကမ္ဘာ့ တောင်ခြမ်း၊ မြောက်ခြမ်းအကြောင်း၊ ရာသီဥတုတွေအကြောင်း၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်း ဖော်ပြထားသလို၊ အာရှနဲ့ အာဖရိကရဲ့ ဝေးလံခေါင်ဖျားဒေသတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

    ၁၃ ရာစုမှာတော့ ယာကွတ် အလ်-ဟာမာဝီ (Yaqut al-Hamawi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ အီရတ်နိုင်ငံ မူဆိုးလ်မြို့ကနေ ဆီးရီးယားနိုင်ငံ အလက်ပို၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ ပါရှား (ယခုအီရန်) တို့ကို သွားရောက်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ရဲ့ ဒီခရီးသွားမှတ်တမ်းတွေထဲက ၄ ခုသာ ကျန်ရှိတော့ပြီး လူသိအများဆုံးကတော့ Dictionary of Contries (နိုင်ငံများအဘိဓာန်) ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်၊ လူမျိုးဗေဒ၊ သမိုင်း၊ မနုဿဗေဒ၊ သဘာဝသိပ္ပံနဲ့ ပထ၀ီဆိုင်ရာအပါအ၀င် အလယ်ခေတ်က သိထားသမျှ ကမ္ဘာကြီးရဲ့ အကြောင်းအရာအားလုံးနီးပါးကို မှတ်တမ်းတင်ထားကာ၊ နေရာဒေသတိုင်းရဲ့ ကိုသြဒိနိတ်တွေကိုလည်း  ဖော်ပြထားပါတယ်။ မြို့တွေ၊ မြို့ကြီးတွေရဲ့ အမည်နာမ အများစုနဲ့ အဲဒီနေရာက စီးပွားရေးအခြေအနေ၊ သမိုင်းကြောင်း၊ လူဦးရေ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အထိမ်အမှတ်အဆောက်အဦးတွေအကြောင်းလည်း ဒီကျမ်းကြီးမှာ အသေးစိတ် ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

    သိပ္ပံ၊ နည်းပညာနဲ့ အနုပညာတွေလိုပဲ ပထ၀ီဝင်ပညာရပ်မှာ နှစ်မြှုပ်အားထုတ်ခဲ့ကြတဲ့ မွတ်စလင် သိပ္ပံညာရှင်ကြီးတွေဟာ မနည်းမနော ရှိခဲ့ပါတယ်။ သူတို့ထဲက တော်တော်များများဟာ သူများတွေ မသိတဲ့ သတင်းအချက်အလက်တွေကို ရယူစုဆောင်းဖို့အတွက် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ကြပြီး အသိပညာကို ဆာလောင်မှု၊ စူးစမ်းလိုစိတ်ရင့်သန်မှု၊ တစ်ခြားလူတွေအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို အမွေအဖြစ်ထားလိုမှု စတဲ့စိတ်ဓာတ်တွေကို ပြသခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးကို လေ့လာဖို့အတွက် ကျွန်တော်တို့မှာ မဂ္ဂဇင်းတွေ၊ ဂြိုဟ်တု ရုပ်သံလိုင်းတွေ ရှိနေပါပြီ။ တစ်ချို့တွေဟာ စိတ်အပန်းဖြေရေးအတွက် ခရီးတွေ သွားနေကြပြီး၊ ထိုင်ခုံမှာထိုင်ကာ ကျွမ်းကျင်သူတွေရဲ့ ဖော်ထုတ်မှုတွေကို ကျွန်တော်တို့ ကြည့်ရှုနားလည်နိုင်ကြပေမယ့် လွန်ခဲ့တဲ့ ထောင်စုနှစ်တစ်ခုက လူတွေကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သိရှိနားလည်ဖို့အတွက် ယုံကြည်ချက်ကို ဦးထိပ်ပန်ဆင်ကာ စူးစမ်းလိုစိတ်ကို အဖော်ပြုခဲ့ရတာ ဖြစ်ပါတယ်။

    ကမ္ဘာ့ပထမဆုံး မြေပုံ

    ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီ ရေဆွဲခဲ့သည့် ပထမဆုံး ကမ္ဘာ့မြေပုံ

    လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထာင်ကျော်က နိုင်ငံတွေ၊ တိုက်ကြီးတွေ၊ ပင်လယ်ရေကြောင်းသွားလာမှုတွေ အကြောင်းကို တိတိကျကျ မသိရှိခဲ့ကြပါဘူး။ ဒါပေမယ့် ကုန်သွယ်မှု၊ နယ်ပယ်သစ်ချဲ့ထွင်မှု၊ ဘာသာရေး ခရီးသွားမှုတွေအတွက် ခရီသွားတဲ့လူတွေ ပိုပိုများလာတာကြောင့် မြေပုံကောင်းကောင်းတွေကို လိုအပ်မှုကလည်း မြင့်တက်လာခဲ့ပါတယ်။

    ကမ္ဘာ့အဖိုးအတန်ဆုံး မြေပုံတွေထဲကအချို့ကို ရေးဆွဲခဲ့သူတွေဟာ အလယ်ခေတ် မွတ်စလင်ကမ္ဘာက ပညာရှင်ကြီးတွေဖြစ်ပြီး သူတို့ခေတ်အခါက သိရှိနိုင်သမျှသော ပထ၀ီဆိုင်ရာ အသိပညာတွေအားလုံးကို နားလည်တတ်ကျွမ်းခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သိရှိသမျှ၊ သွားရောက်ခဲ့သမျှကို နေ့စဉ် မှတ်တမ်းတင်ထားကြတဲ့ အလယ်ခေတ် မွတ်စလင် ပထ၀ီဝင်ပညာရှင်တွေ၊ မွတ်စလင်ခရီးသွားတွေရဲ့ မျက်မြင်တွေ့ရှိမှုကို ဒီပညာရှင်ကြီးတွေက အသုံးပြုခဲ့ကြပါတယ်။

    ၁၂ ရာစုရောက်တဲ့အခါမှာတော့ မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီဟာ ဥရောပ၊ အာရှနဲ့ မြောက်အာဖရိကက ဒေသတော်တော်များများ ပါဝင်တဲ့ မြေပုံတစ်ခုကို ပထမဆုံး ရေးဆွဲနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၅၀ ကျော်လောက်က အဲဒီမြေပုံဟာ မာကိုပိုလိုနဲ့ ကိုလံဘတ်စ်တို့ ကမ္ဘာအနှံ့ ခြေမဆန့်ခင် ရာစုနှစ်များစွာအရင်ကတည်းက ဖန်တီးနိုင်ခဲ့တာပါ။ သူ့အရင်က ပညာရှင်တွေရဲ့ အသိပညာတွေ၊ ထောင်ပေါင်းများစွာသော ခရီးသွားတွေကို မေးမြန်းမှုကနေ ရရှိတဲ့ အချက်အလက်တွေနဲ့ အလ်-အစ်ဒ်ရီစီဟာ သူ့ခေတ်အခါက အတိကျဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ရေးဆွဲနိုင်ခဲ့ပါတယ်။ အာရဘီ စာတမ်းတွေအရ အလ်-အစ်ဒ်ရီစီဟာ သူ့မြေပုံမှာ အဲဒီကာလက ဓလေ့တစ်ခုဖြစ်တဲ့ ကမ္ဘာ့တောင်ဘက်ကို အပေါ်မှာ၊ မြောက်ဖက်ကို အောက်မှာထားပြီး ရေးဆွဲခဲ့ပါတယ်။

    ဒီမြေပုံရေးဆွဲဖို့အတွက် မွတ်စလင်ဘုရင်တွေကို ဖြုတ်ချခဲ့တဲ့ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ စပိန်မှာနေထိုင်တဲ့ အလ်-အစ်ဒ်ရီစီကို ဖိတ်ခေါ် တာဝန်ပေးခဲ့တာဖြစ်ပြီး မြေပုံပေါ်ထွက်လာဖို့အတွက် ၁၅ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ၁၂ ရာစုက စစ္စလီကျွန်းဟာ ကမ္ဘာ့ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ပြီး မော်ရိုကိုက သူ့ရဲ့အိမ်ကို မပြန်မီ အလ်-အစ်ဒ်ရီစီဟာ ဘုရင်ရော်ဂျာရဲ့ နန်းတော်မှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

    စပိန်နိုင်ငံ Ceuta မြို့ရှိ အလ်-အစ်ဒ်ရီစီ၏ ရုပ်တု

    စက်ဝိုင်းပုံစံ သူ့ရဲ့မြေပုံမှာ အလ်-အစ်ဒ်ရီစီဟာ အိန္ဒိယ၊ အာရေဗျ၊ အာရှ၊ မြေထဲပင်လယ်၊ ဥရောပနဲ့ မြောက် အာဖရိကဒေသတွေကို ထည့်သွင်းခဲ့ပြီး ဘုရင်ရော်ဂျာအတွက် ငွေစက်ဝိုင်းပြားမှာထွင်းထားတဲ့ မြေပုံကို ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတာ ရှေးဟောင်း ဂရိတွေရဲ့ ခေတ်ထဲကနေ လူတွေက ယုံကြည်ခဲ့ကြပေမယ့် ကမ္ဘာလုံးကြီးရဲ့ အတိုင်းအတာအသေးစိတ်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူတွေကတော့ မွတ်စလင်ပညာရှင်တွေ ဖြစ်ပါတယ်။ အလ်-အစ်ဒ်ရီစီရဲ့ ရေးသားမှုတွေထဲမှာ အီကွေတာကနေ ကမ္ဘာကြီးရဲ့စက်ဝန်းမျဉ်းဟာ မိုင်ပေါင်း ၂၂၉၀၀ ရှိတယ်လို့ တွက်ချက်ခဲ့ပြီး လက်ရှိ သိရှိထားတဲ့ အတိုင်းအတာနဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ လျော့နည်းပါတယ်။ သူဟာ ကမ္ဘာ့ တောင်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း၊ ဥတုဇုန်တွေ၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်းလည်း ရေးသားခဲ့ပါတယ်။

    အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ကမ္ဘာကြီးရဲ့အနေအထားကို တိုင်းတာတာ၊ ဖော်ထုတ်တာတွေဟာ သင်္ချာနည်းကျပထ၀ီဗေဒရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ခဲ့ပြီး အမြင့်တွေ၊ အကွာအဝေးတွေကို တိုင်းတာဆုံးဖြတ်ဖို့အတွက် အဲဒီကာလက ခေတ်အမီဆုံး နက္ခတ္တဗေဒေ စမ်းသပ်ခန်းတွေကို အသုံးပြုခဲ့ပါတယ်။ ၉ ရာစုမှာ မွတ်စလင်ဘုရင် အလ်-မာမွန်ဟာ ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တိုင်းတာဖို့အတွက် သူ့ရဲ့ နက္ခတ္တဗေဒပညာရှင်တွေကို တာဝန်ပေးခဲ့ပြီး သူတို့ရဲ့ တွေ့ရှိမှုဟာ ဒီနေ့ခေတ် ကျွန်တော်တို့သိရှိထားတဲ့ အတိုင်းအတာထက် ၁၂၅ မိုင်လောက်သာ ကွာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်