News @ M-Media

Blog

  • မြန်မာမွတ်စလင် အမျိုးသား အဖွဲ့ချုပ် နာယက ဒု-ဗိုလ်မှူးကြီး ရန်မောင် (ငြိမ်း) ကွယ်လွန်

    မြန်မာမွတ်စလင် အမျိုးသား အဖွဲ့ချုပ် နာယက ဒု-ဗိုလ်မှူးကြီး ရန်မောင် (ငြိမ်း) ကွယ်လွန်

    မတ်လ ၂၄ ၊ ၂၀၁၇
    M-Media
    သတင်း-မိုးစက်

    မြန်မာမွတ်စလင်အမျိုးသား အဖွဲ့ချုပ် (မအဖ) ရဲ့ ဦးသျှောင်နာယကကြီးတစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဦးရန်မောင် (ငြိမ်း) သည် ဦးနှောက်သွေးကြောပိတ်သည့် ရောဂါဖြင့် မတ်လ ၂၄ ရက်နေ့မှာ ကွယ်လွန်သွားကြောင်းသိရပါတယ်။

    ဒုတိယဗိုလ်မှူးကြီး ဦးရန်မောင် (ငြိမ်း) သည် ရမည်းသင်းဇာတိဖြစ်ပါတယ်။ တက္ကသိုလ် ဒုတိယနှစ်အရွယ်မှာ ဗိုလ်သင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ ကုန်သွယ်ရေးရုံးကို ဒု- အရာရှိအဖြစ် ပထမဆုံး တာဝန်လာရောက် ထမ်းဆောင်ခဲ့ရပါတယ်။ အငြိမ်းစား မယူခင်  ခလရ-၄၁ တွင် ဒုဗိုလ်မှူးကြီး တာဝန်အဖြစ်လည်းကောင်း၊ ခယက ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    မြန်မာမွတ်စလင်အဖွဲ့အစည်းများဘက်တွင်လည်း ၁၉၉၃ ခုနှစ်မှာ မြန်မာမွတ်စလင်အမျိုးသား အဖွဲ့ချုပ် (မအဖ) ရန်ကုန်တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာမွတ်စလင်အမျိုးသား အဖွဲ့ချုပ် (မအဖ) ဌာနချုပ်တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာမွတ်စလင်အမျိုးသားရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။

    ဦးရန်မောင် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း) သည် ၂၀၀၆ ခုနှစ်မှ မသေဆုံးမီအချိန်ထိ မြန်မာမွတ်စလင်အမျိုးသား အဖွဲ့ချုပ် (မအဖ) ဌာနချုပ်တွင် နာယကအဖြစ် တာဝန်ယူပြီး မြန်မာမွတ်စလင် အရေးကိစ္စများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

    ကွယ်လွန်သူ ဦးရန်မောင် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)ကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ရေဝေးရှိ မွတ်စလင်မ် သုဿာန်ဥယျာဉ်တော်၌ အစ္စလာမ်ဘာသာဝင်တို့၏ ထုံးစံအတိုင်း မြှုပ်နှံသဂြိုလ်ခဲ့ကြောင်းသိရှိရပါတယ်။

    ဦးရန်မောင် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း) ကွယ်လွန်ချိန်တွင် ဇနီး ဟာဂျီမ ဒေါ်ခင်သန်းရီနှင့် သမီး (၃) ယောက်တို့ ကျန်ရှိခဲ့ပါတယ်။

  • ကချင်နှင့် ရခိုင်ပြဿနာအတွက် အချက်အလက်ရှာဖွေရေးအဖွဲ့လွှတ်ရန် ကုလ ဆုံးဖြတ်

    ကချင်နှင့် ရခိုင်ပြဿနာအတွက် အချက်အလက်ရှာဖွေရေးအဖွဲ့လွှတ်ရန် ကုလ ဆုံးဖြတ်

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – ကချင်ပြည်နယ်တွင် တိုင်းရင်းသားပြည်သူများ ညှင်းပမ်းခံရမှု၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းကို လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းတို့ ပြုလုပ်သည်ဆိုသည့် သတင်းများအတွက် အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ခု စေလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ယနေ့တွင် သဘောတူခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ စေလွှတ်ရေး ဆုံးဖြတ်ချက်တစ်ခုကို ဥရောပသမဂ္ဂမှ တင်သွင်းခဲ့ကာ အဖွဲ့ဝင်များက တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများကလည်း ထောက်ခံခဲ့ပြီး အမေရိကန်က “ကျူးလွန်သူများကို အပြည့်အ၀ တာဝန်ယူစေရေး၊ ထိခိုက်ခံစားရသူများကို တရားမျှတမှု ဆောင်ကျဉ်းပေးရေး” အတွက် ဆော်သြခဲ့သည်။

    ကုလဆိုင်ရာ မြန်မာသံအမတ် ဦးထင်လင်းက မြေပြင်တွင် ဖြစ်ပွားနေသည့်အခြေအနေ၊ မိမိတို့နိုင်ငံ၏ အနေအထားများနှင့် သဟဇာတဖြစ်မှု မရှိသောကြောင့် ထိုကဲ့သို့သော လုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အကောင်းဆုံးနှင့် ထိရောက်မှုအရှိဆုံး လမ်းကြောင်းကို မြန်မာပြည်သူလူထုအား ရွေးချယ်ခွင့်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “လုပ်စရာရှိတာတွေအားလုံး လုပ်သွားမှာပါ။ ပညာသတိကြီးကြီးထားပြီး၊ တည်ကြည်ရိုးဖြောင့်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှားပါ” ဟု ဦးထင်လင်းက ဆိုသည်။ တရုတ်နှင့် အိန္ဒိယတို့က ထိုဆုံးဖြတ်ချက်မှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး တရုတ် သံအမတ်ကမူ ပြဿနာကို တစ်ညတည်းဖြင့် ဖြေရှင်း၍ မရဟု ပြေကြားခဲ့သည်။

    အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်သည့် လူ့အခွင့်အရေးကောင်စီ၏ ထိုဆုံးဖြတ်မှုကို တက်ကြွလှုပ်ရှားသူများက ချီးကျူးခဲ့ကြပြီး ‘သမိုင်းဝင် ဆုံးဖြတ်ချက်’ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော်လည်း ပြည့်ဝသည့် နိုင်ငံတာ စုံစမ်းစစ်ဆေးရေးကော်မရှင် မဟုတ်သည့်အတွက် စိတ်တိုင်းမကျဟုဆိုပြီး မြန်မာအစိုးရကိုလည်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    Ref: Reuters

  • ကွန်ဂိုမျိုးချစ်အစွန်းရောက်တပ်ဖွဲ့၏ သတ်ဖြတ်မှုခံရသည့် လူမျိုးစုကို ICC က လျော်ကြေးပေးမည်

    ကွန်ဂိုမျိုးချစ်အစွန်းရောက်တပ်ဖွဲ့၏ သတ်ဖြတ်မှုခံရသည့် လူမျိုးစုကို ICC က လျော်ကြေးပေးမည်

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – စစ်ရာဇ၀တ်မှုဒဏ် ခံစားခဲ့ရသူများကို ပထမဆုံးအကြိမ်အဖြစ် လျော်ကြေးပေးရန်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ တရာသူကြီးများက ယနေ့တွင် ကြေငြာသွားရန် ရှိနေသည်။

    ၂၀၀၃ ခုနှစ်က ကွန်ဂိုနိုင်ငံရှိ ရွာတစ်ရွာကို ဂျာမိန်း အာတန်ဂါ ဦးဆောင်သည့် ကွန်ဂိုမျိုးချစ် လက်နက်ကိုင်တပ်ဖွဲ့ (FRPI) က တိုက်ခိုက်မှုအတွင်း ထိခိုက်ခံစားရသူ ၃၀၄ ဦးအတွက် လျော်ကြေး ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၆.၄ သန်း ပေးမည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

    ထိုသို့ လျော်ကြေးပေးမှုမှာ ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး ရာဇ၀တ်မှုများကို ကိုင်တွယ်ရန် ၂၀၀၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် ICC အတွက် သမိုင်းဝင်ခြေလှမ်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

    အီတူရီပြည်နယ် ဘိုဂိုရိုကျေးရွာတွင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီက လူမျိုးစုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ကာတန်ဂါကို ၂၀၁၄ ခုနှစ်က စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု စွဲချက် ၅ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ခေါင်းဖြတ်သတ်ခံရခြင်းတို့ကြောင့် ရွာသား ၂၀၀ ခန့် သေဆုံးခဲ့သည်။

    ရှေ့နေများက ထိခိုက်ခံစားခဲ့ရသူများအတွက် လျော်ကြေး ၂၄.၇ သန်း တောင်းခံခဲ့သော်လည်း အနည်းဆုံး ၁၆.၄ သန်း ရရှိနိုင်မည်ဟု ဆိုသည်။

    Ref: Aljazeera

  • လူမည်းကို နိုင်သလောက်သတ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်ကို အမေရိကန် တရားစွဲ

    လူမည်းကို နိုင်သလောက်သတ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်ကို အမေရိကန် တရားစွဲ

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – နယူးယောက်မြို့ရှိ အသက် ၆၆ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးကို ဓားရှည်ဖြင့် ခုတ်သတ်ခဲ့သည့် လူဖြူအစွန်းရောက်တစ်ဦးကို အမုန်းအခြေပြု လူသတ်မှုနှင့် ကြာသာပတေးနေ့က တရားစွဲဆိုထားသည်ဟု သိရသည်။

    အသက် ၂၈ နှစ်အရွယ် ဂျိမ်းစ် ဟာရစ် ဂျက်ဆန်ဆိုသူဖြစ်ပြီး တနင်္လာနေ့က တီမိုသီ ကော့ဟ်မန်းကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဂျက်ဆန်က မိမိမှာ လူမည်းများကို လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက မုန်းတီးနေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

    “နယူးယောက်မှာ လူမည်းတွေကို နိုင်သလောက်သတ်ဖို့ သူက စီစဉ်ထားပါတယ်။ ဒီတရားခံရဲ့ နောက်ကွယ်က လှုံ့ဆော်မှုက အမုန်းတရားဆိုတာ ထင်ရှားပါတယ်” ဟု တရားသူကြီး ဂျိုအန် အီလူဇီက ပြောကြားခဲ့သည်။

    ကော့ဟန်းမှာ ၎င်း၏ အိမ်နားရှိ အမှိုက်ပုံးတွင် ပုလင်းများကို ကုန်း၍ ယူနေစဉ် ဂျက်ဆန်က ဓားဖြင့်ရင်ဘတ်နှင့် နောက်ကျောတို့ကို ခုတ်ကာ ထွက်ပြေးခဲ့သည်။ ကော့ဟန့်မှာ သွေးထွက်လွန်၍ ဆေးရုံတွင် သေဆုံးခဲ့သည်။ ဂျက်ဆန်ကမူ ဓားကို အမှိုက်ပုံးထဲတွင် ထည့်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းပုံပါသော လုံခြုံရေး
    ကင်မရာမှတ်တမ်းကို ထုတ်ပြန်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ သွားရောက်အဖမ်းခံခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် သောကြာနေ့တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    ဂျက်ဆန်မှာ ၂၀၁၂ ခုနှစ်အထိ စစ်တပ်တွင် ၃ နှစ်အမှုထမ်းခဲ့ပြီး လူဖြူအမျိုးသမီးများနှင့် ချိန်းတွေ့သော လူမည်းများကို အညှိုးထား မုန်းတီးနေသူဖြစ်သည်။

    အစိုးရရှေ့နေ အီလူဇီကမူ ထိုအမှုမှာ အကြမ်းဖက်မှု ဖြစ်နိုင်သည့်အတွက် ဂျက်ဆန်အပေါ် စွဲထားသည့် စွဲချက်များကို ထပ်မံမြှင့်တင်သွားရန် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဂျန်ဆန်၏ ရှေ့နေကမူ ၎င်း၏ အမှုသည်မှာ စိတ်ရောဂါ ခံစားနေရဖွယ် ဖြစ်နိုင်ချေရှိသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    မတ် ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ၁၃ ရာစု မွတ်စလင် တိုင်းရင်းဆေးပညာရှင် မာလာဂါမြို့မှ အလ်-ဘေတာ၏ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    – လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဥယျာဉ်ပန်းခြံတွေဟာ သိပ္ပံဆိုင်ရာ မြေပြင်ဓာတ်ခွဲခန်းတွေ ဖြစ်ခဲ့ပြီး အပင်တွေရဲ့ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေနဲ့ပတ်သက်လို့ လမ်းညွှန်ကျမ်းတွေ ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီးတွေ ပျော်မွေ့ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ သစ်ပင်ပန်းမာလ်တွေကနေ စီမံဖော်ထုတ်တဲ့ ဆေးတွေဟာ သီးခြားဆေးဝါးတစ်ခုလို့ ရှုမြင်ခြင်းမခံရဘဲ လက်တွေ့အသုံးချ ဆေးပညာမှာ အင်မတန်အရေးပါခဲ့ပြီး ဆေးရုံတော်တော်များများဟာ ကုသမှုမှာ အသုံးပြုဖို့ ဆေးဘက်ဝင်အပင်တွေကို ပန်းခြံအပြည့် တယုတယစိုက်ထားကြကာ အဲဒီအပင်တွေကနေ ဆေးဝါးတွေ ဖော်စပ်ထုတ်လုပ်တာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။

    အပင်တွေကနေ ဆေးဝါးထုတ်လုပ်တာမျိုးတွေကို လူ့ယဉ်ကျေးမှု အစကတည်းက လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ  စာအရေးအသား မပေါ်ခင်ကတည်းက သစ်ပင်ပန်းပင်တွေကနေ ဆေးဝါးထုတ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ အနောက်နိုင်ငံမှာတော့ ပထမဆုံး ‘တိုင်းရင်းဆေးကျမ်း’ (ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို စုစည်းရှင်းပြထားတဲ့စာအုပ်) ဟာ ဂရိနိုင်ငံမှာ ပေါ်ထွက်လာခဲ့ပြီး ခရစ်တော်မပေါ်ခင် တတိယရာစုမှာ ဒီယိုကလီစ် အော့ဖ် ကာရီစတုစ် (Diocles of Carystus) က ရေးသားခဲ့ပြီး၊ ဘီစီ ၁ ရာစုမှာတော့ ကရာတေယက်စ် (Crteuas) ဆိုတဲ့ ပညာရှင်တစ်ဦးကလည်း ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ ဂရိတွေရဲ့ တိုင်းရင်းဆေးကျမ်းတွေထဲက လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ကျမ်းကတော့ ဒီအိုစကိုရီဒီစ် (Dioscorides) က အေဒီ ၆၅ မှာ ရေးသားခဲ့တဲ့ De Materia Medica ကျမ်း ဖြစ်ပါတယ်။ ဒီအိုစကိုရီဒီစ်ဟာ ဂရိနဲ့ ရောမ ပညာရှင်တွေထဲမှာ တိုင်းရင်းဆေးအပေါ် လွှမ်းမိုးမှုအရှိဆုံး ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

    ၁၅ ရာစု အာရဘီ ရုက္ခဗေဒကျမ်းမှ စာမျက်နှာတစ်ခု

    မွတ်စလင်တွေရဲ့ နယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ မွတ်စလင်ကုန်သည်တွေ၊ ခရီသွားတွေဟာ ယခင်က သူတို့မသိကြတဲ့ တိုင်းတစ်ပါးက အပင်တွေ၊ မျိုးစေ့တွေ၊ မျိုးစိတ်တွေနဲ့ ထိတွေ့လာခဲ့ကြပြီး၊ ကုန်ကြမ်း အများအပြားနဲ့ သူတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ပညာရပ်တွေ၊ အချက်အလက်တွေကိုပါ ဆောင်ကျဉ်းလာခဲ့ကြကာ အာရှက မြေပြန့်လွင်ပြင်ကြီးတွေကနေ ဥရောပက တောင်တန်းကြီးတွေအထိ ရှာဖွေရေးခရီးအတွက် ခြေဆန့်ခဲ့ကြပါတယ်။ စက္ကူကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှုကလည်း သူတို့ရဲ့ ခရီးစဉ်အသေးစိတ်ကို ရောက်ရှိရာနေရာမှာပဲ မဆိုင်းမတွ မှတ်တမ်းတင်ခွင့်ရခဲ့သလို စူးစမ်းဖော်ထုတ်မှုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

    ဒီလို အချက်အလက်တွေနဲ့ အသုံးဝင်ပစ္စည်းတွေ စုဆောင်းမှုနဲ့ သူတို့ရဲ့ သိပ္ပံနည်းကျ ဆေးဝါးဆိုင်ရာ အသိပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တိုင်းရင်းဆေးဝါးအသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ လေ့လာမှုတွေကြောင့် အချက်အလက်တွေ တော်တော်များများကို စုဆောင်းရမိခဲ့သလို အင်မတန် ကြီးကျယ်တဲ့ အလုပ်များစွာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

    အေဒီ ၁၀၀၂ မှာ ကွယ်လွန်ခဲ့တဲ့ အစ်ဗနေ့ ဆာမာဂျွန် (Ibn Smajun) ဟာ Collection of Simples, Medicinal Plants and Resulting Medicines (တွေ့ရလွယ်သည့် ဆေးဖက်ဝင်အပင်များနှင့် ဆေးဖော်စပ်မှုများစုစည်းမှု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဒီကျမ်းဟာ သူ့ရဲ့အရင်က သမားတော်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို အခြေခံကာ အပင်တွေနဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို ခွဲခြမ်းစိတ်ဖြာ ဖော်ပြထားတဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၁၁ ရာစုမှာလည်း အစ်ဗနေ့ ဆီနာ (Ibn Sina) ဟာ သူ့ရဲ့ Cannon ကျမ်းကြီးထဲမှာ ဆေးဘက်ဝင်အပင်တွေကနေ ဖော်စပ်တဲ့ ဆေးနည်းပေါင်း ၁၄၂ ခုကို ဖော်ပြခဲ့ပါတယ်။

    ရုက္ခဗေဒလို့ခေါ်ပြီး အပင်တွေ၊ အပင်တွေရဲ့ ဆေးဘက်ဝင်မှုကို လေ့လာတဲ့ ဒီပညာရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ‘ခေတ်သစ် ရုက္ခဗေဒပညာရပ်ရဲ့ ဖခင်ကြီး’ လို့ ခေါ်တဲ့ အဘူ ဟာနီဖာ အလ်-ဒီနာဝါရီ (Abu Hanif al-Dinawari) ဟာ A Treatise on Plants (အပင်ဆိုင်ရာကျမ်း) ဆိုတဲ့စာအုပ်မှာ ဆေးဖက်ဝင်အပင်ပေါင်း မြောက်များစွာရဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ၁၀ ရာစုက မွတ်စလင်ဆေးပညာရှင်ကြီး အလ်-ရာဇီ (Al-Razi) လို အခြား မွတ်စလင်ပညာရှင်တွေက ဒူလာရောဂါကို ကုသရာမှာ ကံကုမံပင်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ပါတယ်။

    ရုက္ခဗေဒဟာ သိပ္ပံပညာရပ်တစ်ခု ဖြစ်လာတဲ့အချိန် ဓာတုဗေဒပညာရပ်ဟာ အံ့မခန်းနှုန်းနဲ့ တိုးတက်လာခဲ့ပြီး ဒီပညာရပ်နှစ်ခုစလုံး တိုးတက်ထွန်းကားလာမှုက တိုင်းရင်းဆေးပညာကို ဆေးဘက်ဆိုင်ရာ အဓိကရေစီးကြောင်းထဲရောက်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ ၁၀ ရာစုမှာ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ ရေတင်စက်တွေ၊ ရေသွင်းစိုက်ပျိုးတဲ့နည်းလမ်းသစ်တွေ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သုတေသနဥယျာဉ်တွေ၊ ဆေးဘက်ဝင်အပင်စိုက်ပျိုးမှုတွေကလည်း  အလျိုအလျို ပေါ်ထွက်လာခဲ့ပါတယ်။

    စပိန်က မွတ်စလင်အုပ်စိုးတဲ့ အလ်-အန်ဒါလုစ်ဒေသဟာ တိုင်းရင်းဆေးပညာအခြေတည်ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ၁၁ ရာစုမှာ စပိန်က တော်လေဒိုမြို့၊ ဥရောပရဲ့ ပထမဆုံး တော်ဝင် ရုက္ခဗေဒဥယျာဉ်တွေရှိရာဒေသလို့ တင်စားခြင်းခံရတဲ့ ဆီးဗီးလ်မြို့တွေမှာလည်း ဒီလို ဆေးဖက်ဝင်အပင်တွေ အုံနဲ့ကျင်းနဲ့ စိုက်ပျိုးတာတွေ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဥယျာဉ်ပန်းခြံ တစ်ခုအဖြစ်သာ ကျေနပ်ကြပေမယ့် နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်းက ယူဆောင်လာတဲ့ ဆေးဖက်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးရာနေရာတွေ ဖြစ်ခဲ့ပါတယ်။

    မွတ်စလင် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ မာလာဂါမြို့က အစ်ဗနေ့-အလ်-ဘေတာ (Ibn al-Baytar) ဟာ Dictionary of Simple Remedies and Food (ဆေးမြီတိုများနှင့် အဟာရ အဘိဓာန်) ကို ပြုစုခဲ့ပြီး အဲဒီကျမ်းဟာ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်သလို အလ်-ဘေတာရဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင်မှုကို ရောင်ပြန်ဟပ်စေတဲ့ ကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်ဘေတာဟာ အပင်ပေါင်း ၃၀၀၀ ကျော်နဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို လေ့လာဖော်ထုတ်ထားပါတယ်။

    ဆေးဖက်ဝင်အပင်ဆိုင်ရာ အကျော်ကြားဆုံး စာအုပ်ကိုတော့ သက္ကရာဇ် ၁၁၆၅ ခုနှစ်မှာ မွတ်စလင်ပညာရှင် အလ်-ဂါဖီကီ (Al Ghafiqui) က ရေးသားခဲ့ပြီး The Book of Simple Durgs (ရိုးရှင်းသေားဆေးဝါးများ) ဆိုတဲ့ ဒီကျမ်းဟာ တော်တော်လေး တိကျပြည့်စုံကာ ၁၉၃၂ ခုနှစ်က အီဂျစ်မှာ မက်စ် မီယာရုဖ် (Max Meyerhof) က ပြန်လည် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

    ၁၀ ရာစုမှာတော့ အစ်ဗနေ့ ဂျူလ်ဂျူလ် (Ibn Juljul) က ဒီအိုစကိုရီဒီစ်ရဲ့ နှစ်ပေါင်း ၉၀၀ ကြာမြင့်နေပြီ ဖြစ်တဲ့ De Materia Medica ကျမ်း ရှင်းလင်းချက်ကို ရေးသားခဲ့ပြီး အာရဘီဘာသာစကားကို ပြန်ဆိုခဲ့ကာ မန်ကျီး၊ ပရုပ်၊ စန္ဒကူးနဲ့ ဖာလာတို့လို အပင်တွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းတွေကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ် နောက်ပြီး အပင်သစ်တော်တော်များများနဲ့ အမျိုးမျိုးသော ရောဂါဘယတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကိုလည်း အဲဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    တိုင်းရင်းဆေးသမိုင်းမှာ မွတ်စလင်တွေ ဆောင်ရွက်ပေးခဲ့ပြီး အင်မတန်မှ ရိုးရှင်းထိရောက်တဲ့ ဆောင်ရွက်ချက်တစ်ခုက ဆေးဘက်ဝင်အပင်တွေဟာ လူနာတွေအပေါ် ဘယ်လို ထိခိုက်လည်းဆိုတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒါက လုပ်ဖို့ အင်မတန်ထင်ရှားတဲ့ ကိစ္စလို့ ထင်ရပေမယ့် အဲဒီခေတ်ကာလတုန်းကတော့ ဒါကို စမ်းသပ်ဖို့၊ စူးစမ်းဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်းတွေကိုသာ မှီခို အသုံးပြုရတာပါ။

    စပိန်နိုင်ငံ မာလာဂါမြို့တွင် ဂုဏ်ပြုထုတ်လုပ်ထားသော မွတ်စလင်တိုင်းရင်းဆေးဆရာကြီး အလ်-ဘေတာ၏ ရုပ်ထုကို

    အလယ်ခေတ်ဥရောပမှာ ဆေးဘက်ဝင်အပင်ဆိုင်ရာကျမ်းတွေဟာ တော်တော်လေးနည်းပါးပြီး ပညာရှင် အနည်းငယ်လောက်ကသာ သိရှိကြပါတယ်။ ၁၅ ရာစု အဆုံးပိုင်းလောက်အထိ ဥရောပသားတွေဟာ အာရဘီဆေးကျမ်းတွေ၊ ဂရိကျမ်းတွေကို အာရဘီလို ပြန်ဆိုထားတဲ့ စာအုပ်တွေကို လက်တင်ဘာသာကို ပြန်ဆိုပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။။ သက္ကရာဇ် ၁၅၀၀ နဲ့ ၁၆၀၀ အကြားမှာ ဂရိပညာရှင်ကြီး ဒီအိုစကိုရီဒီစ်ရဲ့ ဆေးကျမ်းကို တည်းဖြတ်ထုတ်ဝေမှု ၇၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

    ဥရောပ တိုင်းရင်းဆေးပညာရှင်တွေရဲ့ အောင်မြင်မှုကို မွတ်စလင် ရုက္ခဗေဒပညာရှင်တွေဆီက ဘယ်လောက်အတုခိုးနိုင်လဲ၊ ဒီအိုစကိုရီဒီစ်ကို ဘယ်လောက် နာမည်ပိုကြီးအောင် လုပ်နိုင်မလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် ဒါဟာလည်း အမြဲတမ်းတော့ အလုပ်ဖြစ်နေတာမဟုတ်ပါဘူး။ အလယ်ခေတ် အီတလီမှာ ကျော်ကြားခဲ့တဲ့ ဆဲလ်လာနို (Salerno) ဆေးတက္ကသိုလ်ကြီးဟာ လက်တင်၊ ဂရိနဲ့ အာရဘီ ဘာသာစကားတွေအပေါ်မှာ နားလည်တတ်ကျွမ်းမှုမရှိတာ၊ ဘာသာပြန်ပေါ် ဘာသာပြန် ထပ်နေတဲ့ ဂရိတိုင်းရင်ဆေးကျမ်းတွေကို အပြည့်အ၀ နားမလည်တာကြောင့် သြဇာအရှိန်အ၀ါ ကျဆင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဥရောပက တိုင်းရင်းဆေးပညာရှင်တွေဟာ အသိပညာမကြွယ်ဝမှု၊ လက်တွေ့ဆောက်ရွက်မှု မရှိတာ၊ စောစောပိုင်း ဆိုးရွာတဲ့ ဂရိဘာသာပြန်တွေ၊ ဒေသသုံးအမည်တွေနဲ့ မှည့်ခေါ်ထားတဲ့အတွက် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ အပင်တွေကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ခြင်း မရှိတာကြောင့် တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၆ ရာစု အင်္ဂလန် သံတမန်နဲ့ ပညာရှင် ဆာ သောမတ်စ် အဲလ်ယွတ် (Sir Thomas Elyot) က သူအနေနဲ့ ရှေးဟောင်း တိုင်းရင်းဆေးပညာရပ်တွေကနေ ဘာမှ နားမလည်ဘဲ ‘ဒါတွေဟာ ကျန်းမာရေးအတွက် နည်းနည်းမှ အကျိုးမရှိဘူး’ လို့ ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းဆေးပညာဟာ ပြန်ထွန်းခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဥရောပမှာ မရှိမဖြစ် ကုသနည်းတစ်ခု ဖြစ်နေပါပြီ။ ယူကေပြည်သူ ၅ ဦးမှာ တစ်ဦးဟာ အခြားဆေးကုသနည်းတွေကို အသုံးပြုနေကြပြီး မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်ပြည်သူ ၁၀ ဦးမှာ ၁ ဦးက တိုင်းရင်းဆေးဝါး၊ ဒါမှမဟတ် ဓာတ်ကြမ်းတိုက်ကုသနည်းတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးဝါး လုပ်ငန်းရဲ့ တန်ဖိုးဟာလည်း နှစ်စဉ် တိုးတက်လာနေပါတယ်။ မွတ်စလင်ကမ္ဘာမှာလည်း တိုင်းရင်းဆေးဝါးရဲ့ အရေးပါမှုဟာ ပြန်လည် ရှင်သန်လာပြီး တိုင်းရင်းဆေးသမားတော်ကြီးတွေလည်း ပြန်လည် ပေါ်ထွက်လာနေပါတယ်။ ကမ္ဘာတစ်ဝှမ်း ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီ တိုင်းရင်းဆေးဟာ ရာစုနှစ်ပေါင်းများစွာ ရိုးရာတစ်ခုအနေနဲ့ ရှိနေခဲ့၊ ရှိနေဆဲ ဖြစ်ပါတယ်။

     

    ၁၅ ရာစု အာရဘီ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်