News @ M-Media
Blog
  • ၂ နှစ်အရွယ်ကလေးငယ်ကို အသက်ဘေးမှကယ်တင်သည့် စင်ကာပူရဲများကို ပြည်သူများ ချီးကျူး
    ၂ နှစ်အရွယ်ကလေးငယ်ကို အသက်ဘေးမှကယ်တင်သည့် စင်ကာပူရဲများကို ပြည်သူများ ချီးကျူး
    ဧပြီ ၅၊ ၂၀၁၇
    M-Media
    တပ်ကြပ်ကြီး မိုဟာမက် အဇ်ဟာရ် အဘ်ဒူလ် အဇစ်(လယ်) နှင့် ၎င်း၏ အဖွဲ့သားများ
    – စင်ကာပူက ရဲဌာနတစ်ခုဟာ ၀က်ရူးပြန်ပြီး သတိလစ်နေတဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်ကို အသက်ဘေးကနေ ကြိုးစားပမ်းစား ၀ိုင်းဝန်းကယ်တင်ခဲ့ကြပြီး စင်ကာပူပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။
    စင်ကာပူနိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ကန်ရပ်ကွက် ရဲဌာနဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသမီးတစ်ဦးဟာ သတိလစ်နေတဲ့ သားငယ်လေးနဲ့အတူ ရဲစခန်းကို လာရောက်အကူအညီတောင်းခဲ့ပါတယ်။
    တပ်ကြပ်ကြီး မိုဟာမက် အဇ်ဟာရ် အဘ်ဒူလ် အဇစ်က မိခင်ဖြစ်သူရဲ့ ပြောကြားမှုကို နားထောင်နေတဲ့အချိန်မှာ ကလေးငယ်လေးဟာ သတိလစ်နေတဲ့အနေအထားကို သတိပြုမိခဲ့ပါတယ်။
    “ကျွန်တော် ရှော့ရသွားတယ်ဗျ။ ကျွန်တော် မြန်မြန်မကယ်တင်ရင် ကလေးငယ်က သေတော့မယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ကလေးက အသက်မရှုတော့ဘူး။ နှလုံးလည်း မခုန်တော့ပါဘူး” လို့ အဇ်ဟာရ်ကပြောပါတယ်။
    ဘေးနားမှာရှိနေတဲ့ တပ်ကြပ် မိုဟာမက် အဒမ် ရိုလန်က ချက်ချင်းပဲ လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ခဲ့ပြီး အဇ်ဟာရ်က ကလေးငယ်လေးကို လက်နဲ့ပွေ့ကာ ရင်ဘတ်ကို ဖိပြီး နှလုံးခုန်အောင်၊ ပါစပ်နဲ့တ့ကာ လေမှုတ်ပြီး အသက်ပြန်ရှုလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
    “အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာတစ်ခုက ဒီကလေးဟာ ကျွန်တော့်သမီးနဲ့ သက်တူရွယ်တူလေးဖြစ်ပြီး၊ သူ အသက်ပြန်ရှင်လာအောင် အကောင်းဆုံး ဆောင်ရွက်ပေးရမယ် ဆိုတာပါ” လို့ တပ်ကြပ်ကြီးက ဖွင့်ဟခဲ့ပါတယ်။
    အဇ်ဟာရ်ရဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ ဆောင်ရွက်ပေးမှုကြောင့် ကလေးငယ်ဟာ သတိပြန်လည်လာပြီး အသက်ပြန်ရှုခဲ့ပါတယ်။
    “လူနာတင်ယာဉ်စောင့်နေတဲ့အချိန်မှာ ကျွန်တော်ဟာ သူသတိမလစ်စေဖို့ ဆောင်ရွက်ပေးနေခဲ့ပါတယ်။ ကလေးက ကျွန်တော့်ကို လက်ဝါးရိုက်ပြီး တုန့်ပြန်တဲ့အချိန်မှာ ကျွန်တော်ဟာ တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ပါတယ်”
    နောက်ထပ် တပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ဂျိုရှူဝါ ကွက်က ဘေးနားမှာရှိတဲ့ ဆေးခန်းမှာ အကူအညီသွားတောင်းတဲ့အခါ ဆရာဝန်တစ်ယောက် တွေ့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးငယ်ကို ဆရာဝန်ဆီ ခေါ်သွားခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒီလို ကြိုးစားပမ်းစား ဆောင်ရွက်မှုကြောင့် ကလေးငယ်လေးဟာ အသက်ပြန်ရှင်ခဲ့ပါတယ်။
    စင်ကာပူရဲတပ်ဖွဲ့က ဆန်ကန်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒီလို စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို ဧပြီလ ၄ ရက်နေ့မှာ သူတို့ရဲ့ Facebook စာမျက်နှာ လွှင့်တင်ခဲ့ပြီး ပြည်သူတွေလည်း သူတို့ရဲ့ ပြည်သူ့ရဲတွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
    Ref: Straits Times
  • မြန်မာနိုင်ငံရှိ ရေသန့်လုပ်ငန်း ၇၀ ကျော် ဘက်တီးရီးယားပေါက်ဖွားမှု စံနှုန်းကို မလိုက်နိုင်
    မြန်မာနိုင်ငံရှိ ရေသန့်လုပ်ငန်း ၇၀ ကျော် ဘက်တီးရီးယားပေါက်ဖွားမှု စံနှုန်းကို မလိုက်နိုင်
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဖေဖော်ဝါရီလအတွင်း သောက်ရေသန့်လုန်းငန်းများကို ဘက်တီးရီးယားပါဝင်မှု စစ်ဆေးရာတွင် လုပ်ငန်း ၇၅ ခုမှာ စံချိန်ပြည့်မီခြင်း မရှိသောကြောင့် ဘက်တီးရီးယားဖောက်ဖွားမှု စံနှုန်းကို လျှော့ချခဲ့ရသည်ဟု သိရသည်။
    HPC နည်းလမ်းဖြင့် ပုံစံခွက်အတွင်း တစ်မီလီမီတာတွင် ဘက်တီးရီးယားပေါက်ဖွားမှုကို စမ်းသပ်ခြင်းဖြစ်ပြီး ကနဦးက ၁ မီလီမီတာတွင် ၁၀၀ အောက်နည်းကာ ပေါက်ဖွားရမည်ဟု သတ်မှတ်ထားသော်လည်း ထိုစံနှုန်းနှင့် မညီသောကြောင့် ၅၀၀ အထိ ပြန်လည်သတ်မှတ်ခဲ့ရသည်။
    ရေသန့်လုပ်ငန်းအများစုမှာ တစ်မီလီမီတာတွင် ၃၀၀ ကျော် စံနှုန်းကိုပင် မပြည့်မီကြပေ။
    “ဘက်တီးရီးယားပေါက်ဖွားမှုကို လေ့လာဖို့အတွက် HPC နည်းလမ်းကို ကျွန်တော်တို့ အသုံးပြုပါတယ်။ နိုင်ငံတိုင်းက သူတို့ရဲ့ ကိုယ်ပိုင် SPC သတ်မှတ်ချက်တွေ ရှိတာပေါ့လေ။ အမေရိကန်နဲ့ ဥရောပမှာ စံနှုန်းက ၁ မီလီမီတာကို ၁၀၀ ပါ။ ကျွန်တော်တို့ရဲ့ စံနှုန်းကိုလည်း ၁၀၀ လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက
    ပြည်တွင်းလုပ်ငန်းတွေအတွက် တော်တော်လေးမြင့်နေပါတယ်။ ကျွန်တော်တို့ဟာ စံနှုန်းကို ၅၀၀ အထိ လျော့ပေါ့ပေးလိုက်ပြီး၊ အခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ဒီအဆင့်ကို လက်ခံထားကြပါတယ်။ ဒါပေမယ့် E. coli အပါအ၀င် coliform ဘက်တီးရီးယား ပါဝင်တဲ့ ရေသန့်လုပ်ငန်းတွေကိုတော့ လက်မခံ
    ပါဘူး” ဟု FDA ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားခဲ့သည်။
    WHO ၏ သတ်မှတ်ချက်အရ တစ်မီလီမီတာတွင် ဘက်တီးရီးယားပေါက်ဖွားမှု ၁၀၀ ရှိခြင်းမှာ ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်သည့် အလားအလာနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပေ။
    မြန်မာနိုင်ငံတွင် သောက်ရေသန့်လုပ်ငန်းမှာ ၉၉၇ ခု ရှိနေပြီး FDA မှာ အဆင့် ၄ ဆင့်ပါသည့် လုပ်ငန်းစဉ်ဖြင့် ၂ နှစ်လျှင်တစ်ကြိမ် အဆိုပါ လုပ်ငန်းများကို စစ်ဆေးလေ့ရှိသည်။
    ပထမအဆင့်တွင် တာဝန်ရှိသူများမှာ ရေသန့်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ပြီး နမူနာယူခြင်း၊ ဒုတိယနှင့် တတိယအဆင့်များတွင် ရေသန့်ထုတ်လုပ်မှု အဆင့်ဆင့်တွင် အပြစ်အနာအဆာများကို ထုတ်လုပ်သူများသို့ အသိပေးအကြောင်းကြားခြင်း၊ ကောင်းမွန်အောင် အကြံပြုခြင်းတို့ဖြစ်ပြီး စတုတ္ထအဆင့်တွင်
    အရည်သွေး ပြည့်မီခြင်း ရှိ၊ မရှိ ဆုံးဖြတ်ခြင်းဖြစ်သည်။
    Ref : coconuts yangon
  • ဆိုရှယ်မီဒီယာ သတင်းမှားတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် Facebook ပါဝင်မည်
    ဆိုရှယ်မီဒီယာ သတင်းမှားတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် Facebook ပါဝင်မည်
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – ဆိုရှယ်မီဒီယာတွင် သတင်းမှားများကို တိုက်ဖျက်ရန်နှင့် ဂျာနယ်လစ်ဇင်ကို အများပြည်သူများ နာလည်မှု တိုးတက်ရန်အတွက် ကန်ဒေါ်လာ ၁၄ သန်းတန်ဖိုးရှိမည့် ရန်ပုံငွေထောက်ပံ့မှုတွင် Facebook မှာ အခြားသော နည်းပညာဆိုင်ရာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွာမည်ဟု သိရသည်။
    “Facebook ရဲ့ ဂျာနယ်လစ်ဇင်စီမံကိန်း အစိတ်အပိုင်းအဖြစ် အွန်လိုင်းမှာတွေ့နေရတဲ့ သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ခွဲခြားသိမြင်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို ပြည်သူတွေကို ကျွန်တော်တို့ ပေးချင်ပါတယ်” ဟု Facebook ၏ သတင်းဆိုင်ရာ မိတ်ဖက်အကြီးအကဲ ကမ်းဘဲလ် ဘရောင်းက ပြောကြားခဲ့သည်။
    News Integrity Initiative ဟုခေါင်းစဉ်ပေးထားသည့် အဆိုပါလှုပ်ရှားမှု တိုက်ဖျက်ရေးကို Facebook၊ Mozilla နှင့် အခြားသော နည်းပညာကုမ္ပဏီအကြီးအကဲများ၊ ဖောင်ဒေးရှင်း စုစုပေါင်း ၂၅ ခုက ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ City တက္ကသိုလ်တွင် အခြေစိုက်မည်ဖြစ်သည်။
    ပြီးခဲ့သည့်နှစ် အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်းနှင့် ရွေးကောက်ပွဲပြုလုပ်နေစဉ်တွင် သတင်းမှားများနှင့် အချက်အလက်အမှားများမှာ အများအပြား ထွက်ပေါ်ခဲ့သည်။
    Facebook မှာ အမေရိကန်၏ ရွေးကောက်ပွဲရလဒ်များအတွက် ကူညီပေးခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာတွင် Facebook က မိမိတို့အနေဖြင့် သတင်းမှားများကို တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။
    Ref : RT
  • စိတ်မပျက်လေနှင့် (Quote)
    စိတ်မပျက်လေနှင့် (Quote)
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။
  • နံပါတ် ၇ ဂျာစီ ၀တ်ဆင်မှု အကြောင်းအရင်းကို ရော်နယ်ဒိုဖွင့်ဟ
    နံပါတ် ၇ ဂျာစီ ၀တ်ဆင်မှု အကြောင်းအရင်းကို ရော်နယ်ဒိုဖွင့်ဟ
    ဧပြီ ၄၊ ၂၀၁၇
    M-Media
    – မိမိ ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ရတဲ့ အကြောင်းအရင်းက မန်ယူနည်းပြဟောင်း ဆာ အဲလက်စ်ဖာဂူဆန်ကြောင့် ဖြစ်တယ်လို့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။
    အိုးထရက်ဖို့ဒ်ကို စရောက်တဲ့အချိန်မှာ “ဒီမှာကြည့် – မင်းကို နံပါ ၇ အင်္ကျီ ၀တ်စေချင်တယ်” လို့ ဖာဂူဆန်က ပြောကြားခဲ့တာပါ။
    “ကျွန်တော် အံ့အားသင့်သွားတယ်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီဂျာစီကို ၀တ်ခဲ့တဲ့သူတွေအားလုံးက ကြီးကျယ်တဲ့ကစားသမားတွေပဲ မဟုတ်လား” လို့ ရော်နယ်ဒိုက မနေ့က အခမ်းအနားတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။
    ရီးယဲလ်မက်ဒရစ်ရောက်သွားတဲ့အချိန်မှာ ဘောလုံးလောကရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့တာ မှန်ပေမယ့် အင်္ဂလန်မှာကတည်းက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရခဲ့ပါတယ်။
    “အိုးထရက်ဖို့ဒ်ဟာ ကျွန်တော့်ရဲ့ အောင်မြင်တဲ့အဆင့်တစ်ခုရဲ့ အစပါ။ အဲဒီမှာ ဘောလုံးကျွမ်းကျင်မှုသာမက၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း တိုးတက်ခဲ့ပါတယ်။ အဲဒီမှာကစားခဲ့တဲ့ ၅ နှစ်အတွင်း ဘောလုံးရဲ့ အနုပညာကို ကျွန်တော် သင်ယူနိုင်ခဲ့တယ်။ အသင်းနဲ့အတူ ဖလားတွေလည်း အများကြီး ရခဲ့ပါတယ်။ ဒါဟာ က
ျွန်တော့်အတွက် အိပ်မက်တစ်ခု ပါပဲ” လို့ ရော်နယ်ဒိုက ဆိုပါတယ်။
    Ref: Goal