News @ M-Media

Blog

  • ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဒူတာတေးမှာ မတ်လ ၂၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့သည်။ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံပြီးနောက် စားနပ်ရိက္ခာဖူလှုံရေးနှင့် လယ်ယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ဒူတာတေး၏ ထိုလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖိလစ်ပိုင်အစိုးရရဲ့ အမျှော်အမြင်ရှိတဲ့ ဒီအပြုအမူက အာဆီယံစည်းလုံးညီညွတ်မှုနဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်စေသလို နှစ်နိုင်ငံအကြား ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ရောင်ပြန်ဟပ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဒူတာတေးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခ်ါခဲ့သည်။

    မြန်မာနိုင်ငံသို့ ဒူတာတေးလာရောက်မှုမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    REf: Philstar.com

  • ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – ရာသီကုန်လျှင် အာဆင်နယ်မှ ထွက်ခွာကာ ပီအက်စ်ဂျီအသင်းတွင် နည်းပြရန် သဘောတူထားသည်ဆိုသည့် သတင်းများကို အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်ပြီး သတင်းမှားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ မတ်လအတွင်း FA ဖလား ဆဌမအဆင့်တွင် အတန်းမရှိသော လင်ကွန်းစီးတီးအသင်းကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်မှလွဲ၍ အခြားပွဲများတွင် နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

    ထို့ပြင် ယခုတစ်ပတ် ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုကြောင့် ယခုနှစ်ရာသီကုန်တွင် အသင်းနှင့် သက်တမ်းပြည့်မည့် ၀င်းဂါးအပေါ် ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

    အချို့သတင်းများက ၀င်းဂါးမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ရန် သဘောတူထားသည်ဟု ယနေ့တွင် ဖော်ပြခဲ့သည်။ ၀င်းဂါးကို ပီအက်စ်ဂျီအသင်းနှင့် ချိတ်ဆက်ပြောဆိုမှုမှာ ယခင်ကလည်း ရှိခဲ့သည်။

    သို့သော်လည်း ၀င်းဂါးက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “ပီအက်စ်ဂျီနဲ့ ဆက်သွယ်တယ်ဆိုတာလား။ ဒါကို တရားဝင်ငြင်းပါတယ်။ ဒါဟာ သတင်းအတုတွေပါ။ ဒါကို တရားဝင်ငြင်းပါတယ်” ဟု BeIn Sports နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၆ နေရာတွင် ရှိနေပြီး ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၉ မှတ် ကွာဟနေသည်။

    Ref: Goal

  • ဒူဘိုင်းရဲတပ်ဖွဲ့က မေလတွင် စက်ရုပ်ရဲများကို ပထမဆုံး အသုံးပြုမည်

    ဒူဘိုင်းရဲတပ်ဖွဲ့က မေလတွင် စက်ရုပ်ရဲများကို ပထမဆုံး အသုံးပြုမည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ ရဲတပ်ဖွဲ့တွင် ပထမဆုံး စက်ရုံရဲများကို လာမည့် မေလ၌ စတင်အသုံးပြုတော့မည်ဟု အာဏာပိုင်းများက ပြောကြားလိုက်သည်။

    ယူအေအီးမှာ ကမ္ဘာ့လုံခြုံရေးအကောင်းဆုံး ၅ နိုင်ငံတွင် ပါဝင်ရန် ဆောင်ရွက်နေပြီး ၂၀၃၀ ခုနှစ်တွင် စက်ရုပ်ရဲများ အသုံးပြုမှုကို နိုင်ငံ ရဲတပ်ဖွဲ့၏ ၂၅ ရာခိုင်နှုန်းအထိ ဖြစ်လာရန် ရည်မှန်းထားသည်။

    “ရဲတပ်ဖွဲ့လုပ်ငန်းတွေကို ကိုင်တွယ်ဖို့အတွက် အနာဂတ်မှာ စက်ရုပ်တွေပို ပိုပြီး အသုံးပြုသွားမှာပါ။ ၂၀၃၀ ရောက်တဲ့အခါကြရင် ရဲတပ်ဖွဲ့ အင်အားတစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းဝန်းကျင်ကို စက်ရုပ်တွေ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒူဘိုင်းရဲတပ်ဖွဲ့ အနာဂတ်စီမံကိန်းစင်တာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အဘ်ဒူလာ
    ဘင် ဆူလ်တန်က ပြောကြားခဲ့သည်။

    စက်ရုပ်ရဲများ အသုံးပြုခြင်းအပါအ၀င် ၂၀၃၀ ခုနှစ်တွင် ဒူဘိုင်းရှိရဲဌာနများအားလုံး သုံးစွဲနေသော စွမ်းအင်၏ ၅၀ ရာခိုင်နှုန်းကို ကိုယ်တိုင်ထုတ်လုပ်ရန်လည်း ရည်မှန်းထားပြီး၊ လူသားမလိုသော ရဲစခန်းအပါအ၀င် ခေတ်မီဆန်းပြားသော ရဲလုပ်ငန်းအများအပြားကို ကျင့်သုံးသွားရန် ရှိနေသည်။

    ယခုအသုံးပြုမည့် စက်ရုပ်ရဲများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်သော ပင်လယ်ကွေ့နိုင်ငံများ သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ GITEX တွင် ပြသခဲ့သည်။ ဘာသာစကားအမျိုးမျိုးဖြင့် လုပ်ငန်းဆောင်ရွက်နိုင်သည့် အဆိုပါစက်ရုပ်တွင် မျက်နှာများကို စကန်ဖတ်မှတ်သားနိုင်ပြီး ပြည်သူလူထုကို ရာဇ၀တ်မှုနှင့်ပတ်သက်၍ သတင်းပေးပို့နိုင်သည်။ ထို့ပြင် ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ရိုက်သည့်လုပ်ငန်းကိုလည်း လုပ်ဆောင်နိုင်သည်။

    စက်ရုပ်၏ အသိဉာဏ်တုမှာ ၁၀ မီတာမှ မီတာ ၂၀ အကွာအဝေးရှိ လူများကို ခွဲခြားသိရှိနိုင်ပြီး ၎င်းတို့ထံသို့ သွားရောက်ကာ နှုတ်ဆက်နိုင်သည်။

    “ပထမဆုံး ၂၀၁၇ မှာ ဒီစက်ရုပ်တွေကို Burj Khalifa၊ GPR၊ City Walk စတဲ့ ကမ္ဘာလှည့်ခရီးသွားနေရာတွေနားမှာ ချထားဖို့ ရည်ရွယ်ထားပြီး ၂၀၂၀ ခုနှစ်ရောက်ရင်တော့ နောက်ထပ်နေရာတွေမှာ ချသွားမှာပါ” ဟု ဒူဘိုင်းရဲတပ်ဖွဲ့ နည်းပညာတီထွင်ကြံဆရေးဌာန အကြီးအကဲ ဗိုလ်မှူး အဒ်နန် အလီက ၂၀၁၆ ခုနှစ်တွင် ပြော
    ကားခဲ့သည်။

    Ref: RT

  • မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာနိုင်ငံအချို့မှ အမေရိကန်သို့ ထွက်ခွာသော လေယာဉ်များကို စီးနင်းသည့် ခရီးသည်များအနေဖြင့် ဆဲလ်ဖုန်းထက် အရွယ်အစားကြီးမားသော အီလက်ထရောနစ်ပစ္စည်းများကို မိမိနှင့်အတူ လေယာဉ်ပေါ် ယူဆောင်သွားမှုကို အမေရိကန်အစိုးရက ပိတ်ပင်မည်ဟု သိရသည်။

    အဆိုပါအမိန့်နှင့်ပတ်သက်၍ GMT အင်္ဂါနေ့မနက် ၁၀ နာရီတွင် များပြည်သူသိအောင် ကြေငြာချက်ထုတ်ပြန်ရန်ရှိနေသည်။

    အမေရိကန်၏ ထိုကဲ့သို့ပိတ်ပင်မှုကို တော်ဝင်ဂျော်ဒန်လေကြောင်းလိုင်းမှ ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့သည်။

    အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ ရပ်နားမှုမရှိဘဲ အမေရိကန်လေဆိပ်များသို့ တိုက်ရိုက်ပျံသန်းသည့် နိုင်ငံတကာ လေဆိပ် ၁၀ ခုတွင် ကျင့်သုံးမည်ဖြစ်ပြီး အီဂျစ်မှ ကိုင်ရိုလေဆိပ်၊ ဂျော်ဒန်မှ အမ်နန်လေဆိပ်၊ ကူဝိတ်မှ ကူဝိတ်စီးတီးလေဆိပ်၊ မော်ရိုကိုမှ ကာဆာဘလန်ကာလေဆိပ်၊ ကာတာမှ ဒိုဟာလေဆိပ်၊ ဆော်ဒီမှ ရီယာ့ဒ်နှင့် ဂျစ်ဒါလေဆိပ်၊ တူရကီမှ အစ္စတန်ဘူလ်လေဆိပ်၊ ယူအေအီးမှ အဘူဒါဘီနှင့် ဒူဘိုင်းလေဆိပ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

    ထိုပိတ်ပင်မှုမှာ အကန့်အသတ်မရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    အခြား အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ လေကြောင်းလိုင်း ၉ လိုင်းကို သက်ရောက်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က အင်္ဂါနေ့ GMT မနက် ၇ နာရီတွင် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ အကြောင်းကြားမည်ဟု ဆိုသည်။

    ယခုပိတ်ပင်မှုမှာ သမ္မတဒေါ်နယ်ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံအား ဗီဇာပိတ်ခြင်းနှင့် ဒုက္ခသည်များ ၀င်ရောက်ခွင့် ပိတ်ပင်သည့် ဒုတိယမြောက် အမိန့်ကို ဖက်ဒရာတရားသူကြီးတစ်ဦးက တားဆီးခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ယခုပိတ်ပင်မှုတွင် ဆဲလ်ဖုန်းနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများမှလွဲ၍၊ လက်တော့ကွန်ပျူတာများ၊ တက်ဘလက်များ၊ အီလက်ထရောနစ် စာအုပ်ဖတ်ကိရိယာများ၊ DVD စက်များ၊ ဂိမ်းစက်များနှင့် ကင်မရာများကို မိမိနှင့်အတူ သယ်ဆောင်ခွင့်မရှိဘဲ ခရီးဆောင်အိတ်များတွင်သာ ထည့်သွင်း သယ်ဆောင်ရမည်ဖြစ်သည်။

    ဂျော်ဒန် တော်ဝင်လေကြောင်းလိုင်းကမူ ထိုကဲ့သို့ အီလက်ထရောနစ်ကိရိယာများ ပိတ်ပင်မှုမှာ နယူးယောက်၊ ချီကာဂို၊ ဒက်ထရွိုက်နှင့် မွန်ထရီယဲလ်သို့ ပျံသန်းသော လေယာဉ်များတွင် အကျုံးဝင်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazzeera

  • ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကယ်တင်ခဲ့သည့် ကင်ညာမွတ်စလင်များအကြောင်း ရုပ်ရှင် မကြာမီထွက်မည်

    ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကယ်တင်ခဲ့သည့် ကင်ညာမွတ်စလင်များအကြောင်း ရုပ်ရှင် မကြာမီထွက်မည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – ကင်ညာနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ ခရစ်ယာန်ညီနောင်တွေကို မွတ်စလင်တွေက ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား မကြာခင် ထွက်လာတော့မယ်လို့ သိရပါတယ်။

    ဆွာဟီလီ ဘာသာစကားနဲ့ Watu Wote လို့အမည်ပေးထားပြီး “ငါတို့အားလုံး” လို့အဓိပ္ပါယ်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ကင်ညာနိုင်ငံ မန်ဒီရာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စီးနင်းမှုတစ်ခုကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    ခရီးသွားနေတဲ့ ဘတ်စ်ကားတစ်ခုကို အလ်ရှာဘတ်စစ်သွေးကြွတွေက ၀င်ရောက်စီးနင်းကာ ကားပေါ်မှာ ပါလာတဲ့သူတွေထဲက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ခွဲထိုင်ဖို့ အမိန့်ပေးခဲ့ပြီး ခရစ်ယာန်တွေကို ရွေးချယ်ပစ်သတ်ဖို့ လုပ်ခဲ့တာပါ။

    ဒါပေမယ့် ဒီဘတ်စ်ကားပေါ်မှာပါလာတဲ့ မွတ်စလင် ၆၂ ဦးက ဒီပြောကြားမှုကို မလိုက်နာခဲ့ဘဲ ခရစ်ယာန်တွေကို ထုတ်မပေးနိုင်ကြောင်း၊ သတ်ချင်ရင် အားလုံးသတ်နိုင်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် မွတ်စလင် ၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ခရစ်ယာန်တွေကို ကာကွယ်ပေးဖို့ အကြမ်းဖက်သမားတွေနဲ့ အခြေအတင်ပြောဆိုပြီး သေနတ်နဲ့ပစ်ခံရကာ သီတင်းပတ်အနည်းငယ်အကြာမှာ သေဆုံးခဲ့တဲ့ ကျောင်းဆရာ ဆာလာဟ် ဖာရာဟ်ဟာ တိုင်းပြည်ရဲ့ စည်းလုံးမှု အမှတ်သညာ ဖြစ်ခဲ့ပါတယ်။

    “ဒီအဖြစ်အပျက်က ကျွန်မတို့ရင်ကို ထိမှန်စေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူသားဆန်မှုက အနိုင်ရရှိတာပါပဲ။ ဒီလို အသက်ကို ဖက်နဲ့ထုတ်ထားရတဲ့အချိန်မှာ ဘာသာတရားတွေဘာတွေကို ဂရုစိုက်မနေဘဲ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ရပ်တည်ပေးကြတယ်။ ဘာ့ကြောင့်လည်း သူတို့ဟာ လူသားတွေကို ကယ်တင်ချင်တာ၊ ကာကွယ်ပေးချင်တာကြောင့်ပါပဲ” လို့ Watu Wote ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ကတ်ဂျာ ဘန်ရက်သ်က ပြောကြားခဲ့ပါတယ်။

    ဘန်ရက်သ်ဟာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မီဒီယာကျောင်းက ကျောင်းသူတစ်ဦးလည်းဖြစ်ပြီး မွတ်စလင်တွေကို သံသယဖြစ်စရာ၊ ကြောက်ရွံ့စရာလို့ ရှုမြင်ခံနေရတဲ့ အခုလိုအချိန်မျိုးမှာ ဒီရုပ်ရှင်ကပေးချင်တဲ့ သတင်းစကားဟာ သိပ်ကို အရေးကြီးတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မိနစ် ၂၀ ကြာမြင့်တဲ့ ဒီဇာတ်လမ်းတိုလေးကို ဘန်ရက်သ်နဲ့ ဟမ်းဘတ်မီဒီယာကျောင်းက အခြားကျောင်းသား ၂ ဦးက ပုံဖော်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ မန်ဒီရာဒေသမှာ သွားရောက်လေ့လာကာ အဲဒီနေရာနဲ့တူတဲ့ အခြားဒေသတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

    “မန်ဒီရာကို ကျွန်မတို့သွားပြီး လူတွေနဲ့စကားပြောတဲ့အခါ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားကြတာကို တွေ့ရပါတယ်။ ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်” လို့ ဘန်ရက်သ်က ဆိုပါတယ်။

    ဂါရစ်စာခရိုင် ကင်ညာမွတ်စလင် ဗဟိုကောင်စီဥက္ကဌ ရှိခ် အဘ်ဒူလာ ဆာလတ်က ဒီရုပ်ရှင်ကို ကြိုဆိုခဲ့ပါတယ်။

    “သိပ်ပြီး ပေါင်းလက္ခဏာဆောင်တဲ့ ရိုက်ကူးမှုပါ။ ဒီဇာတ်ကား ထွက်လာတဲ့အခါ နိုင်ငံအတွင်းက ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးကို အားကောင်းစေဖို့ တစ်နိုင်ငံလုံးမှာ ပြသင့်ပါတယ်” လို့ ဆာလတ်က ပြောကြားခဲ့ပါတယ်။

    မန်ဒီရာက ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဂျွန် မူဆိုကာက မွတ်စလင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ရှုမြင်နေတာတွေကို ဒီ ရုပ်ရှင်က ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီရုပ်ရှင်ကို နောက်လမှာ ဖြန့်ချီမှာဖြစ်ပါတယ်။

    Ref: Cruxnow