News @ M-Media

Blog

  • အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား တီယိုတီ၏ ဈာပနအခမ်းအနား ကျင်းပပြီးစီး

    အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား တီယိုတီ၏ ဈာပနအခမ်းအနား ကျင်းပပြီးစီး

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – ယခုလအစောပိုင်းက တရုတ်ကလပ်အသင်း Beijing Enterprises နှင့် လေ့ကျင့်ခန်းဆင်းနေစဉ် လဲကျသေဆုံးခဲ့သည့် အိုက်ဗရီကို့စ် လက်ရွေးစင်ဘောလုံးသမား ချီအစ် တီယိုတီ၏ ဈာပနအခမ်းအနားကို ယမန်နေ့တွင် ကျင်းပခဲ့သည်ဟု သိရသည်။

    အသက် ၃၀ နှစ်အရွယ် နယူးကာဆယ်ကစားသမားဟောင်း တီယိုတီ၏ ရုပ်ကလပ်ကို တရုတ်နိုင်ငံမှ အိုက်ဗရီကို့စ်သို့ သယ်ဆောင်လာခဲ့ပြီး စီးပွားရေးမြို့တော် အဘစ်ဂျန်တွင် စစ်အခမ်းအနားဖြင့် မြေမြှုပ်သဂြိုဟ်ခဲ့သည်။

    ဈာပနအခမ်းအနားသို့ အိုက်ဗရီကို့စ်လက်ရွေးစင် နည်းပြဟောင်း ဟာဗီး ရီနာ့ဒ်၊ ဆော်လမွန်ကာလူး၊ အိုက်ဗရီကို့စ်ဝန်ကြီးချုပ် အမာဒူ ဂွန် ကူလီဘလီ၊ အားကစားဝန်ကြီး၊ အိုက်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့အပါအ၀င် အသင်းဖော်ဟောင်းများ၊ အိုက်ဗရီကို့စ်အသင်းသားများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။

    “သူဟာ လူသားတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ကျွန်တော် လေးစားရသူတစ်ယောက်ပါ။ လက်ရွေးစင်အသင်းမှာ ကျွန်တော် သူနဲ့ ၆ နှစ်ကစားဖူးပါတယ်။ သူ နယူးကာဆယ်မှာရှိတုန်းက ကျွန်တော်က ချယ်ဆီးကနေ သူ့ကို ရင်ဆိုင်ကစားဖူးပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဘယ်အရာအတွက်နဲ့မှ သူ့ဈာပနကို လွဲချော်လို့ မရါဘူး” ဟု ဂျာမနီတွင် ကစားနေသည့် ကာလူးက ပြောကြားခဲ့သည်။

    တီယိုတီမှာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားခဲ့ပြီး ၂၀၁၅ ခုနှစ် အာဖရိကနိုင်ငံများဖလား ဆွတ်ခူးခဲ့သည်။

    Ref : BBC

     

  • တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်

    တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – အီရန်မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS အကြမ်းဖက်သမားများကို ပစ်မှတ်ထား၍ ယမန်နေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့က တီဟီရန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုအတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ အီရန်နိုင်ငံက ပထမဆုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်တွင် အီရန်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်လိုက်ခြင်းလည်းဖြစ်သည်။

    အီရန် အစ္စလမ့်တော်လှန်ရေးအစောင့်တပ်၏ တရားဝင် ၀ဘ်စာမျက်နှာတွင် မြေပြင်မှ မြေပြင်ပစ် တာလတ်ဒုံးကျည်များကို အီရန်နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှာ ပြည်နယ်ရှိ စစ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီအက်ဇ်ဇိုရ်ဒေသရှိ IS တပ်ဖွဲ့များကို ပစ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။

    ဇွန်လ ၇ ရက်နေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ လွှတ်တော်အဆောက်အဦးနှင့် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တို့တွင် သေနတ်သမား ၆ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဟု ကြေငြာခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ IS က အီရန်တွင် ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အီရန်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားနှင့်အတူ သမ္မတ ဘာရှာ အလ်-အာဆတ်အား ထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။

    Ref: CNN

     

  • အမေရိကန်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရ

    အမေရိကန်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရ

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဖဲရ်ဖက်စ်ကောင်တီ ရက်စ်တန်မြို့မှ ဆယ်ကျော်သတ် မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    အသက် ၁၇ နှစ်အရွယ် နာဘရာဆိုသူဖြစ်ပြီး တနင်္ဂနွေနေ့မနက် အစောပိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ၀တ်ပြုဆုတောင်းပြီးနောက် အာရုံတက်အချိန်တွင် စားသောက်ဆိုင်တစ်ဆိုင်၌ သူငယ်ချင်းများ ဥပုသ်ထမင်းစားသောက်ပြီး ပြန်အထွက်တွင် အမျိုးသားတစ်ဦးက ကားဖြင့် လားရောက်၍ ဖမ်းဆီး ပြန်ပေးဆွဲခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

    ၎င်း၏ သူငယ်ချင်းများကမူ ဗလီဝတ်ကျောင်းတော်သို့ ပြန်သွားကာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့မှာ ဒေသစံတော်ချိန် မနက် ၄ နာရီမှစတင်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အနီးအနားရှိ ရေကန်တစ်ခုတွင် သေဆုံးလျက်ရှိနေသည်ကို နေ့လည်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။

    ထို့ပြင် သူမအား ရိုက်နှက်ထားသည်ဟု ယူဆရသည့် ဘေ့စ်ဘောတုတ်တံတစ်ခုကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

    နာဘရာနှင့် သူငယ်ချင်းများထံသို့ ကားမောင်းလာကာ ကိုယ်ထိလက်ရောက်စော်ကားခဲ့သည့် အသက် ၂၂ နှစ်အရွယ် ဒါဝင် မာတီနက်ဇ် တောရက်စ်ဆိုသူအား ဖမ်းဆီးနိုင်ခဲ့ပြီး နာဘရာအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည်။

    ရဲတပ်ဖွဲ့က ယခုအဖြစ်အပျက်မှာ အမုန်းရာဇ၀တ်မှု ဟုတ်၊ မဟုတ်ဆိုသည်ကို ဆန်းစစ်နေပြီး လက်ရှိအချိန်အထိ အမုန်းရာဇ၀တ်မှုဟုပြောနိုင်သော အထောက်အထားမရှိဟု ပြောကြားခဲ့သည်။

    လူမျိုးရေး တရားမျှတမှုနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ လစ်ဒါ ဆာဆူရ်က ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ Facebook စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့သည်။

    “နာဘရာရေ – သမီးနဲ့ သမီးရဲ့မိသားစုဟာ တရားမျှတမှုကို ရရှိမှာပါ။ အသက် ၁၇ နှစ်အရွယ် မွတ်စလင်ညီမငယ်လေးတစ်ဦးဟာ ဘေ့စ်ဘောတုတ်တံနဲ့ ရိုတ်သတ်ခံခဲ့ရပြီး၊ ဗာဂျီးနီးယားက ရေကန်ထဲမှာ ပစ်ချခံခဲ့ရပါတယ်။ နာဘရာနဲ့ သူမရဲ့သူငယ်ချင်းတွေဆီ ကားမောင်လာပြီး နောက်ယှက်ခဲ့သူကို ဖမ်းဆီးနိုင်ပါပြီ” ဟု ဆာဆူရ်ကေ
    ရးသားခဲ့သည်။

    လက်ရှိတွင် ထိုကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေသည်။

    Ref: Dailymail

  • ညီနောင်များ ဒုက္ခမရောက်စေရန် ယူအေအီးသို့ ဓာတ်ငွေ့တင်ပို့မှု ဆက်လုပ်မည်ဟု ကာတာပြော

    ညီနောင်များ ဒုက္ခမရောက်စေရန် ယူအေအီးသို့ ဓာတ်ငွေ့တင်ပို့မှု ဆက်လုပ်မည်ဟု ကာတာပြော

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – မိမိတို့နှင့် သံတမန်ရေးအရ ပြဿနာဖြစ်နေသော်လည်း ယူအေအီးပြည်သူများကို ငဲ့ညှာသာအနေဖြင့် ယူအေအီးသို့ ဓာတ်ငွေ့ထောက်ပံ့နေမှုကို ရပ်ဆိုင်းသွားမည်မဟုတ်ဟု ကာတာနိုင်ငံပိုင် စွမ်းအင်လုပ်ငန်း Qatar Petroleum ၏ အမှုဆောင်အကြီးအကဲ ဆအဒ် ရှီရီဒါ အလ်-ကာဘီက ပြောကြားလိုက်သည်။

    ဒေါလ်ဖင် ဂက်စ်ပိုက်လိုင်း သဘောတူညီချက်အရ ကာတာမှာ ယူအေအီးနိုင်ငံအား တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ ဘီလီယံ ပေးပို့နေပြီး၊ စာချုပ်တွင် မမျှော်လင့်ထားသည့် အခြေအနမျိုးအတွက် မည်သည့်သတ်မှတ်ချက်မှ မပါဝင်သောကြောင့် ယခု သံတမန်ရေးအရ ပြဿနာဖြစ်နေချိန်တွင် တင်ပို့မှု ရပ်ဆိုင်းလိုပါက ရပ်ဆိုင်းနိုင်သည်။

    သို့သော်လည်း အလ်-ကာဘီက မိမိတို့၏ ညီနောင်များအတွက် ဓာတ်ငွေ့ထောက်ပံ့မှုကို ရပ်ဆိုင်သွားမည်မဟုတ်ဆိုသည်။

    “ကျွန်တော်တို့ ဒီနေ့တွေ့ကြုံနေရတဲ့ ပိတ်ဆို့မှုက မမျှော်လင့်ထားတဲ့ အခြေအနေမျိုးပါ။ ယူအေအီးကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ကျွန်တော်တို့ ရပ်တန့်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဓာတ်ငွေ့ဖြတ်လိုက်ရင် ယူအေအီးနဲ့ ယူအေအီးပြည်သူတွေကို တော်တော် ထိခိုက်မှာပါ။ ကျွန်တော်တို့က သူတို့ကို ညီနောင်လို သဘောထားတာပါ။ ဓာတ်ငွေ့မဖြတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု အလ်-ကာဘီက ပြောကြားခဲ့သည်။

    ကာတာနိုင်ငံမြောက်ပိုင်း ဓာတ်ငွေ့သိုက်မှ ယူအေအီးနှင့် အိုမန်နိုင်ငံများသို့ ဆက်သွယ်ထားသည့် အဆိုပါ ဒေါလ်ဖင် ဓာတ်ငွေ့ပိုက်လိုင်းကို ကာတာက ရပ်ဆိုင်းလျှင် ယူအေအီး၏ စွမ်းအင်ကဏ္ဍတွင် အလွန်အမင်း ထိခိုက်မှုများ ဖြစ်သွားနိုင်သည်ဟု ကျွမ်းကျင်သူများ ပြောကြားထားသည်။

    တနင်္ဂနွေနေ့ အစောပိုင်းကလည်း ယူအေအီးရေနံလုပ်ငန်း Sharjah National Oil Corp မှ အမှုဆောင်အကြီးအကဲက ယခု ယူအေအီးနှင့် ကာတာနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် သံတမန်ပြဿနာကြောင့် ဓာတ်ငွေ့တင်သွင်းမှုတွင် အခက်အခဲဖြစ်မည်မဟုတ်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့မှာ ဇွန်လ ၅ ရက်နေ့မှစ၍ ကာတာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ပြီး၊ ရေကြောင်း၊ လေကြောင်း ကုန်းကြောင်း၊ ကုန်သွယ်ရေး စသည့် ဆက်သွယ်မှုအားလုံးကိုလည်း ဖြတ်တောက်ခဲ့သည်။

    Ref : Aljazeera

  • လန်ဒန်တွင် ဗလီမှထွက်လာသော မွတ်စလင်များကို ပစ်မှတ်ထားကာ ဗန်ကားတစ်စီးက ၀င်တိုက်

    လန်ဒန်တွင် ဗလီမှထွက်လာသော မွတ်စလင်များကို ပစ်မှတ်ထားကာ ဗန်ကားတစ်စီးက ၀င်တိုက်

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – လန်ဒန်မြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် ၂ လုံးအနီးတွင် ဗန်ကားတစ်စီးကာ လမ်းသွားလမ်းလာများကို ၀င်တိုက်မှုကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယူကေ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့ည သန်းခေါင်ကျော်တွင် ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီဝတ်ကျောင်းတော်မှ ၀တ်ပြုပြီး ထွက်လာသည့် မွတ်စလင်များကို ဦးတည်ကာ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုကို ကိုးကား၍ Independent သတင်းစာက ဖော်ပြခဲ့သည်။

    အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကောရ်ဘန်က ထိုအဖြစ်အပျက်အတွက် အလွန်အမင်း တုန်လှုပ်ရသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့က လူတစ်ဦးကို ဖမ်းဆီးထားပြီး အရေးပေါ် ကယ်ဆယ်ရေးဝန်ဆောင်မှုများလည်း ရောက်ရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    “ကားတစ်စီးဟာ လမ်းသွားလမ်းလာတွေကို ၀င်တိုက်တယ်ဆိုပြီး မနက် ၁၂ နာရီ ၂၀ လောက်မှာ ရဲတပ်ဖွဲ့က သတင်းရပါတယ်။ ထိခိုက်ဒဏ်ရာရသူ တော်တော်များများပြီး အခင်းဖြစ်တဲ့နေရာမှာ ဆောင်ရွက်နေပါတယ်” ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဗြိတိန်မွတ်စလင်ကောင်စီ (MCB) က ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီမှ ထွက်လာသော မွတ်စလင်များကို ဗန်ကားတစ်စီးက ဖြတ်တိုက်ခဲ့သည်ဟု သတင်းရထားကြောင်း Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    MCB ၏ အထွေထွေအတွင်းရေမှူး ဟာရွန်ခန်းက ၀တ်ပြုအပြီး ထွက်လာသူများကို ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်မှုအတွက် တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။

    ဖင်စ်ဘူရီပါ့ခ် ဗလီဝတ်ကျောင်းတော်မှ ဥက္ကဌဖြစ်သူ မိုဟာမက် ကော့ဇ်ဘားရ်က ထိုလုပ်ရပ်မှာ ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု ဆိုသည်။

    လက်ရှိတွင် တိုက်ခိုက်မှုပြုလုပ်သည့် နောက်ကွယ်မှ လှုံ့ဆော်မှုကို မသိရှိရသေးပေ။

    Ref: Aljazeera