News @ M-Media

Blog

  • ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ Punggye-ri နျူကလီးယားစခန်းတွင် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြောက်ကိုရီးယား စောင့်ကြည့်အဖွဲ့ 38 North က ပြောကြားလိုက်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားမှာ ဆာရင်း အဆိပ်ဓာတ်ငွေ့ပါသည့် ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းရှိသည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီးနောက် 38 North က ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၆ ပတ်အတွင်း ဆောင်ရွက်မှုများကို ကြည့်ခြင်းအားဖြင့် စမ်းသပ်မှုအတွက် နောက်ဆုံးပြင်ဆင်မှု ပြုလုပ်နေသည်ကို ညွှန်ပြနေသည်ဟု အဖွဲ့မှ လေ့လာဆန်းစစ်သူ ဂျိုးဆက်ပ် ဘာရ်မူဒက်ဇ်က ဆိုသည်။

    စီးပွားရေးသုံး ဂြိုဟ်တုတစ်ခုမှ ဖမ်းယူရရှိသည့် ဓာတ်ပုံအရ အဆိုပါ နျူကလီးယားစခန်းတွင် ယခင်စမ်းသပ်မှုများ မပြုလုပ်ခင်အရင် အခြေအနေနှင့် တူညီသော ပုံစံမျိုးကို တွေ့ရှိရသည်။

    ဘာရ်မူဒက်ဇ်နှင့် ၎င်းတို့အဖွဲ့မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နောက်ဆုံး နျူစမ်းသပ်မှုကိုလည်း မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။

    မြောက်ကိုရီးယားမှာ Punggye-ri စခန်းတွင် စက်ကိရိယာအသစ်များ ပို့ဆောင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတွင် လှုပ်ရှားမှုများရှိနေခြင်း၊ မြေအောက်ရှိ နျူစမ်းသပ်မည့်နေရာသို့ ရေများဖြည့်သွင်းခြင်းကဲ့သို့ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘရ်မူဒက်ဇ်တို့အဖွဲ့က ဖေဖော်ဝါရီလကတည်းက သတိပေးခဲ့သည်။

    မြောက်ကိုရီးယားမှာ ဧပြီလ ၁၅ ရက်နေ့တွင် တိုင်းပြည်ကိုတည်ထောင်သူ ကင်အီဆွန်၏ ၁၀၅ ကြိမ်မြောက် မွေးနေ့အခမ်းအနားကို ပြုလုပ်ရန်ရှိနေပြီး ထိုနေ့တွင် နျူစမ်းသပ်မှု ပြုလုပ်မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားပြဿနာကို အမေရိကန်တစ်ဦးတည်း တုန့်ပြန်နိုင်သည်ဟု မကြာသေးမီက ပြောကြားထားပြီး ၎င်းတို့၏ တိုက်ရေယာဉ်အုပ်စုကိုလည်း ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပို့ဆောင်ခဲ့သည်။

    Ref: CNN

  • အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၁၃ ၊ ၂၀၁၇

    ၂၀၁၈ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အခြေခံ ပညာအလယ်တန်း၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ပုဂလိကကျောင်း(ပညာရေး သင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတန်းဖြင့်သင်သည့် ကျောင်းအားလုံး) တို့မှ အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    လျှောက်ထားသူသည် အဌမတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် မူရင်းကို တင်ပြရမည်ဖြစ်ပြီး အင်္ဂလိစာ ကောင်းမွန်ပြီး သင်္ချာ နှင့် သိပ္ပံထူးချွန်သူဖြစ်ရမည် ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဧပြီ ၂၆ ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

    ပညာသင်ဆုအတွက် ပဏာမ ရေးဖြေစာမေးပွဲကို(၁၁ . ၅ . ၂၀၁၇) ရက်နေ့တွင်သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် ကျောင်းများတွင် ဖြေဆိုရပါသည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို(၂၆ . ၅ . ၂၀၁၇) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပြီး အောင်မြင်ပါက ရန်ကုန်မြို့တွင်(၂၈. ၅ .၂၀၁၇)( ၃၀ .၅ .၂၀၁၇)ရက်နေ့အတွင်း ပညာသင်ဆု လျှောက်လွှာပုံစံ ဖြည့်စွက်ရပါမည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို၂၀၁၇ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံမှ လာရောက်၍ ရေးဖြေ စာမေးပွဲ ထပ်မံ စစ်ဆေးမည် ဖြစ်ပါသည်။

    အာဆီယံ ပညာသင်ဆု ထပ်မံ ရွေးချယ်ခံရသူများကို၂၀၁၇ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးခြင်းကိုထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်။

    လေးနှစ်ပညာသင်ကြားခွင့်
    —————————–
    စင်ကာပူအစိုးရက ပညာရေးတွင် ထူးချွန်သော မြန်မာကျောင်းသား၊ကျောင်းသူများကို အာဆီယံပညာသင်ဆုပေးအပ်ရန် ကမ်းလှမ်းလာပြီး ရွေးချယ်ခံ ရသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှာ Pre-University  အဆင့်ထိ လေးနှစ် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

    ကိုးကား- စံတော်ချိန်သတင်းစာ၊ Thein Win Oo FB

    အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    Link

  • ၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – ၂၀၀၄ ခုနှစ်က ဗြိတိန်သံအမတ်တစ်ဦးကို ဆူဖီဗိမာန်တစ်ခုတွင် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်သည်ဟု သိရသည်။

    ဆီလ်ဟတ်မြို့တွင်ရှိသည့် ၁၄ ရာစု ဆူဖီဗိမာန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

    တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ မွဖ်သီ အဘ်ဒူလ် ဟန်နန်နှင့် အခြားနှစ်ဦးကို ယမန်နေ့က ကွပ်မျက်ခဲ့ပြီး ၎င်းတို့ကို ၂၀၀၈ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခဲ့သည်။ အဘ်ဒူလ် ဟန်နန်မှာ HuJI အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

    ၎င်းမှာ အာဖဂန်တွင် ဆိုဗီယက်တပ်များကို တိုက်ခိုက်ခဲ့ပြီးနောက် HuJI အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေများကမူ ဟန်နန်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အဆိုပါအဖွဲ့ကို ဦးဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဇနီးသည်ကမူ သူမ၏ခင်ပွန်းမှာ အပြစ်မရှိဟု ဆိုသည်။

    ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ပီရူးသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    Ref: BBC

  • ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ရေး ယူဆီဆက်ဖ် ဆော်သြ

    ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ရေး ယူဆီဆက်ဖ် ဆော်သြ

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    ယူနီဆက်ဖ်၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဂျက်စတင် ဖော်ဆစ်သ်

    – ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ရန်အတွက် ယူနီဆက်ဖ်က တိုက်တွန်းပြောဆိုလိုက်သည်။

    “အရေးအကြီးဆုံးက အဟာရနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးမှု၊ အဟာရ၊ ရေနဲ့ သန့်ရှင်ရေးကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံမှုတို့ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနယ်ပယ်တွေက ကျွန်တော်တို့ အကူအညီ အလိုအပ်ဆုံး နယ်ပယ်တွေ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲကိုလည်း လုပ်ပေးနိုင်မှာပါ” ဟု ယူနီဆက်ဖ်၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဂျက်စတင် ဖော်ဆစ်သ်က ပြောကြားခဲ့သည်။

    ဖော်ဆစ်သ်မှာ ဧပြီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်တွေနှင့် ပေါက်တောမြို့တို့ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများကို တွေ့ဆုံခဲ့သည်။

    “ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်တွေက တော်တော်လေး အခြေခံကျတဲ့ ကိစ္စပါ”

    စခန်းအတွင်းရှိ မိသားစုများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ကလေးများအား စာသင်ကျောင်း၊ ဆေးရုံများနှင့် ဆေးခန်းများသို့ လွှတ်ရန် စိုးရိမ်မှုများရှိနေကြောင်း၊ ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများနှင့် စနစ်တစ်ခုဖြစ်လာရန် ခက်ခဲနေသေးကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ရခိုင်ပြဿနာပြေလည်စေရေးအတွက် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်သည့် အကြံပေးကော်မရှင်က မကြာသေးမီတွင် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပြီး ဖော်ဆစ်သ်က အဆိုပါအကြံပြု ချက်များကို အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    Ref: mmtimes

  • အကျဉ်းသားများ ကွန်ပျူတာဆင်ကာ အစိုးရကွန်ယက်နှင့် ချိတ်ဆက်ထားမှု အမေရိကန် ဖော်ထုတ်

    အကျဉ်းသားများ ကွန်ပျူတာဆင်ကာ အစိုးရကွန်ယက်နှင့် ချိတ်ဆက်ထားမှု အမေရိကန် ဖော်ထုတ်

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က လုံခြုံရေး အလယ်အလတ်အဆင့်ရှိတဲ့ Marion Correctional Institution အကျဉ်းထောင်မှာ အကျဉ်းသားတွေဟာ ကွန်ပျူနှစ်လုံးကို ဆင်ထားပြီး အစိုးရရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ရေးဦးစီးဌာန ကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်ဆိုတာကို ရဲတပ်ဖွဲ့က
    ရှာဖွေ ရှိခဲ့ပါတယ်။

    မျက်နှာကျက်ပေါ်မှာ ၀ှက်ထားတဲ့ ဒီကွန်ပျူတာတွေကို ၂၀၁၅ ခုနှစ်မှာ တွေ့ရှိခဲ့ပြီးနောက် အိုဟိုင်းယိုးပြည်နယ်ရဲ့ စစ်ဆေးရေးမှူးချုပ်ကိုယ်တိုင် စုံစမ်းခဲ့တာပါ။

    အဲဒီကွန်ပျူတာထဲမှာ အခြား အကျဉ်းသားနာမည်တွေနဲ့ အကြွေးဝယ်ကဒ်သုံးတဲ့ ဆော့ဖ်ဝဲတွေ၊ အပြာဇာတ်လမ်း၊ အခွန်ပြဿနာတွေကို သုတေသနပြုတာ၊ အိမ်တွင်း မူးယစ်ဆေးလုပ်နည်းတွေ၊ စာနဲ့ အပြန်အလှန် ဆက်သွယ်ထားတာတွေကို တွေ့ရှိခဲ့ပါတယ်။

    နောက်ပြီး အကျဉ်းသားတွေဟာ အကျဉ်းထောင်ရဲ့ အခြားနေရာတွေကို သွားရောက်ဖို့အတွက် ဖြတ်သန်းခွင့်တွေကိုလည်း ဒီကွန်ပျူတာကို အသုံးပြုပြီး ရယူခဲ့ကြပါတယ်။

    ကွန်ပျူတာကွန်ယက်အတွင်းမှာ နေ့စဉ်အသုံးပြုတဲ့ အင်တာနက်ဒေတာပမာဏ အလွန်များပြားနေတာကို အိုင်တီဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီးတဲ့နောက် ဒါကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

    ဟောင်းနွမ်းနေတဲ့ ပစ္စည်းတွေကို ပြန်လည်ပြုပြင် အသုံးပြုရေး အစီအစဉ်အတွက် အကျဉ်းသားတွေကို ကွန်ပျူတာပစ္စည်းအဟောင်း ဖြုတ်ခိုင်းရာကနေတစ်ဆင့် အဲဒီအစိတ်အပိုင်းတွေနဲ့ အကျဉ်းသားတွေက ကွန်ပျူတာကို တည်ဆောက်နိုင်ခဲ့တာပါ။

    စုံစမ်းစစ်ဆေးမှုအတွင်းမှာ အကျဉ်းသားနှစ်ဦးက ကွန်ပျူတာဆင်ထားပြီး ခေါင်မိုးမှာ ဖွက်ထားတာကို ၀န်ခံခဲ့ပြီး ၀န်ထမ်းအချို့ရဲ့ လုံခြုံရေးပေါ့ဆမှုကြောင့် ကွန်ပျူတာပစ္စည်းတွေကို သွင်းနိုင်တာဖြစ်တယ်လို့ ဖွင်ဟခဲ့ပါတယ်။

    အိုဟိုင်းယိုး ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ရေး ဦးစီးဌာနကတော့ ဒီကိစ္စကို သေသေချာချာ ဆန်းစစ်နေပြီး နောက်ထပ်မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNN