News @ M-Media

Blog

  • အစ္စလာမ်ကို အလွဲသုံးစားလုပ်နေသည့် အကြမ်းဖက်အဖွဲ့များကို ဂျာမန်မွတ်စလင်များ ရှုတ်ချ

    အစ္စလာမ်ကို အလွဲသုံးစားလုပ်နေသည့် အကြမ်းဖက်အဖွဲ့များကို ဂျာမန်မွတ်စလင်များ ရှုတ်ချ

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – အစ္စလာမ်အမည်ကို အသုံးချပြီး စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်ဝါဒကို ရှုတ်ချတဲ့အနေနဲ့ ဂျာမနီက မွတ်စလင်တွေဟာ ကိုးလုံးမြို့မှာ ချီတက်ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၀၀၀ ကျော်လောက်ပါဝင်တဲ့ လူအုပ်ကြီးဟာ “အကြမ်းဖက်မှုကို အတူတကွဆန့်ကျင်ကြ” “အမုန်းတရားက ကမ္ဘာကြီးကို ငရဲဖြစ်စေတယ်” “လူတိုင်းအတွက် မေတ္တာထားပါ။ အမုန်းမပွားပါနဲ့” “မွတ်စလင်တွေဟာ လူ့အသက်တွေကို ကာကွယ်တယ်။ မသတ်ဖြတ်ဘူး” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

    Not With Us လို့ အမည်ပေးထားတဲ့ အဲဒီ ချီတက်ဆန္ဒထုတ်ဖော်ပွဲကို မွတ်စလင်အဖွဲ့အစည်းတွေ စုပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

    “သူတို့ရဲ့ လုပ်ရပ်တွေကို အစ္စလာမ်ရဲ့ခေါင်းစဉ်အောက်ကို အခြေအမြစ်မရှိ သွတ်သွင်းလာတဲ့ လူတွေရဲ့ တိုက်ခိုက်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်လာပါတယ်။ သာသနာက အသိအမှတ်မပြုထားတဲ့ အရာတွေနဲ့ ကျွန်တော်တို့ သာသနာဟာ အလွဲသုံးစားလုပ်ခံနေရတယ်။ သိက္ခာချခံနေရတယ်၊ စော်ကားခံနေရတယ်။ ပုံဖျက်ခံနေရပါတယ်။ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြသကြပါစို့” လို့ ဒီ ဆန္ဒထုတ်ဖော်မှုကို စီစဉ်သူတွေက သူတို့ရဲ့ ၀ဘ်ဆိုက်စာမျက်နှာမှာ ရေသားထားပါတယ်။

    တိုင်းပြည်ရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တူရကီ-အစ္စလာမ်သမဂ္ဂကတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး ဒီလုပ်ရပ်က နိုင်ငံတကာ အကြမ်းဖက်ဝါဒဟာ မွတ်စလင်တွေရဲ့ ပြဿနာသာဖြစ်တယ်ဆိုတဲ့ မှားယွင်းတဲ့ အသိပေးမှုမျိုး ဖြစ်မှာစိုးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရှုပ်ချတဲ့ မွတ်စလင်တွေရဲ့ ဒီလှုပ်ရှားမှုကို ဂျာမနီနိုင်ငံရေးသမား တော်တော်များများကလည်း ထောက်ခံခဲ့ပါတယ်။

    အခုသီတင်းပတ်အစောပိုင်းကလည်း သြစတြီးယားနိုင်ငံက ရှေ့ဆောင်အီမာမ် ၃၀၀ လောက်ဟာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး IS အဖွဲ့ဟာ အစ္စလာမ်သာသနာကို အိုးမည်းသုတ်နေတဲ့အဖွဲ့လို့ ပြောကြားခဲ့ပါတယ်။

    သြစတြီးယား အစ္စလာမ်သာသနာရေးရာ အဖွဲ့ (IGGO) က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဲဒီကြေငြာချက်မှာ ကုရ်အာန်ကျမ်းတော်မြတ်က ပါဒတော် “အပြစ်မဲ့သူတစ်ယောက်ကို သတ်ဖြတ်ခြင်းဟာ လူသားအားလုံးကို သတ်ဖြတ်သည်မည်၏” ကို ကိုးကားပြီး အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

    Ref: Independent

     

  • ဒုက္ခသည်များ ပိုမိုလက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဒုက္ခသည်များ ပိုမိုလက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များကို ဥရောပနိုင်ငံများ ခွဲဝေလက်ခံရေး အစီအစဉ်အရ စပိန်နိုင်ငံက ပေးထားသည့် ကတိက၀တ်ကို အကောင်အထည်ဖော်ရေး ယမန်နေ့တွင် မြို့တော်မက်ဒရစ်၌ ပြည်သူ ထောင်နှင့်ချီ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဥရာပတွင် အကြီးမားဆုံး ဒုက္ခသည် ပြဿနာတွင် အီတလီနှင့် ဂရိနိုင်ငံတို့ကဲ့သို့ ရှေ့တန်းနိုင်ငံများ၏ ၀န်ထုပ်ဝန်ပိုးကို ဖြေလျော့ရန်အတွက် ဥရောပတိုက်မှ နိုင်ငံများအနေဖြင့် ဒုက္ခသည် ၁၆၀၀၀၀ ကို ခွဲဝေလက်ခံရန် ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီး လက်ရှိတွင် ထိုအစီအစဉ်အတွက် နောက်ဆုံးရက်မှာ နီးလာပြီဖြစ်သည်။

    သို့သော်လည်း ဇွန်လအစပိုင်းအထိ ဒုက္ခသည် ၂ သောင်းသာ ဥရောပက ခွဲဝေလက်ခံထားပြီး၊ ၁၇၃၀၀ ကျော် လက်ခံရန် ကတိပြုထားသည့် စပိန်နိုင်ငံက ၁၃၀၀ သာ ခေါ်ဆောင်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားခဲ့သည်။

    အင်္ဂါနေ့တွင် ကျရာက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အကြို ယမန်နေ့ဆန္ဒပြမှုကို ယူကေအစိုက် Amnesty International အဖွဲ့အပါအ၀င် NGO များက ဦးစီးကျင်းပခြင်းဖြစ်ပြီး လူပေါင်း ၈၀၀၀ ခန့် တက်ရောက်သည်ဟုဆိုသည်။

    မက်ဒရစ်မြို့လယ်ကောင်တွင် ချီတက်ဆန္ဒပြသူများမှာ “တရားမ၀င်ဆိုသည့် လူသားဆိုသည် မရှိ” ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ကာ “နယ်စပ်တွေကိုဖွင့်ပါ” “တံတားထိုးပါ။ တံတိုင်းမကာပါနဲ့” “ဆင်ခြေတွေတော်ပြီ အဆီးအတားတွေ ထပ်မလိုချင်တော့” စသည့် စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။

    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် အလယ်တန်းကျောင်းဆရာ ကားလို့စ် ဒီယက်ဇ်က စပိန်နိုင်ငံမှာ လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ကြောင်း၊ ထို့ကြောင့် ဥရောပနှင့် စပိန်နိုင်ငံတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းရကြောင်း ပြောကြားခဲ့သည်။

    ဒုက္ခသည်ပထမအသုတ် လက်ခံရေး နောက်ဆုံးရက်မှာ လာမည့်လကုန်ပိုင်းတွင် ပြည့်မည်ဖြစ်ပြီး ဒုတိယ အသုတ်လက်ခံရေးကာလမှာ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်ရေတပ်သင်္ဘောမှ ပျောက်ဆုံးစစ်သားများ၏ အလောင်းများ တွေ့ရှိ

    အမေရိကန်ရေတပ်သင်္ဘောမှ ပျောက်ဆုံးစစ်သားများ၏ အလောင်းများ တွေ့ရှိ

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – ဂျပန်ကမ်းလွန်တွင် ဖိလစ်ပိုင် ကွန်တိန်နာသင်္ဘောနှင့် တိုက်မိခဲ့သည့် အမေရိကန် ရေတပ် ဖျက်သင်္ဘောမှ ပျောက်ဆုံးစစ်သားများ၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အမေရိကန်ရေတပ်က ပြောကြားလိုက်သည်။

    အမေရိကန်ရေတပ်စခန်းရှိရာ ယိုကိုဆူကာမြို့ အနောက်တောင်ဘက် ရေမိုင် ၅၆ မိုင်အကွာတွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင်း USS Fitzgerald ဖျက်သင်္ဘောမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးသွားပြီး သင်္ဘောပေါ်တွင် ရှိနေသည့် ရေတပ်သား ၂၀၀ ကျော်မှ ၇ ဦးမှာ ပျောက်ဆုံးခဲ့သည်။

    အမေရိကန်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယိုကိုကာတိုက ရေငုပ်သမားများမှာ သင်္ဘော၏ ပျက်ဆီးသွားသော အခန်းများအတွင်း ၀င်ရောက်နိုင်ခဲ့ပြီး အလောင်းအများအပြားကို တွေ့ခဲ့ရကြောင်း၊ သို့သော်လည်း ၇ ယောက်စလုံး တွေ့ရှိခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး မိမိတို့ကလည်း လေကြောင်းနှင့် ရေကြောင်းအကူအညီများ ပေးထားသည်ဟု ဂျပန် ကမ်းခြေစောင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အမေရိကန်ရေတပ်က သေဆုံးသွားသူများနှင့်ပတ်သက်၍ ၎င်းတို့၏ မိသားစုများကို အသိပေးထားကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့်အချိန်တွင် လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ဦးကိုနီ (သို့မဟုတ်) ပြည်သူ့လက်ထဲ တိုင်းပြည်အာဏာပြန်ရောက်ရေး ကြိုးပမ်းမှုကြောင့် အသက်ပေးရသူ

    ဦးကိုနီ (သို့မဟုတ်) ပြည်သူ့လက်ထဲ တိုင်းပြည်အာဏာပြန်ရောက်ရေး ကြိုးပမ်းမှုကြောင့် အသက်ပေးရသူ

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ ပါရမီအရှိဆုံး ရှေ့နေတွေထဲက တစ်ဦးဖြစ်တဲ့ ဦးကိုနီတစ်ယောက် ရန်ကုန်မြို့ လေဆိပ်အပြင်ဘက်မှာ နေ့ခင်းကြောင်တောင် လုပ်ကြံခံရမှုဟာ ၄ လတာ ကြာမြင့်သွားပေမယ့် အာဏာပိုင်တွေကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ရေး နီးစပ်မှု မရှိသေးပါဘူး။ သေနတ်သမားကြည်လင်းဟာ လေဆိပ်အပြင်ဘက်က တက္ကဆီယာဉ်မောင်းတွေ စိတ်ပေါက်ပေါက်နဲ့ လိုက်ဖမ်းပြီး၊ ရဲလပ်အပ်လိုက်လို့သာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

    မန္တလေးက ရှေးဟောင်းပစ္စည်းမှောင်ခိုသမား ကြည်လင်းဟာ ဇန်န၀ါရီ ၂၉ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ဖို့အတွက် ငှားရမ်း တာဝန်ပေးခံရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စီစဉ်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ စစ်တပ်အရာရှိဟောင်း အောင်ဝင်းခိုင်ကတော့ သတ်ဖြတ်မှုအပြီး ခြောက်ကပ်ကပ်လမ်းတွေ၊ အဆောက်အဦးကြဲကြဲတွေနဲ့ စစ်တပ်က တည်ထားတဲ့ နေပြည်တော်မှာ အစအနရှာလို့မရအောင် ပျောက်ခြင်းမလှ ပျောက်သွားတာက ထူးဆန်းဖွယ်ရာပါပဲ။

    စုံစမ်းစစ်ဆေးမှုမှာ လစ်ဟာမှုတွေ့ရှိသလို အနောက်တိုင်းမီဒီယာတွေကလည်း လမ်းကြောင်းလွဲတဲ့ဖော်ပြချက်တွေ ရှိနေပါတယ်။ Economist၊ the Financial Times၊ the New York Times နဲ့ Washington Post အပါအ၀င် အနောက်ကမ္ဘာက သတင်းဌာနအားလုံးနီးပါးက အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ခြင်းဟာ ဦးကိုနီ သတ်ဖြတ်ခံမှုနောက်ကွယ်က လှုံ့ဆော်မှု ဖြစ်နိုင်တယ်ဆိုပြီး ပုံဖော်ကြပါတယ်။

    Economist ကဆိုရင် ဦးကိုနီကို “ဘာသာရေးလူနည်းစုတွေကို ကာကွယ်ပေးရာမှာ ထင်ရှားသူ” လို့ ဖော်ပြပြီး Financial Times က “မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး မွတ်စလင်အသံတွေထဲက တစ်ခု” ဆိုပြီး ရေးသားကြပါတယ်။ BBC ကလည်း သတ်ဖြတ်မှုအကြောင်းအရင်းကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအကြောင်း သူတို့ရဲ့ အရင် သတင်းတင်ပြချက်တွေနဲ့ ချိတ်ဆက်ဖော်ပြပါတယ်။

    ဦးကိုနီရဲ့ မိတ်ဟောင်းဆွေဟောင်းနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီလိုသတင်းတွေကို ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ အမေရိကန်သမ္မတဟောင်း အိုင်းရစ်ရှ်လူမျိုး ကက်သလစ်ဘာသာဝင် ဂျွန် အက်ဖ်ကနေဒီဟာ ၁၉၆၀ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် မရွေးချယ်ခံရခင် ပြောကြားခဲ့တဲ့”ကျွန်တော်ဟာ ကက်သလစ်သမ္မတလောင်းမဟုတ်ပါဘူး။ ကက်သလစ်ဘာသာဝင်ဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းပါ” နာမည်ကျော်စကားကို ကျွန်တော် သွားသတိရပါတယ်။

    ဦးကိုနီကလည်း ဖွဲ့စည်းပုံနဲ့ လူ့အခွင့်အရေးဆိုင်ရာကို ပထမဆုံး ဆောင်ရွက်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါ။ ကျွန်တော်တို့နှစ်ဦးဟာ ဆွေးနွေးမှုတော်တော်များများ လုပ်ခဲ့ဖူးပြီး ဦးကိုနီဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူ ရှေ့နေတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ ကျယ်ပြန်တဲ့ ကိုယ်စားပြုမှုကို သူ့ရဲ့ ဘာသာတရားနဲ့ ဘယ်တုန်းကမှ မရောထွေးခဲ့ပါဘူး။

    ဦးကိုနီကို ‘မွတ်စလင် တက်ကြွလှုပ်ရှားသူတစ်ယောက်’ အဖြစ် ပုံဖော်မှုက သူလုပ်ကြံခံရမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား လူမျိုးရေး အကြမ်းဖက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြည်သူတွေကို ယုံကြည်လာစေချင်တဲ့သူတွေရဲ့ လက်ချက်သာ ဖြစ်ပါတယ်။

    ကျွန်တော်ဦးဆောင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခွဲအရင်က စတင်ခဲ့တဲ့ ‘စုံစမ်းဖော်ထုတ်မှုဆိုင်ရာ ဂျာနယ်လစ်ဇင်’ အစီအစဉ်မှာလည်း ဦးကိုနီဟာ မိတ်ဖက်အဖြစ် ပါဝင်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သူဟာ မီဒီယာကဏ္ဍကို ထိခိုက်စေတဲ့ ဥပဒေရေးကာ ကိစ္စတွေအကြောင်း ပြောလေ့ရှိပြီး လူငယ်တွေအတွက် အကြံကောင်းဉာဏ်ကောင်းတွေ ပေးတာမျိုး၊ ဆင်ဆာလျော့ပေါ့မှုတွေနဲ့ ဒီမိုကရေစီတစ်ပိုင်း တိုင်းသစ်ပြည်သစ်မှာ ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကနေ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲဆိုတာတွေကို ဂျာနယ်လစ်တွေ သိရှိအောင် အသိပညာပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။

    သူ့ရဲ့ ဟောပြောမှုတွေမှာ “၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို အာမခံပေးထားတယ်။ ဒါပေမယ့် ..” လို့စကားခံပြီး ဦးကိုနီဟာ အသရေဖျက်မှု၊ ပိုင်နက်ကျူးလွန်၊ တရားမ၀င်အသင်းအဖွဲ့ဖွဲ့မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုစတဲ့ ခြွင်းချက်တွေ တစ်သီတစ်သန်းကြီးကို ပြောပြကာ ဒီလို ဥပဒေရေးရာ ခြိမ်းခြောက်မှုတွေကနေ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဘယ်လိုကာကွယ်နိုင်လဲဆိုတာကို သတင်းထောက်တွေကို ရှင်းပြတာမျိုး မကြာခဏ လုပ်လေ့ရှိပါတယ်။

    ပဲ့ကိုင်နေရာမှာ စစ်တပ်ကရှိနေဆဲဖြစ်တဲ့ တိုင်းပြည်ရဲ့ အထိမခံ နိုင်ငံရေးအခြေအနေအပါအ၀င် အကြောင်းအရာ တော်တော်များများကိုလည်း မိတ်ဟောင်းဆွေဟောင်းတွေဖြစ်တဲ့ ကျွန်တော်တို့နှစ်ဦးဟာ နှစ်ကိုယ်ကြား ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီလို အများကြီး ပြောခဲ့ဆိုခဲ့တာတွေမှာ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် ရှိရမယ်ဆိုတဲ့ အယူအဆကလွဲလို့ ဘာသာတရားနဲ့ ဆက်စပ်တဲ့ ဘယ်လိုအကြောင်းအရာမျိုးမှ သူပြောတာ ကျွန်တော် တစ်ခါမှ မကြားခဲ့ရပါဘူး။

    ဒါဆိုရင် ဦးကိုနီက ဘာ့ကြောင့် အသတ်ခံခဲ့ရတာလဲ။ ၂၀၀၈ ခုနှစ်မှာ မရိုးမသားနဲ့ ပြည်သူ့ဆန္ဒခံယူခဲ့ပြီး၊ ရွေးကောက်ခံအဖွဲ့ထက် စစ်တပ်ကို ခြွင်းချက်မဲ့ နိုင်ငံရေးအာဏာ ပိုပေးထားတဲ့ လက်ရှိ ဖွဲ့စည်းပုံနေရာမှာ အစားထိုးဖို့ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်အုပ်ကို ဦးကိုနီက ရေးဆွဲနေတယ်ဆိုတာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်။

    လက်ရှိဖွဲ့စည်းပုံက လွှတ်တော်မှာ စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားသလို၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေလို့ တိုင်းပြည်ရဲ့ အရေးပါဆုံး ၀န်ကြီးဌာနတွေကိုလည်း စစ်တပ်ကထိန်းချုပ်ခွင့် ပေးထားပါတယ်။ ဦးကိုနီရဲ့ အဓိကစိုးရိမ်မှုက တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ကနေ ခရိုင်၊ မြို့နယ်အဆင့်အထိ အစိုးရ အုပ်ချုပ်ရေးဝန်ထမ်းတွေအားလုံးကို ခန့်အပ်ရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာဖြစ်ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်ရပြီးတဲ့နောက်ပိုင်း ခန့်အပ်ခံခဲ့ရတဲ့ ၀န်ကြီးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ခေါင်းဆောင်ရုံသာ ဆောင်ရပြီး အောက်ခြေအဆင့်ဆင့်မှာတော့ စစ်တပ်က ခန့်အပ်ထားတဲ့ အရာရှိတွေနဲ့သာ ပြည့်နှက်နေကာ သူတို့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တဲ့ အရင် အာဏာရှင်လက်ထက်မှာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

    သမိုင်းတွင်မယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က စစ်တပ်ထိန်းချုပ်တဲ့ အရပ်သားတစ်ပိုင်းအစိုးရဟာ ၀န်ကြီးဌာနတွေကို လည်ပတ်ဖို့တွက် အမြဲတမ်းအတွင်းဝန်တွေကို ခန့်အပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ အာဏာရလာရင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အခုအခံအဖြစ် ထားရှိဖို့ ရည်ရွယ်ပုံ ရပါတယ်။

    ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးကို ခိုင်မြဲစေဖို့အတွက် ဦးကိုနီဟာ ဒီအရာတွေအားလုံးကို ပြောင်းလဲချင်ပေမယ့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူက သိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဖွဲ့စည်းပုံရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ပြင်ချင်ရဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို လွှတ်တော်မှာ ရရှိဖို့လိုပြီး စစ်တပ်က သူ့လူ ၂၅ ရာခိုင်နှုန်းကိုထည့်ကာ ဗီတိုသုံးပယ်ချနိုင်တဲ့ ပါဝါကို ယူထားတာကြောင့် ဖြစ်ပါတယ်။

    ဒါပေမယ့် ဦးကိုနီးဟာ စစ်တပ်ဖွဲ့စည်းပုံရဲ့ ဟာကွက်တွေကို ရှာဖွေရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဒီစွမ်းရည်ကြောင့် အသက်ပါပေးဆပ်လိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရတဲ့အခါ၊ သားနှစ်ယောက်က နိုင်ငံခြားသားဖြစ်နေတာက သူမအတွက် သမ္မတရာထူးရယူဖို့ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမှုကို တားဆီးဖို့ စစ်တပ်က ဖွဲ့စည်းပုံထဲမှာ အထူးထည့်သွင်းထားတဲ့ အပိုဒ်ကြောင့် ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီပြဿနာအတွက် ဥပဒေအရ အဖြေတစ်ခုကို ဦးကိုနီက ရှာဖွေခဲ့ပြီး ‘နိုင်ငံတော်၏ အတိုင်ပင်ခံ’ ဆိုတဲ့ အစိုးရကို လွှမ်းမိုးနိုင်မယ့် ရာထူးအသစ်ကို ဖန်တီးပေးခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ ဦးသျှောင် ဖြစ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ လူယုံ၊ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးထင်ကျော်ဟာ တရားဝင် သမ္မတဖြစ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ခေါင်းဆောင်အဖြစ် အငြင်းပွားဖွယ်မရှိ မှတ်ယူခံနေရပြီ ဖြစ်ပါတယ်။

    ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေထဲက တစ်ခုမှာ ဦးကိုနီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားလို့ရမယ့် အနေအထားမျိုး မရှိပေမယ့် စစ်တပ်က အခြေခံဥပဒေမှာ ထည့်ထားတဲ့အချက်တွေထဲမှာ လွှတ်တော်မှာ မဲအများစုနဲ့ အခြေခံဥပဒေကို ဖျက်သိမ်းလို့မရဘူးဆိုတဲ့အချက် မပါဝင်ဘဲ ဒီလိုလုပ်ခြင်းက ဒီမိုကရေစီပိုဆန်တဲ့ အခြေခံဥပဒေအသစ်ကို ပြဌာန်းနိုင်ရေး လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဦးကိုနီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲနေတဲ့အချိန်မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ လူတော်တော်များများသိကြပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်မှာ ရဲတပ်ဖွဲ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီအချက်က ပေါ်ထွက်လာပါတယ်။ ဒီရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တစ်ယောက်က ဦးကိုနီ လုပ်ကြံခံရမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနေမှုနဲ့ ပတ်သက်နေလားဆိုပြီး ရဲရဲဝံ့ဝံ့ မေးမြန်းခဲ့ပါတယ်။

    ရဲ့ချုပ်ဇော်ဝင်းကတော့ ဒီအမေးအတွက် ဆင်ဝှေ့ရန်ရှောင် ဖြေသွားပြီး အာဏာပိုင်တွေအနေနဲ့ ဒီလူသတ်မှုအတွက် ဖြစ်နိုင်တဲ့ လှုံ့ဆော်မှုအားလုံးကို စုံးစမ်းနေတယ်လို့သာ ဖြေကြားသွားခဲ့ပါတယ်။ စစ်တပ်နဲ့နွယ်နေတဲ့ အဓိကသံသယရှိသူ မယုံနိုင်စရာပျောက်ဆုံးနေမှု၊ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် သေချာတာတစ်ခုကတော့ ဦးကိုနီ ဒီလို သွေးအေးအေးနဲ့ လုပ်ကြံခံခဲ့ရတာဟာ မွတ်စလင်တစ်ဦး ဖြစ်နေတာကြောင့်မဟုတ်ဘဲ၊ ဒီမိုကရက်တစ်ဦးဖြစ်နေတာကြောင့်ပါပဲ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလ် လင်တနာရေးသားသည့် No justice for slain Myanmar lawyer Ko Ni ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အာဏာရှင်ဟောင်းအမှုကိုင်တွယ်သည့် တရားသူကြီး အသတ်ခံရမှု လူ ၃၀ ကျော်ကို အီဂျစ်က သေဒဏ်ချ

    အာဏာရှင်ဟောင်းအမှုကိုင်တွယ်သည့် တရားသူကြီး အသတ်ခံရမှု လူ ၃၀ ကျော်ကို အီဂျစ်က သေဒဏ်ချ

    ဇွန် ၁၇၊ ၂၀၁၇
    M-Media

    – အာဏာရှင်ဟောင်း မူဘာရက် တရားသေလွတ်မြောက်သွားသည့် အမှုကို ကိုင်တွယ်သည့် တရားသူကြီးအား သတ်ဖြတ်မှုနှင့် ပတ်သက်၍ လူ ၃၁ ဦးကို အီဂျစ်က ယနေ့တွင် သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    တရားသူကြီး ဟီရှမ် ဘရကသ်မှာ ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ကိုင်ရိုရှိ ၎င်း၏ အိမ်အနီးတွင် ကားဗုံးခွဲ လုပ်ကြံခံရခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိပေ။

    ယနေ့ အမိန့်ချမှတ်မှုအတွင်း တရားသူကြီး ဟာဆန် ဖာရစ်က အဆိုပါ သတ်ဖြတ်မှုမှာ စက်ဆုပ်စရာကောင်းပြီး သရဲဘောကြောင်သည့် ပူးပေါင်းကြံစည်မှုဟု ပြောကြားခဲ့သည်။

    “ရမ်ဇာန်မှာ ဥပုသ်စောင့်နေတဲ့ လူတစ်ယောက်ရဲ့သွေးကို သူတို့ မြေကျအောင်လုပ်တယ်။ ယုံကြည်သူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ ဘယ်သူမဆို အဲဒီအတွက်အပြစ်ဒဏ်က ငရဲပါပဲ” ဟု ဖာရစ်က ဆိုသည်။

    တိုင်းပြည်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချပြီး သိပ်မကြာခင် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဘရကသ်ကို ကြားဖြတ်သမ္မတ အဒ်လီ မန်ဆူရ်က တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး အာဏာရှင်ဟောင်း ဟိုစနီမူဘာရက်၏ အမူအား ကိုင်တွယ်စေခဲ့သည်။

    ဘရကသ် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ လူ ၆၇ ဦးကို တရားစွဲဆိုထားပြီး ယခု သေဒဏ်ချမှတ်သည့် ၃၁ ဦး၏ အမှုကို အီဂျစ်နိုင်ငံ၏ တရားရေး ထုံးတမ်းစဉ်လာအတိုင်း တိုင်းပြည်၏ ထိပ်တန်း ဘာသာရေး အာဏာပိုင်ထံ တင်ပြထားကာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည်ကြားနာမည်ဖြစ်သည်။

    မော်စီအား စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ၎င်း၏ မွတ်စလင်ညီအစ်ကိုတော်များပါတီမှ အဖွဲ့ဝင်များကို အီဂျစ်အစိုးရက အလွန်ပြင်းထန်သည့် အပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty international က အစုလိုက်အပြုံလိုက် သေဒဏ်ချမှတ်မှုများအတွက် အီဂျစ်အစိုးရကို ဝေဖန်ထားသည်။

    Ref : Aljazeera