News @ M-Media
Blog
  • ကာတာနိုင်ငံ သံတမန်အကြပ်အတည်း နောက်ဆက်တွဲ အခြေအနေ
    ကာတာနိုင်ငံ သံတမန်အကြပ်အတည်း နောက်ဆက်တွဲ အခြေအနေ
    ဇွန် ၆၊ ၂၀၁၇
    M-Media
    – လက်ရှိအကြပ်အတည်းကို ဆွေးနွေးညှိနှိုင်းမှုကနေ ဖြေရှင်းဖို့ဟာ ကတာနိုင်ငံရဲ့ မဟာဗျူဟာ ရွေးချယ်မှုဖြစ်ကြောင်း၊ လက်ရှိ မိမိတို့ဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဖြတ်သန်းနေရကြောင်း၊ အာရပ်ကမ္ဘာမှာ အကြမ်းဖက်မှုတွေ၊ အာဏာရှင်တွေကြောင့် လူတွေသေဆုံးနေတဲ့အချိန် ပင်လယ်ကွေ့နို
    င်ငံတစ်ချို့က အခြားပင်လယ်ကွေ့နိုင်ငံကို ဒီလိုတိုက်ခိုက်တာမျိုးကို မိမိတို့ အံ့အားသင့်မိကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီက ပြောကြားခဲ့ပါတယ်။
    – ပြဿနာကို ပြေလည်စေဖို့အတွက် ကူဝိတ်နိုင်ငံ အကြီးအကဲဟာ ဒီနေ့မနက်မှာ ဆော်ဒီကို သွားရောက်နေပါတယ်။ ကာတာခေါင်းဆောင် ရှီခ် တာမင် ဘင် ဟာမဒ် အလ် သာနီကလည်း ဒီနေ့မှာ တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ရှိပါတယ်။
    – ကာတာကို သံတမန်အဆက်အသွယ်ဖြတ်တောက်ရာမှာ ပါဝင်မှာမဟုတ်ဘူးလို့ ကူဝိတ်ခေါင်းဆောင် ရှီခ်ဆာဘာဟ် အလ်-အဟ်မဒ် အလ်-ဆာဘာက မနေ့မှာ ပြောကြားခဲ့ပါတယ်။
    – ကာတာနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား သံတမန်ပြဿနာကို ဖြေရှင်းဖို့အတွက် တူရကီသမ္မတ အာဒိုဂန်ဟာ တက်တက်ကြွကြွ ပါဝင်နေတယ်လို့ တူရကီ ၀န်ကြီးချုပ်က ပြောကြားထားပါတယ်။
    – အမေရိကန် ဗဟိုစစ်ဌာနချုပ်က ကာတာမှာ မိမိတို့ရဲ့စစ်တပ် တည်ရှိနေမှုကို ပြောင်းလဲသွားမှာမဟုတ်ဘဲ အာဖဂန်၊ အီရတ်၊ ဆီးရီးယားက စစ်ဆင်ရေးတွေကို ကာတာက Al-Udeid လေတပ်စခန်းကနေပဲ ပြုလုပ်သွားမယ်လို့ ကြေငြာထားပါတယ်။
    – ကာတာဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဂ်ဒေါ လီဘာမန်က ချီးကျူးလိုက်ပါတယ်။
    – အီဂျစ် အရပ်ဖက်လေကြောင်းအာဏာပိုင်အဖွဲ့က သူတို့ရဲ့ လေပိုင်နက်ကို အင်္ဂါနေ့မနက်ပိုင်းကနေစပြီး ကာတာအတွက် ပိတ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
    – ဆော်ဒီက လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေ ဖြတ်တောက်ထားလို့ အခက်အခဲဖြစ်နေတဲ့ ကာတာရဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းဖို့အတွက် နောက်ထပ် ၁၂ နာရီအတွင်းမှာ အီရန်က အစားအသောက်တွေ ရောက်ရှိမယ်လို့ အီရန် လယ်ယာထွက်ကုန် တင်ပို့ရေး သမဂ္ဂဥက္ကဌ ရီဇာ နူရာနီက မနေ့ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    – အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ဂါစီမီက ဒီပြဿနာမှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့သာ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပြီး၊ ပင်လယ်ကွေ့နိုင်ငံအတွင်း ဒီလို တင်းမာမှုတွေ မြင့်တက်နေတာဟာ ဒေသအတွင်း ဘယ်နိုင်ငံအတွက်မှ မကောင်းနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljaeera
  • လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို
    လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို
    (ဧပြီ ၂၈-၂၀၁၇) က တရားရုံး အမိန့်မပါဘဲ ချိပ်ပိတ်ခံရသည့် သာကေတ အာရဗီကျောင်း
    လူနည်းစုဘာသာဝင်တွေရဲ့ ၀တ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အတင်းပိတ်ထားခံရတဲ့ မွတ်စလင်ဗလီနဲ့ ဘာသာရေးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးပြီး၊ အထူးသဖြင့် မွတ်စလင်ဥပုဒ်လအတွင်း သူတို့ရဲ့စုဝေး၀တ်ပြုမှုတွေကို ခြိမ်းခြောက်ဟန့်တားမှုမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြမှာပါ။
    မေလ ၃၁ ရက်နေ့တုန်းက ရန်ကုန်သာကေတမြို့နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်မှာ ၀တ်ပြုဆုတောင်းခဲ့တဲ့အပေါ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗလီရော ဘာသာရေးကျောင်းတွေ ကန့်သတ်ပိတ်ပင်ခံရတဲ့အခြေအနေဟာ ပြဿနာ အရင်းအမြစ်ဖြစ်ပြီး၊ အထူးသဖြင့်တော့ အခုလို မွတ်ဆလင်တွေရဲ့ ဥပုဒ်လအတွင်းမှာ သူတို့ရဲ့ လွတ်လပ်စွာဝတ်ပြုဆုတောင်းမှုတွေကို အကာအကွယ်ပေးဖို့ အစိုးရကို HRW က တောင်းဆိုထားပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ပတ်သက်ပြီး တဖက်သပ်ဆန်တဲ့ အမိန့် ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ်လို့ HRW ပြောခွင့်ရသူ Phil Robertson က ဗွီအိုအေကို ပြောပါတယ်။
    “လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးအရ ကိုးကွယ်ဝတ်ပြုမှုတွေအပေါ် ထားရှိတဲ့ တဖက်သပ် ဥပဒေလုပ်ထုံးလုပ်လုပ်နည်းတွေ ရုပ်သိမ်းရေး အလျင်အမြန်ဆောင်ရွက်ဖို့ HRW အဖွဲ့အနေနဲ့ တိုက်တွန်းပါတယ်။ မွတ်ဆလင်ဗလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေအပေါ် ဆောက်လုပ်ခွင့် ပြုပြင်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေတွေ ချက်ခြင်း ပယ်ဖျက်သင့်ပါပြီ။”
    ပြီးခဲ့တဲ့ လကုန်ပိုင်းက သာကေတမြို့နယ်တွင်း အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်ထွက်ပြီး ၀တ်ပြုတာဟာ၊ သူတို့ဝတ်ပြုနေကြ ဘာသာရေးကျောင်းတွေ ပိတ်ခံရတာကြောင့် အခုလို လမ်းမပေါ် ထွက် ဆန္ဒပြတာလို့ ယူဆမှုအချို့ရှိပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးဖြစ်တဲ့ ကိုရှိုှ်ုင်းကတော့ ဒါ မဟုတ်ဘူးလို့ ငြင်းပါတယ်။
    “ခါတိုင်းနှစ်တွေကတော့ ဘာသာရေးစာသင်ကျောင်းတွေရှိတဲ့အခါကျတော့ အဲဒီစာသင်ကျောင်းတွေမှာ သူတို့ ၀တ်ပြုတယ်။ နောက်ပြီးဝတ်ပြုရတာကလည်း ညဘက်ကြီးလိုဖြစ်တာကို ည ၈ နာရီလောက်ကနေ ၁၀ နာရီလောက်အချိန်မှာဆိုရင်တော့ တခြားနေရာတွေသွားဖို့ကလည်းအဆင်မပြေဘူး။ နောက် သာကေတမှာကတော့ နေတဲ့သူတော်တော်များများက လက်လုပ်လက်စားသမားတွေများတော့ နေ့ဘက်ဆိုရင်သူတို့က မြို့ထဲမှာ အလုပ်လာလုပ်ကြတယ်။ နောက် အိမ်ပြန်ပြီးတော့မှ အိမ်အနီးဝန်းကျင်မှာရှိတဲ့ ဘာသာရေးစာသင်ကျောင်းတွေမှာ ၀တ်ပြုတယ်။ ဒီတခေါက်ကတော့ ဘာသာရေးစာသင်ကျောင်းတွေမရှိတော့ဘူးဆိုတဲ့အခါကျတော့ သူတို့မှာ ၀တ်ပြုစရာနေရာမရှိဘူး။ မရှိတော့ ပထမဦးဆုံး ဥပုဒ်ပထမဦးဆုံးနေ့မှာတော့ ဒေါပုံနွယ်အေးရပ်ကွက်မှာရှိတဲ့ ဘလီမှာ သူတို့သွားပြီးတော့ ၀တ်ပြုကြတယ်။ ဒါပေမယ့်လည်း အဲဒီဘလီက လူဦးရေမဆန့်တဲ့အခါကျတော့ လူအယောက် ၂၀၀ လောက်က သူတို့ ၀တ်မပြုပဲနဲ့ အိမ်ပြန်သွားလိုက်ကြတယ်။ အဲလိုမျိုး ဟိုဘက်မှာကလည်း ၀တ်ပြုဖို့နေရာ လည်းမရှိနောက်ပြီးတော့ ၀တ်ပြုဖို့ကတော့ ကိုယ့်အိမ်မှာလည်း ၀တ်ပြုလို့မရဘူး စုပေါင်းဝတ်ပြုရတာဖြစ်တာကြောင့် နောက်ဆုံးမှာ သူတို့က ဘယ်လိုမှ ၀တ်ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ လမ်းပေါ်မှာ သူတို့ကနေပြီးတော့မှ စုပေါင်းဝတ်ပြုဖို့ စီစဉ်ခဲ့တာပါ။”
    ဒီအခြေအနေနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနကိုရော သာကေတမြို့နယ်အုပ်ချုပ်ရေးရုံးကိုပါ ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ ဒီလို လမ်းပေါ်ထွက် ၀တ်ပြုတာမျိုးမလုပ်ဖို့ ရပ်ကွက်တွေအတွင်း ကြေညာခဲ့တယ်လို့ ဒေသခံတဦးကတော့ ပြောပါတယ်။ HRW ပြောခွင့်ရ Phil Robertson ကတော့ ဒေသအာာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနကဖြစ်စေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြစ်စေ တားမြစ်ပေးဖို့ တောင်းဆိုပါတယ်။
    “ ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ပြန်လည်ဖွင့်ပေးသင့်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာ အရေးယူမယ်လို့ ခြိမ်းခြောက်ဟန့်တားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ တကမ္ဘာလုံးက လေးစားလိုက်နာရမယ့် လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ စိုးရိမ်စရာကောင်းတဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ပြောပါရစေ။”
    အလားတူအခြေအနေမျိုးကို မိတ္ထီလာမြို့မှာလည်း ကြုံနေရတယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားသူ ကိုရှိုင်းက ပြောပါတယ်။
    “မိတ္ထီလာမှာတော့ သူတို့ ခါတိုင်းလိုပဲ ခြံဝန်းထဲမှာကိုပဲ အိမ်တအိမ်မှာ သူတို့ စုပေါင်းပြီးတော့ ၀တ်ပြုကြတယ်။ အဲဒီလိုဝတ်ပြုတာကို အစိုးရကနေပြီးတော့ တားမြစ်တယ်။ အဲဒါကို မန္တလေးတိုင်းကနေပြီးတော့မှ ဆင်းပြီးတော့ အကုန်လုံးကို ဒီနေရာမှာ ဆိုပြီးနေရာအတိအကျဖော်ပြပြီး အဲဒီနေရာတွေမှာ ၀တ်မပြုရဆိုတဲ့ စာထုတ်ပြီးတော့ လက်မှတ်ထိုးခိုင်းနေပါတယ်။”
    သာကေတမြို့နယ်တွင်းက မွတ်ဆလင်ဘာသာရေးကျောင်းနှစ်ကျောင်းမှာ ၀တ်ပြုဆုတောင်းတာတွေလုပ်တယ်ဆိုပြီး ဗုဒဘာသာအမျိုးသားရေးအဖွဲ့အချို့က တိုင်တန်းတာကြောင့်၊ မြို့နယ်အာဏာပိုင်တွေက အဲဒီ ကျောင်းနှစ်ကျောင်းကို ဧပြီလကုန်ပိုင်းက ချိတ်ပိတ်ခဲ့တာပါ။ မူလအားဖြင့် အဲဒီကျောင်းတွေမှာ စုဝေး ၀တ်ပြုတာလုပ်ခွင့်မရှိဘူးလို့ ကန့်ကွက်သူတွေက ပြောကြပါတယ်။ HRW ကတော့ လွတ်လပ်စွာ ၀တ်ပြု ကိုးကွယ်ခွင့်ဟာ အခြေခံ အခွင့်အရေးတရပ်ဖြစ်တာမို့ ဒီအချက်ကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။
    VOA မှ ကူးယူဖော်ပြပါသည်။
  • စစ်အာဏာရှင်လက်ထွက် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းဟာ စေတနာမှန်ရဲ့လား
    စစ်အာဏာရှင်လက်ထွက် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းဟာ စေတနာမှန်ရဲ့လား
    ဇွန် ၅၊ ၂၀၁၇
    M-Media
    – မြန်မာအစိုးရ၊ ကိုယ့်မင်းကိုယ်ချင်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေအကြား လက်ရှိဆောင်ရွက်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုအတွင်းမှာ သဘောတူညီချက်မရတဲ့ အဓိကအချက်တစ်ချက်က တောင်တန်းဒေသတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လောက်ပေးမလဲ၊ ဗဟိုက ချုပ်ကိုင်ထားတဲ့ အာဏာကို တိုင်းရင်းသားအုပ်စုတွေအကြား ဘယ်လောက်ခွဲပေးမလဲဆိုတဲ့ ကိစ္စတွေဖြစ်ပါတယ်။
    မကြာသေးမီးကာလအတွင်း ရွေးကောက်ပွဲတွေ၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ခဲ့ပေမယ့် တပ်မတော်လို့ခေါ်တဲ့ စစ်တပ်ဟာ နိုင်ငံအတွင်းမှာ အာဏာအရှိဆုံးအဖွဲ့အဖြစ် ရှိနေဆဲပါ။ စစ်တပ်က စော်ကားနှိပ်စက်မှုတွေ၊ စာနာထောက်ထားမှု ကင်းမဲ့တာတွေ ရှိနေတယ်လို့ တစ်လျှောက်လုံး ပြောလာတာတွေအပါအ၀င် တိုင်းရင်းသားလူနည်းစုတွေ ခံစားနေရတဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ခေါင်းဆောင် အဆက်ဆက်က အရေးမစိုက်ဘဲ၊ လစ်လျူရှုခဲ့ပြီး ဒါကပဲ လက်နက်ကိုင် ပဋိပက္ခတွေကို ရှည်ကြာစေခဲ့ပါတယ်။
    ဒီအခြေအနေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ကြိမ်းပမ်းမှုအထိ ရိုက်ခတ်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေအကြားမှာ ရှိနေတဲ့ “အထင်မှား
    မှုတွေ၊ နားလည်မှုလွဲတာတွေ” က “လက်နက်ကိုင် ပဋိပက္ခတွေကို ဦးတည်စေပြီး” ဒါတွေကို စွန့်လွှတ်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ကိုလိုနီလက်ကနေ လွတ်လပ်ရေးယူတဲ့အခါ တစ်ပါတည်း အမွေရလာတဲ့ ပြသနာတော်တော်များများကိုတော့ စစ်တပ်က မဖြစ်မနေ လက်ခံရပါမယ်။ ၁၉ ရာစု နယ်ချဲ့တွေ မရောက်ခင် အရင်ကတည်းက ပဋိပက္ခတွေ အမြစ်တွယ်နေပြီး သဘောသဘာဝ မတူကြတဲ့ လူမျိုးတွေကိုြ
    ဗိတိသျှ ကိုလိုနီအစိုးရက ပေါင်းပစ်လိုက်ပါတယ်။
    ဗြိတိသျှဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ဒီ လူမျိုးစုတင်းမာမှုတွေကို အမြတ်ထုတ်ပြီး ခွဲခြားအုပ်ချုပ်ရေးနစ် (divided-and-rule fashion) ကို ဖော်ဆောင်ခဲ့ပါတယ်။ ဗဟိုက လုံးဝချုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ်မှာ ဗမာလူမျိုးတွေသာ အုပ်စိုးရေးဆိုတဲ့ အခြေအနေတစ်ခုကို ထိန်းသိမ်းဖို့အတွက် အဲဒီနည်းစနစ်ကို မြန်မာစစ်တပ်က နောက်ပိုင်းမှာ မွေစားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး စေတနာမမှန်တဲ့ ချဉ်းကပ်မှုမှာ မြန်မာနိုင်ငံဟာ ‘တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ’ နိုင်ငံဖြစ်တယ်ဆိုပြီး စစ်တပ်က ကြွေးကျော်တာကိုလည်း ထင်ထင်ရှားရှား မြင်ရပါတယ်။
    ဒါပေမယ့် ‘လူမျိုး’ ဆိုတာ စစ်တပ်က အမှန်တကယ် ဘာကို ဆိုလိုလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အချို့က အခိုင်အမာ ပြောဆိုထားပြီး ၂၀၁၄ ခု သန်းခေါင်စာရင်းကောက်ယူမှုမှာ အခြေခံအဖြစ် သတ်မှတ်ထားတဲ့ ဒီ လူမျိုး ၁၃၅ မျိုးဆိုတာ ဗြိတိသျှကိုလိုနီခေတ်မှာ မရှိခဲ့
    ပါဘူး။ ဗြိတိသျှအုပ်ချုပ်မှုအတွင်း နောက်ဆုံးကောက်ယူခဲ့တဲ့ ၁၉၃၁ ခုနှစ် ‘အိန္ဒိယ သန်းခေါင်စာရင်း’ အရ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေအပါအ၀င် တိုင်းရင်းသားလူမျိုးစုဟာ ၂၀ မကျော်ပါဘူး။
    နိုင်ငံသားအဆင့်တွေကို ခွဲခြားသတ်မှတ်ထားပြီး အချို့သော အုပ်စုတွေကို နိုင်ငံသားအဆင့် မရစေတဲ့ အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာကို ရှင်းရှင်းလင်း လင်း ဖော်ပြမထားပါဘူး။ ဒါပေမယ့် လူမျိုးစုတစ်စုဟာ လက်ရှိ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဘယ်လောက်ကြာကြာ အခြေချနေထိုင်ခဲ့သလဲဆိုတာအပေါ် မူတည်ပြီး နိုင်ငံသားအဆင့်တွေကို ခွဲခြားသတ်မှတ်ထားပါတယ်။
    အဲဒီဥပဒေမှာ ၁၈၂၄-၁၈၂၆ အင်္ဂလိပ်-ဗမာစစ်ပွဲ မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ အခြားသော လူမျိုးစုတွေဟာ တင်းပြည့်နိုင်ငံသားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရောက်ရှိနေထိုင်ကြတဲ့ ပထမဆုံးရက်ကိုတော့ ဥပဒေမှာ မဖော်ပြထားပါဘူး။ စစ်ပွဲအပြီး
    တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတဲ့ အယူအဆဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဆိုတဲ့နာမည်နဲ့ စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဒီတိုင်းရင်းသားလူမျိုးစာရင်း အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
    မြန်မာနိုင်ငံရေးရာကျွမ်းကျင်သူ မာတင်စမစ်ဟာ ၁၉၉၄ ခုနှစ်က “Ethnic Groups in Burma: Development, Democracy and Human Rights” (မြန်မာနိုင်ငံမှ လူမျိုးစုများ – ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး) ဆိုတဲ့ လေ့လာမှုစာတမ်းမှာ SLORC ဟာ ‘တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး’ လို့ ဖော်ပြပေမယ့် ‘ခိုင်မာတဲ့အချက်အလက်တွေ ဒါမှမဟုတ် အဲဒီတိုင်းရင်းသားစာရင်းတွေကို မထုတ်ပြန်ခဲ့ဘူး’ လို့ ရေးသားထားပါတယ်။
    တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို အစောဆုံးဖော်ပြမှုဟာ အမည်မဖော်တဲ့ ‘စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး’ က ၁၉၉၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာမှာ ရေးသားထားတဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။
    “မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး နေထိုင်တယ်ဆိုတဲ့အချက်ဟာ ‘လူမျိုးစုကြီးတွေ’ ကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ အယူအဆကို အဟန့်အတား ဖြစ်စေပါတယ်” လို့ ဖော်ပြထားတာပါ။
    ဒီဆောင်းပါးမှာ ပါးပါးလေးဖော်ပြသွားတာက ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းတွေလို လူမျိုးစုကြီးတွေကို အသိအမှတ်ပြုရတာမျိုး၊ သူတို့နဲ့ ဆွေးနွေးရတာမျိုးကို ရှောင်ရှားဖို့အတွက် အဲဒီ အဓိကလူမျိုးတွေကို လူမျိုးစုငယ်လေးတွေအဖြစ် ခွဲထုတ်လိုက်ရမယ် ဆိုတာပါပဲ။
    တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရဲ့စာရင်းကို ပထမဆုံး တာရားဝင်ထုတ်ပြန်တာက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ခင်အရင် ဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ကချင်ပြည်နယ်အတွင်း တိုင်းရင်သားလူမျိုးစု ၁၂ စု၊ ကယားပြည်နယ်မှာ ၉ စု၊ ကရင်ပြည်နယ်မှာ ၁၁ စု၊ ချင်းပြည်နယ်မှာ ၅၃ စု၊ ဗမာလူမျိုးစု ၉ စု၊ မွန်ပြည်နယ်မှာ
    တစ်စု၊ ရခိုင်ပြည်နယ်မှာ ၇ စုနဲ့ ရှမ်းပြည်နယ်မှာ ၃၃ စုလို့ ဖော်ပြထားပါတယ်။
    ဒီလို အုပ်စုခွဲမှု အားလုံးနီးပါးမှာ လူမျိုးသတ်မှတ်မှုတွေဟာ ရေရာမှု မရှိပါဘူး။ ဥပမာအားဖြင့် ရှမ်းလူမျိုးစုကို ကြည့်လိုက်ရင် ‘ရှမ်းကြီး’ လို့ခေါ်တဲ့ တိုင်းလုံကို တစ်နေရာမှာ ‘တိုင်းလုံ’ နောက်တစ်နေရာမှာ ‘ရှမ်းကြီး’ အဖြစ် နှစ်ခါဖော်ပြထားပါတယ်။ တိုင်းလုံဆိုတာက ရှမ်းဘာသာစကားအရ ရှမ်းကြီးကို ခေါ်ဆိုတာဖြစ်ပါတယ်။
    ကချင်ပြည်နယ်မှာလည်း ခခူ (Hkakhu) ကို သီးခြားလူမျိုးအဖြစ် ဖော်ပြထားပါတယ်။ တကယ်တော့ ခခူဆိုတာ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဖြစ်တည်ရာ မေခနဲ့ မလိခ မြစ်နှစ်ခုဆုံတဲ့နေရာရဲ့ အထက်ပိုင်းမှာ နေထိုင်တဲ့သူတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးဆိုတာထက် မျိုးနွယ်စုလောက်သာ
    ရှိတဲ့ ဂေါ်ရီ (Gauri) ကိုလည်း သီးခြားလူမျိုးအဖြစ် သတ်မှတ်ထားပါတယ်။
    ချင်းပြည်နယ်က တိုင်းရင်းသားလူမျိုး ၅၃ မျိုးဆိုတာကလည်း ချင်းလူမျိုးတွေကြားထဲမှာ ပြောတဲ့စကားမတူတဲ့ အုပ်စုတွေကို ခွဲထားတာဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ် စာရင်းတွေမှာလည်း တိုင်းရင်းသားလူမျိုးစုကြီးတွေကနေ လူမျိုးငယ်တွေကို ဒီလိုပဲ မသေချာ၊ မရေရာ ခွဲထုတ်ထားတာပါ။
    တစ်ချို့တွေကလည်း စစ်တပ်ဟာ ဒီတိုင်းရင်းသားမျိုးနွယ်စုတွေကို ဗေဒင်ကိန်းခန်းအရ တွက်ချက် ထုတ်ပြန်တာလို့ သံသယရှိကြပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို ထုတ်ပြန်တဲ့အခါ အချို့သော လေ့လာဆန်းစစ်သူတွေက ၁၊ ၃၊ ၅ ဆိုတဲ့ နံပါတ် ၃ လုံးကို ထောက်ပြပါတယ်။ အဲဒီ နံပါတ် ၃ လုံးပေါင်းခြင်းဟာ ၉ ဖြစ်ပြီး ညီညွတ်မှုဆိုတဲ့အယူနဲ့ စစ်တပ်ရဲ့ လက်ကီးနံပါတ်လို့ ယူဆရပါတယ်။
    အရင် စစ်အာဏာရှင်တွေလက်ထက်မှာ အဓိက ဆုံးဖြတ်ချက်တွေအားလုံးနီးပါးကို ပေါင်းခြင်း ၉ ရတဲ့ ရက်တွေမှာ ချမှတ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဖြစ်ပွာခဲ့ပြီး ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်
    ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲဟာလည်း မေလ ၂၇ ရက်နေ့မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တွေ ထုတ်ဝေတာပါ။
    မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအများကြီး ရှိနေပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်ခုမှာ ဗေဒင်ကိန်းခန်းကို ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး လမ်းညွှန်အဖြစ် အသုံးပြုတာဟာ ယုတ္တိခပ်ကင်းကင်းပါပဲ။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး အရင်က ကြိုးစားခဲ့တာတွေ ဘာ့ကြောင့် မအောင်မြင်ခဲ့တာလဲဆိုတာ ဆန်းစစ်သူတစ်ယောက်အနေနဲ့ လက်တွေ့ပိုကြပြီး၊ အချက်အလက်အခြေခံတဲ့ ချဉ်းကပ်မှုမျိုး လိုအပ်မယ်ဆိုတာ မလွဲဧကန်ပါ။
    တိုင်းရင်းသား အများစုက တောင်းဆိုသလို ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမလား၊ လူမျိုးစုတွေအလိုက် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာကွဲသွားတာကို တားဆီးဖို့လိုတယ်လို့ ယုံကြည်နေတဲ့ စစ်တပ်က လိုလားတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကိုပဲ ဆက်ထားရမလားဆိုတဲ့ ပြဿနာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းလူမျိုးစု ၁၃၅
    မျိုး ရှိနေသမျှတော့ လတ်တလောမှာ ပြေလည်ဖို့ မရှိကြောင်းပါ။
    (Asia Times တွင် Bertil Lintner ရေးသားသည့် A question of race in Myanmar ဆောင်းပါးကို လေးမောင်က ဘာသာပြန်ဆိုသည်)
  • လတ်တလော သံတမန်ပြဿနာမှာ မိမိတို့နိုင်ငံအား ဖျက်ဆီးရန် ရည်ရွယ်ခြင်းဟု ကာတာပြော
    လတ်တလော သံတမန်ပြဿနာမှာ မိမိတို့နိုင်ငံအား ဖျက်ဆီးရန် ရည်ရွယ်ခြင်းဟု ကာတာပြော
    ဇွန် ၅၊ ၂၀၁၇
    M-Media
    – ပင်လယ်ကွေ့နိုင်ငံများက မိမိတို့နိုင်ငံနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်မှုတွင် ‘တရားဝင်သည့် အကြောင်းအချက်’ မရှိဘဲ၊ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံခြင်းဖြစ်သည်ဟု ကာတာနိုင်ငံက ပြောကြားလိုက်သည်။
    ဆော်ဒီ၊ အီဂျစ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့က မိမိတို့အနေဖြင့် ကာတာနှင့် အဆက်အသွယ်အားလုံးဖြတ်မည်ဟု ယနေ့တွင် ကြေငြာခဲ့ပြီး နောက်ပိုင်းတွင် လစ်ဗျားနိုင်ငံကလည်း ပါဝင်လာခဲ့သည်။
    ဆော်ဒီက ထိုကဲ့သို့ အဆက်အသွယ်ဖြတ်တောက်ရခြင်းမှာ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ‘ကာတာမှာ ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများနှင့် အုပ်စုများကို’ လက်ခံထားသည်ဟု စွပ်စွဲခဲ့သည်။
    ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေငြာချက်တွင် ထိုနိုင်ငံများ၏ ဆုံးဖြတ်ချက်မှာ ‘မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ဖောက်ဖျက်ခြင်းဖြစ်သည်’ ဟု ဖော်ပြထားပြီး နိုင်ငံသားများနှင့် အခြားနိုင်ငံမှ လာရောက်နေထိုင်သူများမှာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းတို့၏ ထိုဆုံးဖြတ်ချက်များအတွက် ကာတာအနေဖြင့် ၀မ်းနည်း၊ အံ့အားသင့်ရကြောင်း၊ ယခုလုပ်ရပ်က ကာတာနိုင်ငံအား ပျက်ဆီးစေရန် ရည်ရွယ်သည်ကို ဖော်ပြနေကာ၊ ကာတာနိုင်ငံအား ချုပ်ကိုင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    ကာတာနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား ယခုကဲ့သို တင်းမာမှုများမှာ ကာတာ အစိုးရသတင်းဌာန QNA တွင် ဟက်ကာများက ကာတာနိုင်ငံခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ်သာနီ၏ ပြောကြားသော စကားများဟုဆိုသော မှတ်ချက်များကို လွှင့်တင်ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
    အလ်သာနီမှာ အီရန်၊ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အား ထောက်ခံကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာ ရာထူးကြာကြာခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဆိုသော အဆိုပါ သတင်းမှားများနှင့်ပတ်သက်၍ ကာတာအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။
    ထိုကဲ့သို့ ဆက်ဆံရေး ဖြတ်တောက်မှုတွင် လေကြောင်းနှင့် ရေကြောင်း သွားလာမှုပါ အကျုံးဝင်သည်။ လက်ရှိတွင် ဆော်ဒီနှင့် ယူအေအီးမှ လေကြောင်းလိုင်းများမှာ အင်္ဂါနေ့မှစတင်ကာ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပျံသန်းခြင်းမပြုတော့ဟု ကြေငြာခဲ့သည်။
    ဆော်ဒီက အခြားသော အာရပ်နိုင်ငံများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။
    ပါကစ္စတန်နိုင်ငံကမူ ကာတာနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်မှုတွင် ပါဝင်မည်မဟုတ်ဟု အစောဆုံး ထုတ်ဖော်ပြောကြားထားသည်။
    ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းကြေင့် ဘဏ္ဍာရေးဈေးကွက်ကိုလည်း ထိခိုက်ခဲ့ပြီး ရေနံဈေးမှာ ထိုးတက်လာကာ၊ ကာတာစတော့နှင့် ရှယ်ယာမျာလည်း ကျဆင်းခဲ့သည်။
    Ref: Aljzeera s
  • ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရန် အင်္ဂလိပ်အသင်းများ အလှမ်းဝေးနေဟု ရှီးယားရားပြော
    ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရန် အင်္ဂလိပ်အသင်းများ အလှမ်းဝေးနေဟု ရှီးယားရားပြော
    ဇွန် ၅၊ ၂၀၁၇
    M-Media
    – အင်္ဂလိပ်ကလပ်အသင်းများအနေဖြင့် လာမည့်နှစ် ချန်ပီယံလိဂ်တွင် တိုးနိုင်ရေး တိုးတက်ရန် လိုအပ်နေပြီး စနေနေ့က ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်မျိုး ရောက်ရှိရန် အလှမ်းဝေးနေသေးသည်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားက ပြောကြားလိုက်သည်။
    ၂၀၂၁ ခုနှစ်တွင် ချယ်ဆီးအသင်းက ဘိုင်ယန်မြူးနစ်အား အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက်ပိုင်း အင်္ဂလိပ်အသင်းများ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတက်နိုင်သည်မှာ ၅ နှစ်ရှိလာပြီဖြစ်သည်။
    ထို့ပြင် ဆီးမီးဖိုင်နယ်တက်ရောက်နိုင်သည့်အသင်းမှာလည်း ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တွင် ချယ်ဆီးနှင့် မန်စီးတီး နှစ်သင်းသာ ရှိနေသည်။ ယခုနှစ်တွင်မူ အင်္ဂလိပ်ကလပ်များမှ လက်စတာတစ်သင်းသာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။
    ရှီးယားရားကမူ အင်္ဂလိပ်အသင်းများ ကြိုးစားရန်၊ လူခေါ်ရန် လိုအပ်နေသေးသည်ဟု ဆိုသည်။
    “(လာမယ့်နှစ် ချန်ပီယံလိဂ်မှာ ပါဝင်မယ့်) ၅ သင်းစလုံး ရီးယဲလ်နဲ့ ဂျူဗီတို့ရဲ့အဆင့်မျိုးနဲ့ မနီးသေးပါဘူး။ အများကြီးလုပ်ရအုံးမှာဖြစ်ပြီး၊ သူတို့တွေထဲက တစ်သင်းသင်း ဗိုလ်စွဲဖို့အတွက် လူတွေအများကြီး ခေါ်ရအုံးမှာပါ” ဟု ရှီးယားရားက ပြောကြားခဲ့သည်။
    ထို့ပြင် ရီးယဲလ်အသင်း၏ တစ်ချက်ထိ အမြန်ပေးကစားပုံမှာလည်း ချန်ပီယံလိဂ်အဆင့်မျိုးတွင် အောင်မြင်လိုသူတိုင်းအတွက် သင်ခန်းစာဖြစ်သည်ဟုလည်း ဆိုသည်။
    လာမည့်နှစ် ချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ စပါး၊ မန်စီးတီး၊ မန်ယူနှင့် လီဗာပူးလ်တို့ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref: BBC