News @ M-Media

Blog

  • ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    မတ် ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားမှ သူပုန်များမှာ အစိုးရက ထိန်းချုပ်ထားရာ မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း ခရိုင်များ၌ ယနေ့တွင် အံ့အားသင့်ဖွယ် ထိုးစစ်များဆင်နွှဲခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ယခင်က အလ်-ကိုင်းဒါးအဖွဲ့ကို သစ္စာခံသော ဖာတာ အလ်-ရှမ်တပ်ဦးနှင့်အတူ ပူးပေါင်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး အစိုးရပစ်မှတ်များကို ကားဗုံးများ၊ အသေခံဗုံခွဲမှုများ ပြုလုပ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    ဂျိုဘာရ်ခရိုင်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် သူပုန်များမှာ အဘ္ဘာစစ်ရင်ပြင်တစ်ဝိုက်ကို ရောက်ရှိလာခဲ့ပြီး အဆောက်အဦးများစွာကို သိမ်းပိုက်နိုင်ခဲ့ကာ ဒမတ်စကတ်ပတ်ဝန်းကျင်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

    အစိုရစစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဂျိုဘာရ်ခရိုင်မှာ ၂ နှစ်ကျော်ခန့် စစ်မြေပြင်ဖြစ်ခဲ့ပြီး သူပုန်များနှင့် အစိုးရတပ်များ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် ထိုနေရာမှာ မြို့တော် ဒမတ်စတ် ပိုက်နက်အတွင်း သူပုန်များက သိမ်းပိုက်ထားသော နေရာ ၃ ခုမှ တစ်ခုလည်းဖြစ်သည်။

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကမူ အစိုးရတပ်များမှာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တွန်းလှန်နေပြီး၊ လက်နက်ကြီးများလည်း အသုံးပြုနေကာ ဒေသခံများကို မိမိအိမ်တွင်သာ နေထိုင်ရန် အမိန့်ပေးထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ

    အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ

    လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်နစ်နာအောင် လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်”များသာ..

    မတ်လ ၁၉ ၊ ၂၀၁၇
    သိန်းမိုးဝင်းရေးသည်။

    (တစ်နည်း။ အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ လွယ်လင့်တကူဖြစ်ပေါ်လာတတ်သော တစ်ဖက်သားအပေါ် မကောင်းမြင်မှု၊ အမုန်းတရားလိုလားမှု၊ နှုတ်မစောင့်စည်ဘဲ နိမ့်ချပြောတတ်မှု၊ အကောင်းအဆိုး အကြောင်းအကျိုး မခွဲခြားတတ်မှု၊ မိမိ ကိုယ်နှုတ်အမူအယာနှင့် တစ်ဖက်စောင်းနှင်း ပြောဆိုလို့ သူတစ်ပါးထိခိုက်သွားသည်ကိုပင် ဟုတ်လှပြီဟု အထင်ကြီးမှု၊ ပညာမဲ့ ဘ၀ကြမ်းမှုကြောင့် လူ့အသိုင်းအ၀ိုင်းအတွက် အကျိုးမဖြစ်စေပဲ အဆိုးဖြစ်စေမှု) တို့ကို ထင်ဟပ်ပြ သင်္ခန်းစာပေးသည့်
    ဇာတ်ကား)

    2016 “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားရုံတင်ချိန်။ ။

    “အုတ်ကြားမြက်ပေါက်” ဇာတ်ကား (တစ်နည်း။ လူနည်းစုဘာသာဝင်ကို မျက်မုန်းကျိုး ပုတ်ခတ်သည့် အမုန်းတရားကို စောင်းပေးဖော်ပြခြင်းဟုယူဆကြသော) ဤဇာတ်ကားကို 2016 မှာရုံတင်လိုက်သည့်အချိန်သည် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့လူ့အဖွဲ့အစည်းများအကြား အလွန်တစ်ရာအကဲဆတ်သည့် ဘာသာရေး၊လူမျိုးရေးယောင်ယောင် ပြဿနာများနှင့် ရှုပ်ထွေးနေချိန်ဖြစ်သည့်အတွက် လူ့အသိုင်းအ၀ိုင်းက မလိုလားအပ်သည့် ပြဿနာများဖြစ်လာမည်ကို အစိုးရိမ်ကြီးနေခဲ့ကြသည်မှာအမှန်။

    စာရေးသူပင်လျှင် ရိုက်ကူးသည့်ဒါရိုက်တာ၊ဇာတ်ဆောင်များ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤဇာတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးကြပါလိမ့်၊ အခုလိုမတည်ငြိမ်အခါသမယမှာ အမုန်းတရားဖြန့်ဖြူးသူတို့အကြိုက် ပြည်သူအငိုက်ဖြစ်အောင် တမင်တကာ ရည်ရွယ်ရိုက်ကူးခြင်းလော၊ စသဖြင့် တွေဝေနေခဲ့မိသည် အမှန်။

    တစ်ဖန် 18-မတ်လ-2017 အကယ်ဒမီပေးပွဲ  အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု(၃)ဆုကို  “အုတ်ကြားမြတ်ပေါက်”ဇာတ်ကားမှဆွတ်ခူးသွားပြန်တော့ အကယ်ဒမီဇာတ်ကား အကဲဖြတ်လူကြီးမင်းများပင် အမုန်းတရား မှိုင်းမိသွားလေရော့သလား တွေးမိပြန်ခဲ့သည်မှာ အမှန်။

    သို့ပေမယ့်…
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ခဲ့သောသ၀ဏ်လွှာပါ “မတူကွဲပြားသည့် လူ့အသိုင်းအ၀ိုင်းကြား ပိုမိုသဟဇာတဖြစ်လာရေးကို ကျွန်မတို့ အနုပညာရှင်များက ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း….” ဖတ်ကြားသွားချိန်- တစ်ဆက်ထဲမှာပဲ ဤဇာတ်ကားကို အဓိက အကယ်ဒမီပေးရခြင်း အကြောင်းအရင်းနဲ့ပက်သက်ပြီး Stage ပေါ်မှာရှင်းပြသည်ကို နားထောင်လိုက်ရချိန်-

    စာရေးသူအတွက် နက်နက်နဲနဲ အသိတစ်ခုဝင်လာခဲ့သည်။ အဲဒါကတော့ “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာပါပဲ။ သေချာပြန်ကြည့်ရင် ဒီဇာတ်ကားသည် “ဒူးရသီးတစ်လုံးပမာ”ပါပဲ။ အပြင်ပန်းကြည့်ရင် အဆူးအဖုံ၊ ခွဲကြည့်ရင် ရနံ့အထုံ၊ စားကြည့်ရင် အရသာစုံ နဲ့ပေါ့.။

    ဒီဇာတ်ကားက အပြင်ပန်းကြည့်ရင် “လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေတယ်၊အမုန်းပွားစေတယ်ပေါ့။” နောက်တစ်ဆင့် သုံးသပ်ကြည့်ရင်  “ခက်ခဲစွာဖြတ်သန်းရတဲ့ ဘ၀ကြမ်းတွေကိုထင်ဟပ်ပြတာပေါ့” အစပိုင်းမှာသုံးသပ်ခဲ့သလိုပဲ ဇာတ်ကားတင်ချိန်မှ အကယ်ဒမီပေးချိန်အထိကို ခြုံငုံကြည့်ရင်တော့ဖြင့်-

    “အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ ပညာမဲ့ ဆင်ခြင်တုံ တရားကင်း လက်လွတ်စပယ် ပြောဆိုပြုမူဆက်ဆံရင်း လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေသူတွေဖြစ်မှန်း မသိဖြစ်လာခြင်း…

    တစ်နည်းဆိုရသော် “လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်အောင်လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်များသာ….”ဟု မီးမောင်းထိုးပြရင်း ပြည်သူတွေဆင်ခြင်နိုင်စေဖို့ ရည်ရွယ်၍  ဤဇာတ်ကားကြီးအား အကယ်ဒမီပေးလိုက်ခြင်းသာဖြစ်နိုင်ကြောင်း စာရေးသူသုံးသပ်မိပါသည်။

  • Datshin Review: အုတ်ကြားမြက်ပေါက် (၂၀၁၆)

    Datshin Review: အုတ်ကြားမြက်ပေါက် (၂၀၁၆)

    ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် အကယ်ဒမီ (၃) ဆု ဆွတ်ခူးရရှိသွားတဲ့ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်ပြီး ရုပ်ရှင်တွေအကြောင်း သောင်းပြောင်းထွေလာ ရသစုံ ကဏ္ဍစုံ တင်ဆက်ပေးနေတဲ့ ဓာတ်ရှင် website မှ၂၀၁၆ ခုနှစ် မေလအတွင်းက သုံးသပ်ချက်ဖြစ်ပါတယ်။

    စာဖတ်ပရိတ်သတ်များ လေ့လာဖတ်ရှုနိုင်ဖို့အတွက် ကူးယူဖော်ပြပေးလိုက်ရပါတယ်။


    Datshin Review: အုတ်ကြားမြက်ပေါက် (၂၀၁၆)
    —————————————————
    Drama, Crime, Action

    — Plot —
    အဖေကိုအရွဲ့တိုက်ချင်တဲ့ သူဌေးသား ရွှေ”အုတ်” ရယ်၊ ဂလယ်ရှုပ် သ”ကြား” ရယ်၊ လူမိုက် “မြက်”ရယ်၊ အပျော်မယ် “ပေါက်”ရယ် စုံကြတော့ အုတ်ကြားမြက်ပေါက်လုပ် ကြမယ်ဟေ့ဆိုပြီး အုတ်ကြားမြက်ပေါက်လုပ်ကြပါတယ်။ လေးယောက်လုံးရဲ့ ဇာတ်ကြောင်းတွေခင်းပြီးချိန်မှာတော့ ဒီလေးယောက်ဟာ သကြားပြောသလို ရင်ခွင်ခြင်း ဂျပ်ပင်ထိုးထားတာတင်မကဘဲ အကြောင်းတရားတွေ ဆက်နွယ်နေပါတယ်။

    — Review —
    (Spoiler သေးသေးလေးတွေပါနိုင်ပါတယ်။ ဒါပေမယ့် ဒီကားမကြည့်ခင် ဖတ်ပေးပါ။ ကြည့်ပြီးသားဆိုလည်း ဖတ်ပေးပါခင်ဗျ။ နောက် အရင် ချစ်လှစွာသောအမုန်းဇာတ်ကား Review မှာလိုမျိုးဘဲ ဒီကားကို နိုင်ငံတကာ ရုပ်ရှင်တွေနဲ့ မယှဉ်ဘဲ မြန်မာရုပ်ရှင်တွေအနေနဲ့သာ နှိုင်းယှဉ်သုံးသပ်ထားပါတယ်။)

    ပထမဆုံး ဇာတ်လမ်းအကြောင်းအရင်ပြောမယ်ဗျ။ ဒီဇာတ်လမ်းမှာ အိမ်ကသောက်သောက်လဲ ချမ်းသာပေမယ့် တေလေဖြစ်ချင်တဲ့ သူဌေးသား၊ မကောင်းတဲ့နေရာမှာ လုပ်နေပေမယ့် ကိုယ်ကျင့်တရားစောင့်ထိန်းတဲ့ နွံထဲက ပတ္တမြားခဲ၊ နှလုံးလှတဲ့လူမိုက်၊ သဘောကောင်းတဲ့ လူလိမ် စတဲ့ ရိုးအီနေတဲ့ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားပါတယ်။ ဒီဇာတ်ကောင်တွေကို တည်ဆောက်တဲ့ နေရာမှာလည်း အတင်းကြီး ရော့အင့် ဆိုပြီးထိုးကျွေးထားပါတယ်။ ပရိတ်သတ်အနေနဲ့ ဘာမှထပ်ခံစားစရာ၊ စဉ်းစားစရာမလိုပဲ ပေးချင်တာပဲ ယူရပါတယ်။

    ဇာတ်လမ်း တစ်ခုလုံးဟာ အပေါ်ယံဆန်ပြီးလက်တွေ့နဲ့ ကင်းကွာနေတဲ့ အတွေးခေါ်တွေအပေါ်မှာပဲ ရေးထားတာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် ဇာတ်ကောင်တွေဟာ အုတ်ကြားမြက်ပေါက်ဖြစ်ကြောင်းကို ပရိတ်သတ်ကို အဲ့ဇာတ်ကောင်တွေကိုယ်တိုင်ကပဲ အကြိမ်လေးဆယ်မကကြေညာပါတယ်။ ဒီလိုဖြစ်ကြောင်းသက်သေပြတဲ့အခန်းဆိုလို့ သနားစရာကြိုးစားမှုအနေနဲ့ တစ်ခန်းလောက် အဖြစ်ထည့်ထားပါတယ်။ ငါဟာရှင်ဘုရင် ဖြစ်တယ်လို့ ဘယ်လောက်အော်နေနေ ရှင်ဘုရင်မဟုတ်ရင် ဖြစ်လာမှာမဟုတ်ပါဘူး။

    နောက်ပိုင်းဇာတ်လမ်းဖြစ်သွားတဲ့ပုံကတော့ ငါလာကြည့်တာ အုတ်ကြားမြက်ပေါက် ဆိုတဲ့ကားလား ကမ်းလင့်လက်များ ဆိုတဲ့ကားလား မသဲကွဲဘူးလို့ ပြောရအောင်အထိ ဆိုးရွားပါတယ်။ ဇာတ်လမ်းခိုင်ခိုင်မာမာ မရှိပါဘူး။ ဇာတ်လမ်းတစ်ခုလုံး အပေါ်ယံအကွက်တွေနဲ့ ပြည့်နှက်နေပါတယ်။

    နောက်တစ်ခုက ဇာတ်လမ်းကို သယ်ပိုးမယ့် စကားပြော၊ ဇာတ်ညွှန်းပါ။ ကောင်းသူက အတင်းကောင်းပြ၊ ဆိုးသူကအတင်းဆိုး၊ အုတ်ကြားမြက်ပေါက်က အတင်း အုတ်ကြားမြက်ပေါက်ပြနေတဲ့ ဇာတ်ညွှန်းဟာ တော်တော်ဥာဏ်တိမ်တယ်လို့ ပြောပရစေ။

    နောက်တစ်ချက်က ရိုက်ကွင်းရိုက်ကွက်ပါ။ စကားပြောတဲ့အခန်းဆို မျက်နှာကြီးကို ရိုက်ပြ၊ လူတွေက ရိုက်ကွက်ထဲပါအောင် အဝိုင်းလိုက်ကြီးထိုင်၊ ရိုက်ကွက်ရိုးနေမှာ စိုးလို့ ကင်မရာမကစားပဲ ဇာတ်ကောင်တွေကို နေရာရွှေ့ပြောခိုင်း၊ ကျောခိုင်းပြီး ပြောခိုင်း စတဲ့ စာအုပ်ထဲက အရိုးဆုံးရိုက်ကွက်တွေပဲပါပါတယ်။

    နောက်တစ်ခုက သရုပ်ဆောင်ပါ။ ပရိတ်သတ်နဲ့ အနည်းဆုံးတော့ ကျွန်တော်နဲ့ ဘယ်လိုမှ ချိတ်ဆက်မှုမရရှိတဲ့ သရုပ်ဆောင်မှုတွေကို ၂ နာရီကျော်သီးခံ ကြည့်လာရပါတယ်။

    ဒီလောက်ထိကတော့ အမှန်က အရမ်းကြီးမဆိုးပါဘူး။ ဒါဟာ ဒီက ရုပ်ရှင်လောကအတွက်ဆို သာမန်အောက်နည်းနည်းသာ နိမ့်ကျတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အရမ်းဆိုးသွားတဲ့နေရာနှစ်နေရာရှိပါတယ်။

    သကြား ထောင်ကအိမ်ပြန်လာတဲ့အခန်းနဲ့ ရွှေအုတ် တစ်ယောက် မမကြီးကို ရန်တွေ့တဲ့ အခန်းပါ။ ဇာတ်လမ်းနဲ့ ဘာမှမပတ်သက်တဲ့ ပြီးတော့ အရမ်းလည်း အန္တရာယ်ကြီးတဲ့ လူမျိုးရေးအရောင်ဆိုးထားတဲ့ အကွက်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထည့်ရိုက်ထားပါတယ်။ ရုပ်ရှင်အနုပညာဆိုတာ အရမ်းကိုလွှမ်းမိုးနိုင်တဲ့ အနုပညာ တစ်ရပ်ပါ။ ဒီလိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့အတွက် ရုပ်ရှင်ကိုပုံဖော်ကြတဲ့အခါ ကိုယ့်ရဲ့ ပရိတ်သတ် လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ဖြစ်စေမဲ့ အဆိပ်အတောက်ဖြစ်စေမဲ့ အရာတွေကို (ကိုယ်တိုင်ကဘယ်လိုပဲ ယုံကြည်လက်ခံထားသည်ဖြစ်စေ) ရုပ်ရှင်ထဲမပါ အောင်လုပ်ဖို့ တာဝန်ဆိုတာရှိပါတယ်။ နောင်မှာ အပြင်လောကမှာ ပြဿနာများ ဖြစ်လာတဲ့အခါ နှစ်ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရ သေကြေသူတွေ ရှိလာတဲ့အခါ ဒီဇာတ်ကားမှာပါဝင်သူတွေလည်း တာဝန်မကင်းပါဘူး။ ဒါကိုအနုပညာဆိုပြီးနာမည်တပ်ထားတဲ့ အုတ်ကြားမြက်ပေါက်ဆိုတဲ့ကားဟာ ဒီရုပ်ရှင်လောကကို အောက်မကျကျအောင် ဆွဲခေါ်နေတဲ့ ရုပ်ရှင်ကားတွေထဲမှာ တစ်ကားအပါအဝင်ပါ။

    Rating
    Datshin: 0.0/5.0

    Admin Andy
    www.datshin.com

    Link

  • ဆီးရီးယားတွင် နှိပ်စက်ခံရသည့် နိုင်ငံသားများကို ကနေဒါအစိုးရ တောင်းပန်

    ဆီးရီးယားတွင် နှိပ်စက်ခံရသည့် နိုင်ငံသားများကို ကနေဒါအစိုးရ တောင်းပန်

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ကနေဒါ နိုင်ငံသား ၃ ဦးမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖမ်းဆီးကာ နှိပ်စက်ခံခဲ့ရပြီး ထိုကိစ္စတွင် အစိုးရက သွယ်ဝိုက်သော နည်းလမ်းဖြင့် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ကနေဒါအစိုးရက ယမန်နေ့တွင် တရားဝင် တောင်းပန်လိုက်သည်။

    နှိပ်စက်ခံရသူများမှာ အဘ်ဒူလာ အလ်မာလ်ကီ၊ အဟ်မဒ် အဘူ အလ်မာတီ၊ မူအေယဒ် နူရက်ဒင်းတို့ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်းတွင် ဆီးရီးယား၌ ထိန်းသိမ်းခံခဲ့ရပြီး နှိပ်စက်ငြှင်းပမ်းမှုများကိုလည်း ခံခဲ့ရကာ ၂၀၀၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

    “နိုင်ငံရပ်ခြားမှာ ထိန်းသိမ်းခံရမှု၊ နှိပ်စက်ခံရမှုနှင့် ထိခိုက်နာကျင်စေမှုတို့မှာ ကနေဒါအစိုးရ တာဝန်ရှိသူတွေက ပါကောင်းပါခဲ့မယ်ဆိုရင် အဲဒီအတွက် မစ္စတာ အလ်မာလ်ကီ၊ မစ္စတာ အဘူ အလ်မာတီ၊ မစ္စတာ နူရက်ဒင်းနဲ့ သူတို့ရဲ့ မိသားစုတွေကို ကနေဒါအစိုးရကိုယ်စား ကျွန်တော်တို့ တောင်းပန်လိုပါတယ်” ဟု ကနေဒါအစိုးရ၏ ပြည်သူ့လုံခြုံရေးဝန်ကြီး ရာလ်ဖ် ဂွဒ်ဒါလီနှင့် နိုင်ငံရေးခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းတို့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း ထိခိုက်ခံစားခဲ့ရသူများနှင့် မည်သည့်သဘောတူညီချက် ရရှိခဲ့သည်ဆိုသည်ကို ကြေငြာချက်တွင် မဖော်ပြခဲ့ပေ။ Amnesty International က ယခုကြေငြာချက်ကို ကြိုဆိုခဲ့ပြီး၊ ထိုဖြေရှင်းမှုတွင် ၎င်းတို့ ၃ ဦးအား နစ်နာကြေးပေးရန်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    အဘ်ဒူလာ အလ်မာလ်ကီ၊ အဟ်မဒ် အဘူ အလ်မာတီ၊ မူအေယဒ် နူရက်ဒင်တို့မှာ မည်သည့်တရားစွဲဆိုမှုမှ မခံရဘဲ ၂၀၀၄ ခုနှစ်တွင် လွတ်မြောက်လာခဲ့ပြီး ကနေဒါအစိုးရကို ၎င်းတို့၏ ထိခိုက်ခံစားရမှုများအတွက် တရားစွဲဆိုခဲ့သည်။

    ဖမ်းဆီးနှိပ်စက်ခံရသည့် အဆိုပါ အမျိုးသား ၃ ဦးနှင့်ပတ်သက်၍ ဆီးရီးယားက မေးခွန်းများ မေးမြန်းမှုကို ကနေဒါအစိုးရ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည့် လျှို့ဝှက် စာရွက်စာတမ်းများကို ပြီးခဲ့သည့် စက်တင်ဘာက ကနေဒါ၏ CBC သတင်းဌာနမှ ဖော်ပြခဲ့သည်။

    “ဒီနေ့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုက သူတို့ရဲ့ ဘ၀မှာ မျှော်လင့်ချက်ရှိတဲ့ ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ရေး ကြိုးပမ်းမှုအတွက် သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကို အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကနေဒါဝန်ကြီးများ၏ ကြေငြာချက်တွင် ဖော်ထားသည်။

    ကနေဒါ ထောက်လှမ်းရေးမှတ်တမ်းများဖြင့် အမေရိကန်အာဏာပိုင်များက ၂၀၀၂ ခုနှစ်တွင် ဆီးရီးယားသို့ လွှဲပြောင်းပေးခဲ့သည့် ကနေဒါနိုင်ငံသား ကွန်ပျူတာအင်ဂျင်နီယာ မဟာ အေရာရ်မှာလည်း ဒမတ်စကတ်ထောင်တွင် ငြှင်းပမ်းနှိပ်စက်ခြင်း ခံခဲ့သည်။

    သို့သော်လည်း အေရာရ်မှာ ကနေဒါအာဏာပိုင်များ သံသယရှိသကဲ့သို့ မဟုတ်သောကြောင့် ၂၀၀၇ ခုနှစ်တွင် ၀န်ကြီးချုပ် စတီဖင် ဟာပါး၏ တောင်းပန်မှုနှင့် ကနေဒါအစိုးရထံမှ နစ်နာကြေး ဒေါ်လာ ၁၀ သန်းကို ရရှိခဲ့သည်။

    Ref: Alarabiya

  • တရုတ်တက္ကသိုလ်တွင် ဆော်ဒီက စာကြည့်တိုက်ဖွင့်

    တရုတ်တက္ကသိုလ်တွင် ဆော်ဒီက စာကြည့်တိုက်ဖွင့်

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီဘုရင် ဆလ်မန်မှာ ၎င်းအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည့် Peking တက္ကသိုလ်တွင် ‘ ဘုရင် အဘ်ဒူလ်အဇစ် ပြည်သူ့စာကြည့်တိုက်’ ကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    တက္ကသိုလ်သို့ ရောက်ရှိလာသည့် ဘုရင် ဆလ်မန်ကို တရုတ်ပညာရေးဝန်ကြီး ချန်ဘောင်ရှန်းနှင့် တာဝန်ရှိသူအများအပြားက ကြိုဆိုခဲ့ကြသည်။

    တက္ကသိုလ်ဥက္ကဌကမူ ဘုရင်ကြီးကို ကြိုဆိုပါကြောင်း ယခုကဲ့သို့ စာကြည့်တိုက်ဖွင့်လှစ်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေကြောင်း ပြောကြားခဲ့သည်။

    ‘ဘုရင် အဘ်ဒူလ် အဇစ် စာကြည့်တိုက်’ အကြောင်းနှင့် ထိုစာကြည့်တိုက်က ဘာသာစကားအမျိုးမျိးဖြင့် သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေနေသည့်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကိုလည်း စာကြည့်တိုက်ဖွင့်ပွဲတွင် ပြသခဲ့သည်။

    ဘုရင်ဆလ်မန်ကမူ မိမိအနေဖြင့် Peking တက္ကသိုလ်သို့ လာရောက်လည်ပတ်ရခြင်းအတွက် ကျေနပ်မိကြောင်း၊ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    “သိပ္ပံနဲ့ အသိပညာနယ်ပယ်မှာ ဆော်ဒီအာရေဗျရဲ့ အကျိုးစီးပွား ခိုင်မာစေဖို့ အခွင့်အလမ်းကို ကျွန်တော် ရှာဖွေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဉာဏ်သစ်လောင်းမှုနဲ့ တိုးတက်မှုမှာ သိပ္ပံပညာက အခြေခံအုတ်မြစ်ပါပဲ။ ‘ဘုရင် အဘ်ဒူလ် အဇစ် ပြည်သူ့စာကြည့်တိုက်’ ဖွင့်လှစ်နိုင်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဆော်ဒီဘုရင့်နို
    င်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သိပ္ပံသုတေသနယ် အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု ထပ်လုပ်နိုင်ဖို့ နှစ်နိုင်ငံ ပြည်သူလူထုတွေအတွက် ပေးဆပ်ဖို့ ဆော်သြလိုက်ပါတယ်” ဟု ဆော်ဒီဘုရင်က ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့အကြောင်း တန်ဖိုးရှိသည့် စာအုပ်နှစ်အုပ်ကိုလည်း အဆိုပါ စာကြည့်တိုက်တွင် ထားရှိသွားမည်ဖြစ်သည်။

    Ref: Arab News