News @ M-Media

Blog

  • ဖိလစ်ပိုင်ကွန်တိန်နာသင်္ဘောနှင့်တိုက်မိသည့် ကန်စစ်သင်္ဘောမှ သင်္ဘောသားများ ပျောက်ဆုံးနေ

    ဖိလစ်ပိုင်ကွန်တိန်နာသင်္ဘောနှင့်တိုက်မိသည့် ကန်စစ်သင်္ဘောမှ သင်္ဘောသားများ ပျောက်ဆုံးနေ

    ဇွန် ၁၇၊ ၂၀၁၇
    M-Media

    အမေရိကန် ရေတပ်သင်္ဘော

     

    – ဂျပန်ကမ်းလွန်တွင် ဖိလစ်ပိုင် ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိသည့် အမေရိကန် ဖျက်သင်္ဘောမှ သင်္ဘောသား ၇ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

    ရေငုပ်သင်္ဘောနှင့် သင်္ဘောပေါင်း ၈၀ ဖြင့် ဖွဲ့စည်းထားသည့် အမေရိကန် ရေတပ်မတော် တပ်မ ၇ မှ USS Fitzgerald ဖျက်သင်္ဘောမှာ ယိုကိုဆူကာမြို့ အနောက်တောင်ပိုင်း ရေမိုင် ၅၆ မိုင်တွင် ဒေသစံတော်ချိန် ယနေ့မနက်အစောပိုင်းက ဖိလစ်ပိုင်အလံလွှင့်ထားသည့် ကွန်တိန်နာတင် သင်္ဘော ACX Crystal နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် မေရိကန်စစ်သင်္ဘောမှ ရေယာဉ်မှူးအပါအ၀င် လူအချို့ ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၇ ဦး ပျောက်ဆုံးနေကာ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပူးပေါင်းရှာဖွေပေးနေသည်။

    ACX Crystal သင်္ဘောမှာ တိုက်မိမှု မဖြစ်ပွားခင် ၂၅ မိနစ်အလိုတွင် ရုတ်တရက် ဂငယ်ကွေ့ ကွေ့ခဲ့ပြီး အဘယ့်ကြောင့် ထိုကဲ့သို့ လမ်းကြောင်းပြောင်းသွားခြင်းဖြစ်သည်ကို မသိရှိရဘဲ၊ အမေရိကန်စစ်သင်္ဘော၏ လမ်းကြောင်းကိုမူ မထုတ်ပြန်သေးပေ။

    ဖိလစ်ပိုင်သင်္ဘောသားပေါင်း ၂၀ ပါဝင်သည့် ကွန်တိန်နာသင်္ဘောတွင် မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိဘဲ၊ USS Fitzgerald ဖျက်သင်္ဘောမှာ အရှိန်လျှော့မောင်းနှင်၍ ယိုကိုဆူကာမြို့သို့ ပြန်လည်သွားရောက်ခဲ့သည်။

    ဖိလစ်ပိုင် ကုန်တင်သင်္ဘော

    Ref: BBC

  • Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး

    Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး


    အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ဆန်နီ အော့စ၀ီဂို စတိတ် တက္ကသိုလ် Suny Oswego State University of New York မှာ ကျင်းပခဲ့တဲ့ ဥာဏ်ကြီးရှင် ကလေးများသာ ၀င်ပြိုင်လို့ရတဲ့ Genius Olympiad ပြိုင်ပွဲမှာ မြန်မာနိုင်ငံ က ဥာဏ်ကြီးရှင်ကလေးများက ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု နဲ့ ဂုဏ်ထူးဆောင် အထူးဆု ငါးဆု တို့ ဆွတ်ခူးရရှိ ခဲ့ပါတယ်။

    နိုင်ငံပေါင်း ၇၃ နိုင်ငံကို ကိုယ်စားပြုပြီး ကျောင်းသား/ကျောင်းသူပေါင်း ၁၂၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကမ္ဘာ ပေါ်မှာ ဂုဏ်ယူစရာ အကောင်းဆုံး ဆုတံဆိပ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Genius Olympiad ဥာဏ်ကြီးရှင်များ အိုလံပစ် ပြိုင်ပွဲမှာ ယခင် Horizon Int’l School ယခုအခါ BISA (Bahan Int’l Science Academy), MISA (Mandalay Int’l Science Academy) and SKT Shu Khinn Thar Int’l College, လို့ အမည်ပြောင်းထားတဲ့ ကျောင်းတို့မှ ပူးပေါင်းကာ ဆရာမ ဒေါ်သွဲ့သွဲ့ရင်စုနဲ့ အခြား ဆရာမတစ်ဦးတို့ ဦး ဆောင်ပြီး ကျောင်းသား/ကျောင်းသူပေါင်း (၁၀)ယောက်က အမေရိကန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

    Genius Olympiad ဥာဏ်ကြီးရှင်များ အိုလံပစ်ပြိုင်ပွဲမှာ-

    #Shu Khinn Thar Int’l College မှ ဝေတိုင်လီ နဲ့ အနီရူဒါ မစ်စရာ က ရိုဘော့စက်ရုပ် ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ရွှေတံဆိပ်ဆု)

    #MISA (Mandalay Int’l Science Academy) မှ ကလျာ @ မြတ်မွန်ကျော်က ဥာဏ်ကြီးရှင် တီထွင်ဖန်တီး အရေးပြိုင်ပွဲ (ငွေတံဆိပ်ဆု)

    #SKT Int’l College မှ ၀ီလီယံတိုးက ရိုဘော့စက်ရုပ် ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ငွေတံဆိပ်ဆု)

    #MISA (Mandalay Int’l Science Academy) မှ မယွန်းဝေေ၀ဦး @ မယ်လိုဒီ က အနုပညာ ဥာဏ်ကြီးရှင်ပြိုင်ပွဲ (ငွေတံဆိပ်ဆု) နှင့်

    သိပံ္ပပရောဂျက် ဥာဏ်ကြီးရှင်ပြိုင်ပွဲမှာတော့ ဂုဏ်ထူးဆောင်ဆု ငါးဆုကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။

    ယင်းပြိုင်ပွဲကို ဇွန်လ ၁၃ ရက်၊ ၁၄ ရက်နေ့များမှာ နှစ်ရက်တာတိုင်တိုင် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အောင်ပွဲရ ထူးချွန် ကျောင်းသာ/ကျောင်းသူများဟာ ဇွန်လ ၂၄ ရက်နေ့မှာ လေကြောင်းခရီးနဲ့ အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာကြ မှာ ဖြစ်ပါတယ်။

    ဓါတ်ပုံများကို ဒေါ်သွဲ့သွဲ့ရင်စု FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် ဗြိတိန်မွတ်စလင်များ အင်တိုက်အားတိုက် ကူညီ

    လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် ဗြိတိန်မွတ်စလင်များ အင်တိုက်အားတိုက် ကူညီ

    ဇွန် ၁၇၊ ၂၀၁၇
    M-Media

    – ကြာသပတေးနေ့က လန်ဒန်မြို့အနောက်ပိုင်း ကန်ဆင်တန်ရပ်ကွက်က မိုးမျှော်တိုက်တစ်ခု မီးလောက်မှုအတွင်း မီးဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီပေးရေးမှာ ဒေသခံမွတ်စလင်တွေလည်း အင်တိုက်အားတိုက် ပါဝင်နေတယ်လို့ သိရပါတယ်။

    Grenfell Tower လိုခေါ်တဲ့ အဲဒီအဆောက်အဦးမီးလောင်မှုအတွင်း အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့ပြီး တော်တော်များများလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မီးဘေးသင့်သူတွေဟာ အဲဒီရပ်ကွက်အတွင်း ဘုရားကျောင်းနဲ့ တစ်ချို့နေရာတွေမှာ ခိုလှုံနေရပြီး ပြည်သူတွေကလည်း အစားအသောက်၊ အ၀တ်အထည်နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို အဆက်မပြတ် လာရောက် လှူဒါန်းနေကြပါတယ်။

    ကန်ဆင်တန်မွတ်စလင်လူ့အဖွဲ့စည်းက ဒီမီးဘေးသင့် ပြည်သူတွေအတွက် အချိုရည်၊ ပါမုန့်တွေကို လာရောက် လှူဒါန်းကြသလို၊ အစားအသောက်တွေကို ချက်ပြုတ်ပြီး လာရောက် တည့်ခင်းကျွေးမွေးတာမျိုးတွေလည်း လုပ်ကြပါတယ်။

    နောက်ပြီး မီးဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုတွေမှာလည်း မွတ်စလင်တွေ ပါဝင်ခဲ့ပြီး အခုအချိန်အထိ ကန်ဒေါ်လာ ၃ သန်းလောက် ရနေပါတယ်။

    Islamic Relief ပရဟိတအဖွဲ့ခေါင်းဆောင် ဇီယာ ဆာလစ်က သူတို့အဖွဲ့ဟာ ကူညီရေးလုပ်ငန်းတွေကို နေ့ရောညပါ ဆောင်ရွက်နေတယ်လို့ The Indepedent သတင်းစာကို ပြောကြားခဲ့ပါတယ်။

    “‘ကျွန်တော်တို့ တစ်ခုခု လုပ်ပေးပါရစေ’ လို့ ပြောကြတဲ့သူတွေ အများကြီးဗျ” လို့ ဆာလစ်က ဆိုပါတယ်။

    လူတွေအိပ်မောကျနေချိန် သန်းခေါင်ယံလောက်မှာဖြစ်ပွားတဲ့ ဒီမီးလောင်မှုကို မနက် ဥပုသ်ထမင်းစားဖို့ ထကြတဲ့ မွတ်စလင်တွေက တွေ့သွားပြီး အချိန်မီသတိပေးကာ၊ ကယ်ဆယ်တာတွေလုပ်ပေးတာကြောင့် မီးလောင်တာဝါက လူတော်တော်များများ အသက်ဘေးကနေ လွတ်မြောက်သွားတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။

    “လူတွေ လွတ်သွားအောင်လုပ်ပေးတဲ့နေရာမှာ မွတ်စလင်တွေက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်” လို့ ဒီတိုက်မှာ နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    Ref: Independent

  • မင်္ဂလာတောင်ညွှန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း ၂ ပါးကို တရားခံပြေးအဖြစ် အမိန့်ချ

    မင်္ဂလာတောင်ညွှန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း ၂ ပါးကို တရားခံပြေးအဖြစ် အမိန့်ချ


    ရန်နိုင်ဇော်ဝင်း, DVB

    ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ ဦးသုစိတ္တ နဲ့ ဦးပညာဝံသ ရဟန်း ၂ ပါးကို မင်္ဂလာတောင်ညွှန့် မြို့နယ် တရားသူကြီးက ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးအဖြစ် ဇွန်၁၆ ရက်ရုံးချိန်းမှာ ကြားဖြတ်အမိန့် ချမှတ်လိုက်ပါတယ်။

    မင်္ဂလာတောင်ညွှန့် ပဋိပက္ခဖြစ်စဉ်မှာ အဓိကပါဝင်သူတွေလို့ စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ ရဟန်း ၂ ပါးတို့ကို မေလ ၁၁ ရက်နေ့မှာ မင်္ဂလာတောင်ညွှန့် တရားရုံးက ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ပေမယ့် ရဟန်း (၂) ပါးကို အခုချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

    လာမယ့်ဇွန်၂၇ရက်နေ့ရုံးချိန်းမှာတော့ တရားလိုအဖြစ်တိုင် ကြားခဲ့တဲ့ ရဲမှူးခင်မောင်ဦးကို စတင်စစ်ဆေး သွားမှာဖြစ် ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့ နယ် မြရာကုန်းရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ခိုးဝင်ဘင်္ဂါလီတွေ ရှိတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ရဲတပ် ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရပ်ကွက်နေသူတချို့နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

    *DVB မှ ကူးယူဖော်ပြသည်။

  • မိထ္ထီလာတွင် မွတ်စလင်မ်ဥပုသ်လ ဝတ်ပြုခွင့်ရဖို့ တိုင်းအစိုးရကို တရားဝင် တင်ပြထားသော်လည်း အကြောင်းမထူးသေး

    မိထ္ထီလာတွင် မွတ်စလင်မ်ဥပုသ်လ ဝတ်ပြုခွင့်ရဖို့ တိုင်းအစိုးရကို တရားဝင် တင်ပြထားသော်လည်း အကြောင်းမထူးသေး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media
    မိုးစက်

    အကြမ်းဖက်မီးရှို့ဖျက်ဆိးခံရပြီး ၄ နှစ်ကျော်တိုင် ပြန်ဖွင့်ခွင့်မရသေးတဲ့ မိထ္ထီလာမှ ဗလီ တစ်လုံး

    မိထ္ထီလာမှာ ရှိတဲ့ ဝတ်ပြုကျောင်းဆောင်များကို အစ္စလာမ်ဘာသာဝင်များရဲ့ ရမဇာန် ဥပုသ်လမှာ ပြန်လည်ဖွင့်ခွင့်ပေးရန် သက်ဆိုင်ရာကို ဇွန်လ (၁၂) ရက်နေ့က တရားဝင် တင်ပြအကြောင်းကြားထားသော်လည်း ယနေ့တိုင် တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း သိရပါတယ်။

    ရမဇာန် ဥပုသ်လမှာ နီးစပ်ရာနေရာတွေမှာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝတ်ပြုကြတယ်ဆိုပြီး ဇွန်လ ၃ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဝတ်ပြုမှုကို ရပ်ဆိုင်းခိုင်းလိုက်ပါတယ်။

    ဗလီဂေါပက တာဝန်ရှိသူများကို ရပ်ကွက်အုပ်ချုပ်မှူးရုံးကို ခေါ်ပြီး အဆိုပါ စုပေါင်းဝတ်ပြုမှုကို ရပ်ဆိုင်းခိုင်းလိုက်တာ ဖြစ်ပါတယ်။

    ဥပုသ်ကာလ အတွင်း သက်ကြီးရွယ်အိုတွေ ဝတ်ပြုဖို့ အခက်အခဲ ရှိလို့ တခြား ရပ်ကွက်တွေ သွားဝတ်မပြုဘဲ ကိုယ့်ရပ်ကွက်ထဲမှာ ဝတ်ပြုတာကို ဒီလို တားမြစ်ခံရတာလို့လည်း ဆိုပါတယ်။

    ဗလီတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာကိုတော့ တိုင်းအစိုးရ လုပ်ပိုင်ခွင့်မှာ မရှိလို့ ဆိုပြီး ငြင်းဆိုလာခဲ့တယ်လို့လည်း သိရပါတယ်။ ရပ်ကွက်ထဲ ဝတ်ပြုခွင့် မရှိလို့ ဝတ်မပြုရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

    ဇွန်လဆန်းပိုင်းက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်တင်မိုးက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိထ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ဥပုသ်လအတွင်း ဝတ်ပြုရန် အခက်အခဲတစ်စုံတစ်ရာရှိလာပါက စနစ်တကျ စစ်ဆေးပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို Friday Times ဂျာနယ်​ ကို ပြောကြားခဲ့ပါတယ်။

    မိထ္ထီလာမြို့ ဗလီ(၆) လုံးနှင့် သီးခြားဝတ်ပြုဆောင် (၂) လုံး ပြန်လည်ဖွင့်ခွင့်ပေးရန် တင်ပြထားသော်လည်း ဗလီ(၆) လုံး ပြန်လည်ဖွင့်ခွင့်မရသေးခင် ရပ်ကွက်အတွင်း စုပေါင်းဝတ်ပြုရန် တင်ပြထားကြောင်း ဗလီတစ်ခုမှ ဂေါပကဖြစ်သူက M-Media ကိုပြောပါတယ်။

    “ကျွန်တော်တို့ မွတ်စလင်အများစုရှိတဲ့ ရပ်ကွက်ဖြစ်တဲ့ သီရိမင်္ဂလာရပ်ကွက်က ဗလီကိုဆို လုံးဝဖွင့်ခွင့်မပေးဘူး။ မိထ္ထီလာအရေးအခင်းတုန်းက ဆရာတော် ဦးသောဘိတကို အဲ့ဗလီထဲမှာ သတ်ခဲ့တယ်ဆိုပြီး ဦးဝီရသူက သတင်းအမှားလွှင့်ထားတယ်။ ဒါက တကယ်လည်း မဟုတ်ပါဘူး။ ဆရာတော်က ဗလီနဲ့ တော်တော်ဝေးတဲ့နေရာမှာ ဖြစ်ခဲ့တာ။ အဲ့ဒီသတင်းအမှားကို အုပ်ချုပ်ရေးပိုင်းကရော မီဒီယာတွေကရော ဒီနေ့အထိ ဖြေရှင်းတာမျိုးလည်း မရှိဘူး။ အဲ့တော့ အဲဗလီလည်း အခုချိန်ထိ ပြန်ဖွင့်ခွင့်မရသေးဘူး” လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

    မိထ္ထီလာမြို့နယ်တွင် ဗလီ (၁၃) လုံးရှိပြီး ဘာသာရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ဗလီ (၇) လုံးကိုသာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    ဝတ်ပြုခွင့်ပေးထားသော ဗလီ (၇) လုံးအနက် တစ်ချို့ဗလီများမှာ အစ္စလာမ်ဘာသာဝင်အနည်းစုသာရှိပြီး တစ်ချို့ဗလီများမှာ သက်ကြီးရွယ်အိုနှင့် ဝတ်ပြုသူများ သွားရောက်ဝတ်ပြုရန် အလွန်ခက်ခဲသော နေရာဖြစ်နေကြောင်း ဒေသခံများပြောဆိုချက်အရ သိရပါတယ်။