News @ M-Media
Blog
  • ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်
    ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်
    မတ် ၃၁၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးစုများနေထိုင်ရာ ဝေးလံခေါင်ဖျားသည့်ဒေသမှ ပါရာချီနာမြို့တွင် ဗလီဝတ်ကျောင်းတော်ကို ပစ်မှတ်ထားသည်ဟု ယူဆရသည့် ဗုံးကွဲမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၅ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
    အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲသည်ဟု ယုံကြည်ရသည့် အဆိုပါ ပေါက်ကွဲမှုမှာ ရှီအာ ဗလီဝတ်ကျောင်းတော်၏ ၀င်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
    သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် ကလေး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူမှာ ၄၀ နီးပါးရှိသည်ဟု ဆိုသည်။ အစိုးရကမူ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ်များကို စေလွှတ်ပေးထားသည်။
    ပါရာချီနာမြို့မှာ ရှီအာမွတ်စလင် ကာရ်ရမ် လူမျိုးစုဒေသ၏ မြို့တော်ဖြစ်ပြီး ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။
    ဇန်န၀ါရီလက ပါရာချီနာရှိ ကုန်စိမ်းဈေးတွင် ဗုံးကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လကလည်း ပါကစ္စတန်တောင်ပိုင်းရှိ ဆူဖီသူတော်စင်တစ်ဦး၏ ဂူဗိမာန်တွင် ဗုံးကွဲမှုကြောင့် လူ ၇၀ ကျော် သေဆုံးကာ၊ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို IS နှင့် အလ်ကိုင်းဒါတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများက ဆောင်ရွက်ကြခြင်းဖြစ်သည်။
    Ref: Aljazeera
  • အိန္ဒိယက မြန်မာကို ဒေါ်လာ ၃၈ သန်းဖိုး တော်ပီဒိုများ ပေးအပ်မည်
    အိန္ဒိယက မြန်မာကို ဒေါ်လာ ၃၈ သန်းဖိုး တော်ပီဒိုများ ပေးအပ်မည်
    မတ် ၃၁၊ ၂၀၁၇
    M-Media
    နှစ်နိုင်ငံက ပူးပေါင်း ကင်းလှည့်ရေး သဘောတူညီမှုအခမ်းအနားကို တွေ့ရစဉ်
    – အိန္ဒိယက ၎င်းတို့၏ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောဖျက် တော်ပီဒိုဒုံးကျည်များကို မြန်မာနိုင်ငံအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကန်ဒေါ်လာ ၃၇.၉ သန်းတန် အဆိုပါစာချုပ်မှာ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာတွင် နောက်ဆုံး ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
    အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ အကြီးအကဲ ဒေါက်တာ အက်စ် ခရစ္စတိုဖာက မိမိတို့အနေဖြင့် ယခင်က အသံလှိုင်းသုံး ရှာဖွေရေးကိရိယာအပါအ၀င် ရေတပ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးနောက် ယခုကဲ့သို့ အပေါ့စား တော်ပီဒိုများ ပေးအပ်ခြင်းဖြစ်သည်ဟု မတ်လ ၂၄ ရက်နေ
့တွင် ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပြီး၊ အိန္ဒိယရေတပ်က မြန်မာရေတပ်မှ တပ်မတော်သားများအား လေ့ကျင့်ပေးခြင်း၊ လေ့ကျင့်ရေးစက်များ ပေးအပ်ခြင်းတို့လည်း ရှိခဲ့သည်။
    ယခု မြန်မာနိုင်ငံသို့ ရောင်းချမည့် တော်ပီဒိုမှာ DRDO မှ တီထွင်ထုတ်လုပ်ပြီး Shyena ဟု အမည်ရသော အဆင့်မြင့် တော်ပီဒိုဖြစ်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။
    Ref: Diplomat
  • တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    မတ် ၃၁၊ ၂၀၁၇
    M-Media
    တရားရုံးသို့ ကြားနာရန်လာရောက်စဉ်က တွေ့ရသည့် ပက်ဂျုံဟေး
    – ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ခံနေရသည့် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ယနေ့မနက်တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    အစိုးရရှေ့နေများက ပက်အား ဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးသို့ ပြီးခဲ့သည့်တစ်ပတ်က တောင်းဆိုခဲ့ပြီး ယနေ့တွင် တရားရုံးက ၀ရမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ဆိုးလ် ဗဟိုခရိုင်တရားရုံးက ထုတ်ပြန်သော ကြောငြာချက်တွက် ပက်ဂျုံဟေးအပေါ် ပြုလုပ်ထားသည့် အဓိက စွဲချက်များ၊ ၎င်းအနေဖြင့် သက်သေများကို ဖျောက်ဖျက်ပစ်နိုသည်ဆိုသည့် စိုးရိမ်မှုတို့ကို အသိအမှတ်ပြုသည့်အတွက်ကြောင့် ယခုကဲ့သို့ ၀ရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    အစိုးရရှေ့နေများမှာ တရားသူကြီးထံသို့ စာမျက်နှာ ၁၂၀၀၀၀ ပါဝင်သည့် အထောက်အထားများကိုလည်း ပေးအပ်ထားသည်။
    Ref: Press TV
  • ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာ ဆောက်လုပ်ရန် အစ္စရေးက ထပ်မံ အတည်ပြု
    ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာ ဆောက်လုပ်ရန် အစ္စရေးက ထပ်မံ အတည်ပြု
    မတ် ၃၁၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန်အတွက် အစ္စရေးအစိုးရက ယမန်နေ့တွင် အတည်ပြုလိုက်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေကို အတားအဆီးဖြစ်စေသည့် ထိုလုပ်ရပ်အတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
    အနောက်ဖက်ကမ်းတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဆောက်လုပ်မည့် အဆိုပါ အစီအစဉ်အတွက် ယမန်နေ့ည နှောင်းပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် အခြေချအိမ်ယာများ ဆောက်လုပ်မှုကို ကုလက ဝေဖန်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ပေ။
    ဒီဇင်ဘာလကလည်း ကုလ လုံခြုံရေးကောင်စီက ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှုများ ရပ်တန့်ရန် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။
    အေမက်ရှီလိုဒေသတွင် ဆောက်လုပ်မည့် အဆိုပါ အခြေချအိမ်ယာ စီမံကိန်းကို ပါလက်စတိုင်း ခေါင်းဆောင်များက ဝေဖန်ရှုတ်ချခဲ့သည်။
    “ဒီနေ့ ဒီလိုကြေငြာမှုက အစ္စရေးဟာ တည်ငြိမ်ရေးနဲ့ တရားမျှတရေးအတွက် လိုအပ်ချက်ကိုတွေကို လိုက်နာမှုထက် တရားမ၀င်ဝင်ရောက်နေထိုင်တဲ့သူတွေရဲ့ ဆန္ဒကို ပိုပြီး ဦးစားပေးတယ်ဆိုတာ ထပ်ပြီး သက်သေပြလိုက်တာပါ” ဟု ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့မှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဟာနန်
    အက်ရှ်ရာဝီက ပြောကြားခဲ့သည်။
    ထို့ပြင် ၁၉၇၆ ခုနှစ်က ပိုင်နက်ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ပါလက်စတိုင်းပြည်သူများကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သောကြာင့် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် နှစ်ပတ်လည်နေ့တွင် အစ္စရေးက ယခုကဲ့သို့ အတည်ပြုလိုက်မှုမှာ ‘အတင့်ရဲသည့်လုပ်ရပ်’ ဖြစ်သည်ဟုလည်း
    ၎င်းက ဆိုသည်။
    အစ္စရေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ယာများ ထပ်မံဆောက်လုပ်ရန် စီမံကိန်းအများအပြားကို အတည်ပြုခဲ့သည်။
    Ref: Aljazeera
  • ဘင်္ဂလားဒေ့ရှ်တွင် မြန်မာစစ်ယူနီဖောင်း အများအပြား ဖမ်းဆီးရမိ
    ဘင်္ဂလားဒေ့ရှ်တွင် မြန်မာစစ်ယူနီဖောင်း အများအပြား ဖမ်းဆီးရမိ
    မတ် ၃၀၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံနယ်နမိတ်နှင့် ထိစပ်နေသည့် ကော့ဇ်ဘဇားခရိုင်ရှိ တခ်နက်ဖ် ဆိပ်ကမ်းတွင် မြန်မာစစ်ယူနီဖောင်း အများအပြားကို ဘင်္ဂလားဒေ့ရှ် အကောက်ခွန်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
    ဖမ်းဆီးရမိခဲ့သည်များတွင် ယူနီဖောင်း အစုံ ၂၀၀၊ အိတ် ၁၈၆ လုံး၊ ခါးပတ် ၄၅၂ ခု၊ ကြည်ကပ်ထည့်သည့်အိတ် ၁၈ ခု၊ ဦးထုပ် ၅၀ တို့ ဖြစ်ကြသည်။ ထို့ပြင် ခြေညှပ်ဖိနပ်များ၊ ငါးခြောက်၊ မန်ကျည်းစေ့နှင့် အသီးသနပ်များလည်း ပါဝင်သည်။
    တခ်နက်ဖ် ဆိပ်ကမ်းမှ အကောက်ခွန်တာဝန်ရှိသူ မိုရှာရက်ဖ် ဟိုစိန် စလင်းက ထိုပစ္စည်းများကို ယမန်နေ့ကညနေပိုင်းက ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ဒီယူနီဖောင်းတွေကို တိုင်းပြည်ထဲ တရားမ၀င် ခိုးသွင်းလာတာပါ” ဟု ၎င်းက ဆိုသည်။
    Rahman Trading နှင့် SR Trading ကုမ္ပဏီများက ၎င်းတို့အနေဖြင့် ငါးခြောက်များ၊ မန်ကျည်းစေ့များနှင့် သစ်သီးသနပ်များ တင်သွင်းမည်ဟုဆိုကာ စစ်ယူနီဖောင်းများ ခိုးသွင်းလာခြင်းဖြစ်သည်။
    အကောက်ခွန်အရာရှိများ၏ မှတ်တမ်းတွင် ဘန်ဒါဘန်မှ လူငယ်တစ်ဦးမှာ အဆိုပါ စစ်ယူနီဖောင်းများ တင်သွင်းရန်အတွက် Rahman Trading သို့ ၀င်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အဘူဇာရ် အလ် ဂျာဟစ်က အဆိုပါလူငယ် ဘူအောင်ချက္ကမာကို ထိးနိမ်းထားသည်ဟု ပြောကြားခဲ့သည်။
    ယနေ့မနက်တွင် တက်နက်ဖ် ရဲစခန်းမှ တာဝန်ရှိသူ မိုဟာမက် မာအင် အူဒင်ခန်းက မိမိအနေဖြင့် ထိုဖမ်းဆီးမှုအကြောင်း မသိရှိသေးကြောင်း၊ မည်သူမှလည်း ရဲတပ်ဖွဲ့သို့ မလွှဲပေးသေးကြောင်း ပြောကြားခဲ့သည်။
    Ref: The Daily Star