News @ M-Media

Blog

  • နိုင်ငံတကာအသင်းအဖွဲ့များ၏ Twitter အကောင့်များ တိုက်ခိုက်ခံရ

    နိုင်ငံတကာအသင်းအဖွဲ့များ၏ Twitter အကောင့်များ တိုက်ခိုက်ခံရ

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် နိုင်ငံရေးအသင်းအဖွဲ့များ၊ အဏာပိုင်များ အပါအ၀င် Twitter အကောင့်အများအပြားမှာ တူရကီအစိုးရအား ထောက်ခံသည်ဟု ယူဆရသော အဖွဲ့တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    အကောင့်များကို တိုက်ခိုက်ရယူပြီးနောက် ‘Nazialmanya’ (နာဇီဂျာမနီ)၊ ‘Nazihollanda’ (နာဇီဟော်လန်) စသည့် စကားလုံးများ၊ စကြာတံဆိပ်များဖြင့် ပို့စ်တင်ခဲ့ပြီး နယ်သာလန်နှင့် တူရကီအကြား သံတမန်ဆက်ဆံရေး တင်းမာမှုများကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ယူဆရသည်။

    လက်ရှိသမ္မတ အာဒိုဂန်ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို ဧပြီလ ၁၆ ရက်နေ့တွင် တူရကီ၌ ပြုလုပ်ရန်ရှိနေသည်။

    ထိုကိစ္စကို ထောက်ခံသည့်အနေဖြင့် ဂျာမနီနှင့် နယ်သာလန်တို့တွင် ရောက်ရှိနေသော တူရကီနိုင်ငံသားများ ချီတက်လမ်းလျှောက်မှု ပြုလုပ်ရန် စီစဉ်ထားမှုကို သက်ဆိုင်ရာအစိုးရများက လက်မခံသောကြောင့် တူရကီနှင့် ထိုနိုင်ငံများအကြား ယခုရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယနေ့ တိုက်ခိုက်ခံရသော Twitter အကောင့်များတွင် ‘ဧပြီ ၁၆ ရက်နေ့တွေ့မယ်’ ‘အော်တိုမန်လေးရဲ့ ပညာပြမှု’ စသည့် စာသားများကိုလည်း၊ အာဒိုဂန်၏ ပုံရိပ်များပါဝင်ပြီး မတ်လ ၁၄ ရက်နေ့က YouTube တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုနှင့်အတူ တွဲ၍ မျှဝေခဲ့သည်။

    ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ Bloomberg၊ Reuters Japan၊ Forbes၊ BBC North America နှင့် ဂျာမန်သတင်းဌာန Die Welt ၏ အကောင့်များလည်း တိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သည်။

    Ref: RT

  • အသင်းအတွက် ဂုဏ်ယူသည်ဟု လက်စတာနည်းပြပြော

    အသင်းအတွက် ဂုဏ်ယူသည်ဟု လက်စတာနည်းပြပြော

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – ချန်ပီယံလိဂ်တွင် ဆီးဗီးလားအသင်းအား အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိသည်ဟု လက်စတာစီးတီးအသင်း၏ ယာယီနည်းပြ ခရေ့ဂ်ျ ရှိတ်စပီးယားက ပြောကြားလိုက်သည်။

    ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ပထမအကျော့က အဝေးကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လက်စတာအသင်းမှာ ယနေ့မနက် အိမ်ကွင်းပွဲစဉ်တွင် ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သောကြောင့် အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ရာနီယေးရီအား ထုတ်ပယ်ခဲ့ပြီးနောက် ရာသီကုန်အထိ တာဝန်ယူထားရသည့် ရှိတ်စပီးယားမှာ ၎င်း ကိုင်တွယ်ခဲ့သည့် ၃ ပွဲစလုံးကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီး ယနေ့ နိုင်ပွဲအတွက် ဂုဏ်ယူမိသည်ဟု ၎င်းက ဆိုသည်။

    “အတိုင်းမသိပါပဲ။ ဒီလိုရဒ်မျိုးထွက်ပေါ်လာတာကြောင့် ကစားသမားတွေနဲ့ အသင်းဟာ အတိုင်းမသိ ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့ဟာ နိုင်လိုစိတ် ပြင်းပြင်းပြပြနဲ့ ကစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်တော်လေး ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကံကောင်းခဲ့ပေမယ့် ကစားသမားတွေလည်း တော်တော်ကောင်းမွန်တဲ့ပုံစံကို ပြသခဲ့ကာ လူတိုင်း ဒါကို တွေ့မှာပါ” ဟု ရှိတ်စပီးယားက ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးဗီးလားအသင်း၏ အပိုင်ကန်သွင်းချက်တစ်ခုကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ရှမိုက်ကယ်ကိုလည်း ချီးကျူးခဲ့သည်။ ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို မနက်ဖြန်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Goal

  • IS လက်မှ မူဆိုးလ်မြို့ ပြန်သိမ်းရေး နောက်ဆုံးအဆင့် ရောက်နေ

    IS လက်မှ မူဆိုးလ်မြို့ ပြန်သိမ်းရေး နောက်ဆုံးအဆင့် ရောက်နေ

    မတ် ၁၅၊ ၂၀၁၇
    M-Media

    မူဆိုးလ်မြို့ထိုးစစ်တွင်ပါဝင်နေသည့် အီရတ်စစ်သားများ

    – IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားသော မူဆိုးလ်မြို့ လွတ်မြောက်ရေး အီရတ်စစ်တပ်၏ ထိုးစစ်မှာ နောက်ဆုံးအဆင့် ရောက်နေပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    ယမန်နေ့က ဘဂ္ဂဒတ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး လက်နက်ချသူများကို မျှတသည့် တရားစီရင်မှု ပြုလုပ်မည်ဖြစ်ကာ ဆက်လက်တိုက်ခိုက်သူများကို ‘လုံးဝ ချေမှုန်းသွားမည်’ ဟု ကျန်ရှိနေသည့် အကြမ်းဖက်သမားများကို သတိပေးခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာမည် မဟုတ်တော့ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ သိပ်ပြီး ဂရုစိုက်နေပါတယ်။ IS ရဲ့ မိသားစုတွေကိုတောင်မှပါ။ သူတို့ကို ဂရုစိုက်နေပြီး တိုက်ခိုက်ရေးသမားတွေတော့ မပါပါဘူး။ မိသားစုတွေကို ကျွန်တော်တို့ ပစ်မှတ်မထားဘူး။ ဒါပေမယ့် IS အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှာပါ။ သူတို့ကို တိုက်ခိုက်သွားမှာဖြစ်ပြီး အဖမ်းခံရရင် မျှတတဲ့ တရားစီရင်မှုရမယ်။ ပြန်တိုက်မယ်ဆိုရင်တော့ သူတို့ ချေမှုန်းခံရမှာပါ”

    အီရတ်စစ်တပ်နှင့် မျိုးနွယ်စုတပ်ဖွဲ့များ ပူးပေါင်းကာ ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ပြီး မြို့တွင်းမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၈၀၀၀ အထိ ရှိလာပြီဟု နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများအဖွဲ့က ပြောကြားထားသည်။

    လက်ရှိတွင် အီရတ်စစ်တပ်မှာ မြို့အရှေ့ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ အနောက်ပိုင်းကို သိမ်းပိုက်ရေး ထိုးစစ်ဆင်ခဲ့သည်။

    Ref: Press TV

  • နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ

    မကြာသေးခင်က ရန်ကုန်မြို့တွင် ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကျင်းပသွား တာ တွေ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး နှစ်ယောက်လုံးကို ချီးကျူးစကားများ ပြော ကြားသွားသည်။ ကျန်ရစ်သူမိသားစုနှစ်စုအနေဖြင့် မိမိတို့မိသားစုဝင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးနေကြ မည်မှာမှန်သော်လည်း တဖက်က ယခုလို တတိုင်းတပြည်လုံးက မိမိတို့ကို နှုတ်အားဖြင့်တင်မက ငွေအား၊ လူအားဖြင့်ပါ ဝိုင်းဝန်းဖေးမကူညီကြသည်ကိုမြင်ရသဖြင့် ဖြေသာမည်၊ မိမိတို့ချစ်ခင်ရသည့် သွားလေသူနှစ်ဦးအတွက် ဝမ်းမြောက် ဂုဏ်ယူ ကြလိမ့်မည်၊ စိတ်ဒဏ်ရာများလည်း နက်နက်မကျန်ရစ်နိုင်ဟု ယုံကြည်ပါသည်။

    သို့ရာတွင် ကျွန်တော်တို့ မေ့နေခဲ့ကြသော မမေ့အပ်သော ကိစ္စတခုရှိပါသေးသည်။ ဦးကိုနီနှင့် ကိုနေဝင်းတို့လောက် လူသိ မများ၊ ဟိုးလေးတကျော်မဖြစ်ဘဲ လူမသိသူမသိပေးဆပ်ခဲ့ကြသူတွေအတွက်လည်း စာနာကြောင်း၊ လေးစားဂုဏ်ယူကြောင်း၊ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းသည်မှစကာ ၂ဝ၁၀ နောက်ပိုင်း   မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် အုတ်တချပ်သဲတပွင့်ပါဝင်ကာ တွန်းတင်ပေးခဲ့ကြသူအပေါင်း ဒုနှင့်ဒေး ရှိခဲ့ သည်။ ထိုသူတို့သည် မည်သည့်အကျိုးစီးပွားကိုမျှ မျှော်ကိုး၍မဟုတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လောကပါလတရားများထွန်းကားရေးတို့ကို လိုလားသောစိတ်တစ်ခုတည်းဖြင့် ကျရာနေရာမှ ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။

    ၁၉၆၂ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား နှစ် ၅၀ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒုက္ခရောက်သူ၊ ဘဝပျက်ခဲ့ သူတွေ တပုံတပင်ရှိသည်။ လမ်းပေါ်ထွက်ဆန္ဒပြ၍ ထောင်ကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံ၊ နောက်ဆုံး အသက်အသေခံခဲ့ ရသူတို့ သာလျှင် စနစ်ဆိုး၏ဒဏ်ကို ခံစားခဲ့ရသည်မဟုတ်။ နိုင်ငံရေးလုပ်မိသူတို့၏ နီးစပ်ပတ်သက်သည့် မိသားစုဝင်၊ ဆွေမျိုးသား ချင်း၊ မိတ်ဆွေအပေါင်းအသင်းများလည်း တနွယ်ငင် တစင်ပါ ခံစားခဲ့ကြရသည်။ လက်နက်ကိုင် တောခိုသွားကြသူတို့၏ ကျန်ရစ်ခဲ့သည့်မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများလည်း အမျိုးမျိုးဒုက္ခပေးခံခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေ တယောက်၏ ဖခင်သည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းခံခဲ့ပြီးနောက် သူတို့မိသားစု ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ တချိန် က နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များကလည်း သတင်းမမေး၊ အားပေးနှစ်သိမ့်မှုမရှိခဲ့ကြဟု ဆိုသည်။

    ဖခင်ဖြစ်သူအဖမ်းခံရသည့်နောက် အိမ်မှာ မိန်းမတွေချည်း ကျန်ရစ်ခဲ့သည်။ အိမ်ရှင်က အိမ်လခတိုးတောင်းတာ ခံရသည်။ မိခင်ဖြစ်သူမှာ အစိုးရဝန်ထမ်းဖြစ်ရာ နောက်ဆုံး ရမယ်ရှာပြီး အလုပ်ဖြုတ်ခံရသည်။ အပြင်မှာ စာပြစားဖို့လုပ်တာကိုပင် ထောက်လှမ်းရေးက စာမသင်နိုင်အောင် အမျိုးမျိုးလိုက်နှောင့်ယှက်သည်။ ငတ်တလှည့် ပြတ်တလှည့်ဖြင့် ဖြတ်သန်းရသည်။ စာအုပ်များကို အဟောင်းတန်းတွင် ရောင်းစားရသည်အထိ ဖြစ်သည်။ နိုင်ငံရေးသမားမိသားစုဆိုလျှင် ပတ်ဝန်းကျင်က မဆက်ဆံချင်ကြ။ ကူကွယ်ရာမဲ့ဘဝ ရောက်ရသလိုရှိခဲ့သည်။ အမေနှင့်သမီးတွေချည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။

    ကျွန်တော့်မိတ်ဆွေလို ခါးသီးသည့်အတွေ့အကြုံများကို ခံစားခဲ့ရသူပေါင်း မြန်မာနိုင်ငံတွင် ထောင်သောင်းသိန်းဂဏန်းမျှ ရှိနိုင်သည်။ ထိုခံစားခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စုဆောင်းပြုစုထားသည့် နိုင် ငံရေးအကျဉ်းသားဟောင်း/သစ် စာရင်းဝင်နေသူဦးရေထက် ပိုသည်။

    ထောက်လှမ်းရေးက ညကြီး အချိန်မတော် တံခါး လာခေါက်ပြီး “မေးစရာရှိလို့ လိုက်ခဲ့ပါဦး” ဟု ခေါ်သွားကာ ကံကောင်းစွာဖြင့် ပြန်လွှတ်ခံခဲ့ရဖူးသူအားလုံး၊ ထိုသူတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရသူအားလုံး၊ ၁၉၈၈၊ ၂ဝဝ၇ စသည့် အရေးအခင်းတို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ၍ဖြစ်စေ၊ ဘေး ကရပ်ကြည့်ရာမှဖြစ်စေ ကျည်သင့်ကာ ကွယ်လွန်ခဲ့သူများအားလုံး၊ ရိုက်နှက်ဖမ်းဆီးခံရသူအားလုံး၊ လိင်ပိုင်းအစော်ကားခံခဲ့ရသူအားလုံး စသည်ဖြင့် အာဏာရှင်စနစ်ဆိုး၏ရိုက်ချက်ကို အဖျားအနားပင်ဖြစ်စေ ထိမှန်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။

    ကျွန်တော်ငယ်ငယ်ကနေခဲ့သည့် ရပ်ကွက်ထဲတွင် ၉/၁၁ တိုက်ခိုက်မှုပြီးကာလလောက်ကဖြစ်မည်၊ ကျောချင်းကပ်လမ်းက မွတ်စလင်ကောင်လေးတစ်ယောက်ကို ထောက်လှမ်းရေးက အယ်လ်ကိုင်ဒါနှင့်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးသွား ခဲ့ရာ စစ်မေးရင်း လက်လွန်သွားခဲ့သည်။ ထောက်လှမ်းရေးက ထိုကောင်လေး၏မိသားစုဝင်များအား သည်ကိစ္စမပေါက်ကြား စေရန်နှင့် နာရေးကို တိုးတိုးတိတ်တိတ်လုပ်ရန်သာ လာသတိပေးခဲ့သည်ဟု နောက်ပိုင်းပြန်ကြားရသည်။ ထိုသို့သော အညတရပေါင်းများစွာရှိသည်။ သူတို့အတွက် သို့မဟုတ် သူတို့၏ကျန်ရစ်သူအသိုင်းအဝိုင်းအတွက်လည်း ထည့်စဉ်းစားဖို့လိုသည်။

    ခေတ်ဆိုးစနစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအနက် အဆိုးရွားဆုံးက ဥမမည် စာမမြောက် ကလေးငယ်များ ဖြစ်သည်။ ကိုယ်အားကိုးသည့် မိဘ၊ ဆွေမျိုး၊ စသည်တို့ ဒုက္ခရောက်၊ အသက်ဆုံးသည်ကို မြင်ရရာမှ သွေးပျက်ကာ တသက်လုံး စိတ်ရောဂါရသွားသည့် ကလေးငယ်များက ဘဝမှာအနစ်နာဆုံးဖြစ်သည်။ လူကြီးဆိုသည်က ကိုယ်ယုံကြည်ရာကို လုပ်ခြင်း ဖြစ်၍ ဘာပဲဖြစ်လာဖြစ်လာ ဖြေသာနိုင်သေးသည်။ စိတ်ကြံ့ခိုင်နိုင်သေးသည်။ ကလေးဆိုသည်ကတော့ နုနယ်စဉ်မှာ စိတ်ထဲကို ဒဏ်ရာနက်နက် ဝင်သွားခဲ့လျှင် တသက်လုံး နာလန်ထူမည်မဟုတ်တော့။ သူတို့၏ ပညာရေး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေး အားလုံးထိခိုက်နစ်နာသွားတော့မည်။ တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများမှာဆို လည်း သည်အတိုင်း။ မိမိရှေ့မှာ လူတွေ ရုပ်ပျက်ဆင်းပျက်သေကြ၊ ရွာတွေ မီးရှို့ခံရတာကို မြင်ရ၊ ကိုယ့်ရှေ့မှာသူများကို ကျူးလွန်တာဖြစ်စေ၊ ကိုယ့်ကိုကျူးလွန်တာဖြစ်စေ ခံစားရပြီဆိုလျှင် ထို ကလေးငယ်များသည် တသက်လုံး ပုံမှန်ဘဝမှာ နေသွားဖို့မဖြစ်နိုင်တော့။ စောစောကပြောခဲ့သည့် ကျွန်တော့် မိတ်ဆွေဆိုလျှင် တစ်သက်လုံး အမုန်းတရားဖြင့်ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ ဒုက္ခရောက်နေသည့် အချိန် ရုပ်ဝတ္ထုအကူအညီထက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုမရခဲ့ခြင်းက အမုန်းတရားကိုမီးတောက်စေသည့် အဓိကအကြောင်းအရင်း ဖြစ်မည်ထင်သည်။ ဆိုလိုသည်မှာ ထိခိုက်နစ်နာခဲ့သူများ အတွက် စစ်အစိုးရအဆက်ဆက်သာလျှင် တရားခံမဟုတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်များကိုယ်တိုင်လည်း တာဝန်ရှိ သည်။ ပြည်သူများအကြားတွင် ဘယာဂတိ အစိုးမိုးမခံဘဲ မတရားမှုကို ငုံ့မခံစိတ်၊ နစ်နာသူအပေါ် အားပေးဖေးကူချင်စိတ်များ ထိုစဉ်က ကိန်းအောင်းခဲ့လျှင် ကျွန်တော့်မိတ်ဆွေသည် အစိုးရဆိုးကြောင့် ဖခင်ထောင်ကျနေရဦးတော့၊ မိသားစုဝင်များ သည်လောက် ဒုက္ခမရောက်နိုင်၊ အမုန်းတရားများလည်း သည်မျှမပွားစည်းနိုင်ဟု သုံးသပ်မိသည်။ ခုတော့ အစိုးရကတင်မက ပတ်ဝန်းကျင်ကပါ ရေနစ်သူဝါးကူထိုးသလိုဖြစ်သည်ဟု သူ့ဖြစ်ရပ်ကိုကြည့်၍ ခံစားရသည်။

    ကျွန်တော်ညွှန်ပြလိုသည့်အချက်မှာ ထိုသို့သော ထိခိုက်ခံစားခဲ့ရသူများအတွက် နိုင်ငံတော်က မည်သို့သော အစီအစဉ်ဖြင့် ပြန်လည်ကုစားပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူများ အတွက် ပုံမှန်အချိန်တခု ရောက်တိုင်း ကူညီစောင့်ရှောက်ပေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် စသည် ယနေ့ ပေါ်ထွက်လာကြပြီဖြစ်သည်။ သို့သော်လည်း အပေါ်တွင်ပြောခဲ့သလို စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ရသူများအတွက် ရုပ်ပိုင်းမဟုတ်သည့် မည်သို့သော ပြန်လည်ထူ ထောင်ရေးအစီအစဉ်ကို လုပ်ဆောင်မည်ကို နိုင်ငံတော်အနေဖြင့်၊ အထူးသဖြင့် လက်ရှိအစိုးရအနေဖြင့် စဉ်းစားထားသည်ကို သိရှိလိုသည်။ ဒါက စနစ်အကူးအပြောင်းကို ဖြတ်သန်းနေရသည့်နိုင်ငံတိုင်းအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတကာမှာတော့ Transitional Justice “အသွင်ကူးပြောင်းကာလ တရားမျှတမှု” ဟု ခေါ်ကြသည်။ ဒီမိုကရေ စီနိုင်ငံထူထောင်မည်ဆိုပါက မဖြစ်မနေဆောင်ရွက်ရမည့် တရားမျှတမှုရှာဖွေသည့်လုပ်ငန်းဖြစ်သည်။ ‘အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး’ ခေါင်းစဉ်ဖြင့် အတိတ်ကို ပြည်ဖုံးကားချခြင်း၊ သင်ပုန်းချေခြင်း၊ ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်သော သီးခြားလုပ်ငန်းစဉ်ဖြစ်သည်။ သာဓကပြရလျှင် အတိတ်က အစိုးရအဆက်ဆက်၏ မှားယွင်းခဲ့သည့်အပြစ် များကို အတိအလင်းဖွင့်ဟဝန်ခံခြင်း၊ (ဦးကိုနီနှင့် ကိုနေဝင်းမိသားစုများအား လုပ်ပေးသလို) နစ်နာခဲ့သူများအား ပြန်လည် ကြည့်ရှုစောင်မခြင်း၊ တချိန်က နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူများအား လူဆိုးမဟုတ်ကြောင်း ပြန်လည်ကြေညာပေးခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့ရသူအားလုံးတို့အတွက် အထိမ်းအမှတ်တခုခု (ပြတိုက်၊ ကျောက်တိုင်၊ ပန်းခြံ စသည်) ပြုလုပ်ပေးခြင်း၊ ထိုသူတို့အတွက် ရည်စူး၍ နေ့တနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပေးခြင်း၊ စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ကြရသူများအတွက် နှစ်သိမ့်ဆွေးနွေးမှု၊ နွေးထွေးမှုများ ပြန်လည်ပေးခြင်း စသည်တို့ပါဝင်သည်။

    အသွင်ကူးပြောင်းကာလ တရားမျှတမှုသည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ်အကူးအပြောင်းကိုသာ ပုံ ဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှုထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည်မဟုတ်ပါ။ နောင်တ ချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများ တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်လာသော်လည်း ကြားကာလတွင် အသွင်ကူးပြောင်းကာလ တရားမျှတမှုကို မဖော်ဆောင်ထားမိပါက သွေးပြည်ပုပ်တို့ကို ဖောက်ချကာ ဆေးမထည့်ဘဲ အပေါ်က အရေပြား ထပ်ပိုးပြီး မိတ်ကပ်လိမ်းသည်နှင့် တူပါလိမ့်မည်။ တိုင်းပြည်ကသာ တည်ငြိမ်သွားပြီး စီးပွားရေးကောင်းချင် ကောင်းလာမည်ဖြစ်သော်လည်း ခေတ်ဆိုးကိုဖြတ်သန်းခဲ့ရသည့် နိုင်ငံသားများ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတို့ကိုတော့ မြင်ရမည်မဟုတ်ပါ။

    ဆရာကြီးရွှေဥဒေါင်းစကားဖြင့်ပြောရလျှင် စိတ်တွင် ဆူးများတချောင်းပြီး တချောင်းပေါက်နေသော လူများ မြန်မာနိုင်ငံတွင် အများအပြားကျန်ရှိနေပါသေးသည်။ ဦးကိုနီနှင့်ကိုနေဝင်းတို့ကို မမေ့သကဲ့သို့ ထိုလူအများကိုလည်း မမေ့အပ်ဘဲ လက်တွဲ ခေါ်ဖို့၊ ဂရုစိုက်ဖို့ နိုင်ငံတော် (အစိုးရနှင့်ပြည်သူ) တွင် အကြွေးကျန်နေပါသည်။     ။

    (ဝေယံဘုန်းသည် Myanmar Now ၏ အယ်ဒီတာတဦး ဖြစ်သည်)

  • ဦးကိုနီလုပ်ကြံခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို သူ့မိတ်ဆွေတွေ ဘယ်လိုမြင်လဲ

    ဦးကိုနီလုပ်ကြံခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို သူ့မိတ်ဆွေတွေ ဘယ်လိုမြင်လဲ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံလိုက်ရတဲ့ NLD ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကျွမ်းကျင့်သူဖြစ်ပြီး စစ်တပ်က နိုင်ငံရေးမှာ အာဏာရယူထားမှုကို လျှော့ချဖို့ ကြိုးစားနေတဲ့အချိန် ဒီလို လုပ်ကြံခံလိုက်ရတာဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လစ်တနာက ပြောကြားလိုက်ပါတယ်။

    လစ်တနာရဲ့ ဒီလိုပြောကြားမှုဟာ ဒီလုပ်ကြံမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားတဲ့ စစ်တပ်အပေါ် ရှိနေတဲ့ သံသယတွေကို မီးထပ်ထည့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

    စစ်တပ်က အာဏာယူထား

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ကျယ်ကျယ်ပြန့်ပြန့် ရယူထားဆဲပါ။

    ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း အာမခံပေးထားသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်ပြင်ဆင်ချက်ကိုမဆို ပယ်ချနိုင်တဲ့ ဗီတိုအာဏာလည်း ရရှိထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း စစ်တပ်က ထိန်းချုပ်ထားပြီး ဒါဟာ တိုင်းပြည်မှာ အမြဲတမ်းရှိနေမယ့် ဗျူရိုကရေစီ ယန္တရားရဲ့ အ
    များစုကို လုပ်ပိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။

    လုပ်ကြံခံလိုက်ရတဲ့ ဦးကိုနီကတော့ စစ်တပ်ရဲ့ ယိုပေါက်ကို တွေရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဦးကိုနီနဲ့ ဂျာနယ်လစ်ဇင်သင်တန်းအတွက် အလုပ်အတူတွဲလုပ်ခဲ့ပြီး၊ ရင်းနှီးတဲ့ မိတ်ဆွေလည်းဖြစ်တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကတော့ NLD က ထင်ရှားတဲ့ ဥပဒေအကြံပေးဟာ စစ်တပ်ရဲ့ ဗီတိုအာဏာကို ပရိယာယ်နဲ့ ဟန့်တားဖို့ အသုံးပြုနိုင်မယ့် ပျော့ကွက်တစ်ခုကို တွေ့ရှိခဲ့တယ်လို့
    ယုံကြည်နေပါတယ်။

    “လွှတ်တော်မှာ တစ်ကြိမ်တည်းမဲခွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လို့မရဘူးလို့ ၂၀၀၈ အခြေခံဥပဒေမှာ ဖော်ပြမထားဘူးလို့ (ဦကိုနီက) ပြောခဲ့ပါတယ်” လို့ လစ်တနာက ဆိုပါတယ်။

    နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ အသစ်တစ်အုပ်နဲ့ အစားထိုးဖို့ လွှတ်တော်မှာ သာမန်ေ ထာက်ခံမဲအများစုသာ လိုအပ်တယ်လို့လည်း ပြောခဲ့ပြီး၊ ဦးကိုနီဟာ အဲဒီကိစ္စအတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း လစ်တနာက ဖွင့်ဟခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအစီအစဉ်ဟာ ‘သိပ်အရဲစွန့်လွန်းနေတယ်’ လို့ ယူဆပြီး ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲတဲ့ ကြိုးပမ်းမှုမျိုးကို ပိုလိုလားတယ်လို့ လစ်တနာက ပြောပါတယ်။ ဒါပေမယ့် ဦးကိုနီကတော့ သူ့အယူအဆပေါ်မှာ ဆက်လက် ရပ်တည်နေပါသတဲ့။

    ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးတဲ့ ရဲတပ်ဖွဲ့က ဦးကိုနီကို မကျေနပ်တဲ့သူတွေဟာ ပြီးခဲ့တဲ့နှစ်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဦးကိုနီကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လူတော်တော်များများကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    သတိပေးချက်

    ဦးကိုနီကို လုပ်ကြံလိုက်တာဟာ သတိပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ လစ်တနာက ယုံကြည်နေပါတယ်။

    “သူ သတ်ဖြတ်ခံရမှုဟာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ စိတ်ကူးနေတဲ့ ဒါမှမဟုတ် စဉ်းစားနေတဲ့ ဘယ်သူ့ကိုမဆို အင်မတန် သိသာတဲ့ အချက်တစ်ခု ပြလိုက်တာပါ။ ဒါ့ကြောင့်ပဲ နေ့ခင်းကြောင်တောင်ကြီး လေဆိပ်မှာ လုပ်ထည့်လိုက်တာပေါ့”

    ဒီလို သတ်ဖြတ်မှုဟာ NLD ပါတီအတွင်း ကြောက်ရွံ့မှု ဖြစ်လာစေတယ်လို့လည်း လစ်တနာက ဆိုပါတယ်။

    NLD ကတော့ ဒီမှတ်ချက်ကို ငြင်းဆိုပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဦးကိုနီအသတ်ခံရမှုအတွက် ပါတီတွင်း ကြောက်ရွံ့မှုရှိလာတယ်ဆိုတာကို ငြင်းဆိုပြီး ဦးကိုနီကို ဆုံးရှုံးလိုက်ရတာက ပါတီအတွက် ထိခိုက်ဆုံးရှုံးမှုကြီးတစ်ခုလို့ ၀န်ခံခဲ့ပါတယ်။

    “လုံးဝ မကြောက်ပါဘူး။ (ဦးကိုနီသေဆုံးမှုဟာ) ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ တော်တော်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ”

    ပါတီနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးဟာ အရင်ကလိုပဲဖြစ်ဖြစ်ပြီး နိုင်ငံရေးအနေအထားအတွက် NLD ဟာ ‘လုံးဝ’ ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ ‘ဖွဲ့စည်းပုံပြင်ဆင်ဖို့ မျှော်လင့်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း’ ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အခြေခံဥပဒေ ကျွမ်းကျင်သူ

    နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က ဦးကိုနီဟာ စစ်တပ်ကျောထောက်နောက်ခံပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD ထဲမှာ အပြည့်အ၀ နားလည်ထားသူ အနည်းငယ်ထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

    “ရှင်းရှင်းပြောရရင်ဗျာ – ဦးကိုနီဟာ ပညာရှင်တစ်ယောက်ပေါ့။ အခြေခံဥပဒေကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီး NLD ဟာ သူ့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက အရာအားလုံးရဲ့ ဗဟိုချက်ပါပဲ” လို့ ရောဘတ်ဆန်က FCCT ကို ပြောကြားခဲ့ပါတယ်။

    HIS Janes က လေ့လာဆန်းစစ်သူ တိုနီ ဒါးဗစ်က ဦးကိုနီဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံရတယ်လို့ ဆိုပါတယ်။

    “ဒီလူဟာ (စစ်တပ်ရဲ့) ဘဏ်အကောင့်တွေ၊ သူတို့ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေသူအဖြစ်သာ မှတ်ယူခံရတာာ မဟုတ်ပါဘူး၊ သူတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ၊ သူတို့ရဲ့ ဖခင်တွေ (၁၉၄၈ ခုနှစ်) လွတ်လပ်ရေး ရကတည်းက ရှုမြင်ခဲ့သလို တိုင်းပြည်အနာဂတ်ရဲ့ ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခံရတာပါ”

    နောက်ပြီး ဦးကိုနီ လုပ်ကြံခံလိုက်ရခြင်းဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ‘မျှော်လင့်ချက်မရှိတဲ့ အနေအထား’ ကို ညွှန်ပြနေတာဖြစ်တယ်လို့လည်း ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    နောက်ထပ် အထွေထွေရွေးကောက်ပွဲကတော့ ၂၀၂၀ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref : VOA