News @ M-Media

Blog

  • လိုအပ်လျှင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထပ်ယူသွားမည်ဟု မလေးဝန်ကြီးချုပ်ဟောင်း ပြော

    လိုအပ်လျှင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထပ်ယူသွားမည်ဟု မလေးဝန်ကြီးချုပ်ဟောင်း ပြော

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – ရွေးကောက်ပွဲအနိုင်ရရေး အတိုက်အခံပါတီ၌ ၀န်ကြီးချုပ်လောင်းနေရာအတွက် သင့်တော်သူ မတွေ့ပါက မိမိအနေဖြင့် ထိုရာထူးအား ရယူရန် စဉ်းစားမည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း အသက် ၉၁ နှစ်အရွယ်ရှိ  မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

    မဟာသီမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် ၂၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ သို့သော်လည်း မလေးရှားနိုင်ငံရေးတွင် သြဇာရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ၂ နှစ်အတွင်း မဟာသီမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ဆန့်ကျင်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

    နာဂျစ်မှာ မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) ၏ ငွေကြေးများပါဝင်သော ခြစားမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။

    ၎င်းကမူ မည်သည့်အမှားမှမလုပ်ကြောင်း ပြောကြားထားပြီး အစိုးရအတွင်း ၎င်းအား ဝေဖန်သူများကို ထုတ်ပစ်ခြင်း၊ ခြစားမှုအတွက် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နာဂျစ် ခြစားမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် အနည်းဆုံး နောက်ထပ် ၅ နိုင်ငံတွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

    မနေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ်တွင် မဟာသီယာက မိမိအနေဖြင့် ၀န်ကြီးချုပ် မဖြစ်ချင်သော်လည်း၊ ဖြစ်နိုင်ချေရှိလားဟု မေးမြန်းမှု ရှိနေကြောင်း လာမည့်နှစ်လည်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အတိုက်အခံပါ တီများအားလုံး သဘောတူပါက အတိုက်အခံများကို ဦးဆောင်ရန် စဉ်းစားသွားမည်ဖြစ်ဟု ပြောကြားခဲ့သည်။

    “အတိုက်အခံတွေနိုင်ဖို့ ၀န်ကြီးချုပ်လောင်း တကယ်မရှိဘူးဆိုရင် ခဏတော့ ကျွန်တော် ဒီရာထူးကို ရယူနိုင်ပါတယ်။ ဒါပေမယ့် ခြွက်းချက်က အားလုံးသဘောတူဖို့ လိုပါတယ်”

    မဟာသီမှာ ၀န်ကြီးချုပ်ရာထူးကို အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သော်လည်း အာဏာရှင်မဆန်သည့်အတွက် မလေးရှားတွင် လူကြည်ညိုမှုများပြီး၊ လစ်ဘရယ်တန်ဖိုးများကို မြှင့်တင်ပေးခဲ့သူလည်း ဖြစ်သည်။

    ၎င်း၏ လက်ရင်းတပည့်ဖြစ်သူ နာဂျစ်နှင့်ပတ်သက်၍ ခြစားမှုသတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် မဟာသီမှာ အာဏာရ UMNO ပါတီမှ နှုတ်ထွက်ခဲ့ပြီး၊ နာဂျစ်ကို ဖြုတ်ချရေး အတိုက်အခံများနှင့် ပူးပေါင်းနိုင်မည့် ပါတီသစ်တစ်ခုကို ထူထောင်ခဲ့သည်။

    Ref: CNA

  • စင်ကာပူဝန်ကြီးချုပ် ဗလီတိုးချဲ့မှုကို သွားရောက်ကြည့်ရှုကာ မွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    စင်ကာပူဝန်ကြီးချုပ် ဗလီတိုးချဲ့မှုကို သွားရောက်ကြည့်ရှုကာ မွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ Ang Mo Kio ရပ်ကွက်က အလ်-မွတ္တာကင် ဗလီဝတ်ကျောင်းတော် တိုးချဲ့နေမှုကို မနေ့က သွားရောက်ကြည့်ရှုခဲ့ပြီး မွတ်စလင်များနဲ့အတူ အစ်ဖ်သာရ် ၀ါဖြေခဲ့တယ်လို့ သိရပါတယ်။

    အဲဒီဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုရာနေရာတိုးချဲ့တာ၊ မသန်စွမ်းသူတွေအတွက် အဆင်ပြေအောင် လက်တွန်းလှည်းတက်လို့ရတဲ့နေရာ ဖန်တီးပေးတာ၊ ဓာတ်လှေကားထည့်တာ၊ သန့်စင်ခန်းပြုပြင်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ၀န်ကြီးချုပ်က လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

    ဘာသာရေးစာသင်ခန်းတွေ၊ အသံစနစ်တွေကိုလည်း ဗလီဝတ်ကျောင်းတော်က အဆင့်မြှင့်တင်ထားပါတယ်။

    “မန်ချက်စတာနဲ့ လန်ဒန်မှာ မကြာသေးခင်က တိုက်ခိုက်မှုတွေ၊ မနေ့က ပဲရစ်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဘာသာစုံ၊ လူမျိုးစုံ လူ့အဖွဲ့အစည်းဟာ အရင်ကထက် ပိုညီညွတ်ဖို့၊ နားလည်မှု ပိုမိုခိုင်မာစေဖို့၊ ကြံ့ကြံခိုင်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ပိုပြီး အရေးကြီးလာပါပြီ” လို့ အလ်-မွတ္တာကင် ဗလီဝတ်ကျောင်းတော်ကို သွားရောက်ကြည့်ရှုမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook စာမျက်နှာက ပို့စ်မှာ လီရှန်လွန်းက ရေးသားထားပါတယ်။

    မစ္စတာလီဟာ ဗလီဝတ်ကျောင်းတော်ကို ကြည့်ရှုပြီးနောက်ပိုင်းမှာ မွတ်စလင်တွေနဲ့အတူ စုပေါင်းကာ အစ်ဖ်သာရ်ဝါဖြေခဲ့ပါတယ်။

    “ရမ်ဇာန်ဥပုသ်လမှာ ၀တ်ပြုဖို့လာသူတွေ၊ ပတ်ဝန်းကျင်က ပြည်သူတွေအတွက် အစားအသောက်တွေကို ပြင်ဆင်ပေးနိုင်ရေး အပင်ပန်းခံကြတဲ့ အလ်-မွတ္တာအင်ဗလီနဲ့ စင်ကာပူတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေက စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ကောင်းချီးမင်္ဂလာရှိပြီး ငြိမ်းချမ်းတဲ့ ရမ်ဇာန်ဥပုသ်လဖြစ်ကြောင်း ဆုတောင်းပါတယ်” လို့ လီရှန်လွန်းက ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

    အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဘရာဟင်နဲ့ လွှတ်တော်အမတ်တွေလည်း ပါဝင်ခဲ့ပါတယ်။

    Ref: Facebook page of Lee Hsien Loong

  • အီရန်မြို့တော် တီဟီရန်တွင် တိုက်ခိုက်မှုများဖြစ်ပွား

    အီရန်မြို့တော် တီဟီရန်တွင် တိုက်ခိုက်မှုများဖြစ်ပွား

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ နေရာနှစ်ခုတွင် ယနေ့မနက်ပိုင်းက သေနတ်သမားများ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ပစ္စတိုနှင့် ရိုင်ဖယ်များ ကိုင်ဆောင်ထားသော သေနတ်သမား ၄ ဦးမှာ တီဟီရန်မြို့လယ်ကောင်ရှိ လွှတ်တော်အဆောက်အဦးတွင် ၀င်ရောက်ပစ်ခတ်ခဲ့ပြီး အစောင့်တစ်ဦး သေဆုံးခဲ့သည်။ အခြားသေနတ်သမား ၃ ဦးကလည်း မြို့တောင်ဖက်ရှိ အီရန်နိုင်ငံ၏ဖခင် အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ကာ၊ အမျိုးသမီး အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲခဲ့သည်။

    အီရန်လွှတ်တော် ၄ ထပ်တွင်လည်း သေနတ်သမားတစ်ဦးက အသေခံဗုံးခွဲခဲ့သည်။

    မိနစ်အနည်းငယ်ခြား၍ ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုမှာ ကြိုတင်စီစဉ်ကြံစည်သော လုပ်ရပ်ဖြစ်သည်ဟု ယူဆရပြီး အနည်းဆုံး ဒဏ်ရာရရှိသူ ၈ ဦးရှိသည်ဟု အီရန်ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

    လက်ရှိတွင် လွှတ်တော်ကို ပိတ်ထားလိုက်ပြီး လွှတ်တော်အမတ် မဟ်ဒီ ကီအေးက အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ပြောကြားခဲ့သည်။

    Tasnim သတင်းဌာနက အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်မှ ဓားစားခံ ကယ်တင်ရေးတပ်ဖွဲ့မှာ လွှတ်တော်တွင် သေနတ်သမား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးကို အသေပစ်သတ်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ခိုမေနီ၏ ဂူဗိမာန်တွင် သေနတ်သမားတစ်ဦးကို အီရန်လုံခြုံရေးတပ်ဖွဲ့က အသေပစ်သတ်နိုင်ခဲ့သည်။

    ထိုတိုက်ခိုက်မှုများ၏ နောက်ကွယ်မှ လှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: Press TV, Aljazeera

  • အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ

    အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့မနက် အစောပိုင်းက လန်ဒန်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ၃ လအတွင်း ဗြိတိန်မှာ ၃ ကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကတော့ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ဒီတိုက်ခိုက်မှုအပြီးမှာ ဗြိတိန်မွတ်စလင်တွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးအသံက ပိုမို ကျယ်လောင်လာခဲ့ပါတယ်။

    ဒီဗီဒီယိုအတိုလေးထဲမှာ ဗြိတိန်မွတ်စလင်တွေ၊ အစ္စလာမ့်ဓမ္မပညာရှင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် သဘောထား၊ အကြမ်းဖက်သမားတွေကို ရှုမြင်ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

  • အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယဟာ ၃ တန်ကျော်လောက်ရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အလေးချိန်ကြီးတဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

    GSAT-19 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုကို မနေ့က Satish Dhawan အာကာသစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ် မိုဒီကတော့ ဒါဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုအချိန်အထိ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ ဥရောပအာကာသအေဂျင်စီတို့ကသာ ၃ တန်အထက်ကျော်တဲ့ အာကာသယာဉ်တွေကို လွှတ်တင်နိုင်တာပါ။

    အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ဒုံးပျံတွေထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ GSLV Mk-III ဒုံးပျံကို အသုံးပြုကာ လွှတ်တင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ အာကာသ စီမံကိန်းအတွက် ဒီ ဒုံးပျံကို အပြောင်းအလဲအဖြစ် ယူဆထားပါတယ်။

    အရင်က ၂၃၀၀၀ ကီလိုဂရမ်ထက်ကျော်တဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ဖို့အတွက် အိန္ဒိယဟာ ပြင်သစ်ကို ငွေကြေးပေးခဲ့ရပါတယ်။

    “အရင်တုန်းကဆိုရင် နိုင်ငံခြားကနေ ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ရတာပါ။ အိန္ဒိယ အာကာသစီမံကိန်းဟာ အခုအချိန်မှာတော့တော့ လုံးဝ ပြည်ထွင်းဖြစ် ဖြစ်ပါပြီ” လို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီပီ ကာရ်နစ်က ပြောကြားခဲ့ပါတယ်။

    GSLV Mk III ဒုံးပျံဟာ ကီလိုဂရမ် ၄ ထောင် အလေးချိန်လောက်ကို အာကာသထဲ သယ်သွားနိုင်ပြီး အရင်က အိန္ဒိယအာကာသစီမံကိန်းမှာ သယ်ဆောင်နိုင်တဲ့ ပမာဏထက် ၂ ဆလောက် မြင့်တက်သွားတာပါ။

    GSAT-19 ဂြိုဟ်တု လွှတ်တင်နိုင်မှုကြောင့် နိုင်ငံရဲ့ အင်တာနက် ချိတ်ဆက်မှုနဲ့ မြန်နှုန်းကို အားကောင်းစေမှာဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဟာ ဟောလီးဝုဒ်ရုပ်ရှင်ကား Gravity ရိုက်ကူးစားရိတ်ထက် နည်းတဲ့ငွေကြေးနဲ့ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး၊ အခုနှစ် ဖေဖော်ဝါရီလမှာလည်း ကမ္ဘာ့စံချိန်တင် ဂြိုဟ်တု ၁၀၄ လုံးကို တစ်ကြိမ်တည်း လွှတ်တင်နိုင်ခဲ့ပါတယ်။

    အခုနောက်ဆုံး အောင်မြင်မှုကို ကမ္ဘာ့အာကာသဈေးကွက်မှာ ထိပ်တန်းနိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုမှာ အဓိက ခြေလှမ်းတစ်လှမ်းအဖြစ် ရှုမြင် ကြပါတယ်။

    Ref: CNN