News @ M-Media

Blog

  • ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ၂၀၁၇-၁၈ ဘောလုံးရာသီအကြို သြဂုတ်လ ၆ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ကစားမည့် ကွန်မြူနတီဒိုင်းလုပွဲမှ ရရှိသည့် ငွေကြေးများအားလုံးကို Grenfel Tower မီးလောင်မှုအတွက် ထိခိုက်ခံစားရသူများကို လှူဒါန်းသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးနှင့် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ ကစားမည့် အဆိုပါပွဲတွင် စတာလင်ပေါင် ၁.၂၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။

    “ကွန်မြူနတီဒိုင်းကနေ နည်းနည်းပါးပါးလောက် ကူညီနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘောလုံးဟာ လူတိုင်းအတွက်ပါ။ အလိုအပ်ဆုံးသူတွေကို ကူညီဖို့မှာ ဘောလုံးအားကစားနည်းကလည်း သူ့နည်းသူ့ဟန်နဲ့ ပါဝင်ဖို့ မျှော်လင့်ပါတယ်” ဟု FA အကြီးအကဲ ဂါ့ဂ်ျ ကလာကီက ပြောကြားခဲ့သည်။

    EFL အဖွဲ့က မီးဘေးသင့်ပြည်သူများအတွက် ပေါင် ၁၇၅၀၀၀ လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး အဖွဲ့ဝင်အသင်းများက ပြိုင်ပွဲမှ မျှဝေရရှိသည့် ၀င်ငွေများကို လှူဒါန်းသွားမည်ဟု ဆိုသည်။ ပရီးမီးယားအသင်းများကလည်း ပေါင် ၂ သိန်းခွဲ လှူဒါန်းရန် သဘောတူထားကြသည်။

    ဇွန်လ ၁၄ ရက်နေ့က လန်ဒန်အနောက်ပိုင်း ကန်ဆင်တန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် ၇၉ ဦး သေဆုံးသည်ဟု ယူဆရပြီး ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: BBC

  • ဆော်ဒီဦးဆောင်သည့်အဖွဲ့၏ တောင်းဆိုချက်ကို လက်မခံဟု ကာတာပြော

    ဆော်ဒီဦးဆောင်သည့်အဖွဲ့၏ တောင်းဆိုချက်ကို လက်မခံဟု ကာတာပြော

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ဆော်ဒီဦးဆောင်သည့် အာရပ်လေးနိုင်ငံမှ တောင်းဆိုချက်များကို ကာတာနိုင်ငံက ပယ်ချလိုက်ပြီး ကျိုးကြောင်းညီညွတ်မှုမရှိသော၊ အလုပ်မဖြစ်သော တောင်းဆိုချက်များဖြစ်သည်ဟု တုန့်ပြန်ပြောဆိုလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ တောင်းဆိုချက်များတွင် အီရန်နှင့် သံအဆက်အသွယ်ဖြတ်ရေး၊ နိုင်ငံအတွင်းရှိနေသည့် တူရကီစစ်အခြေစိုက်စခန်းအား ပိတ်သိမ်းရေး၊ အလ်-ဂျာဇီးရားသတင်းဌာနကို ပိတ်သိမ်းရေး စသည်တို့ အပါအ၀င် အချက် ၁၃ ချက်ပါဝင်ပြီး အကြောင်းပြန်ရန် ၁၀ ရက် အချိန်ပေးထားသည်။

    “ကျွန်တော်တို့တိုင်းပြည်ကို ဒီလို တရားမ၀င် ပိတ်ဆို့မှုဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုနဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်တော်တို့ အစောပိုင်းကတည်းက ပြောထားမှုကို ဒီတောင်းဆိုမှုစာရင်းက အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဟာက ကာတာရဲ့ အချုပ်အခြာကို ကန့်သတ်လိုက်တာ၊ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို တင်စီးတာဖြစ်ပါတယ်” ဟု ကာတာအစိုးရ၏ ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး ရှိခ် ဆာအစ်ဖ် ဘင် အဟ်မဒ် အလ် သာနီက ယမန်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် အဆိုပါတောင်းဆိုချက်များကို သုံးသပ်နေပြီး တရားဝင်တုန့်ပြန်သွားရန် စီစဉ်နေသည်ဟု ကာတာနိုင်ငံခြးရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်ကို ကိုးကား၍ QNA သတင်းဌာနက ဖော်ပြခဲ့သည်။

    ဆော်ဒီဦဆောင်သည့် အာရပ်နိုင်ငံအချို့မှာ ယခုလ အစောပိုင်းက ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ပြီး ကာတာမှာ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။ ကာတာကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

    Ref : Aljazeera

     

  • ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ

    ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် အဓိကပါဝင်ခဲ့သူဟု စွပ်စွဲခံထားရသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ထွက်ပြေးတိမ်းရှောင်စဉ် ပါဝင်ကူညီခဲ့သည့် ရဲထွဋ်လှိုင်ကို အမှုတွင် တရားခံ မဟုတ်ဘဲ တရားလိုပြသက်သေအဖြစ် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

    ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ တပ်မတော်ထောက် လှမ်းရေး အရာရှိဟောင်း ဇေယျာဖြိုး၏ညီဖြစ်သူ ရဲထွဋ်လှိုင်သည် အောင်ဝင်းခိုင်အား နေပြည်တော်ရှိ သူ၏ ရောင်ဝါဖြိုးကုမ္ပဏီရုံးရှိရာသို့ ဦးကိုနီလုပ်ကြံခံရပြီး နောက်တစ်နေ့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ရန်ကုန်မှ ကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး၊ အောင်ဝင်းခိုင်သည် ထိုရုံးတွင်ပင် ဖုန်းနှစ်လုံး၊ စာရွက် စာတမ်းများကို မီးရှို့ ဖျက်ဆီးခဲ့သည်။

    ထို့နောက် ရဲထွဋ်လှိုင်ကပင် အောင်ဝင်းခိုင်ကို မကွေးမြို့သို့သွားရန် လိုက်ပို့ပေးစဉ်တွင် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် ရပ်တန့်စေပြီး ကားပေါ်မှ အောင်ဝင်းခိုင် ဆင်းသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ဦးကိုနီ လုပ်ကြံခံရမှုတွင် လိုက်ပါဆောင်ရွက်နေသူ ရှေ့နေကြီးဦးနေလက ရဲထွဋ်လှိုင်မှာ တရားခံ လွတ်မြောက်ရေး အားပေးကူညီသူဖြစ်သည့်အတွက် အောင်ဝင်းခိုင် လွတ်မြောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ သူ့အား အဓိကသက်သေအဖြစ် စစ်ဆေးစေလိုကြောင်း ပြောသည်။

    “ခု သူက တရားလိုသက်သေစာရင်းထဲမှာ ပါတယ်။ အဲဒီ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အခု စစ်ဆေးဖို့တင်ပြတဲ့ အခါမှာ ဥပဒေရုံးရဲ့ သဘောထားကတော့ ကျန်တဲ့ အမှုနဲ့ ဆက်လက် စစ်ဆေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ သဘောထားကတော့ အမှု အကြောင်းချင်းရာ မဟုတ်ဘဲနဲ့ တရားခံပြေးဖမ်းဆီးရမိရေးဖြစ်တဲ့အတွက်ကြောင့် တရားခံပြေးဖမ်းဆီးရမိရေး အမှုမှာ သက်သေအဖြစ် စစ်ဆေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ဦးနေလက ပြောသည်။

    ဇွန်လ ၂၃ ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့သော ဦးကိုလုပ်ကြံခံခဲ့ရမှု စစ်ဆေးကြားနာသည့် ၁၂ ကြိမ်မြောက် ရုံးချိန်းတွင် မှုခင်းရဲတပ်ဖွဲ့ ရဲမှူးတင်မောင်ဆွေက အောင်ဝင်းခိုင်ကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေသော်လည်း ယခုအချိန်ထိ ဖမ်းဆီးရရှိမှု မရှိသေးဘဲ လွတ်မြောက်နေကြောင်း၊ ဖမ်းဆီးရမိရေးအတွက် အိမ်နီးခြင်း အရှေ့တောင်အာရှနိုင်ငံများရှိ ရဲတပ်ဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း တရားခွင်တွင် စာရွက်စာတမ်းများနှင့်တကွ ရှင်းလင်းတင်ပြသွားသည်။

    ၂၃ ရက်နေ့ တရားခွင်သို့ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အဓိက တရားခံများအဖြစ် ဖမ်းဆီးခံထားရသော ညီအစ်ကိုနှစ်ဦးဖြစ်သူ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်း၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့လေးဦးအား အင်းစိန်ထောင်မှ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

    တရားခံပြေး အောင်ဝင်းခိုင်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

    ရှေ့နေဦးနေလက အောင်ဝင်းခိုင်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများ၊ ထွက်ဆိုချက်များအပေါ် အားရမှုမရှိကြောင်း ပြောသည်။

    “ရဲတပ်ဖွဲ့ကနေပြီး တရားရုံးမှာ အောင်ဝင်းခိုင်ကို တရားစွဲဆိုပြီးတဲ့ကာလ၊ တရားမစွဲဆိုခင်ကာလမှာ အမှန်တကယ် ဖမ်းဆီးဖို့ရှာဖွေတဲ့ အပိုင်းကို တရားရုံးမှာ ထွက်ဆိုစေချင်တာ။ အဲဒီထွက်ဆိုချက်မရဘူးလို့ ပြောလို့ရတယ်။ အားလုံးဟာ ဝရမ်း အတည်ပြုပြီးတဲ့ အခါမှာ ဝရမ်းအရ လိုက်လံဆောင်ရွက်တဲ့ အပိုင်းကိုပဲ ထွက်ဆိုနေတာတွေ့ရတယ်။ အမှန်တကယ် ဘယ်လိုရှာဖွေခဲ့တယ်၊ စုံစမ်းခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ထွက်ဆိုချက်ပေးတာကို မတွေ့ခဲ့ရဘူး” ဟု ဦးနေလက ပြောသည်။

    အောင်ဝင်းခိုင်နှင့် ဆက်စပ်သော လူသက်သေများ ဆင့်ခေါ်စစ်ဆေးရန်၊ စာရွက်စာတမ်း အထောက်အထားများ တရားရုံးမှတဆင့် ရရှိရန်လည်း ခက်ခဲနေကြောင်း ဦးနေလက ဆက်ပြောသည်။

    တိမ်းရှောင်နေသော တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ဇွန် ၃ဝ ရက်နေ့ တရားခွင်တွင် တရားလို ရဲအုပ်မိုးနိုင်ကို စစ်ဆေးသွားမည်ဟု အထူးခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ ။

  • တရုတ်တောင်ပိုင်း မြေပြိုမှုအတွင်း လူ ၁၄၀ ကျော် နစ်မြုပ်

    တရုတ်တောင်ပိုင်း မြေပြိုမှုအတွင်း လူ ၁၄၀ ကျော် နစ်မြုပ်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်တွင် ယနေ့မနက်က မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူပေါင်း ၁၄၀ ကျော်မှာ နစ်မြှုပ်ခဲ့ပြီး အသက်အန္တရာယ် ရှိနေသည်ဟု တရုတ် ပြည်တွင်းသတင်းများက ဖော်ပြကြသည်။

    မောင်ရှင်ခရိုင် ရှင်မိုရွာတွင် ယနေ့မနက် ဒေသစံဆော်ချိန် ၆ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ တောင်တစ်တောင် ပဲ့ကျမှုကြောင့် ရွာရှိနေအိမ်ပေါင်း ၄၆ လုံးမှာ မြေကြီးများအောက်တွင် နစ်မြုပ်သွားခဲ့သည်ဟု ခရိုင်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါခရိုင်တွင် လူပေါင်း ၁၀၀၀၀ ခန့်နေထိုင်သည်။

    ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြိုကျခဲ့သည့် မြေပမာဏမှာ ကုဗပေ ၃ သန်းခန့်ရှိသည်ဟု CCTV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ရှင်မိုခရိုင်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားရာ ဒေသဖြစ်ပြီး ယခုမြေပြိုမှုတွင် ခရီးသွားများ ထိခိုက်ခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရေးပေ။

    ယခုမြေပြိုမှုကို ပထမအဆင့် ကပ်ဘေးအဖြစ် သတ်မှတ်ကာ ကယ်ဆယ်ရေးလုပ်သားများ၊ စက်ပစ္စည်းအများအပြားဖြင့် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • IS က ဖျက်ဆီးခဲ့သည့် ရှေးဟောင်း အလ်-နူရီ ဗလီဝတ်ကျောင်းတော်၏ သမိုင်းအကျဉ်း

    IS က ဖျက်ဆီးခဲ့သည့် ရှေးဟောင်း အလ်-နူရီ ဗလီဝတ်ကျောင်းတော်၏ သမိုင်းအကျဉ်း

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    IS ၏ ဖောက်ခွဲဖျက်ဆီးခြင်းကို ခံလိုက်ရသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့က နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိပြီး ယူနက်စကိုရဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးဟာ ဗုဒ္ဓဟူးနေ့က ဖောက်ခွဲဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။

    အီရတ်အစိုးရက IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပြောကြားခဲ့ပြီး၊ IS ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတာလို့ ဆိုပါတယ်။

    ၂၀၁၄ ခုနှစ်က မူဆိုးလ်မြို့ကို IS က သိမ်းပိုက်စဉ်အတွင်းမှာ ဒီ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ဖျက်ဆီးဖို့ တစ်ကြိမ်ကြိုးစားခဲ့ဖူးပြီး ဒေသခံတွေက လက်ချင်းချိတ်ကာ ၀န်းရံကာကွယ်ခဲ့ကြတာကြောင့် IS ရဲ့ အကြံအစည် အထမမြောက်ခဲ့ဘူးလို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ကြီးကို တူရကီ ဆဲလ်ဂျုတ်အင်ပါယာက မူဆိုးလ်နဲ့ အလက်ပိုကို အုပ်စိုးရတဲ့ ဘုရင် နူရ် အလ်-ဒင် မဟ်မူဒ် ဇန်ဂီက သူ မကွယ်လွန်ခင် ၂ နှစ်အရင် ၁၁၇၂ ခုနှစ်မှာ ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ အမည်ကို အစွဲပြုကာ အလ်-နူရီ ဗလီဝတ်ကျောင်းတော်လို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

    နူရ် အလ်-ဒင်ဟာ ဥရောပကနေ ကျူးကျော်လာတဲ့ ခရစ်ယာန် ခရူးတ်ဆိတ် သာသနာပြု စစ်သည်တွေကို ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ်နိုင်တဲ့အတွက် ကျော်ကြားသူလည်းဖြစ်ပါတယ်။

    အလ်-ဒင်ဟာ အဘူဟိုင်ဒါဆိုတဲ့ဗလီက မင်နာရတ်စင်မြင့်ကပေါ်ကနေ အလ်-နူရီဗလီ တည်ဆောက်မယ့် မြေနေရာကိုကြည့်ပြီး ပတ်ဝန်းကျင်က အိမ်တွေ၊ ဈေးဆိုင်တွေရဲ့ မြေတွေကိုပါ စီမံကိန်းနယ်မြေထဲ ထည့်သွင်းခဲ့ကာ ဒီလူတွေရဲ့ ခွင့်ပြုချက်ရမှ သူတို့ရဲ့မြေကို ၀ယ်ယူပြီး ဗလီဆောက်ဖို့ အမိန့်ပေးခဲ့တယ်လို့ သမိုင်းဆရာတွေက မှတ်တမ်းတင်ထားပါတယ်။

    ဗလီကြီးဆောက်လုပ်မှုဟာ ၁၁၇၃ ခုနှစ်မှာ ပြီးစီးခဲ့ပြီး သူ့ရဲ့ ပေ ၁၅၀ ရှည်ပြီး စောင်းနေတဲ့ မင်နာရတ်မျှော်စင်ကြောင့် အလ်-ဟဘ်ဒါ (ခါးကုန်ကြီး) ဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့ပါတယ်။ ဒီမင်နာရတ်ကို အီရန် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်စဉ်က မစောင်းပေမယ့် ၁၄ ရာစုနှစ် မူဆိုးလ်မြို့ကို ရောက်ရှိခဲ့တဲ့ သမိုင်းပညာရှင် အစ်ဗနေ့ ဘတ်တူတာက မင်နာရတ်စောင်းနေမှုကို ပထမဆုံး မှတ်တမ်းတင်ခဲ့ပါတယ်။

    ပညာရှင်တွေက မင်နာရတ် စောင်းသွားမှုဟာ လေဒဏ်၊ ပူပြင်းလွန်းတဲ့နေဒဏ်နဲ့ အင်္ဂတေရဲ့ စေးကပ်မှု အားနည်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၉၃၂ ခုနှစ်က ရိုက်ကူးထားသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    ၂၀၁၂ ခုနှစ်မှာ ကုလရဲ့ ယူနက်စကိုက ဒီ မင်နာရတ်ဟာ ၂.၅ မီတာ ၈.၃ ပေလောက် စောင်းနေတယ်လို့ တွက်ချက်ခဲ့ပြီး ပြိုကျနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်မယ့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် IS က မူဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့တာကြောင့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

    ဇွန်လ ၁၂ ရက်နေ့မှာ အလ်-နူရီရဲ့ ဗလီကြီးရဲ့ ရှေ့ဆောင်အီမာမ် မိုဟာမက် အလ်-မန်ဆူရီကို သူတို့နဲ့ မပူးပေါင်းတဲ့အတွက် IS က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ UN က ပြောကြားခဲ့ပါတယ်။

    အလ်-နူရီ ဗလီကြီးရဲ့ နှစ်ပေါင်း ၈၀၀ ကျော်သက်တမ်းမှာ ပြင်ဆင်ထိန်းသိမ်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ IS အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်နဲ့ အီရတ်သမိုင်း၊ အစ္စလာမ့်သမိုင်းနဲ့ ကမ္ဘာသမိုင်းမှာပါ အထင်ကရ ဖြစ်တဲ့ အလ်-နူရီဗလီကြီးဟာ ပြိုကျပျက်ဆီးသွားခဲ့ရပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ သူတို့သိမ်းပိုက်တဲ့ နယ်မြေတွေမှာရှိတဲ့ အစ္စလာမ့်သမိုင်းဝင်နေရာတွေ၊ မွတ်စလင်သူတော်စဉ်တွေရဲ့ ဂူဗိမာန်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ အခြားလူမျိုးတွေရဲ့ သမိုင်းဝင်နေရာတွေကို ဖောက်ခွဲဖျက်ဆီးလေ့ ရှိပါတယ်။

    IS က မဖျက်ဆီးခင် (အပေါ်ပုံ) နှင့် ဖျက်ဆီးပြီး (အောက်ပုံ)

    Ref: BBC, Wiki