News @ M-Media
Blog
  • နိုဘယ်ဆုရှင် မာလာလာ ကနေဒါသို့သွားရောက်ကာ လွှတ်တော်၌ မိန့်ခွန်းပြောမည်
    နိုဘယ်ဆုရှင် မာလာလာ ကနေဒါသို့သွားရောက်ကာ လွှတ်တော်၌ မိန့်ခွန်းပြောမည်
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူစွဖ်ဇိုင်မှာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကနေဒါနိုင်ငံသို့ လာရောက်ကာ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို လက်ခံရယူမည်ဖြစ်ပြီး လွှတ်တော်တွင်လည်း မိန့်ခွန်းပြောမည်ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက ယမန်နေ့တွင် ကြေငြာခဲ့သည်။
    ကနေဒါမှာ မာလာလာအား ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ၂၀၁၄ ခုနှစ်က ပေးအပ်ခဲ့ခြင်းဖြစ်သည်။
    “သူမရဲ့အသက်ကို ခြိမ်းခြောက်သူတွေအပေါ် ယူစွဖ်ဇိုင်ရဲ့ သတ္တိရှိရှိ တုန့်ပြန်မှု၊ အမျိုးသမီးတွေရဲ့ ပညာရေးအတွက် သူမရဲ့ အသိပညာပေးမှုတွေကို ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာ လေးစားအားကျကြပါတယ်။ သူမရဲ့ ဇာတ်လမ်းက ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပြီး
    ဒီလိုကြီးကျယ်တဲ့ နိုင်ငံတစ်ခုရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ချီးမြှင့်ရတဲ့အတွက် ကနေဒါနိုင်ငံက ဂုဏ်ယူပါတယ်။ အဲဒီအခမ်းအနားကို တက်ဖို့၊ ကနေဒါလွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ အသက်အငယ်ဆုံးသူဖြစ်လာမယ့် သမိုင်းဝင်အချိန်လေးကို တွေ့မြင်ရဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ” ဟု ၀န်ကြီးချုပ် ထရူဒူက ပြောကြားခဲ့သည်။
    အာဖဂန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်မရမှုအတွက် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည့် မာလာလာကို တာလီဘန်အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း မာလာလာမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
    ထို့နောက်ပိုင်းတွင် ၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေးနိုင်ဘယ်ဆုအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ ဂုဏ်ပြုဆုတံဆိပ်များစွာ ရရှိခဲ့သည်။ လက်ရှိတွင် မာလာလာမှာ အမျိုးသမီးငယ်များ ပညာသင်ကြားခွင့် ရရှိရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသည်။
    Ref: Website of Canada Prime Minister
  • လူငယ်များ Facebook စွဲမှုပြဿနာကိုဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် ကြိုးပမ်းနေ
    လူငယ်များ Facebook စွဲမှုပြဿနာကိုဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် ကြိုးပမ်းနေ
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ ကျောင်းသားများနှင့် လူငယ်များ Facebook အလွန်အကျွံသုံးစွဲမှုကို လျှော့ချရန်အတွက် ည ၁၂ နာရီမှ မနက် ၆ နာရီအထိ Facebook ကို ပိတ်ပင်ထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေသည်ဟု သိရသည်။
    ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းမှု ကော်မရှင် (BTRC) တို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး BTRC က ဆိုရှယ်မီဒီယာတွင် သုံးစွဲသူများ၏ အသက်ကို ဖော်ထုတ်ရန် ထိရောက်သည့်နည်းလမ်း မရှိသောကြောင့် နည်း
    ပညာအရ ထိုကဲ့သို့ ပိတ်ပင်ရန် မဖြစ်နိုင်ဟု တင်ပြခဲ့သည်။
    ထို့ပြင် လူငယ်များက Facebook ကို မှန်ကန်သည့် ပုံစံမျိုးဖြစ် အသုံးပြုရန်အတွက် မိဘများက ထိန်းချုပ်သည့် နည်းလမ်းများ၊ privacy နှင့် security ဆောင်ရွက်ချက်များကို အသုံးပြုရန် တိုက်တွန်းခဲ့သည်။
    “အစိုးရဆီကစာကို ရရှိခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို ပေးပို့ခဲ့ပြီး၊ အဲဒီအထဲမှာ Facebook ကို ပိတ်ပင်ဖို့ အားပေးတာမျိုး မပါပါဘူး” ဟု BTRC ၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဆာရ်ဝါရ် အလမ်က ပြောကြားခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုရှယ်မီဒီယာမှာ ကျောင်းသားများအပေါ် ထိခိုက်မှုရှိနေပြီး လူငယ်များ၏ အလုပ်အကိုင် စွမ်းရည်များကိုလည်း လျော့ကျစေသည်ဟု မှတ်ယူထားပြီး ည ၁၂ နာရီမှ မနက် ၆ နာရီအထိ ပိတ်ပင်ရန် စဉ်းစားနေကာ ၎င်းတို့၏ အစီအစဉ်ကို ကက်ဘိနတ်က ဆက်သွယ်ရေးဝန်ကြီးဌာနသို့ စာဖြင့်
    အကြောင်းကြားခဲ့သည်။
    “ဒီလို ဆောင်ရွက်တာက စီးပွားရေးအရ ဆက်သွယ်မှုတွေကို ထိခိုက်မလားဆိုတာကို ကျွန်တော်တို့ သုံးသပ်ရပါမယ်။ ပြီးခဲ့တဲ့နှစ် လက်ထောက် ကော်မရှင်နာမင်းကြီးတွေ့ရဲ့ အစည်းဝေးက ဆုံးဖြတ်ချက်နဲ့အတူ မတ်လ ၂၇ ရက်နေ့မှာ ကတ်ဘိနတ်ကစာကို ကျွန်တော်တို့ ရတယ်။ ချက်ခြင်းပဲ စည်းကမ်းထိန်းသိမ်းရေး
    ကော်မရှင်ကနေ အကြံဉာဏ်တောင်းခဲ့ပါတယ်” ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ရှေအမ် ဆန်ဒါ ဆစ်ဒါရ်က ပြောကြားခဲ့သည်။
    Ref : The Daily Star
  • စစ်တပ်အကြီးအကဲ နှောက်ယှက်ခံရသည့်အတွက် ဆော်ဒီကို ဗြိတိန် တောင်းပန်
    စစ်တပ်အကြီးအကဲ နှောက်ယှက်ခံရသည့်အတွက် ဆော်ဒီကို ဗြိတိန် တောင်းပန်
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    ဗိုလ်ချုပ် အဟ်မဒ် အက်ဆီရီ
    – ဆော်ဒီစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အဟ်မဒ် အက်ဆီရီ လန်ဒန်မြို့တွင် နှောက်ယှက်ခံရသည့်အတွက် ဗြိတိန်က ဆော်ဒီအစိုးရအား တရားဝင်တောင်းပန်ခဲ့သည်ဟု သိရသည်။
    အက်ဆီရီမှာ ယီမင်တွင် တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး သောကြာနေ့က လန်ဒန်၌ အစည်းဝေးတစ်ခုအတွက် လာရောက်စဉ် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဆမ် ဝေါလ်တန်က အက်ဆီရီအား ဖမ်းဆီးရန် ကြိုးစားခဲ့ကာ လုံခြုံရေးများက တားဆီးခဲ့ရသည်။
    အခြားတစ်ဦးကလည်း ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ပြီး အက်ဆီရီ၏ ကျောကုန်းကို ထိမှန်ခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ဆော်ဒီ ကာကွယ်ရေးဝန်ကြီး ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို တနင်္ဂနွေနေ့ ဖုန်းခေါ်ဆိုခဲ့ပြီး ထိုအဖြစ်အပျက်အတွက် တောင်းပန်ခဲ့သည်ဟု ဆော်ဒီ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။
    Ref : Alarabiya
  • ဦးကိုနီ၏ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့မှုအတွက် ဥရောပသမဂ္ဂက Schuman Award ဆုဖြင့် ဂုဏ်ပြု
    ဦးကိုနီ၏ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့မှုအတွက် ဥရောပသမဂ္ဂက Schuman Award ဆုဖြင့် ဂုဏ်ပြု
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအတွက် ဥရောပသမဂ္ဂက Schuman Award ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု သိရသည်။
    အဆိုပါဆုမှာ ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့အတွက် ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့သည့် ကမ္ဘာတစ်ဝှမ်းမှ ပုဂ္ဂိုလ်များအား ဂုဏ်ပြုပေးအပ်သည့် ဆုဖြစ်သည်။
    ဥရောသမဂ္ဂတည်ထောင်သည့် နှစ် ၆၀ ပြည့် အထမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဥရောပသမဂ္ဂအိမ်တော်၌ ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် အဆိုပါဆုကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုနီ၏ ကျန်ရစ်သူ မိသားစုက လက်ခံရယူခဲ့သည်။
    (Ref : Facebook of U Ko Ni )
  • ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု
    ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု
    ဧပြီ ၃၊ ၂၀၁၇
    M-Media
    – အင်ဂျင်နီယာပညာရပ်ရဲ့ လက်ခွဲဘာသာရပ်တစ်ခုဖြစ်တဲ့ Structural Engineering မှာ တစ်ဖက်ကမ်း ခပ်ကျွမ်းကျင်ပြီး အမေရိကန်က မိုးမျှော်အဆောက်အဦးတွေရဲ့ ရှေ့ဆောင်လမ်းပြဖခင်ကြီး ဖာဇွလ် ရဟ်မန်းခန်းကို Google က ဒီနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။
    အမေရိကန်နိုင်ငံသားတစ်ဦဖြစ်တဲ့ ရဟ်မန်းခန်းရဲ့ ၈၈ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Google က သူ့ရဲ့ Home page မှာ ရဟ်မန်းခန်းရဲ့ ပုံကို ထည့်သွင်းခဲ့တာပါ။
    “Structural Engineering နယ်ပယ်ရဲ့ အိုင်းစတိုင်း” လို့ တင်စားခြင်းခံရတဲ့ ခန်းကို ၁၉၂၉ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အခု ဘင်္ဂလားဒေ့ရှ်လို့ခေါ်တဲ့ ဘန်ဂေါလ်ပြည်နယ် ဒါလာမြို့မှာ မွေးဖွားတာဖြစ်ပြီး၊ ၁၉၅၀ ပြည့်နှစ်မှာတော့ ဒါကာတက္ကသိုလ်မှာ ထိပ်ဆုံးအဆင့်နဲ့ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။
    နောက်ပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပြီး မဟာဘွဲ့နှစ်ခုနဲ့ ဒေါက်တာဘွဲ့တစ်ခုကို ရယူခဲ့ပါတယ်။
    ၁၉၆၀ မှာ ချီကာဂိုမှာ ဗိသုကာနဲ့ အင်ဂျင်နီယာလုပ်ငန်း Skidmore, Owings & Merrill (SOM) ကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။
    ခန်းဟာ ပြွန်ပုံစံကို အခြေပြုတဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာကို စတင် ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတီထွင်ခဲ့တဲ့ ဒီဇိုင်းဟာ မိုးမျှော်အဆောက်အဦးတွေကို လေဒဏ်နဲ့ ငလျင်ဒဏ်တွေကနေ ပိုမိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။
    အမေရိကန်က မိုးမျှော်အဆောက်အဦး တော်တော်များများဟာ ခန်းရဲ့လက်ရာတွေဖြစ်ပြီး အကျော်ကြားဆုံးကတော့ John Hancock Centre အဆောက်အဦးဖြစ်ပါတယ်။
    ၁၉၆၈ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ၃၄၃ မီတာမြင့်တဲ့ ဒီအဆောက်အဦးဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့ ဒုတိယအမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ ခန်းရဲ့ နောက်ထပ် ဂန္တ၀င်မြောက်လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Sears တာဝါက ဒီနေရာကို ရယူနိုင်ခဲ့ပါတယ်။
    ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါက Hajj Terminal လို အဆောက်အဦးကလည်း ခန်းရဲ့ နာမည်ကြီး လက်ရာတွေထဲမှာ ပါဝင်ပါတယ်။
    ချီကာဂိုရှိ ခန်း၏ နာမည်ကျော်လက်ရာ Sears Tower (ယခု Wills Tower) ဟု ခေါ်ဆိုသည်)
    ကမ္ဘာ့ ဗိသုကာလောကမှာ မှတ်တိုင်သစ်တွေ တစ်ခုပြီးတစ်ခု စိုက်ထူခဲ့တဲ့ ခန်းဟာ ၁၉၇၁ ခုနှစ်မှာ American Concrete Institute အသင်းကပေးတဲ့ Wason Medal ဆု၊ ၁၉၇၃ ခုနှစ်မှာ လန်ဒန် Institution of Structural Engineers အသင်းကပေးတဲ့ Oscar Faber ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
    ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျကို သွားတဲ့ခရီစဉ်မှာ ခန်းဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ခန်းရဲ့သမီးဖြစ်သူ ယာစမင်း ဆဘီနာ ခန်းကလည်း အဖေလိုပဲ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။
    ခန်းရဲ့ ဗီသုကာလက်ရာတွေထဲက အထင်အရှားဆုံး အဆောက်အဦးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    – Sears tower, Chicago, America.
    – John Hancock Center, Chicago, America.
    – Hajj Terminal, King Abdulaziz International Airport, Jeddah, Saudi Arabia.
    – United States Air Force Academy, Colorado Springs, America.
    – One Shell Square, New Orleans, Louisiana, America.
    – DeWitt-Chestnut Apartments, Chicago, America.
    – McMath–Pierce solar telescope, Arizona, America.
    Ref: Express