News @ M-Media
Blog
  • သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး
    သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး
    သီရီလင်္ကာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေချိန်မှာပဲ ကိုလံဘိုမြို့ပြင်က မွတ်စလင် ဆိုင်တဆိုင်နဲ့ ဗလီတခုကို မီးရှို့ရာမှာ ဦးဆောင်တယ်လို့ စွပ်စွဲပြီး ရဲတဦးနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးကို တနင်္ဂနွေနေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
    ရဲတဦး၊ ဘုန်းကြီးတပါးနဲ့ တခြားလူ ၂ ယောက်က ကိုလံဘိုမြို့ပြင်က Panadura မှာရှိတဲ့ ဗလီတခုနဲ့ မွတ်စလင်ပိုင် စာအုပ်ဆိုင်တဆိုင်ကို ပြီးခဲ့တဲ့လက မီးရှို့ခဲ့တာကို စောင့်ကြည့် ကင်မရာတွေကနေ သိရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Priyantha Jayakody ကပြောပါတယ်။
    အဖမ်းခံရတဲ့ ရဲအရာရှိဟာ ကိုလံဘိုမှာ တာဝန်ကျသူ တဦးဖြစ်ပြီး သူဟာ ဘာသာရေးတင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်သူတဦးလို့ စွပ်စွဲခံနေရသူ ဖြစ်ကြောင်းလည်း Jayakody က ပြောပါတယ်။
    အခုအဖမ်းခံခဲ့ရသူ ၄ ဦးဟာ ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့ကို ဦးဆောင်တဲ့ Galagodaatte Gnanasara နဲ့ အနီးကပ် ကျွမ်းဝင်သူတွေ ဖြစ်တယ်လို့လည်း ရဲကပြောပါတယ်။ ဒီအဖွဲ့ဟာ မွတ်စလင်ပိုင်စီးပွါးရေး လုပ်ငန်းတွေ၊ သချိုင်္င်းတွေနဲ့ ဗလီဝတ်ကျောင်းတွေကို မီးရှို့တိုက်ခိုက်တဲ့ အဖွဲ့ လို့လည်း ပြောပါတယ်။
    Gnanasara ဦးဆောင်တဲ့ အစွန်းရောက်အဖွဲ့ BBS ရဲ့ ဒါဇင်နဲ့ ချီ ကျူးလွန်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရား ပြန့်ပွါးအောင် လုပ်ဆောင်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ သူ့ကို ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပြီး သူဟာအခု အဖမ်းမခံပဲ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။
    Gnanasara ဟာ မြန်မာနိုင်ငံမှာ ဘာသာရေး တင်းမာမှုတွေ ဖြစ်ပွါးအောင် အမုန်းတရာ ဟောပြောမှုတွေ လုပ်တယ်လို့ စွပ်စွဲထားတဲ့ မန္တလေးက ရဟန်းတော် တပါးဖြစ်တဲ့ ဦးဝီရသူနဲ့ အနီးကပ် ဆက်သွယ်မှု ရှိတယ်လို့လည်း ရဲက ပြောပါတယ်။ ဦးဝီရသူဟာ ၂၀၁၄ ခုနှစ်က Gnanasara ရဲ့ ဧည့်သည်တော် အဖြစ် သီရိလင်္ကာကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
    VOA မှ ကူးယူဖော်ပြသည်။
  • ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေးတွင် ၄၅ မိနစ် နှစ်ပိုင်းကစားမှုကို ဖျက်သိမ်းရန် ပါဝင်လာ
    ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေးတွင် ၄၅ မိနစ် နှစ်ပိုင်းကစားမှုကို ဖျက်သိမ်းရန် ပါဝင်လာ
    ဇွန် ၁၈၊ ၂၀၁၇
    M-Media
    ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဇာဗီ အလွန်ဆို ပင်နယ်တီ ပြန်ထွက်လာသည့် ဘောလုံမှ သွင်းယူခဲ့သည့်ဂိုးကို ခွင့်မပြုခဲ့ချေ
    – ဘောလုံးပွဲတစ်ပွဲမှာ ၄၅ မိနစ် နှစ်ပိုင်းခွဲကစားတဲ့ စနစ်ကို မိနစ် ၃၀ နှစ်ပိုင်းခွဲကစားတဲ့စနစ် ပြောင်းလဲဖို့အတွက် ဘောလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်နေတဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ (Ifab) က အဆိုပြုလိုက်ပါတယ်။
    အချိန်အလဟသဖြစ်မှုကို တားဆီးတဲ့အနေနဲ့ ဒီလိုဆောင်ရွက်ဖို့လိုတယ်လို့ ဘောလုံးပွဲရဲ့ ဆိုးကျိုးတွေကို ဖြေရှင်းဖို့ရည်ရွယ်ကာ Ifab ကထုတ်ပြန်တဲ့ ဗျူဟာစာတမ်းမှာ ဖော်ပြထားထားတာဖြစ်ပြီး မိနစ် ၃၀ နှစ်ပိုင်းကစားတဲ့ စနစ်မှာ ဘောလုံး စည်းပြင်ထွက်သွားတိုင်း အချိန်ရပ်တန့်ထားရမယ်လို့ ဆိုပါတယ်။
    ဒီစာတမ်းမှာ အခြားသော ဘောလုံးစည်းမျဉ်း ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေလည်း ပါဝင်ပြီး အဲဒါတွေကတော့ ပင်နယ်တီကန်သွင်းမှုက ပြန်ထွက်လာတဲ့ဘောလုံးကို ထပ်ကန်လို့ မရဘဲ ဂိုးလွန်ဘောအဖြစ် သတ်မှတ်ရေး၊ ကွင်းအတွင်းနာရီကို ဒိုင်လူကြီးရဲ့နာရီနဲ့ ချိတ်ဆက်ရေး၊ ပြစ်ဒဏ်ဘောကန်ရာမှာ အသင်းဖော်တွေကို ပိုမို ထိရောက်တဲ့ပေးပိုးမှု၊ ဒါမှမဟုတ် ဘောလုံးဆွဲကာ လိမ်ခေါက်မှု ပြုလုပ်ခွင့်ပေးရေးတွေလည်း ပါဝင်ပါတယ်။
    အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေထဲက တစ်ချို့ဟာ လက်ရှိဥပဒေတွေကို မပြင်ဘဲ ချက်ခြင်း အကောင်အထည်ဖော်လို့ရတယ်လို့လည်း Ifab က ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဒိုင်လူကြီးကို အသင်းခေါင်းဆောင်တစ်ယောက်တည်းကသာ စကားပြောခွင့်ပြုတဲ့ စည်းမျဉ်းကို စနေနေ့က စတင်ကစားခဲ့တဲ့ ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲမှာ စမ်းသပ်မှာဖြစ်ပါတယ်။
    ဘောလုံးပွဲစည်းမျဉ်းတွေကို ပြောင်းလဲမယ့်အစီအစဉ်မှာ ပါဝင်တဲ့ နောက်ထပ်ကိစ္စတစ်ခုကတော့ သရေကျနေလို့ ပင်နယ်တီ ကန်သွင်းတဲ့အခါမှာ ABBA စနစ်ကို ကျင့်သုံးရေး၊ လူစားလဲတဲ့အခါ ကစားသမားတွေ ကွင်းလယ်စည်းကနေ ၀င်ရတဲ့အစား ဘောလုံးနဲ့အနီးဆုံး နေရာကနေ ၀င်ခွင့်ပြုရေးတွေလည်း ပါဝင်ပါတယ်။
    အခုထုတ်ပြန်လိုက်တဲ့ ဗျူဟာစာတမ်းကို အစည်းအဝေးပေါင်းမြောက်များစွာမှာ ဆွေးနွေးရအုံးမှာဖြစ်ပြီး ပြောင်းလဲသင့်လား၊ မပြောင်းလဲသင့်ဘူးလားဆိုတာကို နောက်ဆုံးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
    Ref: BBC
  • အုန်းသီးမှရရှိသည့် ဆီကလည်း ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်
    အုန်းသီးမှရရှိသည့် ဆီကလည်း ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်
    ဇွန် ၁၈၊ ၂၀၁၇
    M-Media
    – အုန်းသီးကနေရရှိတဲ့အဆီဟာ အသားကနေ ရရှိတဲ့အဆီနဲ့ ထောပတ်တွေလို ကျန်းမာရေးနဲ့ သင့်လျော်မှု မရှိဘူးလို့ အမေရိကန်နှလုံးဆိုင်ရာအသင်း AHA က ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
    အုန်းဆီတွေကို ကျန်းမာရေးနဲ့ ညီညွတ်တယ် အခြားသော ပြည့်ဝဆီတွထက် ပိုကောင်းတယ်ဆိုပြီး ရောင်းချလေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ပညာရှင်တွေကတော့ အုန်းဆီမှာ မကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တက်စေတဲ့ ပြည့်ဝအဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    ဒီလိုသတ်မှတ်မှုဟာ ဆီမှာ ပြည့်ဝအဆီ ဘယ်လောက်ပါဝင်လဲဆိုတာနဲ့ တိုင်းတာပါတယ်။ ပြည့်ဝဆီတွေကို အစားများရင် သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့ကာ နှလုံးနဲ့ လေဖြတ်တာတွေလို ရောဂါမျိုး ဖြစ်ပွားနိုင်ပါတယ်။
    AHA ကတော့ အုန်းသီးကနေရရှိတဲ့အဆီရဲ့ ၈၂ ရာခိုင်နှုန်းက ပြည့်ဝအဆီတွေ ပါဝင်ပြီး ထောပတ်မှာပါဝင်တဲ့ ၆၃ ရာခိုင်နှုန်း၊ အသားရဲ့ အဆီမှာ ပါဝင်တဲ့ ၅၀ ရာခိုင်နှုန်း၊ ၀က်ဆီမှာပါဝင်တဲ့ ၃၉ ရာခိုင်နှုန်းထက် ပိုများနေတာပါ။ နောက်ပြီး အုန်းဆီဟာ အခြားသော ပြည့်ဝဆီတွေလိုဘဲ မကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေကြောင်း လေ့လာမှုမှာ တွေ့ရှိတယ်လို့ ဆိုပါတယ်။
    ဒါ့ကြောင့် လူသားတွေအနေနဲ့ စားသုံးနေတဲ့ ပြည့်ဝအဆီတွေကို လျှော့ချကာ သံလွင်ဆီနဲ့ နေကြာဆီတို့လို ဟင်းရွက်ဆီတွေကို ပိုမိုစားသုံးသင့်တယ်လို့ AHA က အကြံပြုခဲ့ပါတယ်။
    Ref: BBC
  • ပျက်ကျ Y8 လေယာဉ်၏ Black Box ကို ရှာတွေ့ပြီ
    ပျက်ကျ Y8 လေယာဉ်၏ Black Box ကို ရှာတွေ့ပြီ
    ဇွန် ၁၈၊ ၂၀၁၇
    M-Media
    – ဇွန်လအစောပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ စစ်တပ် ပို့ဆောင်ရေးလေယာဉ် Y8-200F က Black Box ကို ရှာဖွေတွေ့ရှိပြီလို့ မြန်မာစစ်တပ်က ဒီနေ့မှာ ကြေငြာလိုက်ပါတယ်။
    စစ်မှူထမ်းတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦးကို တင်ဆောင်သွားတဲ့ အဲဒီလေယာဉ်ဟာ ဇွန်လ ၇ ရက်နေ့ ထားဝယ်ကနေ ရန်ကုန်အသွားခရီးစဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အလောင်း ၉၀ ကျော်ကို ရရှိထားတယ်လို့ ဆိုပါတယ်။
    လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။
    ဒီနေ့မှာတော့ Y8 လေယာဉ်က Black Box ကို ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ပြီလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်မှာ လွှင့်တင်ထားပါတယ်။ အဲဒီ Black Box မှာ လေယာဉ်မောင်းခန်းက အသံဖမ်းရိယာနဲ့ လေယာဉ်အချက်အလက် မှတ်တမ်းတင်ကိရိယာတို့ ပါဝင်ပါတယ်။
    လေယာဉ်မပျက်ကျခင် နောက်ဆုံးဖြစ်ပျက်တဲ့ အခြေအနေကို ဒီ Black Box ကနေ ဖော်ထုတ်ကာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို သိရှိနိုင်မှာဖြစ်ပါတယ်။
    ဒါပေမယ့် Black Box ကနေ အချက်အလက်တွေ ဖော်ထုတ်ဖို့ အချိန် ဘယ်လောက်ကြာမလဲဆိုတာကိုတော့ စစ်တပ်ဖက်က ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့်တော့ ရက်ပိုင်းကနေ၊ သီးတင်းပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။
    တရုတ်နိုင်ငံလုပ် အဲဒီလေယာဉ်ကို မြန်မာလေတပ်က အသုံးပြုတာဟာ ၂ နှစ်သာရှိသေးပြီး နာရီ ၈၀၀ သာ ပျံသန်းရသေးတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
    လေယာဉ်ပျက်ကျမှု အကြောင်းအရင်း ၉၀ ရာခိုင်နှုန်းလောက်ကို Black Box ကနေ ဖော်ထုတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
    Ref: CNA
  • အာဖဂန်ရဲဌာနချုပ် တစ်ခုကို တာလီဘန်များ စီးနင်းတိုက်ခိုက်
    အာဖဂန်ရဲဌာနချုပ် တစ်ခုကို တာလီဘန်များ စီးနင်းတိုက်ခိုက်
    ဇွန် ၁၈၊ ၂၀၁၇
    M-Media
    – အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ်အား တာလီဘန်များက စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    ဂါဒက်ဇ်မြို့တွင် ယနေ့နေ့လည်ပိုင်းက သေနတ်သမား ၅ ဦးက ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမား ၅ ဦးကို ရဲတပ်ဖွဲ့က အဆောက်အဦးအတွင်း အသေပစ်သတ်ခဲ့သည်။
    တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်က ထိုတိုက်ခိုက်မှုကို ၎င်းတို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
    တာလီဘန်အဖွဲ့မှာ ဧပြီလကတည်းက တိုက်ခိုက်မှုများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့ စခန်းများ၊ နိုင်ငံခြားတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။
    စနေနေ့ကလည်း စစ်စခန်းတစ်ခုတွင် အတွင်းလူ အာဖဂန်စစ်သားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ တာလီဘန်ကမူ အဆိုပါ တိုက်ခိုက်သူကို “မျိုးချစ်” ဟု သမုတ်ခဲ့သည်။
    Ref: Aljazeera