News @ M-Media

Blog

  • ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    လိင်စော်ကားမှုဖြင့် တရားစွဲခံရသည့် ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – ပုန်ရဟန်းမင်းကြီး ဖရန်စစ်၏ ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ကို သြစတေးလျ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်များဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ကာဒီနယ် ဂျော့ဂ်ျပဲလ်မှာ သြစလေးလျ ခရစ်ယာန် ကက်သလစ်အသင်းတော်တွင် ထိပ်တန်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး၊ ကက်သလစ်အတော်အတွင်း ကာလရှည်ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် တရားစွဲဆိုခံရသူများတွင် ဗာတီကန်မှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။

    ဗစ်တိုးရီးယား ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး ရှိန်း ပတ္တန်က ရဲတပ်ဖွဲအနေဖြင့် ကာဒီနယ် ပဲလ်ကို တရားရုံးသို့ လာရောက်ကာ ‘သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့သည့် လိင်ကျူးလွန်မှုများ’ အတွက် စွဲချက်များကို ရင်ဆိုင်ရန် ဆင့်ခေါ်ထားသည်ဟု ပြောကြားခဲ့သည်။

    ပတ္တန်၏ ပြောကြားမှုအရ ကာဒီနယ်မှာ လိင်ကျူးလွန်မှုများကို အချိန်အတော်ကြာကတည်းက ဆောင်ရွက်ခဲ့သည်ဟု သဘောသက်ရောက်နေသည်။

    ထို့ပြင် အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီးမှာ ဇူလိုင်လ ၁၈ ရက်နေ့ ကြားနာမှုအတွက် မဲလ်ဘုန်းတရားရုံးကို လာရောက်ရမည်ဟုလည်း ပတ္တန်က ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါ စွဲချက်များကို ပဲလ်က လုံးဝလက်မခံဟု သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

    “ခရီးသွားမယ့်ကိစ္စ စီစဉ်စရာတွေအတွက် သူ့ရဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်၊ ခွင့်ပြုချက်တွေကို ရယူပြီးရင်ကာဒီနယ်ပဲလ်ဟာ သြစတေးလျကို အမြန်ဆုံး ပြန်လာပြီး သူရဲ့နာမည်ကို အဖတ်ဆယ်သွားမှာပါ။ တရားရုံးနေ့ရက်တွေအတွက် ပြင်ဆင်နေပြီး စွဲဆိုချက်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်လို့ သူက ပြောကြာထားပါတယ်” ဟု ဆစ်ဒနီ ကက်သလစ်ဘုန်းတော်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ကာဒီနယ်ပဲလ်အပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များကို မည်သည့် တရားရုံးကိုမှ မတင်ရသေးကြောင်း၊ ကာဒီနယ်ပဲလ်အနေဖြင့် အခြားသော စွပ်စွဲခံရသူများနည်းတူ ခုခံချေပပိုင်ခွင့် ရှိနေကြောင်း ကြေငြာချက်က ဆိုသည်။

    အသင်းတော်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို လုံးဝ သည်းမခံဟု ပုပ်ရဟန်းမင်းကြီး၏ ကတိနှင့်ပတ်သက်၍ သံသယမကင်းမှုများ ရှိနေသည့်အချိန်တွင် ယခုစွဲချက်များက ပုန်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ထိုးနှက်မှုတစ်ခုလည်း ဖြစ်သည်။

    မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင် ပဲလ်မှာ ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုများကို မှန်မှန်ကန်ကန် ကိုင်တွယ်မှု မရှိဟူသည့် စွပ်စွဲချက်များလည်း ယခင်က ရှိခဲ့သည်။

    ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခရစ်ယာန် ကက်သလစ်အသင်းတော်နှင့် အခြားသော ခရစ်ယာန်အသင်းအဖွဲ့များက မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည်နှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သြတေးလျအစိုးရက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် စုံစမ်းရေးကော်မရှင်၏ ကြားနာမှုအတွင်း ပဲလ်က ထောင်နှင့်ချီသော ကလေးငယ်များကို ကက်သလစ်ဘုန်းကြီးများက အဓမ္မပြုကျင့်ခြင်း၊ စိတ်အနှောက်အယှက်ပေးခြင်း စသည်တို့ကို အရေးမယူမှုက ကက်သလစ်အသင်းတော်၏ မဟာအမှားများဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် ၎င်းကိုယ်တိုင်ကလည်း အစော်ကားခံရသူများထက် ဘုန်းကြီးများကို ပို၍ မျက်နှာသာပေးခဲ့ကြောင်း ၀န်ခံခဲ့ကာ ၎င်း၏ ဇာတိ ဘဲလာရတ်တွင် ကက်သလစ်အသင်းတော်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူများ မိမိကိုယ်ကို သတ်သေမှုအား တိုက်ဖျက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

     

  • နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    ဆန္ဒပြမှု မြင်ကွင်း

     

    – နွားများအား သတ်ဖြတ်သည်၊ အမဲသားစားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် လူအုပ်စုကြီးက မွတ်စလင်များအား လိုက်လံတိုက်ခိုက်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မွမ်ဘိုင်း၊ ကိုလ်ကာတားနှင့် ဒေလီတို့အပါအ၀င် အနည်းဆုံး မြို့ပေါင်း ၁၀ မြို့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကို အန်တုခဲ့သည့် အဆိုပါ ဆန္ဒပြသူများတွင် ဟိန္ဒူဇာတ်မြင့်များ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့ကာ Not in My Name (ငါတို့အမည် မသုံးနဲ့)၊ Stop Cow Terrorism (နွားအကြောင်းပြ အကြမ်းဖက်ဝါဒကို ရပ်တန့်ပါ) စသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အိန္ဒိယနိုင်ငံတွင် ဟိန္ဒူအများစုမှာ နွားကို မြင့်မြတ်သော တိရစ္ဆာန်အဖြစ် သဘောထားကာ ကိုးကွယ်ကြသည်။

    ဝေဖန်သူများကမူ ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ BJP ပါတီနှင့် ဆက်နွယ်နေသည့် လက်ယာစွန်းရောက် ဟိန္ဒူအဖွဲ့များမှာ အမဲသားစားပြီး အမဲသားနှင့် သားရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မွတ်စလင်များ၊ ဇာတ်နိမ့်ဟိန္ဒူများကို အကြမ်းဖက်ရန် ဆွပေးနေကာ အစိုးရကလည်း ထိုအကြမ်းဖက်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်းမရှိဟု စွပ်စွဲခဲ့ကြသည်။

    မိုဒီကမူ အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး နွားအရေးတက်ကြွလှုပ်ရှားသူများကိုလည်း လူသိရှင်ကြား ဆန့်ကျင်ခဲ့သည်။

    ဆန္ဒပြမှု မြင်ကွင်း

    ပြီးခဲ့သည့်သောကြာနေ့က အမျိုးသား ၂၀ ခန့်ပါဝင်သည့် လူအုပ်စုမှာ နယူးဒေလီ ဆင်ခြေဖုံး ရထားတစ်ခုပေါ်တွင် မွတ်စလင် ၄ ဦးကို အမဲသားပါလာသည်ဆိုသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ အခြား ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    မွမ်ဘိုင်းတွင် ဆန္ဒပြသူများမှာ ကျွေးကြော်သံများကို မအော်ခဲ့ဘဲ ‘ဟိန္ဒူအကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြ’ ‘ဘရားမန်ဝါဒကို ဆန့်ကျင်ကြ’ စသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

    “ကျွန်တော် ဟိန္ဒူတစ်ယောက်ပါ။ နွားကို မိခင်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် လူတွေကို သတ်နေတာဟာ မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး” ဟု အသက် ၂၀ ကျော်အရွယ် စီးပွားရေးသမား နရန်ဒရာ ဘန်ဒါရီက ပြောကြားခဲ့သည်။

    ကိုလ်ကာတားမှ ဂီတပညာရှင်တစ်ဦးဖြစ်သည့် အန်ဂျန် ဒူတာက ‘Hindutva (ဟိန္ဒူအစွန်းရောက်ဝါဒ) မြင့်တက်လာမှုမှာ အန္တရာယ်ရှိသည်’ ဟု ပြောကြားခဲ့သည်။

    “လက်ရှိ ကျွန်တော်တို့တိုင်းပြည်က အခြေအနေကို ကျွန်တော် စိုးရိမ်ပါတယ်။ အင်အားကြီးရာ နိုင်စားတဲ့ ၀ါဒကို ကျွန်တော်တို့ ဆန့်ကျင်ဖို့ လိုပါတယ်။ အိန္ဒိယဟာ လူတိုင်းအတွက်ပါ”

    အင်္ဂါနေ့ကလည်း ဂျာ့ခ်ဟန်းပြည်နယ်တွင် နွားသတ်သည်ဆိုသော စွဲချက်ဖြင့် အမျိုးသားတစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်ခဲ့ပြီး ၎င်း၏နေအိမ်ကိုလည်း မီးရှို့ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ ၀န်ကြီးချုပ် မိုဒီအပါအ၀င် အစိုးရတာဝန်ရှိသူများမှာ အဆိုပါ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် တွန့်ဆုတ်နေပြီး ရဲတပ်ဖွဲ့ကလည်း ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဟု ဝေဖန်ခဲ့သည်။

    ပြီးခဲ့သည့် ၃ လအတွင်း နွားကိစ္စဖြင့် သေဆုံးသွားသည့် လူ ၅ ဦးစလုံးမှာ နေ့ခင်းကြောင်တောင်၊ လူစည်ကားရာ နေရာတွင် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ်မှစ၍ နွားအကြောင်းပြ အကြမ်းဖက်ဝါဒကြောင့် တိုက်ခိုက်မှု ၆၃ ခု ဖြစ်ပွားခဲ့ပြီး မွတ်စလင် ၂၄ ဦးအပါအ၀င် လူ ၂၈ ဦး သေဆုံးခဲ့ကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

    လူ့အဖွဲ့အစည်းခေါင်းဆောင်များက အိန္ဒိယ၏ သန်းတစ်ထောင်ကျော်သော လူဦးရေတွင် ၁.၃ ရာခိုင်နှုန်းရှိသည့် မွတ်စလင်လူနည်းစုများကို ကာကွယ်ပေးရန် ၀န်ကြီးချုပ်မိုဒီအား တိုက်တွန်းထားသည်။

    Ref: Aljazeera

  • အလ်ဂျာဇီးရားသတင်းဌာန ပိတ်ရန် ဆော်ဒီအုပ်စု၏ ကြိုးစားမှုမှာ မီဒီယာခြိမ်းခြောက်မှုဟု ကုလ ပြော

    အလ်ဂျာဇီးရားသတင်းဌာန ပိတ်ရန် ဆော်ဒီအုပ်စု၏ ကြိုးစားမှုမှာ မီဒီယာခြိမ်းခြောက်မှုဟု ကုလ ပြော

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီဦးဆောင်သည့် အာရပ်နိုင်ငံများက ကာတာအခြေစိုက် အလ်ဂျာဇီးရား သတင်းဌာနအား ပိတ်ပစ်ရန် တောင်းဆိုမှုကို ကုလသမဂ္ဂ မီဒီယာအခွင့်အရေးဆိုင်ရာ အကြီးအကဲက ပယ်ချလိုက်ပြီး ‘မီဒီယာ ဗဟုဝါဒအတွက် အဓိက ထိုးနှက်မှုတစ်ခု’ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ကာတာမှာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့အားပေးသည်ဆိုသည့် စွဲချက်ဖြင့် ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်နိုင်ငံတို့မှာ ယခုလအစောပိုင်းက ကာတာအား သံတမန်ရေးအပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်တွင် တောင်းဆိုချက် ၁၃ ချက် ပေးပို့ခဲ့သည်။

    အီရန်နှင့် အဆက်အသွယ်ဖြတ်ရန်၊ ကာတာတွင် အခြေစိုက်ထားသည့် တူရကီစစ်စခန်းများကို ပိတ်သိမ်းရန်တို့ အပါအ၀င် ထိုတောင်းဆိုချက်များတွင် အလ်ဂျာဇီးရား သတင်းဌာနနှင့်အတူ ကာတာက ထောက်ပံ့သည်ဟု ဆိုသည့် Arabi21၊ Rassd၊ Al Araby Al Jadeed၊ Mekameleen နှင့် Middle East Eye သတင်းဌာနများအား ပိတ်သိမ်းရန် ပါဝင်သည်။

    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဒေးဗစ်ကာယီက ကြေငြာချက်တွင် “ထိုနိုင်ငံများအနေဖြင့် သံတမန်ရေးပြဿနာ ခေါင်းစဉ်အောက်တွင် အလ်ဂျာဇီရားသတင်းဌာနအား ဖြိုဖျက်ရန် ဖိအားပေးမှုမှာ မီဒီယာလွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်မှု ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါနိုင်ငံများက ကာတာအပေါ် ယခုကဲ့သို့ တောင်းဆိုမှုမျိုး မလုပ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းသင့်ကြောင်း၊ ၎င်းတို့၏ နိုင်ငံနှင့် ဒေသအတွင်း မီဒီယာဆိုင်ရာ တားမြစ်ပိတ်ပင်မှုများ မလုပ်ရန်၊ အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်သော မီဒီယာပေါ်ထွက်လာရေး အားပေးထောက်ခံရန် တိုက်တွန်းသင့်ကြောင်း ဒေးဗစ်ကာယီက ထည့်သွင်း ပြောဆိုခဲ့သည်။

    အလ်ဂျာဇီးရားသတင်းဌာနကမူ ဆော်ဒီဦးဆောင်သော နိုင်ငံများ၏ တောင်းဆိုမှုများမှာ ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့် ဆိတ်သုဉ်းစေရေးနှင့် ပြည်သူများမှာ သတင်းမှန်ရရှိခွင့်ကို ဖိနှိပ်ရေး ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

    အဆိုပါ တောင်းဆိုချက် ၁၃ ခုကို အကြောင်းပြန်ရန်အတွက် ထို ၄ နိုင်ငံက ကာတာအား ၁၀ ရက် အချိန်ပေးထားသည်။

    ထိုတောင်းဆိုချက်များ ပေါ်ထွက်လာပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ မီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူများ၊ မီဒီယာအသင်းအဖွဲ့များ၊ မီဒီယာလုပ်ငန်းများက အလ်ဂျာဇီးရား သတင်းဌာနဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

     

  • “အမှန်တရားဖော်ထုတ်သည့် နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် ဥပဒေ ၆၆(ဃ)”

    “အမှန်တရားဖော်ထုတ်သည့် နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် ဥပဒေ ၆၆(ဃ)”

    ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှု ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့စဉ် Photo: Htet Arkar/RFA

    ယနေ့ကမ္ဘာကြီး ရွာကဲ့သို့ ဖြစ်လာရခြင်းသည် အင်တာနက်ခေါ် ဆက်သွယ်ရေးနည်းပညာ ကြောင့်ဖြစ်သည်။  Information Technology (IT) ခေတ်ကြီးတွင် လူမှု့ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသည့် ကဏ္ဍအစုံစုံကို သိရှိဖို့ရန် လူမှုရေးကွန်ရက်များကို အသုံးပြုလာသည့် ဦးရေသည် တစ်နှစ်ထက်တစ်နှစ်များပြားလာပါသည်။ ယင်းတို့အနက် Instagram, Twitter နှင့်  Facebook တို့သည် လူသုံးများသည့် လူမှု့ရေးကွန်ရက်များ ဖြစ်ကြပါသည်။ ကမ္ဘာ့လူဦးရေသန်း ပေါင်း ၇၀၀၀ကျော်အနက် Facebook သုံးစွဲသူပေါင်းမှာ သန်း ၂၀၀၀ ကျော်ဖြစ်ပြီး မြန်မာပြည်တွင် ၁၂ သန်းကျော် ရှိကြောင်းသိရပါသည်။

    စတုတ္ထမဏ္ဏိုင် မီဒီယာတို့သည် တိုင်းပြည်နှင့်ပြည်သူလူထုကြီးအတွက် လိုအပ်ရင် လိုအပ် သလို အကြံပြုသည်။ ဝေဖန်သည်။ ထောက်ပြကြသည်မှာ တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်တွင် လူမှုရေးကွန်ရက်သုံးစွဲသူ လူထုတစ်ရပ်လုံးအား တုန်လှုပ် ခြောက်ခြားဖွယ်ရာ အရုပ်ဆိုးအကျည်းတန်စေသည့် ပုဒ်မ ၆၆ (ဃ) ကြောင့် နိုင်ငံအကျိုးပြု စာရေး ဆရာများ၊ အယ်ဒီတာချုပ်များ၊ ထောင်နန်းစံရသည့်ဖြစ်ရပ်သည် နိုင်ငံပုံရိပ်ကျဆင်းစေသည့်အပြင် ကမ္ဘာ့မီဒီယာများပင် အံ့သြတုန်လှုပ်ခဲ့ရသည်။ ပုဒ်မ ၆၆(ဃ)ဟူသည် ၂၀၁၃ခုနှစ် အောက်တိုဘာ လ ၈ရက်နေ့၌ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃၁ အဖြစ် သမ္မတဟောင်း ဦးသိန်းစိန် လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေးဥပဒေ တစ်ခုဖြစ်သည်။ “ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊မတရားတားဆီးကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း” တို့နှင့် ပတ်သက်၍ စွဲဆိုသော ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်။ ဥပမာပေးတင်ပြရလျှင် – ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)  ဖြင့် တက်ကြွလှုပ်ရှားသူ ဂုဏ်သရေရှိ ဒိမိုကရေစီဘက်တော်သား တစ်ဦးဦးကို ရဲက စစ်ဆေးဖို့ အချိန် မရွေးလာဖမ်းနိုင်တယ်။ တရားစွဲခံရသူက အချုပ်ထဲကနေ တရားရင်ဆိုင်ရပါမယ်။ အထူးသဖြင့်     လူမှု့ရေးကွန်ရက် Facebook ကိုသုံး၍ ကျွန်တော့်ကို ချောက်တွန်းလိုသူတစ်ဦးက ကျွန်တော့်နာမည် နဲ့ Facebook အကောင့်အတု တစ်ခုဖွင့်မယ်။ ကျွန်တော့်ရဲ့ဓာတ်ပုံတွေ၊စာတွေ ကိုဖြစ်စေ ယူလိုက်မယ်။ ကျွန်တော်ရေးတင်ခဲ့တဲ့ post တွေကနေ copy ယူပြီးတင်မယ်။ ဒါကိုမသိ တဲ့ မိတ်ဆွေတွေက ကျွန်တော်ထင်ပြီး “ Add Friend” လုပ်ကြမယ်။ အချိန်အတိုင်းအတာ တစ်ခုမှာ ဒီအကောင့်အတု (Fake Account) ကနေ နိုင်ငံတော်အကြီးအကဲဆိုသူ တစ်ဦးဦးကို စော်ကားရိုင်း ပြတဲ့ post တွေတင်မယ်။ ဓာတ်ပုံတွေတင်မယ်။ comment တွေမှာ စည်းလွတ် ဝါးလွတ်တွေ လျှောက်ရေးမယ်။ အဲဒီလို ရေးတင်လိုက်တဲ့ မဖွယ်မရာတွေကို screen shot ရိုက်ပြီး ၆၆ (ဃ)နဲ့ ရဲ စခန်းမှာ အမှု့ဖွင့်တိုင်ကြားမယ်။ တရားစွဲမယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို လက်ရှိဝန်ကြီးဋ္ဌာန အားလုံး လိုလိုက ခွင့်ပြုနေတော့ တရားလိုရဲ့ screen shot လုပ်ပြီးတင်လာတဲ့ ဓာတ်ပုံအထောက်အထား ကနေ အကောင့်အတု လုပ်ခံရသူကိုပဲ ရဲကစစ်ဆေးမယ်။ အချုပ်ထဲနေရမယ်။ တရားရုံးကနေ အာမ ခံပေးမယ်၊ မပေးမသေချာဘူး။ ဒီလို၆၆(ဃ) နဲ့တရားစွဲခံရသူတွေကို လေ့လာကြည့်လျှင် အာမခံရတဲ့သူတွေရှိသလို၊ အာမခံငြင်းပယ်ပြီး ချုပ်ရမန်ယူကာ ထောင်ပို့ခံလိုက်ရသူတွေလည်းရှိ ပါတယ်။ ဒါကြောင့်လည်း ဥပဒေပညာရှင် အချို့က ဒီဆက်သွယ်ရေးဥပဒေကို “သားရေကွင်းလို ဥပဒေ” ဟုတင်စားခေါ်ဝေါ်ကြပါတယ်။

    ထိုဆက်သွယ်ရေးဥပဒေဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသော “ကျည်တောင်စုသစ္စာ” ဆောင်းပါးကိုရေးသားခဲ့သည့် ဗြိတိသျှကိုကိုမောင်က “မီဒီယာဥပဒေတွေရှိ ပါလျက်နဲ့ ပုံနှိပ်မီဒီယာတစ်ခုကို အွန်းလိုင်းပေါ်တင်တာနဲ့ တရားစွဲခံထားရတဲ့ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အနေနဲ့ အများကြီးနစ်နာသလို ကျွန်တော်အတွက်လည်း အများ ကြီး နစ်နာခဲ့ပါတယ်။ ကျွန်တော်တို့ အပြစ်မရှိကြောင်း မသေချာခင်မှာပဲ ထောင်ထဲမှာနေခဲ့ရပါ တယ်။ ကျွန်တော်တို့အတွက် ဂုဏ်သိက္ခာပိုင်းပါ ထိခိုက်ပါတယ်” ဟု မီဒီယာများအားပြောဆိုခဲ့ပါ သည်။ ထို့နောက် ဆောင်းပါးရှင်အား တရားရုံးမှ အပြစ်မရှိဟု ဆုံးဖြတ်ပြီး အမှု့မှ ပလပ်ခဲ့ပါသည်။

    ဇွန်လ ၇ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြီမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ခေတ္တရပ်နားချိန်၌ သတင်းမီဒီယာများ၏ ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ မေးမြန်း ချက်ကို ယခင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်က “ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်၍ မိမိနိုင်ငံ၏ အခြေအ နေပေါ် မူတည်၍ မလျှော့မတင်းလုပ်ရန် လိုကြောင်း တင်းတင်းကြီး ပြတ်ပြတ်ကြီး မလုပ်သင့်ဖူး” ဟု သတင်းမီဒီယာများအား ဖြေကြားသွားခဲ့ပါသည်။

    “ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲထားတဲ့ အမှု့ပေါင်း ၇၀ ကို သုံးသပ်ကြည့်လျှင် ၆၁မှု့မှာ လက်ရှိ အစိုးရသစ် လက်ထက်မှာ ဖြစ်ပြီး အမုန်းစကား (Hate Speech) ပြောဆိုရေးသားလို့ တရားစွဲခံထား ရတဲ့ အမှု့မှာ တစ်မှု့မျှ မရှိသည်မှာ ထူးဆန်းနေသည်” ဟု ၆၆(ဃ)ဖျက်သိမ်းရေး၊ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့တို့မှ ဒေါ်ဝေဖြိုးမြင့်က ထောက်ပြပါသည်။ အမျိုးသားလွှတ်တော် အမတ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးရဲထွဋ် (ခ) စာရေးဆရာ ဝင်းထွဋ်ဇော် က “၆၆ (ဃ) ဖျက်လိုက်ရင်ရပါတယ်။ တခြားစွဲလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မတွေလည်း ရှိနေတာပဲ။  အခုဒီပုဒ်မကို ကြောက်ပြီး စာရေးဆရာတွေက စာမရေးတော့ရင် သတင်းမီဒီယာတွေက သတင်းအမှန်မတင်ပြနိုင်တော့ရင် ဒီမိုကရေစီကိုသွားတဲ့ အရွေ့က ပိုနှောင့်နှေးသွားနိုင်တယ်” ဟု ထောက်ပြပါသည်။

    ထို့ကြောင့် ပုဒ်မ ၆၆(ဃ) အရ လူတစ်ယောက်သည် “ဒီနေ့အပြင်မှာ နောက်နေ့ထောင်ထဲ မှာ ရောက်ရှိနိုင်သည့် မတရားသည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း” ဥပဒေပညာရှင်များက ထောက် ပြနေပါသည်။ နိုင်ငံသားတစ်ဦးချင်း၏ ဂုဏ်သရေထိခိုက်ပျက်ပြားနစ်နာမှု မရှိအောင် နိုင်ငံ တော်လုံခြုံရေး အများပြည်သူတည်ငြိမ်အေးချမ်းမှုရှိရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များလည်းရှိနေပါသည်။ ဗြိတိသျှနယ်ချဲ့လက်ထက်က မဆလပါတီအာဏာရှင် အစိုးရလက်ထက် က နဝတ၊နအဖ စစ်အစိုးရများလက်ထက်က သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော ဥပဒေများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်၊ စံညွှန်းများနှင့် ဆန့်ကျင်နေမည်။ မြန်မာပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိ၊မရှိဆိုသည်ကို ပြည်သူ့ကိုယ်စားလှယ်များက လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်ဖျက်သိမ်းသင့်သည်တို့ကို ဖျက်သိမ်းဖို့ အချိန်တန် နေပါပြီ။

    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ကလည်း “နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ကာကွယ်ပေးရမှာက ဥပဒေရဲ့အလုပ်ပါ” ဟု ပြည်သူ့ဆန်စား ပြည်သူ့ကိုယ် စားလှယ်များအား ပြောကြားခဲ့ဖူးသည်ကို ကိုယ်စားလှယ်တော်ကြီးများ နှလုံးပိုက်ကာ အစွမ်းကုန် အလုပ်လုပ်ကြဖို့ လိုပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)

  • နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်လာစေရန်အတွက် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်း ဆက်သွယ်မှုဆိုင်ရာ အားကောင်းစေရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် အိန္ဒိယတို့မှာ ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အိန္ဒိယ-မြန်မာ ကုန်သွယ်မှုဆိုင်ရာ ပူးတွဲကော်မတီ၏ ၆ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး နီရ်မာလာ ဆီသာရာမန်က နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုတွင် အလားအလာရှိသော နယ်ပယ်များစွာ ကျန်ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    “နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းဆက်သွယ်ရေး တိုးတက်အောင် ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ၀န်ကြီးက ဆွေးနွေးခဲ့ပါတယ်” ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြငြာချက်တွင် ဖော်ပြထားသည်။

    အစည်းအဝေးကို ဆီသာရာမန်နှင့် မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီး ဦးသန့်မြင့်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

    အိန္ဒိယ စီးပွားကူးသန်းနှင့် စက်မှုဝန်ကြီးဌာန၏ ကြေငြာချက်တွင် ၀န်ကြီး ဆီသာရာမန်က စစ်တွေမြို့တွင် ဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်း တိုးတက်မှုများကို ပြောကြားခဲ့ကြောင်း၊ စစ်တွေဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း ရေကြောင်းချိတ်ဆက်မှုအပါအ၀င် အခက်အခဲများကို ကျော်ဖြတ်ကာ အလုပ်တွင်စေရေး မြန်မာဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

    ထို့ပြင် အိန္ဒိယမှ ကုန်တင်ကားများ လွယ်ကူစွာ သွားလာနိုင်ရေး သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက်လည်း မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

    ဆွေးနွေးပွဲတွင် အိန္ဒိယနှင့် မြန်မာတို့မှာ နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်နိုင်ရေး နည်းလမ်းရှာရန် သဘောတူခဲ့ကြပြီး၊ ငွေကြေးလဲလှယ်နှုန်း ပုံသေဖြစ်စေရေး နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    မြန်မာဘက်ကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကောင်စစ်ဝန်ရုံးသစ်တစ်ခု ဖွင့်လှစ်နိုင်ရေး တင်ပြဆွေးနွေးခဲ့သည်။

    Ref: Times of India