News @ M-Media

Blog

  • ဆွစ်ဇ် နာမည်ကျော် တောက်တက်သမား ဧ၀ရတ်တောင်အနီးတွင် ပြုတ်ကျ သေဆုံး

    ဆွစ်ဇ် နာမည်ကျော် တောက်တက်သမား ဧ၀ရတ်တောင်အနီးတွင် ပြုတ်ကျ သေဆုံး

    မေ ၁၊ ၂၀၁၇
    M-Media

    – ဆွစ်ဇာလန်နိုင်ငံမှ နာမည်ကျော် တောင်တက်သမား ယူလီစတက်မှာ ယမန်နေ့က ဧ၀ရတ်တောင်အနီး ဖြစ်ပွားသည့် မတော်တဆမှုအတွင်း သေဆုံးသွားခဲ့သည်ဟု နီပေါ ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

    အသက် ၄၀ အရွယ် ယူလီစတက်မှာ အမြင့်ပေ ၆၆၀၀ တွင် တောင်စောင်းတစ်ခုမှ ခြေချော်ကာ ရေခဲချောက်ကြီးထဲသို့ ကျသွားခြင်းဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဧ၀ရတ်တောင်နှင့် အနီးဆုံး လေဆိပ်ရှိသည့် လူက်လာမြို့သို့ လေယာဉ်ဖြင့် သယ်ဆောင်သွားခဲ့သည်။

    ယူလီစတက်မှာ လာမည့်လတွင် ၈၈၅၀ မီတာမြင့်သည့် ဧ၀ရတ်တောင်နှင့် လော့စီတောင်တို့ကို တက်ရန်အတွက် စီစဉ်ထားသူဖြစ်သည်။ ၎င်းမှာ လျင်မြန်မှု၊ အခြေအနေကို ကောင်းစွာ ပြောင်းလဲနိုင်မှုတို့အတွက် ကျော်ကြားပြီး Bernese Alps တောင်တန်းမှ မီတာ ၃၉၇၀ မြင့်သည့် အီဂါတောင်ကို ၃ နာရီနှင့် တက်နိုင်ခဲ့မှု အပါအ၀င် တောင်တက်စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့သူဖြစ်သည်။

    ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် တောင်တက်သမားများအတွက် အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော Piolet D’or ဆုကို ရရှိခဲ့သည်။

    Ref: CNN

  • မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ

    မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ

    မေ ၁၊ ၂၀၁၇
    M-Media

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ မြင့်မြတ်ရာမြို့အဖြစ် သတ်မှတ်ထားကြတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ခိုတွေဟာ အခြားသော ငှက်တွေနဲ့မတူဘဲ အခွင့်ထူးကို ခံစားခွင့်ရနေကြပါတယ်။

    ဘယ်လိုအခွင့်ထူးမျိုးတွေလဲ။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ ဒီဗီဒီယိုအတိုလေးမှာ သိရှိရမှာ ဖြစ်ပါတယ်။

    Al Arabiya သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်တင်ဆက်တာ ဖြစ်ပါတယ်။

  • ပါလက်စတိုင်းအကျဉ်းသားများအတွက် ယူကေကျောင်းသားများ အစာငတ်ခံ ဆန္ဒပြမည်

    ပါလက်စတိုင်းအကျဉ်းသားများအတွက် ယူကေကျောင်းသားများ အစာငတ်ခံ ဆန္ဒပြမည်

    မေ ၁၊ ၂၀၁၇
    M-Media

    – အစ္စရေးအကျဉ်းထောင်များတွင် ရှိနေသည့် ပါလက်စတိုင်းအကျဉ်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ယူကရှိ တက္ကသိုလ်ကျောင်းသားများမှာ အစာငတ်ခံ ဆန္ဒပြမှုတစ်ခု စတင်တော့မည်ဟု သိရသည်။

    မန်ချက်စတာတက္ကသိုလ်မှ ကျောင်းသားများဖြစ်ပြီး ကြာသာပတေးနေ့မှစတင်မည့် အဆိုပါဆန္ဒပြမှုမှာ အနည်းဆုံး တစ်ပတ်တာ ကြာမြင့်မည်ဟု ဆိုသည်။

    ဖာတာအဖွဲ့ခေါင်းဆောင် မရ်ဝမ် ဘာဂတီဦးဆောင်သည့် ပါလက်စတိုင်း နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ကျော်မှာ အစ္စရေးအာဏာပိုင်များ၏ ညှင်းပမ်းမှုများကို လူအများ သိရှိစေရန် ရည်ရွယ်၍ အစာငတ်ခံ ဆန္ဒပြမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စတင်ပြုလုပ်ခဲ့သည်။

    “ပါလက်စတိုင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ တရားစွဲဆိုတာ၊ ဒါမှမဟုတ် မျှတတဲ့ စီရင်မှုမျိုး မရှိဘဲနဲ့ ၆ လအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ သူတို့ဟာ တော်တော် ဆိုးဆိုးရွားရွား အခြေအနေတွေကို ရင်ဆိုင်နေရပြီး ဆေးကုသခွင့်၊ ဧည်သည့်တွေ့ဆုံခွင့် အခွင့်အရေးတွေကို မရရှိပါဘူး” ဟု ယခု အစာငတ်ခံ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ယူကေကျောင်းသားများထဲမှ မိုဟာမက် အက်ဇဲလ်ဒင်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းထောက်ခံသူ ကျောင်သားများနှင့် မန်ချက်စတာတက္ကသိုလ်အကြား ဆက်ဆံရေး ဆိုးရွာလာသည့်အချိန်တွင် အစ္စရေးအစိုးရကို ပစ်မှတ်ထားသည့် ယခု အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အက်ဇဲလ်ဒင်ကမူ ယခုဆန္ဒပြမှုမှာ မတ်လက အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားနှစ်ဦးအာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူထားမှုကို ပယ်ဖျက်ပေးရေး တက္ကသိုလ်ကို ဖိအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • စင်ကာပူနိုင်ငံမှ ဗလီဝတ်ကျောင်းတော်တစ်လုံး တိုးချဲ့မှု ပြီးစီး

    စင်ကာပူနိုင်ငံမှ ဗလီဝတ်ကျောင်းတော်တစ်လုံး တိုးချဲ့မှု ပြီးစီး

    မေ ၁၊ ၂၀၁၇
    M-Media

    – ၀တ်ပြုသူတွေ တိုးတက်လာတာကို ကာမိစေဖို့အတွက် စင်ကာပူနိုင်ငံ Teck Whye Crescent ရပ်ကွက်က အလ်-ခိုင်းရ် ဗလီဝတ်ကျောင်းတော်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး စင်ကာပူ အစ္စလာမ့် ဓမ္မသတ်မှူးချုပ် မွဖ်သီ ဒေါက်တာ မိုဟာမက် ဖက်ထရစ် ဘာကရမ်က ယမန်နေ့မှာ သွားရောက် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

    ဒီလို အဆင့်မြှင့်တင်မှုမှာ ဗလီဝတ်ကျောင်းတော်ရဲ့ သုံးထပ်မှာ လူ ၅၀၀ လောက်ဆန့်မယ့် ၀တ်ပြုဆောင်တစ်ခု ထည့်သွင်းတာ၊ အစ္စလာမ့်ရေးရာ သင်ကြားမှုတွေပြုလုပ်နိုင်မယ့် စာသင်ခန်းတွေထည့်သွင်းတာ၊ မသန်စွမ်းသူတွေ အထပ်တိုင်းကို တက်နိုင်ဖို့အတွက် သီးသန့် ဓာတ်လှေကား ထည့်သွင်းပေးတာ၊ မျက်နှာစာ ပြုပြင်တာ၊ အမိုးကို မိုးဒဏ်လေဒဏ် ပိုမိုခံနိုင်အောင် ပြုပြင်တာ၊ အသံစနစ်အသစ်တစ်ခု ထည့်သွင်းတာ၊ လျှပ်စစ်ကြိုးတွေ သွယ်တန်းတာ စတာတွေ ပါဝင်ပါတယ်။

    နောက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်နဲ့ပတ်သက်တဲ့ အဌကဌာကျမ်းတွေကို ရေးသားဖွင့်ဆိုခဲ့ကြတဲ့ ပညာရှင်ကြီးတွေအကြောင်းကို ဖော်ပြထားတဲ့ နေရာတစ်ခုကိုလည်း မွဖ်သီကြီးက ဖွင့်လှစ်ပေးခဲ့ပါတယ်။

    ဒီလို အဌကဌာ ကျမ်းရှင်ကြီးတွေရဲ့ အကြောင်းကို ဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်မျိုးဆက်သစ်တွေရဲ့ ရင်ထဲမှာ ကုရ်အာန်ကျမ်းတော်မြတ် အကျယ်ဖွင့်ဆိုမှုအပေါ် စိတ်ဝင်စားလာအောင်ပဲ ဖြစ်ပါတယ်။

    အခုလို အဆင့်မြှင့်တင်လိုက်တဲ့အတွက် အလ်-ခိုင်းရ် ဗလီဝတ်ကျောင်းတော်မှာ တစ်ကြိမ်ကို လူပေါင်း ၄၀၀၀ လောက် တစ်ပြိုင်နက် ၀တ်ပြုနိုင်မှာ ဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းတွေရဲ့ ခေတ်ကာလအလိုက် တိုးတက်လာတဲ့ လူဦးရေကို ကာမိစေဖို့အတွက် အစိုးရဟာ ၀တ်ပြုရာနေရာ အသစ်ဆောက်လုပ်တာ၊ တိုးချဲ့တာတွေကို အမြဲ ခွင့်ပြုပေးလေ့ရှိပါတယ်။

    ဧပြီလ ၁၄ ရက်နေ့ကလည်း Woodlands ရက်ကွက်မှာ စင်ကာပူရဲ့ ပထမဆုံးသမ္မတ ယူစွဖ် အစ္စဟက်ရဲ့ အမည်နဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

  • ၅ နှစ်ဆက် လိဂ်ချန်ပီယံအဖြစ် ဘိုင်ယန်မြူးနစ် သမိုင်းသစ်ရေးထိုး

    ၅ နှစ်ဆက် လိဂ်ချန်ပီယံအဖြစ် ဘိုင်ယန်မြူးနစ် သမိုင်းသစ်ရေးထိုး

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်မှာ ယမန်နေ့က ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၆ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၅ နှစ်ဆက် ဘွန်ဒစ်လီဂါချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    ရာသီပြီးဆုံးရန် ၃ ပွဲ လိုသေးသော်လည်း ဘိုင်ယန်မှာ ဒုတိယနေရာမှ လီအစ်ပ်ဇစ်အသင်းအား ၁၀ မှတ် ဖြတ်ထားနိုင်သောကြောင့် ချန်ပီယံဖြစ်လာခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတွင် ပထမဆုံး ၅ နှစ်ဆက် ချန်ပီယံအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့သည်။

    ဥရောပ ထိပ်တန်းလိဂ် ၅ ခုတွင် ၄ ခု၏ ဆုဖလားများကို ပထမဆုံး ရယူနိုင်သူ ဖြစ်လာသည့် ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ယခုတွေ့အကြုံမှာ မိမိအတွက် ထူးခြားသည့် အတွေ့အကြုံဖြစ်ကာ၊ အသင်းကိုလည်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ကြီးကျယ်တဲ့ကစာသမားတွေနဲ့ တစ်ရာသီလုံး ကျွန်တော်တို့ကို အုပ်အော်သောင်းနင်း အားပေးခဲ့တဲ့ ပရိတ်သတ်တွေ ရှိနေတဲ့ ဒီအသင်းကို ရောက်လာတာကိုက ကျွန်တော် ကံကောင်းတာပါ။ ကျွန်တော်တို့ဟာ ချန်ပီယံဘွဲ့နဲ့ ထိုက်တန်ပြီး ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်”

    အေစီမီလန်၊ ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရရှိခဲ့ဖူးသည့် အန်ဆယ်လော့တီမှာ လက်ရှိတွင် အသင်း၏ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအတွက် ဦးဆောင်ရတော့မည်ဖြစ်သည်။

    Ref: BBC