News @ M-Media

Blog

  • ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်သည့် ဆက်သွယ်ရေးကွန်ယက်ကို တရုတ်က မကြာမီ အသုံးပြုမည်

    ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်သည့် ဆက်သွယ်ရေးကွန်ယက်ကို တရုတ်က မကြာမီ အသုံးပြုမည်

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – ဟက်ကာတွေ ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်မယ့် ကွမ်တန်နည်းပညာအခြေပြု ဆက်သွယ်ရေးကွန်ယက်စနစ်တစ်ခုကို တရုတ်နိုင်ငံက သြဂုတ်လမှာ စတင်အသုံးပြုတော့မယ်လို့ သိရပါတယ်။

    ဂျီနန်ပြည်နယ်က တရုတ်အစိုးရ၊ ဘဏ္ဍာရေး၊ စစ်တပ်တာဝန်ရှိသူ ၂၀၀ လောက်အသုံးပြုမယ့် အဲဒီနည်းပညာကို အခုလအစောပိုင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

    အလင်းအခြေပြု ကွမ်တန်စကားဝှက်နည်းလမ်းကို အသုံးပြုထားတဲ့ အဲဒီကွန်ယက်ဟာ လက်ရှိအသုံးပြုနေတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေထက်ပိုလုံခြုံပြီး ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ချက်ခြင်းသိရှိနိုင်မှာဖြစ်သလို၊ ဒီကွန်ယက်မှာ အသုံးပြုတဲ့ စကားဝှက်နည်လမ်းကို အခြားသူတွေက ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး။

    “နိုင်ငံတော်ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ အခြားနယ်ပယ်တွေမှာ ဒီကွန်ယက်ကိုအသုံးပြုဖို့ ကျွန်တော်တို့ စီစဉ်ထားပြီး ရှေ့ပြေးစီမံကိန်း အောင်မြင်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်း ချဲ့ထွင်အသုံးပြုဖို့ မျှော်လင့်ပါတယ်” လို့ ဒီနည်းပညာကို အဓိကကိုင်တွယ်တဲ့ Jinan Institute of Quantum Technology က လက်ထောက်ညွှန်ကြားရေးမှူး ကျိုဖေးက ပြောကြားခဲ့ပါတယ်။

    ကွမ်တန်ဆက်သွယ်ရေးကွန်ယက် အခုလိုပေါ်ထွက်လာမှုဟာ သိပ္ပံနယ်ပယ်မှာ တရုတ်နိုင်ရဲ့ ခေါင်းတစ်လုံသာမှုကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ၂၀၃၀ ရောက်တဲ့အချိန်ကျရင် ဉာဏ်ရည်တုနယ်ပယ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ဂျီနန်က ဒီ ကွမ်တန်ကွန်ယက်ဟာ ကမ္ဘာ့ကွမ်တန်ကွန်ယက်တွေထဲမှာ အရှည်ဆုံးဖြစ်ပြီး ဂျီနန်အခြေစိုက် ဒေတာစင်တာကို ဖြတ်ကာ ဘေဂျင်းကနေ ရှန်ဟိုင်းအထိ ကီလိုမီတာ ၂၀၀၀ လောက်ကို ဒေတာအသွားအပြန် လုပ်နိုင်မှာဖြစ်ပါတယ်။

    ကွန်ယက်အတွက် ကုန်ကျစားရိတ်က ကန်ဒေါ်လာ ၁၅ သန်းလောက်ရှိခဲ့ပြီး တစက္ကန့်ကို ဒေတာပေါင်း ၄၀၀၀ လောက် ပုံဖျက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

    Rref: Telegraph

  • ကမ္ဘာ့ရုပ်ရှင်ထူးချွန်ဆု Emmy Award ဇကာတင်စာရင်းတွင် ပါကစ္စတန်ရုပ်ရှင်နှစ်ကား ပါဝင်လာ

    ကမ္ဘာ့ရုပ်ရှင်ထူးချွန်ဆု Emmy Award ဇကာတင်စာရင်းတွင် ပါကစ္စတန်ရုပ်ရှင်နှစ်ကား ပါဝင်လာ

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ရုပ်ရှင်လောကမှာ ထိပ်တန်းဂုဏ်ပြုဆုဖြစ်တဲ့ Emmy Award အတွက် ယခုနှစ် ဇကာတင်စာရင်းမှာ ပါကစ္စတန် မှတ်တမ်းရုပ်ရှင် ၂ ခု ပါဝင်လာတယ်လို့ သိရပါတယ်။

    A Girl in River: The Price of Forgiveness နဲ့ Among the Believers တို့ဖြစ်ပြီး ဒါရိုက်တာ ရှာရ်မင်း အိုဘိုက် ချန်နွိုင်း ရိုက်ကူးထားတဲ့ A Girl in River: The Price of Forgiveness ဟာ ထူးခြားသော အသံဆု၊ ထူးခြားသော မှတ်တမ်းရုပ်ရှင်အတိုဆု နဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုတွေမှာ ဇကာတင်စာရင်း ၀င်ထားတာ ဖြစ်ပါတယ်။

    ရှာရ်မင်းဟာ Saving Face and Children of Taliban မှတ်တမ်းရုပ်ရှင်နဲ့လည်း Emmy ဆုကို အရင်က ရရှိဖူးပါတယ်။

    Among the Believers ကိုတော့ ဒါရိုက်တာ မိုဟာမက်အလီက ရိုက်ကူးတာဖြစ်ပြီး နိုင်ငံရေးနဲ့ အစိုးရဆိုင်ရာ ထူးခြားသော မှတ်တမ်းရုပ်ရှင်ဆု စာရင်းမှာ ဇကာတင်အဖြစ် အရွေးခံထားရတာပါ။

    A Girl in River: The Price of Forgiveness ဟာ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကြောင့် ဖခင်နဲ့ ဦးလေးတို့ရဲ့ သတ်ဖြတ်မှုဘေးကနေ လွတ်မြောက်လာတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

    ပါကစ္စတန်နိုင်ငံမှာ တာလီဘန်လို အစွန်းရောက်အဖွဲ့တွေက အခြေခံဘာသာရေးကျောင်းတွေမှာ ခြေကုပ်ယူပြီး ကလေးငယ်တွေကို လမ်းလွဲစေတာ၊ အစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေအကြား လွန်ဆွဲပွဲတွေအကြောင်းကို Among the Believers မှတ်တမ်းရုပ်ရှင်မှာ မြင်ရမှာဖြစ်ပြီး နိုင်ငံအတွင်းမှာ ထောက်ခံမှုရရှိသလို၊ ဝေဖန်မှုတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။

    Ref: Nation.com

  • ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မနှင်းဝတ်မှုံထွေး နှင့် တွေ့ဆုံခြင်း

    ဇူလိုင် ၂၆ ၊ ၂၀၁၆
    M-Media
    ချမ်းငြိမ်းအေး တွေ့ဆုံမေးမြန်းသည်။

    ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး (၆) ဘာသာ ဖြင့် အမှတ်ပေါင်း ၅၁၂ မှတ် ရရှိခဲ့တဲ့ ရန်ကုန်မြို့မှ မနှင်းဝတ်မှုံထွေးကို M-Media မှ တွေ့ဆုံမေးမြန်းထားပါတယ်။

    M_Media ။ ။မင်္ဂလာပါ ညီမလေး။
    HWMH ။ ။ ဟုတ် မင်္ဂလာပါ။

    M_Media ။ ။ညီမလေး ဆယ်တန်းမှာ ဒီလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့အတွက် အရင်ကတည်းက ရည်ရွယ်ချက် ရှိပြီးတော့ ကြိုးစားခဲ့တာလား။

    HWMH ။ ။ အင်း ဟုတ်တယ် ၉ တန်းလောက်ကတည်းက ဒီလို ဖြစ်ရမယ် ငါ ဂုဏ်ထူးတွေနဲ့ အောင်ရမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ဘာလို့လည်းတော့ မဟုတ်ဘူး။ ငါ ရမှာပါဆိုပြီး လုပ်ခဲ့တာပါ။

    M_Media ။ ။ကျောင်းစတက်တဲ့ နှစ်စမှာရော ညီမလေး စာတွေကို ဘယ်လိုကြိုးစားလေ့လာခဲ့လဲ။

    HWMH ။ ။ နှစ်စကတည်းက စာတွေကို သေသေချာချာ လေ့လာတယ်။ ဘယ်စာကိုမှ မလစ်ဟင်းအောင် လုပ်ခဲ့တယ်။ ဘယ်စာတွေကိုမှ မပယ်ဘူး။ အကုန်လုပ်တယ်။ အရမ်းကြီး သူများတွေလို timetable ကိုချမဆွဲထားဘူး။ ခေါင်းထဲမှာပဲ တစ်နေ့နေ့ ငါဘယ်လောက် ရနေပြီလဲ အဲ့ဒီလိုပဲ မှတ်ပြီး ပုံမှန်ကျက်တယ်။ ပုံမှန်စာကျက်ချိန်ဆိုပြီးတော့ အဲ့လိုမျိုးလည်း သိပ်ပြီးတော့ မရှိဘူး။ တစ်ပတ်ပြီးရင် ဒီတစ်ပတ်မှာ ငါဘာလိုနေလဲ။ ဒီဘာသာလိုလား အဲ့ဒီလိုတဲ့ဘာသာကို ပိုလုပ်လိုက်တယ်။ တစ်နေ့ကို ကိုယ်ပိုင်စာကျက်ချိန် (၄) နာရီတော့ ထားတယ်။ အဲ့အချိန်အတွင်းမှာ သေချာလုပ်တယ်။

    M_Media ။ ။ ကျောင်းတက်နေတဲ့ အချိန်မှာရော ဘယ်လို အခက်အခဲမျိုးတွေရော ရှိလဲ။

    HWMH ။ ။ အခက်အခဲကတော့ ကျူရှင်နဲ့ ကျောင်းပဲလေ။ ကျူရှင်နဲ့ ကျောင်းနဲ့ ကြားကဆိုတော့ ဒွိဟများတယ်လေ။ အဲ့တော့ ကျူရှင်က သင်တဲ့ဟာကိုပဲ ရွေးပြီး လုပ်ခဲ့တယ်။ အဲ့လို ကျူရှင်က သင်တာပဲ ကျူရှင်ကိုပဲ ရွေးပြီးလုပ်တော့ ကျောင်းမှာ အခက်အခဲတွေ ရှိတယ်။ ကျောင်းက စာမေးပွဲတွေမှာဆိုရင် အမှတ်တွေလျော့တယ်။ လုံးဝကို အရမ်းနည်းတဲ့ အခြေအနေတွေရှိတယ်။ အဲ့လို အခြေအနေတွေမှာဆိုရင်တော့ စိတ်ဓာတ်တော့ ကျတာပေါ့။ သွားပြီ ငါတော့ မရလောက်ဘူးပဲထင်တာ ဒါပေမယ့် ကျူရှင်မှာက အမှတ်တွေများတယ် ပုံမှန်ပဲဆိုတော့ အရမ်းတော့ ပြသာနာမဖြစ်ပါဘူး။ စာမေးပွဲကြီးကျတော့ အကုန်အဆင်ပြေသွားတယ်။

    M_Media ။ ။ ဒီလိုကာလတစ်လျှောက်မှာရော အရမ်းစိတ်ဓာတ်ကျတဲ့အချိန်တွေရှိလား။

    HWMH ။ ။ ရှိတယ်။ ကျောင်းမှာ ပထမဆုံး စာမေးပွဲ ဖြေတဲ့အချိန်မှာ အမှတ်က အရမ်းနည်းတယ်။ တော်တော်နည်းတော့ အဲ့အချိန်မှာ တော်တော် စိတ်ဓာတ်ကျခဲ့တယ်။

    M_Media ။ ။ အဲ့လိုအခါမှာ ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့လဲ။
    HWMH ။ ။ အဲ့ဒီအခါမှာ ကျူရှင်ကို ပြန်ကြည့်တော့ ကျုရှင်မှာ အမှတ်တွေက ကောင်းနေတယ်။ ကျောင်းက အမှတ်တွေပဲ စုတ်ပြတ်သတ်နေတာ။ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ကိုကိုယ် အားတင်းထားရတာပေါ့။

    M_Media ။ ။ မိသားစုကရော ညီမလေးအပေါ်မှာ ဘယ်လိုအထောက်အပံ့တွေ ပေးလဲ။

    HWMH ။ ။ အရမ်းကြီး စာကျက်ရမယ် ဟိုဟာရရမယ် အဲ့ဒီလိုတွေ မရှိဘူး။ ရုပ်ရှင်ကြည့်နေရင်တောင် ကြည့်နေတယ်ဆိုပြီး တစ်ခါမှ မဆူပါဘူး။ ဘာလိုလို ဖြည့်ဆည်းပေးတယ်။ နားလည်မှုလည်း အပြည့်ပေးတယ်။ မိသားစုက အခုလို ဖိအားမပေးပဲ အေးဆေးပဲဆိုရင် ကျောင်းသူ ကျောင်းသားတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။

     

    M_Media ။ ။ နောက်နှစ်မှာ (၁၀) တန်းဖြေမယ့် ညီငယ် ညီမငယ်တွေအတွက်ရော ဘာများပြောချင်လဲ။

    HWMH ။ ။ အဓိကကတော့ စပြီးတော့ စလုပ်ကတည်းက ဘာကိုမှ မပယ်ဘူးဆိုတဲ့စိတ်နဲ့လုပ်ပါလို့။ ပြီးတော့ နောက်ပိုင်းကျမှ နည်းနည်းမရတဲ့ အခန်းတွေကို မပယ်တာမျိုးတွေ လုပ်ပါ။ တကယ်တော့ စိတ်ဖိစီးမှု အရမ်းများနေရင် ဆယ်တန်းက အဆင်မပြေဘူး။ နည်းနည်းလေး ကိုယ့်ကိုကိုယ် နားလည်အောင်လုပ်ပါ။ ဘယ်အချိန်မှာ ငါဘာကျက်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို သိရင် ရပါပြီ။

     

    M_Media ။ ။ညီမလေးအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။

    HWMH ။ ။ ဆရာဝန် လုပ်ဖို့ စဉ်းစားထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲ့လို OG ဆရာဝန်ဖြစ်ချင်တာ။ ရုပ်ရှင်ကြည့်ရင်လည်း အဲ့လို OG အဲ့ဒီလို ကားတွေဆိုလည်း စိတ်ဝင်စားတယ်။ အကိုကလည်း ဆရာဝန်ဆိုတော့ သူ့ကိုလည်း အားကျတာတွေ ပါတယ်။ ဆရာဝန်ဖြစ်ချင်တယ်ဆိုတာကလည်း ကိုယ့်ကိုကိုယ် သေချာတယ်။ OG ဖြစ်သွားရင်လည်း တောဘက် အဲ့လိုနေရာမျိုးတွေမှာ သေချာလုပ်ပေးချင်တယ်။ ကိုယ့်မှာ level တစ်ခုတော့ ရှိလာမှာပဲလေ။ အဲ့ဒါနဲ့ ထိုက်တာတွေ လုပ်ချင်ပါတယ်။

  • ဗဟိုအာဖရိကနိုင်ငံတွင် ကုလတပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခံရ

    ဗဟိုအာဖရိကနိုင်ငံတွင် ကုလတပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခံရ

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – မငြိမ်မသက်မှုများ ဖြစ်ပွားနေသည့် ဗဟိုအာဖရိကနိုင်ငံတွင် ခရစ်ယာန်အစွန်းရောက်များက တိုက်ခိုက်မှုကြောင့် ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ မော်ရိုကိုတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး တစ်ပတ်အတွင်း ကုလတပ်ဖွဲ့များ ၂ ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

    ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များမှာ မြို့တေ် ဘန်ဂွီအရှေ့ဘက် ကီလိုမီတာ ၇၀၀ အကွာတွင်ရှိသော ဘာနာဂက်ဆူမြို့ရှိ ပြည်သူများအား သောက်သုံးရေပေးဝေရန် ဆောင်ရွက်နေစဉ် အင်္ဂါနေ့က ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကုလမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဗဟိုအာဖရိကနိုင်ငံတွင် မွတ်စလင်နှင့် ခရစ်ယာန်လက်နက်ကိုင်များအကြား ၂၀၁၃ ခုနှစ်မှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအချိန် တည်ငြိမ်မှုရှိသေးချေ။

    အင်္ဂါနေ့ ခြုံခိုတိုက်ခိုက်ခံရမှုမှာ ခရစ်ယာန်လက်နက်ကိုင်အဖွဲ့ Anti-balaka မှ ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆရပြီး သေဆုံးသူတပ်ဖွဲ့ ၂ ဦးအပြင် တတိယတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်ရက်အနည်းကလည်း စိန်တူးဖော်မှုလုပ်ငန်းရှိရာ မြို့တစ်မြို့တွင် အဆိုပါလက်နက်ကိုင်အဖွဲ့မှ တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့ပြီး မော်ရိုကို ငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့်မေလတွင် လူပေါင်း ၁၁၅ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး အတိဒုက္ခရောက်နေသူများကို အကူအညီပေးနေသော အဖွဲ့များမှာ ၎င်းတို့၏လုပ်ငန်းများကို ရပ်တန့်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

    Ref: Aljazeera

     

  • မီဒီယာကိုကူညီမှုကြောင့် တရားစွဲခံရသည့် ကချင်ခရစ်ယာန်ခေါင်းဆောင် ၂ ဦးကို ချက်ခြင်းလွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    မီဒီယာကိုကူညီမှုကြောင့် တရားစွဲခံရသည့် ကချင်ခရစ်ယာန်ခေါင်းဆောင် ၂ ဦးကို ချက်ခြင်းလွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    ဖမ်းဆီးတရားစွဲဆိုခံထားရသည့် Dumdaw Nawng Lat နှင့် Langjaw Gam Seng

    – ရှမ်းပြည်နယ်မှာ သတင်းသမားတွေကို ကူညီလို့ ဖမ်းဆီးခံထားရတဲ့ ခရစ်ယာန် နှစ်ခြင်းအသင်းတော်က အကြီးအကဲနှစ်ဦးကို မြန်မာအာဏာပိုင်တွေအနေနဲ့ ခြွင်းချက်မဲ့ ချက်ခြင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဒီနေ့မှာ တောင်းဆိုလိုက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ HRW ရဲ့ ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    Dumdaw Nawng Lat နဲ့ Langjaw Gam Seng တို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်နှောင်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းကိစ္စကို ဖော်ပြခဲ့တဲ့ ဂျာနယ်လစ်တွေကို လမ်းညွှန်ခဲ့မှုအတွက် ရာဇ၀တ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

    ဇူလိုင်လ ၂၆ ရက် ဒီနေ့မှာ လားရှိုးက တရားရုံးမှာ သူတို့ ၂ ဦးကို ကြားနာဖို့ရှိနေပြီး ထောင်ဒဏ် ၆ နှစ်ကနေ ၈ နှစ်လောက် ချခံရဖို့ရှိနေပါတယ်။

    “ကချင်နဲ့ ရှမ်းပြည်နယ်က အရပ်သားတွေကို ခြိမ်းခြောက်တာမျိုး၊ ဖိနှိပ်တာမျိုး မြန်မာအစိုးရစစ်တပ်က ကြိုးကြိုးစားစားကို လုပ်ဆောင်နေတာပါ။ စစ်တပ်က မဟုတ်တာလုပ်တာကို ဖော်ထုတ်တဲ့သူတွေအပေါ် မြန်မာအာဏာပိုင်တွေက ပစ်မှတ်ထားတဲ့ကိစ္စဟာ ဒီတစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခုကိစ္စကို နောက်ဆုတ်ပေးဖို့ သိပ်ပြီး နောက်မကျသေးပါဘူး။ သူတို့အနေနဲ့ စွဲချက်တွေကို ရုပ်သိမ်းပြီး ဒီလူနှစ်ဦးကို ချက်ခြင်း ပြန်လွှတ်ပေးသင့်ပါတယ်” လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က စီအီးအို မက်သယူးစမစ်က ပြောကြားခဲ့ပါတယ်။

    ဧရာဝတီသတင်းဌာနက ဒီဇင်ဘာလ အစောပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတယ်လို့ဆိုတဲ့ မုန်းကိုးက ကက်သလစ်ဘုရားကျောင်း St. Francis Xavier Catholic Church အကြောင်းကို ဓာတ်ပုံတွေနဲ့ သတင်းဖော်ပြခဲ့ပြီးတဲ့နောက် တစ်ရက်အကြာမှာပဲ ကချင်နှစ်ခြင်းအသင်းတော် (KBC) က အသက် ၆၇ နှစ်အရွယ် လက်ထောက် သင်းအုပ်ဆရာ Dumdaw Nawng Lat နဲ့ KBC လူငယ်ခေါင်းဆောင် Langjaw Gam Seng တို့ဟာ ဖမ်းဆီးခံခဲ့ရတာ ဖြ
    စ်ပါတယ်။

    ဒီလူနှစ်ဦးဟာ ဒီဘုရားကျောင်းနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတဲ့ မူဆယ်မြို့နယ်က အခြား ပျက်ဆီးနေတဲ့ အရပ်ဖက်အဆောက်အဦးတွေအကြောင်း မှတ်တမ်းတွေယူဖို့ ဂျာနယ်လစ်တွေကို လမ်းညွှန်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဘုရားကျောင်းရဲ့ အပျက်အဆီးပုံရိပ်တွေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ Kachin News Group သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး စစ်တပ်ကတော့ သူတို့ရဲ့လက်ချက်မဟုတ်ဘဲ သူပုန်တွေရဲ့လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ဟာ အဲဒီအမျိုးသားနှစ်ဦးကို သီတင်းပတ်တော်တော်ကြာကြာ စစ်ကြောခဲ့ပြီး နောက်ပိုင်းမှာမှ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုလွှဲပြောင်းမပေးခင်မှာ သူတို့ဟာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကို ထောက်ခံတယ်ဆိုတဲ့ ကြေငြာချက်တွေကို လက်မှတ်ထိုးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ သူတို့နှစ်ဦးဟာ တရားမ၀င်အသင်းအဖွဲ့အက်ဥပဒေ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ကို ပိုင်ဆိုင်ထားမှုအတွက် ၂၀၁၂ ခုနှစ် သွင်းကုန်ထုတ်ကုန် ဥပဒေတွေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ VOA သတင်းဌာနနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့အတွက် Dumdaw Nawng Lat ကို မတ်လ ၂၀ ရက်နေ့မှာ အသရေဖျက်မှုနဲ့ ထပ်မံ စွဲချက်တင်ခဲ့ပါတယ်။ VOA နဲ့အင်တာဗျူးမှာ Dumdaw Nawng Lat က မြန်မာအစိုးရစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုအတွင်း အရပ်သားတွေအပေါ် ဗုံးကြဲချခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

    Fortify Rights နဲ့ Human Rights Watch တို့ကတော့ ဒီလို တရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့် စတဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားသည်ဆိုသည့် St. Francis Xavier Catholic Church ခရစ်ယာန်ဘုရားကျောင်း

    “ဘုရားကျောင်းကို မြန်မာစစ်တပ်က တိုက်ခိုက်မှုကို သတ္တိရှိရှိ မီးမောင်းထိုးပြခဲ့တာကြောင့် ဒီ နှစ်ခြင်းခေါင်းဆောင်နှစ်ဦးဟာ ပစ်မှတ်ထားခံနေရတာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အနိဌာရုံတွေကို အဆုံးသတ်ဖို့ဆိုရင် ဒီလိုချိုးဖောက်မှုတွေအကြောင်း လူတွေသိဖို့ လိုပါတယ်။ ဒီလူနှစ်ဦး တရားစွဲခံရတာဟာ ပြည်တွင်းသာမကဘဲ ကျန်ကမ္ဘာတစ်ခုလုံးကို အစိုးရက မှားယွင်းတဲ့ သတင်းစကား ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်” လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    မြန်မာအဏာပိုင်တွေဟာ လွတ်လပ်စွာ စုဝေးခွင့်၊ ကိုးကွယ်ခွင့်တို့ကို ချိုးဖောက်ပြီး ကချင်လူမျိုးတွေကို ဖမ်းဆီး တရားစွဲဆို ထောင်ချတာတွေလည်း ရှိခဲ့တယ်လို့ HRW က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: HRW.org