News @ M-Media

Blog

  • သာသနာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် အင်ဒိုမွတ်စလင်လူငယ်များ ကြိုးပမ်းလာ

    သာသနာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် အင်ဒိုမွတ်စလင်လူငယ်များ ကြိုးပမ်းလာ

    ဇွန် ၂၃၊ ၂၀၁၇
    M-Media

    – ဆူမာတြားကျွန်းက ဒေါက်တာ အမျိုးသမီးတစ်ယောက်နဲ့ ဂျကာတာမြို့က ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဟာ အစ္စလာမ့်ကာကွယ်ရေးတပ်ဦး (FBI) လို့ခေါ်တဲ့ အဖွဲ့က လူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ပြီးခဲ့တဲ့လမှာ ထွက်ပြေးခဲ့ရပါတယ်။

    အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို FPI အဖွဲ့ဝင်တွေက ၀ိုင်းပြီး ထိုးနှက်ကန်ကျောက်တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ အဲဒီ ကောင်လေးနဲ့ သူ့ရဲ့ မိသားစုဟာ အခုအချိန်မှာ လုံခြုံတဲ့နေရာ ရောက်နေပြီလို့ ဆိုပါတယ်။

    ဒီကောင်လေးနဲ့ ဒေါက်တာ နှစ်ယောက်စလုံးဟာ FPI ခေါင်းဆောင် ဟာဘစ် ရီဇစ်က် ရှီဟဘ်နဲ့ပတ်သက်ပြီး Facebook စာမျက်နှာမှာ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ ရီဇစ်ဟာ လိင်ကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ယောက် ဖြစ်ပြီး အာဏာပိုင်တွေရဲ့ မေးမြန်းမှုကို ရှောင်ရှားဖို့အတွက် အင်ဒိုနီးရှားကနေ ဆော်ဒီကို ထွက်ပြေးသွားခဲ့ပါတယ်။

    “သူ အပြစ်မရှိဘူးဆိုရင် ဘာ့ကြောင့် ပြေးနေလဲ။ သူ့အဖွဲ့အ၀င် ရှေ့နေ ၃၀၀ လောက်နဲ့ လူ ၇ သန်းလောက်က သူ့ဘက်မှာ မရှိဘူးလား။ မပြေးနဲ့ ဟာဘစ်” လို့ ဒေါက်တာ ဖီရာ လိုဗီတာက သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရီဇစ်ရဲ့နောက်လိုက်တွေကတော့ လိုဗီတာဟာ အစ္စလာမ်သာသနာကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ ဒေါ်သထွက်နေကြပါတယ်။ သတ်ဖြတ်ဖို့၊ ကျောက်တုန်းနဲ့ ပေါက်သတ်ဖို့၊ အရှင်လတ်လတ်မီးရှို့ဖို့အထိ ခြိမ်းခြောက်နေကြတယ်လို့ ဒေါက်တာ ဖီရာရဲ့ ပြောကြားမှုကို ကိုးကားပြီး Liputan6 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒေါက်တာ ဖီရာဟာ အဲဒီအချိန်ကတည်းက သူမရဲ့ဇာတိမြို့ အနောက်ဆူမာတြားကနေ ဂျကာတာကို ထွက်ပြေးခဲ့ရပါတယ်။

    ဒါပေမယ့် သူမရဲ့ ဂျကတာခရီး တစ်လျှောက်လုံးမှာ အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်စလင်လူငယ်အဖွဲ့ Gerakan Pemuda Ansor (GP Ansor) က အဖွဲ့ဝင်တွေက စောင့်ရှောက်ပေးခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ အသင်းဝင်ပေါင်း သန်း ၅၀ ရှိပြီး တိုင်းပြည်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ Nahdlatul Ulama (NU) ရဲ့ လူငယ်အဖွဲ့ခွဲဖြစ်ပါတယ်။

    “အခုအချိန်မှာ တိုင်းပြည်ရဲ့ တစ်ပြည်ထာင်ဝါဒ၊ လူနည်းစုတွေကို အလေးထားတဲ့ အဖွဲ့ဆိုတာ NU တစ်ဖွဲ့ပဲ ရှိပါတယ်။ အစွန်းရောက်တွေကို တိုက်ဖျက်ဖို့အတွက်လည်း NU တစ်ဖွဲ့တည်းကသာ အခုအချိန်မှာ ဆောင်ရွက်နေတာပါ” လို့ တိုင်းပြည်အတွင်းမှာ ခလီဖာစနစ် ထူထောင်ချင်တဲ့ IS လိုလားသူ အဖွဲ့တွေကို တိုက်ဖျက်
    နေတာကို ရည်ညွှန်းကာ ဂျကာတာမှာနေထိုင်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

    Ansor ၏ အစ္စလာမ့်လူသားဝါဒကြေငြာချက်

    Ansor အကြီးအကဲ ယာကွတ်

    အစ္စလာမ့် ဓမ္မစာပေတွေကနေ ခေတ်သစ်လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်မျိုးတွေကို ဖော်ထုတ်ဖို့ Ansor က ကွန်ဂရက်တစ်ခု ကျင်းပကာ တိုက်တွန်းခဲ့ပြီးတဲ့နောက် ဒေါက် ဖီရာရဲ့ကိစ္စ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ Ansor အဖွဲ့ဟာ ပြီးခဲ့တဲ့လကလည်း အရှေ့ဂျာဗားက ဂျွန်ဘန်းမြို့မှာ ‘အစ္စလာမ့်လူသားဝါဒ ကြေငြာချက်’ တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

    “အစ္စလာမ်သာသနာရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံသားအချင်းချင်း သဘောထားကွဲအောင်လုပ်တာ၊ အကြမ်းဖက်လုပ်ရပ်တွေ၊ သူပုန်ထမှု၊ ပြဿနာဖြစ်အောင်လုပ်တာတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖြေရှင်းတာမျိုး မလုပ်သမျှ ဒီလုပ်ရပ်တွေဟာ မွတ်စလင်တွေကို ဆက်လက် ဒုက္ခရောက်စေမှာဖြစ်ပြီး၊ လူသားထုကိုလည်း ခြိမ်းခြောက်နေပါလိမ့်မယ်” လို့ အစ္စလာမ့်လူသားဝါဒကြေငြာချက် ထုတ်ပြန်တဲ့အချိန်မှာ Ansor က ပြောကြားခဲ့ပါတယ်။

    အစွန်းလွတ် အစ္စလာမ်သာသနာရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း သည်းမခံနိုင်မှုတွေ၊ အစွန်းရောက်ဝါဒတွေ မြင့်တက်လာတဲ့အချိန်မှာ Ansor ရဲ့ ဒီလှုပ်ရှားမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။

    ဒီ သည်းမခံနိုင်မှုအတွက် ထင်ရှားတဲ့ ကိစ္စတစ်ခုကတော့ ဂျကာတာမြို့ရဲ့ ပထမဆုံး တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် မြို့တော်ဝန် Ahok ကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ဒါဟာ အစွန်းရောက်တွေ အသာရသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း မြင့်တက်လာစေပါတယ်။

    “တရားသူကြီးတွေကို ကြိုးကိုင်၊ တစ်ခြားသူတွေရဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နင်းခြေတဲ့ လုပ်ရပ်တွေနဲ့ ‘အမှန်တရား’ ကို မောင်ပိုင်စီးချင်တဲ့အုပ်စုတွေ ပေါ်ထွက်လာတာကြောင့် ဒီဟာ (အစ္စလာမ့်လူသားဝါဒကြေငြာချက်) ပေါ်ထွက်လာဖြစ်ပါတယ်” လို့ Ansor ရဲ့ အကြီးအကဲ ယာကွတ် ကူမက်စ်က ပြောကြားခဲ့ပါတယ်။

    အစိုးရနဲ့ ရဲတပ်ဖွဲ့က ပြတ်ပြတ်သားသား ဆောင်ရွက်မှု မရှိတာကြောင့်လည်း ဒီအုပ်စုတွေက အတင့်ရဲလာတယ်လို့ သူက ဆိုပါတယ်။

    “သူတို့ (အစိုးရနဲ့ ရဲတပ်ဖွဲ့) ကသာ ပြတ်သားရင်၊ ဥပဒေဘောင်ကိုကျော်တဲ့ လုပ်ရပ်တွေကို သူတို့ လုပ်ရဲမှာ မဟုတ်ပါဘူး” လို့ ယာကွတ်က ဆိုပါတယ်။

    ဒီကြေငြာချက်က အစွန်းရောက်ဝါဒကို လျော့ကျစေရေး၊ တာဆီးရေး အထောက်အကူဖြစ်မလားလို့ မေးမြန်းတဲ့အခါမှာတော့ ယာကွတ်က “အစ္စလာမ့်လူသားဝါဒကြေငြာချက်ဟာ အကူအညီဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဒီကြေငြာချက်တစ်ခုတည်းနဲ့ ရပ်သွားမှာမဟုတ်ဘဲ အားကောင်တဲ့ ဆောင်ရွက်မှုမျိုးကို ထပ်လုပ်သွားဖို့ရှိပြီး၊ ခေတ်ကာလနဲ့ လျော်ညီအောင် အစ္စလာမ့်စာပေတွေကို ပြန်လည်ဖော်ထုတ်ဖို့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း တိုက်တွန်းသွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

    အစ္စလာမ့်လူသားဝါဒ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရေး

    စာမျက်နှာ ၂၂ နှာပါဝင်တဲ့ ဒီကြေငြာချက်မှာ အစ္စလာမ့်ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရေး ရေရှည်အားထုတ် ပူးပေါင်းဆောင်ရွက်ရမယ့် မူဝါဒ လမ်းစဉ်တစ်ခုကို ဖော်ပြထားပါတယ်။

    အဓိက မဟာဗျူဟာထဲမှာ ယခုခေတ်ကာလနဲ့ လျော်ညီတဲ့ အစ္စလာမ့်စာပေတွေကို ဖော်ထုတ်နိုင်ရေး ဘာသာရေးဆိုင်ရာ မူတစ်ခု ပေါ်ထွက်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားထုတ်ရပ်လုံး ကောင်းစားဖို့ နှစ်မြှုပ်ဆောင်ရွက်ရမယ့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားတစ်ခု ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာ ကွန်ယက်တစ်ခု ဖွံ့ဖြိုးလာဖို့ ဖြစ်ပါတယ်။ အဖန်းဆင်ခံအားလုံးတို့အတွက် ဂရုဏာရှင်ဖြစ်တော်မူတယ် ဆိုတဲ့ ‘ရဟ်မသ်သွလ်လစ်လ်အားလမီးန်’ ဆိုတဲ့ စကားအတိုင်း ‘အစ္စလာမ့်လူသားဝါဒ’ ကို အမှီပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းစစ်စစ်တစ်ခု ပေါ်ထွက်လာရေး တွန်းအားပေးဖို့လည်း ဖြစ်ပါတယ်” လို့ Ansor က ဆိုပါတယ်။

    ဒါပေမယ့် Ansor ရဲ့ ဒီဆောင်ရွက်မှုဟာ အင်ဒိုနီးရှားနဲ့ နိုင်ငံပြင်မှာ ထောက်ခံမှုကောင်းကောင်း ရပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။

    လေ့လာစောင့်ကြည့်သူတွေကတော့ အင်ဒိုနီးရှားဟာ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံတစ်ခု ဖြစ်ပေမယ့် အစ္စလာမ်ကမ္ဘာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ မှတ်ယူမခံရတာကြောင့် Ansor နဲ့ သူ့ရဲ့ မိခင်အဖွဲ့ NU တို့ဟာ စိန်ခေါ်မှု တော်တော်များများကို ကြုံတွေ့ရနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

    “ဒီလုပ်ဆောင်မှုထဲမှာ ပါတာတွေက သိပ်ကောင်းတယ်ဗျ။ ဒါပေမယ့် မွတ်စလင်ကမ္ဘာကို ခဏထား – အင်ဒိုနီးရှားက NU အသိုင်းအ၀ိုင်း အပြင်ဘက်မှာတောင် ထိရောက်မှုရှိပါ့မလားဆိုတာကို သံယသဖြစ်မိတယ်။ နိုင်ငံအပြင်ဘက်မှာ NU နဲ့ အင်ဒိုနီးရှားက အစ္စလာမ်သာသနာဟာ လွှမ်းမိုးမှု မရှိသလောက်ဖြစ်နေတာက ၀မ်းနည်းစရာပါ။ အင်ဒိုနီးရှားက အစ္စလာမ့်အတွေးအခေါ်တွေ နေရာရဖို့အတွက် ကြိုးပမ်းမှုတော်တော်များများ ရှိပေမယ့် အောင်မြင်မှုက နည်းပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှနိုင်ငံ တော်တော်များများက အင်ဒိုနီးရှားကို အရာမသွင်းကြပါဘူး” လို့ သြစတေးလျ အမျိုးသားတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂရေးဖီလေးက ပြောကြားခဲ့ပါတယ်။

    Ansor ရဲ့ ကွန်ဂရက်ကို တက်ရောက်ခဲ့တဲ့ Emory တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဂျိမ်းစ် ဟို့စ်တီရေးကလည်း အစ္စလာမ့်လူသားဝါဒ ကြေငြာချက်ကို ကြိုဆိုခဲ့ပေမယ့် စိန်ခေါ်မှုတွေ တော်တော်များများ ရင်ဆိုင်ရမယ်လို့ ၀န်ခံခဲ့ပါတယ်။

    “ဒီကြေငြာချက်က စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ယေဘုယျအားဖြင့် အပြုသဘောဆောင်တယ်။ NU နဲ့ GP Ansor တို့ရဲ့ ကြိုးပမ်းမှုဟာ ဒေသတွင်း ယဉ်ကျေးမှုတွေနဲ့ နိုင်ငံလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုအတွက် နေရာပေးထားတဲ့ အယူအဆနဲ့ ဘာသာရေးပိုင်းဆိုင်ရာ ပုံစံကို ချိတ်ဆက်ပေးပါတယ်။ ဒါပေမယ့် ကံမကောင်းတာက ကမ္ဘာလုံးနဲ့ချီတဲ့ ဘာသာရေးဦးဆောင်မှုမှာ အင်ဒိုနီးရှားဟာ တွန်းအားပေးနိုင်တဲ့ အခြေအနေမျိုး ရှိမနေတာပါ” လို့ ဟို့စ်တီရေးက ပြောကြားခဲ့ပါတယ်။

    NU ဟာ အစွန်းလွတ် အစ္စလာမ်သာသနာရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာကြီးက ထင်စေချင်ရင် နိုင်ငံတွင်း ရှီအာတွေ၊ အဟ်မဒီယာတွေနဲ့ LGBT လူ့အဖွဲ့အစည်းတွေအပေါ် သည်းမခံနိုင်တဲ့ မှတ်ချက်မျိုးတွေပေးတဲ့ အကြီးတန်း အိုလမာပညာရှင်တွေရဲ့ အနေအထားကို ပြောင်းပစ်ဖို့လိုကြောင်း၊ ဒီလိုလုပ်မှသာ NU ကို အစွန်းလွတ်အစ္စလာမ်ရဲ့ ပြယုဂ်အဖြစ် အနောက်ကမ္ဘာက အသိအမှတ်ပြုလာမှာ ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    NU မှာ ကွန်ဆာဗေးတစ် ပညာရှင်တွေက အနည်းစုလောက်သာဖြစ်ပေမယ့် သူတို့ရဲ့ ပြောဆိုမှုတွေက ခေါင်းကြီးပိုင်းမှာ ပါလာတတ်ကြပါတယ်။ အရှေ့ဂျာဗားမှာ အဟ်မဒီယာတွေကို ဖောက်ပြန်ရေးသမားတွေလို့ ရှုမြင်ပြီး အစွန်းရောက်တွေက တိုက်ခိုက်ကြတဲ့အချိန် NU ဟာ အဟ်မဒီယာလူ့အဖွဲ့အစည်းကို ကာကွယ်ပေးခဲ့ဖူးတဲ့သမိုင်း ရှိပါတယ်။

    Ansor ရဲ့ ဒီလှုပ်ရှားမှုကို နိုင်ငံအတွင်းက ထင်ရှားပြီး လွှမ်းမိုးမှုရှိတဲ့ မွတ်စလင် တက်ကြွလှုပ်ရှားသူ အလီဆာ ၀ါဟစ်ကလည်း ထောက်ခံထားပါယ။ သူဟာ NU ကို ထူထောင်သူ ဟာရှင်မ် အက်ဆာရီရဲ့ ဖြစ်ဖြစ်ပါတယ်။ သူမရဲ့ ဖခင် အဘူရဟ်မန် ၀ါဟစ်ဟာ NU ကို ၁၅ နှစ်လောက် ဦးဆောင်ခဲ့ပြီး နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရချိန် ၁၉၉၉ ခုနှစ်မှာ အဲဒီရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

    “လက်ရှိအချိန်မှာ လိုအပ်နေတာကြောင့် ကျွန်မဟာ ဒီလှုပ်ရှားမှုကို လုံးဝ ထောက်ခံပါတယ်။ ပြန်လည်သုံးသပ်ရေးဆိုတာ (ကုန်အာန်ကျမ်းစာကို) ပြန်ရေးခိုင်းတာ မဟုတ်ပါဘူး။ လက်ရှိအချိန်နဲ့ ပိုပြီး အံဝင်တဲ့ အစ္စလာမ့်အတွေးအခေါ်တွေကို ရှာဖွေဖော်ထုတ်ဖို့ပါ” လို့ အလီဆာက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အာရပ်လေး ၄ နိုင်ငံက ကာတာကို တောင်းဆိုချက် ၁၃ ခုနှင့် ၁၀ ရက်ရာဇသံပေးထား

    အာရပ်လေး ၄ နိုင်ငံက ကာတာကို တောင်းဆိုချက် ၁၃ ခုနှင့် ၁၀ ရက်ရာဇသံပေးထား

    ဇွန် ၂၃၊ ၂၀၁၇
    M-Media

    – လက်ရှိ ပြုလုပ်ထားတဲ့ သံတမန်ရေးဆိုင်ရာ၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးဆိုင်ရာ ဖြတ်တောက်မှုတွေကို အဆုံးသတ်စေချင်ရင် အချက် ၁၃ ချက်ကို လိုက်နာရမယ်လို့ ဆော်ဒီနဲ့ အခြားအာရပ်နိုင်ငံတွေက ဒီနေ့မှာ ကာတာကို တောင်းဆိုလိုက်ပါတယ်။

    ကာတာဟာ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဆော်ဒီ၊ အီဂျစ်၊ ယူအေအီးနဲ့ ဘာရိန်းတို့က ကာတာကို ဇွန်လ ၅ ရက်နေ့မှာ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့တာဖြစ်ပြီး ကာတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    ဒီနေ့ ထုတ်ပြန်လိုက်တဲ့ တောင်းဆိုမှုတွေထဲမှာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့၊ ဟစ်ဇ်ဘိုလာ၊ အလ်ကိုင်းဒါးနဲ့ IS တို့အပါအ၀င် အခြားသော အဖွဲ့တွေနဲ့ အဆက်အသွယ် ဖြတ်တောက်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

    နောက်ပြီး ဒိုဟာအခြေစိုက် အလ်-ဂျာဇီးရားသတင်းဌာနကို ပိတ်သိမ်းဖို့၊ တူရကီစစ်အခြေစိုက်စခန်းအတွက် နေရာပေးထားတာကို ဖယ်ပေးဖို့၊ သူတို့လေးနိုင်ငံက လူတွေကို နိုင်ငံသားပေးထားတာ ရုပ်သိမ်းဖို့၊ သူတို့လေးနိုင်ငံရဲ့ နိုင်ငံရေးကိစ္စတွေမှာ ၀င်မစွက်ဖို့၊ အီရန်နဲ့ သံတမန်အဆက်အသွယ်ဖြတ်ဖို့၊ ကာတာအနေနဲ့ နစ်နာကြေးပေးဖို့တွေလည်း တောင်းဆိုချက်ထဲမှာ ပါဝင်ပါတယ်။

    ဒီအတွက် ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံက ကာတာကို ၁၀ ရက် အချိန်ပေးထားပါတယ်။

    တကယ်လို့ ကာတာက ဒီတောင်းဆိုချက်တွေကို လိုက်နာမယ်ဆိုရင် ပထမဆုံးနှစ်အတွင်း တစ်လတစ်ခါ သုံးသပ်သွားမှာဖြစ်ပြီ၊ ဒုတိယနှစ်မှာ ၃ လတစ်ခါ သုံးသပ်သွားမှာဖြစ်ပါတယ်။ နောက်ထပ် ၁၀ နှစ်မှာတော့ ကာတာဟာ ဒီ တောင်းဆိုချက်တွေကို လိုက်နာလား၊ မလိုက်နာဘူးလားဆိုတာကို နှစ်စဉ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

    ဆော်ဒီဦးဆောင်တဲ့ နိုင်ငံတွေဘက်က တောင်းဆိုမှုတွေရှိလာရင် အခုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေအားလုံး ဖယ်ရှားပေးမှသာ စဉ်းစားမယ်လို့ ကာတာက စောစောပိုင်းမှာ ပြောကြားထားပါတယ်။

    လက်ရှိ တောင်းဆိုမှုတွေဟာ ကာတာရဲ့ အချုပ်အခြာအာဏာကို ထိပါးသလိုဖြစ်နေတာကြောင့် ကာတာဖက်က သဘောတူမယ့်အလားအလာမျိုး မရှိပါဘူး။

    Ref: Aljazeera

  • ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ

    ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ

    ဇွန် ၂၃ ၊ ၂၀၁၇

    မစိုးရိမ်တိုက်ဆရာတော် အရှင်ဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာဘုန်းတော်ကြီးတစ်ပါးကို မွတ်စလင်လူနည်းစုတွေ အပေါ် အမုန်းတရားဟောကြား လှုံ့ဆော်ခဲ့မှုအတွက် ဖမ်းဝရမ်းထုတ်ထားပြီးနောက် မနေ့က လာရောက် အဖမ်းခံခဲ့ကြောင်း ရဲကပြောပါတယ်။ အဲဒီ Galagodaatte Gnanasara ဂလာဂိုဒတ္တ ဂနာနာဆာရ ဆိုတဲ့ ဆရာတော်ကို အမုန်းတရားဟောကြားခြင်း မပြုဖို့ သက်ဆိုင်ရာက ညွန်ကြားပြီးနောက် အမေရိကန် ဒေါ်လာ ၈ဝဝဝ နဲ့ အာမခံပေးလိုက်ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာ အဲဒီ ဆရာတော်က ကိုရမ်ကျမ်းစာကို ပုတ်ခတ်ဟောကြားခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလမှာ မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခတွေဖြစ်ပွားလို့ မွတ်စလင်တွေရဲ့ ရာနဲ့ချီတဲ့ နေအိမ်တွေ ဈေးဆိုင်တွေ ဗလီဝပ်ကျောင်းတွေ သချိုင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ဆရာတော်ကို မေလမှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ဆရာတော် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ BBS ဗုဒ္ဓဘာသာအင်အားစုအဖွဲ့က သံဃာတပါးနဲ့ လူ ၁၄ ဦးကိုလည်း အကြမ်းဖက်မှုတွေမှာ ပါဝင်မှုအတွက် အခု ဖမ်းဆီးထားပါတယ်။

    ဆရာတော် Gnanasara ဟာ၂ဝ၁၄ ခုနှစ်က စပြီး မွတ်စလင် အမုန်းတရားတွေ ဟောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနှစ်ကဖြစ်ပွားတဲ့ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေမှာလည်း လူ ၄ ဦးသေဆုံးပြီး မွတ်စလင်ပိုင် အိုးအိမ်ရာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရကြောင်းနဲ့ ဆူပူမှုတွေဖြစ်ပြီးမကြာခင် အဲဒီနှစ်ထဲမှာပဲ အရှင်ဝီရသူဟာ ဆရာတော်ရဲ့ ဖိတ်ကြားချက်နဲ့ သီရိလင်္ကာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။

  • မန္တလေးခရိုင်မှ တက္ကသိုလ်ဝင်တန်းအောင် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုမည်။

    မန္တလေးခရိုင်မှ တက္ကသိုလ်ဝင်တန်းအောင် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုမည်။

    ဇွန်လ ၂၂ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ

    ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်စာမွေးပွဲ အောင်မြင်ခဲ့ကြသော မန္တလေးခရိုင်မှ အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူများ အား ဂုဏ်ပြုပွဲ အခမ်းအနားတရပ်ကို မွတ်စလင်မ် ပညာရေးအဖွဲ့ (မန္တလေး) ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    အဆိုပါဂုဏ်ပြုပွဲသို တက်ရောက်စာရင်းပေးသွင်းလိုသည့် မန္တလေးခရိုင်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်သား/ကျောင်းသူများအနေဖြင့် ပူးတွဲဖော်ပြပါ လိပ်စာများသို့ (၆-၇-၂၀၁၇) ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်းသိရပါသည်။

    Image -Sein Linn FB
  • မွတ်စလင်တို့၏ အီးဒ်ပွဲတော်အထိမ်းအမှတ် ပုံရိပ်များ စင်ကာပူရထားများတွင် ဖော်ကြူးထား

    မွတ်စလင်တို့၏ အီးဒ်ပွဲတော်အထိမ်းအမှတ် ပုံရိပ်များ စင်ကာပူရထားများတွင် ဖော်ကြူးထား

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – အခုတစ်ပတ်အဆုံးမှာ ကျရောက်တော့မယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀ါကျွတ်အီးဒ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူက ရထားတွေမှာ အီးဒ်န့အထိမ်းအမှတ် ပုံရိပ်တွေ၊ ဆုတောင်းစာတွေကို ဖော်ကြူထားပေးထားပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ တစ်လတာ ဥပုသ်သီလ စောင့်တည်ပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်တွေဟာ အီဒွလ်ဖိသိရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမှာဖြစ်ပြီး ဒီပွဲတော်ကို မလေးလူမျိုးတွေရဲ့ ဘဟာဆာ ဘာသာစကားနဲ့ ‘ဟာရီရာယာ’ လို့ ခေါ်ပါတယ်။

    အီးဒ်နေ့မှာ မွတ်စလင်တွေဟာ ၀တ်ပြုဆုတောင်းတာ၊ မုန့်တွေလုပ်ပြီး ပတ်ဝန်းကျင်ကို ဝေငှတာ၊ ဆွေမျိုးတွေနဲ့ သက်ကြီးရွယ်အိုတွေဆီ သွားရောက်ပြီး စလာမ်မေတ္တာပို့သတာတွေ လုပ်ဆောင်ကြတာဖြစ်ပါတယ်။

    စင်ကာပူက ရထားလိုင်းတွေမှာ ဒီလို အီးဒ်နေ့အထိမ်းအမှတ်ပုံရိပ်တွေ၊ ဆုတောင်းတွေ ဆင်ယင်ချယ်သထားတာကို စင်ကာပူအစိုးရရဲ့ ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့နေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ထားရှိသွားမှာ ဖြစ်ပါတယ်။

    စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဖြစ်ပြီး မွတ်စလင်ရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ယာကွဘ် အီဗရာဟင်က ဒီဆင်ယင်ချယ်သထားမှုတွေကို ကြည့်ရှုကာ ပြည်သူတွေနဲ့အတူ ရထားစီးခဲ့ပါတယ်။

    Ref: Facebook page of Singapore’s Land Transport Authority