News @ M-Media

Blog

  • နိုင်ငံခြားအိမ်အကူကို ကူညီကယ်တင်ရန် ပျက်ကွက်သည့် အိမ်ရှင်အား ကူဝိတ် ဖမ်းဆီးတရားစွဲ

    နိုင်ငံခြားအိမ်အကူကို ကူညီကယ်တင်ရန် ပျက်ကွက်သည့် အိမ်ရှင်အား ကူဝိတ် ဖမ်းဆီးတရားစွဲ

    ဧပြီ ၂၊ ၂၀၁၇
    M-Media

    – အီသီယိုးပီးယား အိမ်အကူအမျိုးသမီးတစ်ဦး နေအိမ် ၇ လွှာမှ ပြုတ်ကျသည့်အချိန်တွင် ကူညီကယ်တင်ခြင်းမရှိဘဲ ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခဲ့သည့် အိမ်ရှင်အမျိုးသမီးကို ကူဝိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    မိမိကိုယ်ကို သေကြောင်းကြံသည်ဟု ယူဆရသည့် ထိုအဖြစ်အပျက်တွင် အိမ်အကူမှာ နေကာအမိုးပေါ်သို့ ပြုတ်ကျသောကြောင့် အသက်မသေခဲ့ပေ။

    အိမ်ရှင်အမျိုးသမီးမှာ ၎င်းရိုက်ကူးထားပြီး ၁၂ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ပြီး ထို ဗီဒီယိုထဲတွင် အိမ်အကူက ပြတင်းပေါက်ဘောင်ကို ကိုင်ကာ အကူအညီတောင်းနေသည်ကို တွေ့ရှိရသည်။

    ဖုန်းဖြင့် ဗီဒီယိုရိုက်နေသည့် အမျိုးသမီးက ‘အို ရူးနေလား၊ ပြန်တက်လာခဲ့’ ဟု ပြောဆိုသောအသံ၊ အိမ်အကူအမျိုးသမီးက ကြောက်ရွံ့စွာဖြင့် ‘ကျွန်မကို ကိုင်ထားပါ’ ဟု ပြောသည့်အသံများကိုလည်း ဗီဒီယိုတွင် ကြားရသည်။

    နောက်ဆုံးတွင် အိမ်အကူအမျိုးသမီးမှာ လက်ချော်၍ အောက်ကျသွားခဲ့ပြီး နေကာ အမိုးပေါ်မှတစ်ဆင့် အရှိန်လျော့နည်း၍ အောက်သို့ကျသွားပြီး နှာခေါင်းနှင့် နားတို့မှ သွေးထွက်ဒဏ်ရာ၊ လက်ကျိုးဒဏ်ရာများကို ရရှိခဲ့သည်။

    အိမ်ရှင်အမျိုးသမီးကမူ အောက်သို့ ကျသွားသည်အထိ ဆက်လက်ရိုက်ကူးခဲ့သည်။

    ကူဝိတ်ရဲတပ်ဖွဲ့၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က ကူညီကယ်တင်ရန် ပျက်ကွက်မှုဖြင့် အိမ်ရှင်အမျိုးသမီးအား ဖမ်းဆီးကာ အိမ်အကူကိုယ်စား တရားစွဲဆိုထားသည်။

    အီသီယိုးပီးယားအိမ်အကူ သေကြောင်းကြံစည်သည့် အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

    ကူဝိတ်လူ့အခွင့်အရေးအဖွဲ့က အာဏာပိုင်များအနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးရန်နှင့် တရားရုံးသို့ လွှဲအပ်ပေးသွားရန် တိုက်တွန်းခဲ့သည်။

    Ref: Alarabiya

  • Iron Man ၀တ်စုံကို ပြင်ပကမ္ဘာတွင် အသုံးပြုနိုင်တော့မည်

    Iron Man ၀တ်စုံကို ပြင်ပကမ္ဘာတွင် အသုံးပြုနိုင်တော့မည်

    ဧပြီ ၁၊ ၂၀၁၇
    M-Media

    – နာမည်ကျော် Iron Man ဇာတ်ကားထဲက ၀တ်စုံလို တစ်ကိုယ်တော် ပျံသန်းနိုင်မယ့် ၀တ်စုံတစ်ခုကို ဗြိတိန်ပညာရှင် ရစ်ချက် ဘရောင်းနင်းဆိုသူက တီထွင်ထုတ်လုပ်လိုက်ပါတယ်။

    အမြင့်ပေ ထောင်ချီ တက်လို့ရပြီး တစ်နာရီကို မိုင်ရာနဲ့ချီ သွားနိုင်တဲ့ ဒီကိရိယာဟာ လူသားကို ဒေါင်လိုက်အနေအထားတိုင်း ပျံသန်းစေနိုင်မှာဖြစ်ပြီး ဟန်ချက်ထိန်းဖို့ကတော့ လူသား ခန္ဓာကိုယ်ကို အသုံးပြုရမှာ ဖြစ်တယ်လို့ ဘရောင်းနင်းက ဆိုပါတယ်။

    လက်ရှိမှာ ဘရောင်းနင်းဟာ Gravity လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီး တစ်ကိုယ်ရည် ပျံသန်းနိုင်မယ့် ‘ပျံသန်းလူသားနည်းပညာ’ အတွက်လည်း မှတ်ပုံတင်ထားပြီးပါပြီ။

    ဒီနည်းပညာဟာ ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်မယ့် ဂျက်အင်ဂျင်နဲ့ အထူးပြုလုပ်ထားတဲ့ ၀တ်စုံကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံမှာ ဂျက်အင်ဂျင်ငယ် ၆ လုံး ပါဝင်မှာဖြစ်ပြီး လက်နဲ့ ကျောကုန်းတို့မှာ တပ်ဆင်ထားမှာပါ။

    ဗြိတိန် တော်ဝင်မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဘရောင်းနင်းဟာ လက်ရှိဝတ်စုံကို ၁၀ လကြာ ဖန်တီးခဲ့ရပြီး ဂရိဒဏ္ဍာရီသူရဲကောင်းတစ်ဦးဖြစ်တဲ့ Daedalus ရဲ့ အမည် မှည့်ခေါ်ထားပါတယ်။

    “ဒီဝတ်စုံဟာ လေကြောင်းသမိုင်းမှာ အရေးကြီးတဲ့ အမှတ်အသားတစ်ခု ဖြစ်လာမှာပါ။ Daedalus ဟာ လေကြောင်းကဏ္ဍ၊ စီးပွားရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ အဆုံးမရှိတဲ့ အဓိကနည်းပညာတစ်ခုရဲ့ အစလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာကို ပြောင်းလဲသွားစေမယ့် နည်းပညာစီးပွားရေးတစ်ခု ဖန်တီးဖို့
    တော်တော်လေး စိတ်အားထက်သန်နေပါတယ်။ လူသားပျံသန်းတဲ့စနစ်က ဖြစ်လာမယ့် အရာတွေရဲ့ အစမှာ ကျွန်တော်တို့ ရောက်ရှိနေတာပါ” လို့ ဘရောင်းနင်းက Daily Mail သတင်းစာကို ပြောကြားခဲ့ပါတယ်။

    Ref: RT

  • မြန်မာပြည်မှ ရာသက်ပန် ‘သူစိမ်းတရံများ’

    မြန်မာပြည်မှ ရာသက်ပန် ‘သူစိမ်းတရံများ’

    ဘာသာပြန်သူ – ရဲမင်းဒင်

    မြန်မာပြည်မှ အာဏာပိုင်ပုဂ္ဂိုလ်များသည် လူနည်းစုရိုဟင်ဂျာမွတ်စလင်များအား အမှန်တကယ်ရှိနေသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်အန္တရာယ်ပြုနေကြသူများအဖြစ် ပုံဖေါ်သတ်မှတ်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဤသို့ ရိုဟင်ဂျာမျိုးနွယ်စုဝင်များအား နိုင်ငံခြားသားများ သို့မဟုတ် သူစိမ်းတရံများအဖြစ်ဆက်ဆံကာ ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် မူဝါဒများကြောင့် ရိုဟင်ဂျာများသည် ‘ပြင်ပရန်သူများ’ ဖြစ်သည်ဟူသည့် အမြင်များ ဖြစ်လာစေခဲ့သည်။ ယင်းအချက်ကြောင့်ပင် မြန်မာပြည်၌ မည်သို့ပင် ခေါင်းဆောင် သို့မဟုတ် အစိုးရအပြောင်းအလဲများ ဖြစ်လာစေကာမူ ပဋိပက္ခများ အဆုံးမသတ်နိုင်သေးဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။

    မြန်မာပြည်တွင် ရိုဟင်ဂျာများကို သူစိမ်းတရံများအဖြစ်သတ်မှတ်ကာ နှစ်ရှည်လများဖယ်ထုတ်ထားခဲ့ပြီး၊ ၎င်းတို့၏ လူမှုဘ၀လွတ်လပ်ခွင့်များအပါအ၀င် အဘက်ဘက်မှ ပိတ်လှောင်ထားရန် ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒအမျိုးမျိုးကြားတွင် ရှင်သန်နေခဲ့ရသည်။ ဥပမာတစ်ခုဆိုရလျှင် ၁၉၈၂ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင်ဟောင်း ဦးနေ၀င်းက မြန်မာ နိုင်ငံသားဥပဒေသစ်ရေးဆွဲခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “ကုလားနှင့် တရုတ်လူမျိုးများသည် ယုံကြည်လို့ မရသည့်အတွက် အပြည့်အ၀နိုင်ငံသားအဖြစ်သတ်မှတ်ကာ နိုင်ငံသားအခွင့်အရေးများပေးရန် မပေးသင့်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။ အကြောင်းရင်းမှာ နိုင်ငံတော်လုံခြုံရေးနှင့်ဆိုင်သည့်အတွက်ဟု ဆိုပါသည်။ ယင်းသို့ပင် ရိုဟင်ဂျာများသည် အခြေခံအခွင့်အရေးများ ငြင်းပယ်ခံခဲ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

    စစ်အာဏာရှင်ခေတ် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာများအပေါ် သီးသန့်မူဝါဒများချမှတ်ကျင့်သုံးမှုမှာ ပိုမို၍ စနစ်တကျဖြစ်လာခဲ့သည်။ မြန်မာပြည်၏ ထိပ်တန်းအာဏာပိုင်များနှင့် နိုင်ငံရေးသမားများက ရိုဟင်ဂျာများသည် နိုင်ငံ့အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေး၊ လူမှုဘ၀လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်အန္တရာယ်ပြုနေသူများအဖြစ် ပုံဖေါ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာအရေးသည် သာမန်နိုင်ငံရေး အ၀န်းအ၀ိုင်းတွင် ဆွေးနွေးရမည့် ကိစ္စမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အထူးခေါင်းစဉ်အောက် ရောက်သွားခဲ့သည်။ ထိုမှတဆင့် အစိုးရက ရိုဟင်ဂျာတို့အား ခလေးမီးဖွားခြင်းကို ကန့်သတ်ထိန်းချုပ်သည့် အမိန့်၊ ခရီးသွားလာခွင့်ကို ကန့်သတ်ချုပ်ခြယ်မှုများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့် အပါအ၀င် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားခွင့်ကို ငြင်းပယ်ခြင်းများအထိ အလွန်ဆိုးဝါးပြင်းထန်သောမူဝါဒများ ချမှတ်ကာ ကျင့်သုံး အကောင် အထည်ဖေါ်ခဲ့သည်။ ဤသို့ မူဝါဒများချမှတ်ကျင့်သုံးရခြင်းမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်အတွက် လုပ်သင့် လုပ်ထိုက်ကြောင်း တရားဘောင်ထူကြပြီး၊ ယင်းကပင် မြန်မာလူထုအတွင်း ရိုဟင်ဂျာလူမျိုးများအား “ပြင်ပရန်သူများ” ဖြစ်သည်ဟူသည့် အမြင်ကို ပိုမိုအားကောင်းလာစေသည်။

    ၂၀၁၂ ခုနှစ် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဤလုပ်ဆောင်ချက်များမှာ ပိုမိုပြင်းထန် လာခဲ့သည်။ အာဏာပိုင်များက သာမာန်လူထုအကြားတွင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား အန္တရာယ်ပေးမည့်ခြိမ်းခြောက်မှု အဖြစ် မကြာခဏပုံဖေါ်ဖန်တီးခဲ့သော်လည်း ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ ယခုအခါ ဤသဘောထားအမြင်များမှာ ပြည်သူလူထုအတွင်း ဆွေးနွေးပြောဆိုမှုများနှင့် စဉ်းစားတွေးခေါ်မှုများအပြင်၊ ပညာရေးကဏ္ဍ၊ အစိုးရသတင်းစာများနှင့် လူမှုကွန်ယက်မီဒီယာများပေါ်တွင်ပါ နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်သည်။ ထို့ပြင် လူဖတ်များသည့် သတင်းစာများမှ သတင်းသမားများ၊ ပညာရှင်များ၊ လူမှုအသိုင်းအ၀ိုင်းများ၏ ခေါင်းဆောင်များအပြင် သာမာန်ပြည်သူများကပါ ထိုကဲ့သို့ “လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအန္တရာယ်”ဟူသည့် ၀ါဒဖြန့်မှုများအတွင်း ကိုယ်တိုင်ပါဝင်စီးမျောရင်း ရိုဟင်ဂျာများကို လူသားမျိုးနွယ်တစ်ခုအဖြစ်ပင် မမြင်နိုင်တော့သည့် ပြောဆိုရေးသားမှုများ ရှိလာသည်။

    ရိုဟင်ဂျာပြဿနာအား လုံခြုံရေးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပုံဖေါ်ဖန်တီးမှုက အခိုင်အမာဖြစ်တည်လာသည့်အတွက် အာဏာပိုင်များနှင့် လူထုအကြား အဆိုပါ ရိုဟင်ဂျာခြိမ်းခြောက်မှုဆိုသည့်အယူအဆကို ဖယ်ရှားရန် စိတ်မ၀င်စားတော့ပေ။

    ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်မှ ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်သို့ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်လာသော်လည်း ရိုဟင်ဂျာအရေးအပေါ် သိသာသည့်အပြောင်းအလဲ ရှိမလာခဲ့ပေ။ ရိုဟင်ဂျာပြဿနာ ကို ပြန်လည်ပုံဖေါ်ရန် ကြိုးပမ်းလုပ်ဆောင်မှုများလည်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရပါတီဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း နောင်တော်အစိုးရအဆက်ဆက် ကိုင်ဆွဲခဲ့သည့်လမ်းစဉ်ကိုသာ သွေဖီခြင်းမရှိ ဆက်လက်လျောက်လှမ်းနေသည်။ ဤသည်ပင် ရိုဟင်ဂျာပြဿနာ၏ လုံခြုံရေးအယူကဲသည့် သဘောထားမှာ ၎င်းတို့ တတွတ်တွတ်ရွတ်ဆိုခဲ့သည့် လူ့အခွင့်အရေးနှင့် ပြန်လည်သင့်မြတ်ရေးဂါထာမန္တာန်တို့ထက်ပင် ပိုမိုအလေးအနက်ထား ကာ အထိအခိုက်မခံနိုင်ကြောင်း သိသာစေပါသည်။

    ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် လုံခြုံရေးအမြင်ကဲသည့် သဘောထားကို ပြန်လည်တည့်ပုံဖေါ်ရန် သိသိသာသာခက်ခဲ သွားစေသည့် အဓိကအကြောင်းရင်း သုံးရပ်ရှိပါသည်။

    ပထမအချက်မှာ – “ပြင်ပအန္တရာယ်”ဟူသည့် အယူအဆသည် မိမိကိုယ်တိုင်ပုံဖေါ်ဖန်တီးထားသည့် ခြိမ်းခြောက်မှု အန္တရာယ် (သို့မဟုတ်) အမှန်တကယ်ရှိမနေသည့် စိုးရိမ်ကြောင့်ကြမှုကို ဆက်လက်တည်မြဲနေစေရန် မရှိမဖြစ်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာလူမျိုးများကို လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားမှုမှာ မြန်မာ့နိုင်ငံရေးတွင် ကြားနေကျဖြစ်သည့် အဟောအပြောများအတွင်း စိမ့်ဝင်နေပါသည်။ ၎င်းမှာ ဗုဒ္ဓဘာသာဝင်လူအများစု၏ ရိုဟင်ဂျာများ အပေါ် ‘သူစိမ်း’များအဖြစ် သဘောထားသည့် ဆန့်ကျင်ဘက်အမြင်များ မပြောင်းလဲသမျှကာလပတ်လုံး၊ ၎င်းတို့အပေါ် ထားရှိသည့် သဘောထားအမြင်များ ပြောင်းလဲလာရန်မှာ ဖြစ်နိုင်ချေမရှိချေ။

    ဒုတိယအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းနှင့်ပက်သက်သည့် သဘောထားအမြင်များမှာ အခိုင်အမာပီပီပြင်ပြင် ဖြစ်တည်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုမှာ ကဏ္ဍပေါင်းများစွာသို့ ကူးစက်ပျံ့နှံ့သွားသည်။ ရိုဟင်ဂျာဟူသည့် ခြိမ်းခြောက်မှု၏ရင်းမြစ်ကို ဘာသာရေး၊ လူမျိုးရေး အမှတ်လက္ခဏာများ၊ နိုင်ငံတော်နယ်နိမိတ်၊ လူ့အသိုင်းအ၀ိုင်းနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများနှင့် ဆက်စပ်နေမှုအား ဖြတ်ပစ်ရန်မလွယ်ကူပေ။ ယင်းပြဿနာက အလုံးစုံ သို့မဟုတ် နတ္ထိ ဟူသည့် အခြေအနေတစ်ရပ်ကို ဖြစ်လာစေသည်။ ထိုအခြေအနေမျိုးတွင် ခြိမ်းခြောက်မှုရင်းမြစ်ကို ကဏ္ဍတိုင်းမှ အလုံးစုံ ဖယ်ထုတ်ခြင်းမပြုနိုင်ပါက လူမှုရေးဆိုင်ရာဖိအားများကို ခါးစည်းခံနိုင်ရန်မှာ ပေးဆပ်ရမည့်တန်ဖိုး ကြီးမားလွန်းမည် သို့မဟုတ် အန္တရာယ်များလွန်းမည်ဖြစ်သည်။

    နောက်ဆုံးအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေသည့် သဘောထားသည် ၎င်းကိုယ်နှိုက်က သက်ဆိုးရှည်စေသည့် သဘောသဘာဝရှိသည်။ ဆိုခဲ့ပါသဘောထားအယူအဆကို လှိုက်စားမည့် စိန်ခေါ်မှုများ မရှိသမျှကာလပတ်လုံး သို့တည်းမဟုတ် လူအဖွဲ့အစည်းအတွင်းရှိ အလွှာအသီးသီးမှ ထောက်ခံမှုများ ရရှိနေသမျှကာလပတ်လုံး ယင်းအယူအဆကို ခုခံရန် သို့မဟုတ် အဆုံးစွန်ထိ ဖယ်ရှားပစ်ရန်မှာ အလွန် ခက်ခဲဦးမည်ဖြစ်သည်။

    ထို့ကြောင့်ပင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပစ်မှတ်ထားကာ ဆက်ဆံခြင်း ကသာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများစုနှင့် သာမာန်လူထုအတွက် သင့်တော်သော သို့မဟုတ် ဆင်ခြင်တုံတရား ရှိသော ရွေးချယ်မှုတစ်ခုဖြစ်နေသေးရာ အပြောင်းအလဲကိုသွားရာလမ်းမှာ ဝေးလွန်းနေသေးသည်ဟု ဆိုရမည်ဖြစ်ပါသည်။

     စာရေးသူ ကျော်ဇေယျာဝင်းသည် သုတေသီတစ်ဦးဖြစ်ပြီး၊ လူနည်းစုရေးရာကိစ္စရပ်များကို အဓိကထား၍ သုတေသန ပြုလုပ်နေပါသည်။

    ဤ ဆောင်းပါးမှာ Australian National University’s Myanmar Update 2017  တွင် ၎င်းတင်သွင်းခဲ့သည့် စာတမ်းအား အနှစ်ချုပ်ဖေါ်ပြထားခြင်း ဖြစ်သည်။

    မူရင်းဆောင်းပါးကို http://www.eastasiaforum.org/2017/03/25/myanmars-perpetual-other/  တွင် ဖတ်ရှုနိုင်ပါသည်။

     

  • အစွန်းရောက်များ၏ ဓမ္မသတ်များမှာ အစ္စလာမ်နှင့် ဆန့်ကျင်သည်ဟု အီဂျစ် အစ္စလာမ့်ဓမ္မသတ်မှူးချုပ်ပြော

    အစွန်းရောက်များ၏ ဓမ္မသတ်များမှာ အစ္စလာမ်နှင့် ဆန့်ကျင်သည်ဟု အီဂျစ် အစ္စလာမ့်ဓမ္မသတ်မှူးချုပ်ပြော

    ဧပြီ ၁၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများကို ဖျက်ဆီးရန် ဘာသာရေးအစွန်းရောက်များက ဖသ်ဝါဓမ္မသတ်ထုတ်ပြန်မှု ၃၀၀၀ ကို မိမိတို့က စီစစ်တွေ့ရှိခဲ့ပြီး အစ္စလာမ့်သွန်သင်ချက်နှင့် ဆန့်ကျင်သည့် ထို ဓမ္မသတ်များကို လက်မခံ ပယ်ချသည်ဟု အီဂျစ် အစ္စလာမ့်ရေးရာ ဓမ္မသတ်မှူးချုပ် မွဖ်သီ ဒေါက်တာ ရှော်ကီ အာလမ်က ပြောကြားလိုက်သည်။

    “လူသားတွေရဲ့ မတူကွဲပြားမှုဟာ မလွဲဧကန် ရှိနေမယ့်အရာဖြစ်ပြီး ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်လည်း ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ဆက်နွယ်ပတ်သက်မှုဆိုတာ အတူယှဉ်တွဲနေထိုင်နိုင်အောင်၊ သဘောထားမတိုက်ဆိုင်တာတွေကို ဖယ်ရှားနိုင်အောင် ဘုရားသခင်က ဖန်တီးပေးထားတဲ့ နည်းလမ်းတစ်ခု ဖြစ်တာကြောင့် ဘာသာတရားတွေကို ဖိနှိပ်ချုပ်ချယ်တာကို တရားဥပဒေနဲ့ တားမြစ်ထားတာပါ” ဟု မွဖ်သီကြီးက ဆိုသည်။

    ထို့ပြင် အစွန်းရောက်များ၏ အဆိုပါဓမ္မသတ်များက အီဂျစ်ရှိ မွတ်စလင်များနှင့် ခရစ်ယာန်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ထိခိုက်သည်ဟုလည်း ဒေါက်တာက ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုင်ရိုရှိ ရှင်မာကု ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၅ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။

    “အီဂျစ်က မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကြားထဲမှာ သွေးကွဲအောင်ရည်ရွယ်တဲ့ ကြိုးပမ်းမှုတွေအားလုံး အောင်မြင်မှာ မဟုတ်ပါဘူး။ သမိုင်းမှာ နိုင်ငံခြားတိုင်းပြည်တွေအပေါ် မွတ်စလင်တွေရဲ့ အောင်ပွဲတွေမှာ ဘယ်လို သမိုင်းအမွေအနှစ်ကိုမှ မဖျက်ဆီးခဲ့ပါဘူး။ လက်ရှိ IS နဲ့ အခြား အစွန်းရောက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကတော့ တလွဲတွေပါပဲ”

    ထို့ပြင် ကိုင်ရိုနှင့် ဂီဇာတို့ရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးရန် ဖသ်ဝါဓမ္မသတ်များကိုလည်း တွေ့ရှိခဲ့ရပြီး ထိုဓမ္မသတ်များမှာ အစ္စလာမ်က သမိုင်းအမွေအနှစ်များနှင့်ပတ်သက်၍ သွန်သင်ထားမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဓမ္မသတ်မှူးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • အစ္စရေး၏ တရားမ၀င်အိမ်ယာများက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဟု ကုလပြော

    အစ္စရေး၏ တရားမ၀င်အိမ်ယာများက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဟု ကုလပြော

    ဧပြီ ၁၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းမြေပေါ်ရှိ ကျူးကျော်အိမ်ယာမှ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င်အခြေချအိမ်ယာ ဆောက်လုပ်ရန် အစ္စရေးအစိုးရက ကြာသာပတေးနေ့တွင် အတည်ပြုမှုကို ကုလသမဂ္ဂက ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က အစ္စရေးအစိုးရ လုံခြုံရေးကက်ဘိနတ်၏ ထိုဆုံးဖြတ်ချက်မှာ ‘စိတ်ပျက်ဖွယ်ရာနှင့် စိုးရိမ်ဖွယ်ရာ’ ဖြစ်သည်ဟု ဆိုပြီး ငြိမ်းချမ်းစွာ၊ လုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေးနည်းလမ်မှလွဲ၍ ပါလက်စတိုင်းများနှင့် အစ္စရေးပြည်သူများအတွက် အခြားနည်းလမ်းမရှိဟု အတွင်းရေးမှူးချုပ်က အခိုင်အမာ ပြောကြားကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    “အထွေထွေအတွင်ရေးမှူးက ဒီတစ်ခုလို အစ္စရေးရဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်အားလုံးကို ရှုတ်ချပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ဆီးစေပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကြာသာပတေးနေ့က အစ္စရေးကက်ဘိနတ်မှ အတည်ပြုသော ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းပိုင် အေမက်ရှီလိုဒေသတွင် အခြေချအိမ်ယာများ ဆောက်လုပ်ရန်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ တရားမ၀င်သော အဆိုပါ အိမ်ယာများကို ရပ်တန့်ရေး အစ္စရေးက မဆောင်ရွက်သည့်အတွက် ကုလက ဝေဖန်ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချကန့်ကွက်ထားသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့တွင် တရားမ၀င်အခြေချ အိမ်ယာများကို ဆက်လက်ဆောက်လုပ်နေသည်။

    Ref : Aljazeera