News @ M-Media

Blog

  • ဂျူးနှင့် ခရစ်ယာန်များကို စိတ်ထိခိုက်အောင် ပြောဆိုသည့် ဗလီဆရာကို စင်ကာပူ ဒဏ်ငွေရိုက်

    ဂျူးနှင့် ခရစ်ယာန်များကို စိတ်ထိခိုက်အောင် ပြောဆိုသည့် ဗလီဆရာကို စင်ကာပူ ဒဏ်ငွေရိုက်

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    ဒဏ်ရိုက်ခံခဲ့ရသည့် အီမာမ် နာလာလ် မိုဟာမက် အဘ်ဒူလ် ဂျမီးလ် အဘ်ဒူလ် မာလစ်

    – သောကြာနေ့ ၀တ်ပြုဆုတောင်းမှုတွင် ခရစ်ယာန်နှင့် ဂျူများကို ထိခိုက်နစ်နာစေသည့် စကားများ ထည့်သွင်းပြောကြားခဲ့သော အိန္ဒိယမွတ်စလင် ရှေ့ဆောင် အီမာမ်တစ်ဦးကို စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ ၄ ထောင် ဒဏ်ငွေရိုက်ခဲ့ပြီး၊ အဆိုပါ အီမာမ်က ခရစ်ယာန်နှင့် ဂျူး ဘာသာရေးခေါင်းဆောင်များကို သွားရောက် တောင်းပန်ခဲ့သည်။

    အီမာမ် နာလာလ် မိုဟာမက် အဘ်ဒူလ် ဂျမီးလ် အဘ်ဒူလ် မာလစ်ဆိုသူဖြစ်ပြီး ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလများက သောကြာနေ့ ၀တ်ပြုဆုတောင်းမှုတွင် “ဂျူးများနှင့် ခရစ်ယာန်များလက်မှ မိမိတို့ကို ကူညီတော်မူပါ ဘုရားသခင်” ဟု အဓိပ္ပါယ်ရသည့် အာရဘီဆုတောင်းစာကို ထည့်သွင်း ရွတ်ဖတ်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုတောင်းစာမှာ ကုရ်အာန်ကျမ်းတွင် လုံးဝ ပါရှိခြင်းမရှိဘဲ ၎င်း၏ဇာတိ အိန္ဒိယရှိ ရွာမှ သင်ယူခဲ့သည့် အရပ်ဆုတောင်းစာဖြစ်သည်။

    အဆိုပါ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တစ်ဦးက သာသာနာနှင့်ဆန့်ကျင်သော ထိုလုပ်ရပ်ကို ရှုတ်ချမှုနှင့်အတူ ဗီဒီယိုကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံသားများအကြား ပြန့်နှံ့သွားပြီး အစိုးရက မတူညီသော လူ့အဖွဲ့အစည်းများအကြား အမုန်းပွားစေသည့် စွဲချက်ဖြင့် ထိုအီမာမ်ကို
    တရားစွဲဆိုခဲ့သည်။

    အီမာမ် နာလာလ်မှာ ယနေ့တွင် တရားရုံးသို့ အခြားသော ဘာသာရေးခေါင်းဆောင်များနှင့်အတူ လာရောက်ကာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင်ကို ပေးဆောင်ခဲ့သည်။ ထို့ ပြင် ပြစ်ဒဏ်ကို လက်ခံပါကြောင်း၊ ထောင်ဒဏ်မချမှတ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    မတူညီသော လူ့အဖွဲ့အစည်းများအကြား အမုန်းပွားစေသည့်စကား ပြောဆိုမှုအတွက် စင်ကာပူတွင် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ရန် သတ်မှတ်ထားသည်။

    စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် နာလာလ်မှာ ဒဏ်ငွေပေးဆောင်ခဲ့ပြီး၊ ၎င်းကို အိန္ဒိယသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မည်သည့်ဘာသာတရား၏ မည်သည့်ဘာသာရေးခေါင်းဆောင်မဆို ထိုကဲ့သို့ ပြောကြားမှုမျိုး ပြုလုပ်ပါက ထိုလုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ဂျူးဘုန်းကြီးကို တောင်းပန်စာ သွားရောက်ပေးအပ်စဉ်

    အီမာမ် နာလာလ်မှာ သောကြာနေ့က ခရစ်ယာန်ဘာသာ၊ ဆစ်ခ်ဘာသာ၊ တာအိုဘာသာ၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ဘာသာရေးခါင်းဆောင်များ၊ စင်ကာပူ အိန္ဒိယမွတ်စလင်အသင်းမှ အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် တောင်းပန်ခဲ့ပြီး မိမိ၏ မှတ်ချက်တွက် စိတ်သက်မသာဖြစ်မှု၊ တင်းမာမှုနှင့် သောကရောက်မှုများ ဖြစ်ရသည့်အတွက် “အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း” ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ကလည်း အဆိုပါ အီမာမ်မှာ Maghain Aboth ဂျူးဘုရားကျောင်းသို့ သွာ်းရောက်ခဲ့ပြီး ဂျူးဘုန်းတော်ကြီး မိုဒါချိုင် အက်ဘာဂျဲလ်နှင့်တွေ့ဆုံကာ ၎င်း၏မှတ်ချက်များအတွက် ခြွင်းချက်မရှိတောင်းပန်ကြောင်း ပြောကြားကာ တောင်းပန်စာကိုလည်း ပေးအပ်ခဲ့သည်။

    ထို့ပြင် စင်ကာပူနိုင်ငံသားများအားလုံးကို တောင်းပန်ကြောင်း၊ မိမိ၏လုပ်ရပ်အတွက် မိမိသာလျှင် အပြည့်အ၀ တာဝန်ယူပါကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: CNA

  • ကိုလံဘီယာရေကြီးမှု သေဆုံးသူ ၂၀၀ ကျော်လာ

    ကိုလံဘီယာရေကြီးမှု သေဆုံးသူ ၂၀၀ ကျော်လာ

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – ကိုလံဘီယာနိုင်ငံ မိုကိုအာမြို့တွင် စနေနေ့နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ရေကြီး မြေပြိုမှုများကြောင့် သေဆုံးသူမှာ ၂၀၀ ကျော်လာခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသောကြောင့် သေဆုံးသူအရေအတွက်မှာ ထပ်မံ မြင့်တက်လာဖွယ် ရှိနေသည်။

    ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒေသခံများမှာ ပြိုကျပျက်ဆီးသွားသည့် အဆောက်အဦးများ၊ အပင်များ၊ ရေကြီးမှုနောက်ပိုင်း တင်ကျန်ခဲ့သည့် ရွှံ့နွံများကို ရှင်းလင်းကာ ပျောက်ဆုံးနေသူများကို ရှာဖွေနေပြီး၊ ဓာတ်အားပြတ်တောက်မှု သောက်သုံးရေနည်းပါးမှုတို့နှင့်လည်း ကြုံတွေ့နေရသည်။

    တာဝန်ရှိသူများက သေဆုံးသူမှာ ၂၀၇ ဦး ရှိလာသော်လည်း၊ ကယ်ဆယ်ရေးလုပ်သားများမှာ အလောင်းများကို ဆက်လက်တွေ့ရှိနေသောကြောင့် အရေအတွက်မှာ အမြဲ ပြောင်းလဲနေသည်ဟု ပြောကြားခဲ့သည်။

    ကလေးငယ်အများစုအပါအ၀င် ဒဏ်ရာရရှိသူအရေအတွက်မှာ ၂၀၀ ခန့် ရှိနေပြီး ပျက်ဆီးဆုံးရှုံးမှုများကြောင့် အရေအတွက် အတိအကျကို မသိရှိနိုင်သေးဟုလည်း ဆိုသည်။

    Ref: Aljazeera

  • ပါကစ္စတန် ဆူဖီဗိမာန်တစ်ခုတွင် ဂေါပကအဖွဲ့က တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ပါကစ္စတန် ဆူဖီဗိမာန်တစ်ခုတွင် ဂေါပကအဖွဲ့က တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဆာရ်ဂိုဒါဒေသရှိ ဆူဖီဗိမာန်တစ်ခုတွင် အမျိုးသားများက ဓားများ၊ တုတ်များဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    သေဆုံးသူများထဲတွင် အမျိုးသမီး ၄ ဦး ပါဝင်ပြီး ဗိမာန်၏ ဂေါပကဥက္ကဌ အပါအ၀င် လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    “အသက် ၅၀ အရွယ် ဥက္ကဌ အဘ်ဒူလ် ၀ါဟစ်က ဗိမာန်ကို လာရောက်သူတွေဟာ သူ့ကို သတ်မှာစိုးတဲ့အတွက် သူက သတ်လိုက်တယ်လို့ ထွက်ဆိုပါတယ်။ သူက စိုးရိမ်မှုလွန်ကဲတာ၊ စိတ်ရောဂါဖြစ်နေတာမျိုး ဖြစ်ပုံရပါတယ်။ ဒါမှမဟုတ် ဒါဟာ ဗိမာန်ကို အုပ်စီးဖို့အတွက် ပြိုင်ဆိုင်တာမျိုးနဲ့လည်း ဆက်စပ်နိုင်ပါတယ်” ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဇွလ်ဖီကာရ် ဟာမစ်က ပြောကြားခဲ့သည်။

    ဆူဖီသူတော်စဉ်၏ ဗိန်မာန်သို့ လာရောက်ကာ ဆုတောင်းခြင်း၊ ချို့တဲ့သူများကို လှူဒါန်းခြင်း၊ ဂေါပကအဖွဲ့ကို လှူဒါန်းခြင်းတို့မှာ ပါကစ္စတန် ပြည်သူအများအပြား ပြုလုပ်ကြသည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။

    Ref: Alarabiya

  • ယူအေအီးက အဘူဒါဘီမှာ မကြာခင် ပြီးစီးတော့မယ့် ဆောက်လုပ်ရေး စီမံကိန်းကြီးများ

    ယူအေအီးက အဘူဒါဘီမှာ မကြာခင် ပြီးစီးတော့မယ့် ဆောက်လုပ်ရေး စီမံကိန်းကြီးများ

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    Louvre Abu Dhabi ပြတိုက် ပုံစံငယ်

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ အဘူဒါဘီမြို့မှာ ဆောက်လုပ်ရေးစီမံကိန်းကြီး ၁၀ ခုကို ဆောက်လုပ်နေပြီး အဲဒီအထဲမှာ ပြင်သစ်က Louvre ပြတိုက်ခွဲ၊ လေဆိပ် ဂိတ်သစ်တစ်ခု၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုတို့လည်း ပါဝင်ပါတယ်။

    စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၃၄ ဘီလီယံရှိမယ့် ဒီစီမံကိန်းတွေဟာ ၂၀၂၀ ခုနှစ်မှာ လုံးဝ အပြီးသတ်မှာဖြစ်ပါတယ်။ ဒီအဆောက်အဦးတွေအကြောင်း အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

    Louvre Abu Dhabi ပြတိုက်

    နာမည်ကျော် ပြင်သစ် ဗိသုကာပညာရှင် ဂျီယန် နူဗဲလ် ဒီဇိုင်းဆွဲပေးထားတဲ့ အဆောက်အဦးဖြစ်ပြီး အဖြူရောင်အမိုးခုံးကြီးနဲ့ ရေပေါ်မှာ ဆောက်လုပ်မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မေလအတွင်းမှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပြီး ကန်ဒေါ်လာ ၁.၁၄ ဘီလီယံလောက်ကုန်ကျမယ့် ဒီအဆောက်အဦးမှာ ကလေးပြတိုက်တစ်ခုနဲ့ လူ ၂၈၀ ဆန့်မယ့် ရုပ်ရှင်ရုံတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

    Barakah နျူဓာတ်အားပေးစက်ရုံ

    ယူအေအီးမှာ ပထမဆုံး နျူဓာတ်အားပေးစက်ရုံဖြစ်လာမယ့် ဒီအဆောက်အဦးဟာ နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက် ၂၅ ရာခိုင်နှုန်းကို ၂၀၂၀ ခုနှစ် မေလကနေ စတင်ပြီး ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ အီမရိတ် နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်းက ပြောပါတယ်။ ဒီစီမံကိန်းဟာ ကန်ဒေါ်လာ ၂၃ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး ဓာတ်ပေါင်းဖို ၄ ခုက ဓာတ်အား ၅၆၀၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မှာပါ။

    Midfield ဂိတ်ပေါက်သစ်

    လက်ရှိ အဘူဒါဘီ နိုင်ငံတကာလေဆိပ်မှာ ထပ်မံဆောက်လုပ်နေတဲ့ ဒီဂိတ်အသစ်ကြီးမှာ အ၀င်အထွက် ဂိတ်ပေါင်း ၄၉ ခု ပါဝင်မှာဖြစ်ပြီး လေဆိပ်ရဲ့ ခရီးသည် စီမံခန့်ခွဲနိုင်မှု ပမာဏကို ၂ ဆတိုးကာ တစ်နှစ် သန်း၃၀ လောက်အတွက် ၀န်ဆောင်မှု ပေးနိုင်မှာပါ။ အဆင့် ၆ ခုနဲ့တည်ဆောက်နေတာဖြစ်ပြီး ဟိုတယ်တစ်ခု၊
    ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေလည်းပါဝင်မယ့် ဒီဂိတ်အသစ်ဟာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီမှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    ရေဆိုးမြောင်း

    အရှည် ၄၁ ကီလိုမီတာ (၂၅ မိုင်)ရှိတဲ့ ဒီရေဆိုးမြောင်းသစ်ဟာ ကမ္ဘာ့အရှည်ဆုံး ရေဆိုးမြောင်း ဖြစ်လာမှာဖြစ်ပြီး၊ ဒီအဓိက ရေဆိုးမြောင်းကနေ ထပ်ခွဲမယ့် မြောင်းသေးသေးလေးတွေရဲ့ အရှည်ကတော့ ၄၃ ကီလိုမီတာ ရှိမှာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ကုန်ကျငွေကတော့ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိမှာဖြစ်ပြီး အခုန
ှစ် တတိယ ၃ လပတ်မှာ ပြီးမှာပါ။

    E11 အမြန်လမ်း

    အမြန်လမ်းအသစ်ဖောက်လုပ်မှု၊ ရှိပြီးသားလမ်းကို အဆင့်မြှင်တင်မှုတွေပါဝင်မယ့် ဒီ စီမံကိန်းဟာ အဘူဒါဘီကို ဆော်ဒီ နယ်စပ်နှင့် ဆက်စပ်စေမှာဖြစ်ပြီး ယူအေအီးရဲ့ ပထမဆုံး နျူဓာတ်ပေါင်းဖို Ruwais ကိုလည်း ဖြတ်သွားမှာပါ။ ဒီစီမံကိန်းမှာ မိုးပျံတံတားပေါင်း ၁၅ စင်း ပါဝင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံ
    ကုန်ကျမှာ ဖြစ်ပါတယ်။

    Zayed City တည်ဆောက်မှု

    အဘူဒါဘီက မြို့သစ်တစ်ခုဖြစ်လာမယ့် ဒီစီမံကိန်းမှာ လမ်းကွန်ယက်၊ ရေဆိုးမြောင်းစနစ်၊ ဓာတ်အားပေးမှုနဲ့ ရေပေးဝေးမှု စနစ်တွေဟာ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ အစိုးရက ပြောထားပါတယ်။ ကန်ဒေါ်လာ ၉၀၉ သန်းလောက် ကုန်ကျမယ့် ဒီစီမံကိန်းဟာ ၂၀၂၀ ခုနှစ် ဇန်န၀ါရီလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    Jabel Hafeet အိမ်ယာစီမံကိန်း

    ကန်ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမယ့် ဒီ အိမ်ယာစီမံကိန်းက အလ်အိန်းမြို့နားမှာ ရှိမှာဖြစ်ပြီး လူပေါင်း ၃၀၀၀ လောက် နေထိုင်နိုင်မယ့် အိမ်ယာဖြစ်ပါတယ်။ စာသင်ကျောင်းတစ်ခု၊ ဆေးခန်းတစ်ခုနဲ့ အခြား အဆောက်အဦးတွေ ပါဝင်မှာဖြစ်ပြီး အခုနှစ်ကုန်မှာ ပြီးမှာပါ။

    အလ်အိန်း ဆေးရုံသစ်

    ကုတင် ၇၁၉ ကုတင်ဆန့် ဒီ ဆေးရုံဟာ ကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ လတ်စသတ်မှာဖြစ်ပါတယ်။ အဘူဒါဘီပြည်နယ်မှာ အလ်အိန်းဟာ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး ဒူဘိုင်း၊ အဘူဒါဘီနဲ့ ရှာရ်ဂျာဟ်တို့ပြီးရင် ယူအေအီးမှာ စတုတ္ထအကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။

    Ain Al Faida အိမ်ယာ စီမံကိန်း

    အလ်အိန်းက နောက်ထပ် အိမ်ယာစီမံကိန်းတစ်ခုပါ။ ကန်ဒေါ်လာ ၁.၁၄ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး လူထောင် ၂၀၀၀ နေထိုင်နိုင်မှာဖြစ်ကာ ဒီနှစ် ဇူလိုင်လကုန်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    Sheikh Shakhbout ဆေးဝါးမြို့တော်

    မီးလောင်ဒဏ်ရာတွေအတွက် အဆန်းပြားဆုံး ကုသမှုကိုပေးမယ့် ယူအေအီးရဲ့ ပထမဆုံးဆေးရုံ ဖြစ်လာမှာဖြစ်ပြီး ကုတင် ၇၃၉ ကုတင်ဆံ့ပါတယ်။ ကန်ဒေါ်လာ ၁.၁ ဘီလီယံလောက်ကန်ုကျပြီး ၂၀၂၀ ခုနှစ် ဇန်န၀ါရီအကုန်လောက်မှာ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Arabian Business

  • ဗြိတိန်၏ အထင်ရှားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတစ်ဦး ကွယ်လွန်

    ဗြိတိန်၏ အထင်ရှားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတစ်ဦး ကွယ်လွန်

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – ဗြိတိန်၏ အကျော်ကြားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူ ဒါရ်ကက်စ် ဟောင်ဝီမှာ အသက် ၇၄ နှစ်အရွယ် ယမန်နေ့က လန်ဒန်မြို့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    ဟောင်ဝီမှာ ၁၉၄၃ ခုနှစ်တွင် ဗြိတိန်က အုပ်စိုးသော ထရီနီဒက်တွင် မွေးဖွားခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ယူကေသို့ ဥပဒေပညာသင်ကြားရန် ရောက်လာခဲ့သည်။

    သို့သော်လည်း လူဖြူများက အာဖရို-ကာရစ်ဘီယံ လူ့အဖွဲ့အစည်းအပေါ် လူမျိုးရေးအရ စော်ကားမှုများ၊ တရားမဲ့မှုများ ပြုလုပ်မှုကို မြင်ခဲ့ရပြီးနောက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့ Black Panthers သို့ ၀င်ရောက်ခဲ့သည်။

    နောက်ပိုင်းတွက် အောင်မြင်သော ဂျာနယ်လစ်တစ်ယောက် ဖြစ်လာခဲ့ပြီး New Statesman မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင် ဖြစ်လာခဲ့သည်။ နာမည်ကြီး ကာရစ်ဘီယံ စားသောက်ဆိုင်တစ်ဆိုင်ကို ဗြိတိန် ရဲတပ်ဖွဲ့က ထပ်တလဲလဲ ၀င်ရောက် စီးနင်းဖမ်းဆီးမှုကို မကျေနပ်၍ ၁၉၇၀ ခုနှစ်တွင် Black Panthers အဖွဲ
့ဝင်များနှင့် ရဲစခန်းသို့ ချီတက်ဆန္ဒပြမှုတွင် ဟောင်ဝီမှာ ထင်ရှားလာခဲ့သည်။

    ထိုကိစ္စအတွက် ဟောင်ဝီအပါအ၀င် လူမည်း ၈ ဦးမှာ ၅၅ ရက်ကြာ တရားရင်ဆိုင်ခဲ့ရပြီး အဓိကရုဏ်းဖြစ်ရန် လှုံ့ဆော်မှုစွဲချက်နှင့်ပတ်သက်၍ တရားသေ လွတ်မြောက်ခဲ့သည်။ အဆိုပါ တရားစွဲဆိုမှုမှာ ဗြိတိန် တရားရေးနှင့် လူမည်းလူ့အဖွဲ့အစည်းအကြား တင်းမာမှုများကို မီးမောင်းထိုးပြမှု တစ်ခုလည်းဖြစ်သည်။

    ၁၉၈၁ ခုနှစ်နှစ်တွင် ဟောင်ဝီမှာ လူမည်း ၁၃ ယောက်သေဆုံးခဲ့ပြီး ရှို့မီးဖြစ်သည်ဟု သံသယဖြစ်စရာကောင်းသည့် New Cross Fire မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို မကျေနပ်သောကြောင့် Black People’s March ချီတက်လမ်းလျှောက်မှုအတွက် လူပေါင်း ၂၀၀၀၀ ကို ဦးဆောင်ကာ ဆောင်ရွက်ခဲ့
    ပြီး ဗြိတိန်တရားရေးတွင် လူမျိုးရေးခွဲခြားမှုများကို တိုက်ဖျက်နိုင်ခဲ့သည်။

    အတိုက်အခံ လေဘာပါတီမှ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး အရန်ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် ဒီယာနီ အက်ဘော့က ဟောင်ဝီမှာ “ရဲတပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ခဲ့သည့် သက်ရှိထင်ရှားရှိနေသော ပြယုဂ်တစ်ခု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟောင်ဝီကွယ်လွန်မှုအတွက် အခြားသော နိုင်ငံရေးသမားများကလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera