News @ M-Media

Blog

  • ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် စေတနာ့ဝန်ထမ်းအရေအတွက် စံချိန်တင်မည်

    ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် စေတနာ့ဝန်ထမ်းအရေအတွက် စံချိန်တင်မည်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – လာမည့်နှစ် ရုရှားတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပွဲအတွက် စေတနာ့ဝန်ထမ်း အကူအညီပေးမည့်သူများ၏ အရေအတွက်မှာ ၁၇၅၀၀၀ ဦးဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် အများဆုံးဖြစ်လာမည်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ လေ့ကျင့်သင်ကြားပေးရေးအစီအစဉ်ကို ဆောင်ရွက်နေပါတယ်။ ဒါဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။ စေတနာ့ဝန်ထမ်းတစ်ယောက်ဆိုတာဟာ အဓိကလူပုဂ္ဂိုလ်ပါ။ သူတို့တွေမရှိဘဲနဲ့ ကြီးမားတဲ့ စီမံကိန်းကြီးတွေ မဖြစ်မြောက်နိုင်ပါဘူး” ဟု ရုရှား ဒုတိယ၀န်ကြီးချုပ် ဗီတာလီ မူတ်ကိုက ပြောကြားခဲ့သည်။

    လက်ရှိတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရန် စာရင်းပေးထားသူ ၁၇၅၀၀၀ ရှိနေသည်။ ထိုအထဲတွင် စပိန်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ရရှိခဲ့သည့် နောက်ခံလူ ပူးယိုးလ်လည်း စာရင်းပေးထားသည်။

    ၂၀၁၈ ခုနှစ် ရုရှားကမ္ဘဖလားပွဲကို ဇွန်လ ၁၄ ရက်နေ့မှ၊ ဇူလိုင်လ ၁၅ ရက်နေ့အထိ မြို့ပေါင်း ၁၁ မြို့ရှိ ကွင်းပေါင်း ၁၂ ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထိုပြိုင်ပွဲမှာ ရုရှားတွင် ပထမဆုံး ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲလည်းဖြစ်သည်။

    ဖီဖာက ယခုနှစ် နွေရာသီတွင် ကျင်းပပြုလုပ်မည့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၅၈၀၀ ခန့် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ စေတနာ့ဝန်ထမ်းများမှာ နိုင်ငံပေါင်း ၇၈ နိုင်ငံမှဖြစ်ပြီး ပျမ်းမျှအသက် ၂၃ နှစ် ရှိကြသည်။ စေတနာ့ဝန်ထမ်းအားလုံး၏ ၅ ရာခိုင်နှုန်းမှာ နိုင်ငံရပ်ခြားမှ ဖြစ်သည်။

    Ref: RT

  • ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – လူပြည့်နေသည့် လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးကို အင်အားသုံးဆွဲချသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အမေရိကန်အခြေစိုက် United Airlines လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ အော်စကာ မူနော့ဇ်က ယမန်နေ့တွင် ပြန်လည် တောင်းပန်လိုက်သည်။

    အသက် ၆၉ နှစ်အရွယ် တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါက်တာ ဒေးဗစ် ဒါအိုမှာ ပြီးခဲ့သည့်တစ်ပတ်က အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို စီးနင်းစဉ် လူပြည့်နေသောကြောင့် လေယာဉ်ဝန်ထမ်းများမှာ ၎င်းအား လေယာဉ်ပေါ်မှာ အင်အားသုံးကာ ဆွဲချခဲ့ပြီး ဒဏ်ရာအနာတရများလည်း ရရှိခဲ့သည်။

    အဆိုပါဗီဒီယို အွန်လိုင်း၌ ပြန်နှံ့သွားပြီးနောက် ပြည်သူများမှာ ဝေဖန်မှုများ ရှိလာခဲ့ပြီး၊ အာရှနွယ်ဖွားဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု လုပ်ရပ်မျိုး ဖြစ်နေလားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    “ဒီလေယာဉ်ခရီးစဉ်မှာ ဖြစ်ပျက်သွားတဲ့ကိစ္စအတွက် ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ ပြီးတော့ အတင်းအဓ္ဓမ ဆွဲချခံခဲ့ရတဲ့ ခရီးသည်နဲ့ လိုက်ပါစီးနင်းကြတဲ့ ခရီးသည်အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအတွက် အပြည့်အ၀ တာဝန်ယူပြီး၊ မှန်မှန်ကန်ကန်ဆော
    င်ရွက်သွားမယ်ဆိုတာကိုလည်း သိစေချင်ပါတယ်” ဟု မူနော့ဇ်က ပြောကြားခဲ့သည်။

    သို့သော်လည်း စောစောပိုင်းတွင် မူနော့ဇ်က မိမိဝန်ထမ်းများမှာ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အခြေအနေကို ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် United Airlines လေကြောင်းလိုင်းအား သပိတ်မှောက်မှုများ ရှိနေပြီး အမေရိကန်ရှိ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ မဟာမိတ်အဖွဲ့ အကြီးအကဲက ချီကာဂိုတွင် မကြာခင်ပြုလုပ်မည့် ညီလာခံ၌ United လေကြောင်းလိုင်းကို မစီးရန် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်ဟု ဆိုသည်။

    ထိုကိစ္စအတွက် အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် တရုတ်သမ္မတ ဇီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို တစ်ဦးတည်း ရင်ဆိုင်သွားရန် ကြောက်ရွံ့နေမည်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေယာဉ်တင်သင်္ဘောတစ်စီး အပါအ၀င် တိုက်ရေယာဉ်အုပ်စုတစ်ခုကို ကိုရီးယားကျွန်းဆွယ်အနီသို့ စေလွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့မှာ အမေရိကန်ကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    ဇီနှင့် ထရမ့်တို့မှာ ပြီးခဲ့သည့်တစ်ပတ် ဖလော်ရီဒါ၌ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ယနေ့မနက်က ဖုန်းပြောဆိုမှုတွင် ဇီက တရုတ်နိုင်ငံမှာ ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက် ကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် စိတ်နှစ်မြှုပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေး လိုလားကြောင်း ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ကမူ ထိုဖုန်းပြောဆိုမှုနှင့် ပတ်သက်၍ မည်သည့်ကြေငြာချက်မှ မထုတ်သေးပေ။

    တရုတ်အစိုးရအာဘော်သတင်းစာ Global Times က ယနေ့တွင်ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် ငြိမ်းချမ်းရေးအတွက် အရှိန်သတ်ရန် လိုအပ်ကြောင်း၊ အမေရိကန်မှာ နျူလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနှင့် အတူယှဉ်တွဲတည်ရှိရန် အစီအစဉ်မရှိကြောင်း ဖော်ပြထားသည်။

    Ref: BBC

  • အိန္ဒိယတွင် လိင်စော်ကားမှုကို ကာကွယ်ရန် ရဲတပ်ဖွဲ့က ကင်းလှည့်

    အိန္ဒိယတွင် လိင်စော်ကားမှုကို ကာကွယ်ရန် ရဲတပ်ဖွဲ့က ကင်းလှည့်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media


    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ကာကွယ်ပေးမည့် ကင်းလှည့်အဖွဲ့ကို ရဲတပ်ဖွဲ့ ဖွဲ့စည်းကာ လှည့်လည် စောင့်ကြပ်ပေးနေသည်ဟု သိရသည်။

    လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိသည့်ဆိုသည့် တိုင်ကြားမှုများ မြင့်တက်လာသည့်အတွက်ကြောင့် ရဲတပ်ဖွဲ့မှာ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်တစ်ဝှမ်းတွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀ က ကင်းလှည့်စောင့်ကြပ်သွားမည်ဖြစ်သည်။

    ကင်းလှည့်အဖွဲ့တစ်ဖွဲ့တွင် ယူနီဖောင်းဝတ် အမျိုးသားရဲ ၃ ဦး၊ အရပ်ဝတ် ရဲမေတစ်ဦးတို့ ပါဝင်မည်ဖြစ်ပြီး တိုင်ကြားမှုအများဆုံး ဖြစ်သွားသည့်နေရာများသို့ ကားဖြင့် လှည့်လည်သွားမည်ဖြစ်သည်။

    လက်ရှိတွင်မူ အဆိုပါကင်းလှည့်အဖွဲ့များမှာ ကိုယ်ကျင့်တရား ဖောက်ပြားသည်ဟုဆိုကာ ဖမ်းဆီးမှုများ၊ အတွဲများကို ရိုက်နှက်မှုများ ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

    ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရာဟူလ် ဆရီ ဗက်စ်တာဗာကမူ အမှားလုပ်သည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်တစ်ဆုပ်စာသာ ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ဆောင်ရန်၊ ရှောင်ရန်များကို အကြိမ်ကြိမ်သင်ကြား ပေးထားကြောင်း၊ ဥပဒေချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကို ရာထူးမှ ရပ်ဆိုင်းထားကြောင်း၊ နှစ်ဦးသဘောတူသည့် အတွဲများကို မနှောက်ယှက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

    BBC

  • ဂျူးများကို စိတ်ထိခိုက်စေသည့်စကားအတွက် အိမ်ဖြူတော်အရာရှိ ပြန်လည်တောင်းပန်

    ဂျူးများကို စိတ်ထိခိုက်စေသည့်စကားအတွက် အိမ်ဖြူတော်အရာရှိ ပြန်လည်တောင်းပန်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာ

    – ဆီးရီးယားအစိုးရက ဓာတုလက်နက်အသုံးပြုမှုကို ပမာပေးရာတွင် ဟစ်တလာက ဂျူးလူမျိုးများအား သတ်ဖြတ်မှုထက် ပိုမိုဆိုးရွားသည့်ပုံစံ ပြောဆိုခဲ့သည့် အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက ဂျူးလူမျိုးများကို ပြန်လည်တောင်းပန်လိုက်သည်။

    ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် စပိုက်စာက ဟစ်တလာမှာ ‘ဓာတုလက်နက်ကို အသုံပြုရန် မဆောင်ရွက်ခဲ့’ ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုစကားမှာ ဟစ်တလာက ဂျူးများအား ဓာတ်ငွေ့ခန်းများ၌ သတ်ဖြတ်မှုကို လစ်လျူရှုကာ ဂျူးများ၏ ခံစားရမှုကို ပေါ့သွားအောင် ပြုလုပ်ခြင်းမျိုး ဖြစ်သည်ဟု နိုင်ငံတကာက ဝေဖန်ခဲ့ကြသည်။

    “Holocaust (ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု) ရဲ့ ကြောက်မက်ဖွယ်ရာ သဘာဝကို ပေါ့ပျက်ပျက်ဖြစ်အောင် လုပ်တာမျိုး မဟုတ်ပါဘူး။ လူနေထူထပ်တဲ့နေရာတွေမှာ လေယာဉ်နဲ့ ဓာတုဗုံးချတဲ့ လုပ်ရပ်မျိုးကို ကွဲကွဲပြားပြားဖြစ်သွားအောင် ပြောကြားခဲ့တာပါ။ အပြစ်မဲ့တဲ့သူတွေကိုအပေါ် ဘယ်လို တိုက်ခိုက်မှုမှ လက်ခံနိုင်စရာမဟုတ်သလို၊ ဆင်ခြေပေးလို့လည်း မရပါဘူး” ဟု စပိုက်ဆာက အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    အိမ်ဖြူတော်မှာ ယခုနှစ်အစပိုင်းကလည်း နိုင်ငံတကာ Holocaust အောက်မေ့ဖွယ်နေ့အတွက် ကြေငြာချက် ထုတ်ပြန်ရာတွင် ဂျူးလူမျိုးများကို ရည်ညွှန်းဖော်ပြထားခြင်း မရှိသည့်အတွက် ဝေဖန်ခံခဲ့ရသည်။

    Ref: Aljazeera