News @ M-Media
Blog
  • အင်ဒိုကဆောက်ပေးသည့် ရခိုင်ပြည်နယ်က ဆေးရုံသစ် နားလည်မှု ပိုမိုရရှိရေး ရည်မှန်း
    အင်ဒိုကဆောက်ပေးသည့် ရခိုင်ပြည်နယ်က ဆေးရုံသစ် နားလည်မှု ပိုမိုရရှိရေး ရည်မှန်း
    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media
    (RFA မှ ကူးယူဖော်ပြပါသည်)
    – ရခိုင်ပြည်နယ်မှာ အင်ဒိုနီးရှားနိုင်ငံက ဆောက်လုပ်လှူဒါန်းမယ့် ဆေးရုံသစ်အတွက် တာဝန်ထမ်းဆောင်မယ့် မြန်မာပြည်က ဆရာဝန်တွေကို အင်ဒိုနီးရှားမှာရှိတဲ့ ဆေးရုံတချို့မှာ ဦးစွာပထမ လေ့ကျင့်သင်ကြားပေးမယ်လို့ မနေ့က သတင်းရပါတယ်။
    အဲဒီဆေးရုံကို ဆောက်လုပ်လှူဒါန်းမယ့် (MERC) လို့ အတိုကောက်ခေါ်တဲ့ (Medical Emergency Rescue Committee) အရေးပေါ်ကယ်တင်ကုသပေးရေး ကော်မတီ က မြန်မာဆရာဝန်တွေကို လက်ခံသင်ကြားပေးဖို့ လတ်တလောမှာ ဆေးရုံ ၂ ခုက သဘောတူထားကြောင်း နဲ့ အဲဒီ ဆေးရုံတွေမှာ အင်ဒိုနီးရှားနိုင်ငံအနှံ့က ရောက်ရှိလာကြတဲ့ လူနာအားလုံးကို တိုင်းရင်းသား လူမျိုးဘာသာမခွဲခြားပဲ တန်းတူရည်တူဆက်ဆံ ကုသမှုပေးနေပုံကို မြန်မာ ဆရာဝန်တွေ လေ့လာသင်ယူနိုင်ကြမှာ ဖြစ်ကြောင်း ပြောပါတယ်။
    အခုလို မြန်မာဆရာဝန်တွေကို အင်ဒိုနီးရှားမှာ လေ့လာသင်ကြားပေးဖို့နဲ့ မိမိတို့ နိုင်ငံက ဆရာဝန်တွေကိုလည်း မြန်မာနိုင်ငံမှာ လာရောက်ကုသပေးဖို့ မြန်မာအစိုးရက ပြောဆိုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က ဆေးရုံကိုလည်း ဗုဒ္ဓဘာသာနဲ့ မွတ်စလင် အသိုင်းအဝန်း ၂ ခုလုံးက ပြည်သူတွေကို တန်းတူရည်တူ ကုသပေးဖို့အတွက် တည်ဆောက်လှူဒါန်းမှာဖြစ်ကြောင်း MERC အင်ဒိုနီးရှားအဖွဲ့က ပြောပါတယ်။
    အဲဒီ ဆေးရုံကို မောင်းဘွဲ့ရွာက ကုဗမီတာ ၇ဝဝဝ ကျော်ကျယ်ဝန်းတဲ့မြေကွက်လပ်မှာ လာမယ့် စက်တင်ဘာလ စတင်တည်ဆောက်မှာဖြစ်ပြီး ၂ဝ၁၈ နှစ်ဦးပိုင်းမှာ ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်။ အင်ဒိုနီးရှား ရူပီးယားငွေ ၂၅ ဘီလီယံ သို့မဟုတ် အမေရိကန် ဒေါ်လာ ၁၉ သိန်းနီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
    MERC အဖွဲ့ဟာ ပါလက်စတိုင်း ဂါဇာဒေသမှာ အလားတူ ဆေးရုံတရုံ ဆောက်လုပ်လှူဒါန်းခဲ့ဖူးပါတယ်။ လူမျိုးဘာသာမတူတဲ့ အသိုင်းအဝန်း၂ ခုအကြား ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာ တင်းမာမှုလျှော့ပါးပြီး နားလည်မှုတွေ ပိုမိုရရှိလာနိုင်တယ်လို့ ဆိုပါတယ်။
    (Photo Credit – MER-C Indonesia)
  • အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်
    အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်
    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တွေဟာ နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ နဂ်ပန်ချာမီလို့ခေါ်တဲ့ မြွေပွဲတော်ကို ကျင်းပကြပါတယ်။
    ဘာသာရေးနဲ့ ဖျော်ဖြေရေးရောစပ်ထားတဲ့ ဒီပွဲတော်ဟာ နိုင်ငံတစ်ဝှမ်းက မြွေလမ္ပာယ်ဆရာတွေ၊ မြွေကို လေးစားကြည်ညိုသူတွေ၊ မြွေချစ်သူတွေ လက်လွတ်မခံကြတဲ့ ပွဲတော်တစ်ခုပါ။
    မြွေဆရာတွေရဲ့ ပညာစွမ်းအမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်သလို၊ ကလေးပါမကျန် ကြည်ညိုသူတွေက မြွေတွေကို ထိတွေ့ကိုင်တွယ်ကာ ကောင်းချီးခံယူမှုကိုလည်း တွေ့မြင်နိုင်ပါတယ်။
    ဒီဗီဒီယိုကတော့ မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ မြွေပွဲတော် ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။
  • စင်ကာပူသမ္မတရာထူးအတွက် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ပြိုင်ရန် ရှိနေ
    စင်ကာပူသမ္မတရာထူးအတွက် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ပြိုင်ရန် ရှိနေ
    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media
    – အာပေးထောက်ခံမှုများ ရှိနေသော်လည်း သမ္မတနေရာအတွက် ၀င်ရောက် အရွေးခံရမည်လားဆိုသည်ကို စဉ်းစားနေဆဲဖြစ်သည်ဟု စင်ကာပူလွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ဟာလီမာဟ် ယာကွဘ်က ပြောကြားလိုက်သည်။
    “ထောက်ခံအားပေးမှုတွေ ရတဲ့အတွက် ကျွန်မအရမ်းကို ဂုဏ်ယူရပါတယ်။ ဒါပေမယ့် အကြံအဉာဏ်ရယူမှုတွေ ထပ်ပြီး လိုအပ်ပါသေးတယ်” ဟု သူမက ယနေ့တွင်ပြုလုပ်သည့် ဘာသာပေါင်းစုံမှ အမျိုးသမီးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
    ယခုနှစ်တွင်ပြုလုပ်မည့် စင်ကာပူသမ္မတရွေးကောက်ပွဲအတွက် သမ္မတတာဝန်ယူရန် အလှည့်ကျသည့် လူ့အဖွဲ့အစည်းမှာ မလေးလူ့အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟာလီမာယာကွဘ်မှာ ထိုနေရာအတွက် ရေပန်းအစားဆုံးဖြစ်နေသည်။
    သူမမှာ အစ္စလာမ်ဘာသာဝင် မလေးမိခင်နှင့် အစ္စလာမ်ဘာသာဝင် အိန္ဒိယဖခင်တို့မှ မွေးဖွားလာသူဖြစ်သည်။
    ယခုသီတင်းပတ်အစောပိုင်းတွင် စင်ကာပူ Yahoo သတင်းဌာနက ဟာလီမာယကွတ်မှာ သမ္မတအဖြစ် ၀င်ရောက်အရွေးခံရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်ဟု သူမနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။
    “မလေးလူ့အဖွဲ့အစည်းဝင် တစ်ဦးအဖြစ် လူ့အဖွဲ့အစည်းကော်မတီဆီကနေ ကျွန်မ ထောက်ခံချက် ၄ ခါ ရရှိထားပါတယ်။ ဆုံးဖြတ်ရမှာက ဒီကော်မတီရဲ့အလုပ် ဖြစ်ပါတယ်”
    အန်-နဒ်ဟာဗလီဝတ်ကျောင်းတော် သဟဇာတဖြစ်ရေးစင်တာတွင် ပြုလုပ်ခဲ့သည့် ယနေ့တွေ့ဆုံပွဲကို စင်ကာပူ မွတ်စလင်အမျိုးသမီးအသင်းက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဘာသာပေါင်းစုံအဖွဲ့မှ လူငယ်များ၊ စင်ကာပူ တာအိုဝါဒအသင်းမှ ကိုယ်စားလှယ်များ၊ YWCA မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အစ္စလာမ့်နှင့် မလေးယဉ်ကျေးမှုများကို လေ့လာခဲ့ကြသည်။
    Ref: CNA
  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွယ် ရှိနေ
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွယ် ရှိနေ
    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media
    2016 ခုနှစ် ဆွီဒင်သို့ သွားရောက်စဉ်က ပုပ်ရဟန်းမင်းကြီး
    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ လာမယ့်နိုဝင်ဘာလမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ ကမ္ဘာ့တစ်ဝှမ်း ခရစ်ယာန်ကက်သလစ်အသင်းတော် သတင်းတွေကို တင်ဆက်နေတဲ့ Crux သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ရဟန်းမင်းကြီးဟာ အခုနှစ်အတွင်းမှာ အိန္ဒိယကိုသွားဖို့ စီစဉ်ထားကြောင်း မနှစ်က သတင်းထောက်တွေကို ပြောခဲ့ပေမယ့် အခုအချိန်မှာတော့ အစီအစဉ်ပြောင်းသွားတယ်လို့ အာဂျင်တီးနားသတင်းဌာနတစ်ခုဖြစ်တဲ့ Telam မှာ ဖော်ပြပြီး မိမိတို့ကလည်း ခိုင်မာတဲ့သတင်းရင်းမြစ်တွေကို မေးမြန်းအတည်ပြုနိုင်ခဲ့တယ်လို့ Crux က ဆိုပါတယ်။
    ဘင်္ဂလားဒေ့ရှ်က ကာဒီနယ် ပက်ထရစ် ဒီရိုဇာရီယိုက ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူတို့နိုင်ငံကို သြဂုတ်လနှောင်းပိုင်းမှာ လာရောက်ဖို့ရှိနေပြီး ရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။
    မွမ်ဘိုင်းက ကာဒီနယ် အော့ဝဲလ်ဒ် ဂရာစီယက်စ်က ၀န်ကြီးချုပ် နရန်ဒရာမိုဒီဦးဆောင်တဲ့ အစိုးရနဲ့ ခရီးစဉ် အသေးစိတ်ကိစ္စတွေကို ဆောင်ရွက်မှုဟာ မျှော်လင့်ထားတာထက် ပိုကြာနေတာကြောင့် ပုပ်ရဟန်းမင်းကြီးအနေနဲ့ အိန္ဒိယကို လာရောက်လိုတဲ့ အစီအစဉ်ဟာ ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ ဇွန်လက ပြောကြားခဲ့ပါတယ်။ မိုဒီဟာ တိုင်းပြည်က ခရစ်ယာန်လူနည်းစုတွေကို ရန်လိုတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေထဲက တစ်ဦးဖြစ်တယ်လို့လည်း Crux က ဖော်ပြပါတယ်။
    ဗာတီကန် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေငြာခြင်း မပြုမီအချိန်အထိ အတည်ပြုလေ့မရှိဘဲ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရဂ်ျ ဘာကီက အခုနှစ်နှောင်းပိုင်းမှာ အာရှခရီးစဉ်ရှိတယ်ဆိုတာကလွဲလို့ တစ်ခြား ဘာကိုမှ အတည်ပြုခြင်း မရှိခဲ့ပါဘူး။
    မြန်မာနဲ့ ဘင်္ဂလားဒေရှ့်မှာ ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေဟာ တော်တော်လေးနည်းပါးပြီး ပုပ်ရဟန်းမင်းကြီးကတော့ ဒီနိုင်ငံနှစ်ခုစလုံးက ကက်သလစ်လူ့အဖွဲ့အစည်းတွေကို အနီးကပ်ဂရုစိုက်လေ့ရှိပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံက ဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုအတွက် စာနာကြောင်း လူသိရှင်ကြား ပြောကြားထားသူဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ International Day of Prayer and Awareness Against Human Trafficking အခမ်းအနားမှာ ရိုဟင်ဂျာမွတ်စလင်တွေကို သတိရကြဖို့ ၀တ်ပြုသူတွေကို တိုက်တွန်းခဲ့ပါတယ်။
    “ပြောင်းရွှေ့အခြေချမှုတွေ၊ မောင်းထုတ်ခံရမှုတွေ၊ အမြတ်ထုတ်ခံရမှုတွေအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ ညီအစ်ကိုမောင်နှမတွေအတွက် တရားနာပရိတ်သတ်နဲ့အတူ အထူးဆုတောင်းပေးချင်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီး အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
    “သူတို့ဟာ မြန်မာနိုင်ငံက မောင်းထုတ်ခံရတယ်။ သူတို့ကို ဘယ်သူမှ လက်မခံချင်တာကြောင့် တစ်နေရာကနေ တစ်နေရာကို သွားရတယ်။ သူတို့ဟာ လူကောင်းတွပါ။ ငြိမ်းချမ်းစွာနေထိုင်ကြသူတွေပါ။ သူတို့ဟာ ခရစ်ယာန်မဟုတ်ဘူး။ သူတို့ဟာ လူကောင်းတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်းအတိုင်း၊ ယုံကြည်ချက်အတိုင်း နေထိုင်တယ်ဆိုတဲ့ အချက်ကြောင့် သူတို့ဟာ ညှင်းပမ်းခံရတယ်။ သတ်ဖြတ်ခံနေရပါတယ်”
    Ref: Cruxnow
  • ခြစားမှုသံသယရှိသော ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်
    ခြစားမှုသံသယရှိသော ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်
    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media
    – ခြစားမှုများရှိသည်ဆိုသည့် စွပ်စွဲမှုများ ခံနေရသော ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ တာဝန်ဆက်လက်ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီခြင်းမရှိဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံရေးသမားများမှာ ၀န်ကြီးချုပ်သစ်တစ်ယောက်တင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
    အထက်လွှတ်တော်ခေါင်းဆောင် ရာဂျာ ဇာဖာရ် အွလ် ဟာကက်က ၀န်ကြီးချုပ်ဖြစ်လာမည့် ပါတီခေါင်းဆောင် ရွေးချယ်ပွဲ အစည်းအဝေးကို PML-N ပါတီမှ ယနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးသို့ ရှရစ်ဖ်လည်း တက်ရောက်မည်ဟု ပြောကြားခဲ့သည်။
    ဟာကက်ကမူ ၀န်ကြီးချုပ်အားစွပ်စွဲချက်များမှာ အရေးမပါသည့် စွပ်စွဲချက်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ပါကစ္စတန်မီဒီယားများက PML-N ပါတီမှာ ယာယီဝန်ကြီးချုပ်အဖြစ် ရှရှစ်ဖ်၏ ညီဖြစ်သူ ရှာဘက်ဇ် ရှရစ်ဖ်ကို ရွေးချယ်တင်မြှောက်သွားဖွယ် ရှိနေသည်ဟု ဖော်ပြကြသည်။
    ရှာဘက်ဇ်မှာ ပန်ဂျပ်ပြည်နယ်၏ ၀န်ကြီးချုပ်ဖြစ်ပြီး နိုင်ငံ့ဝန်ကြီးချုပ်အဖြစ် ၀န်ရောက်ရွေးခံရန်အတွက် လက်ရှိရာထူးမှ နှုတ်ထွက်ဖွယ် ရှိနေသည်။
    Ref: Aljazeera