News @ M-Media

Blog

  • မန်စီးတီးတွင် ဂွါဒီယိုလာမှာ လူစာရင်းပြဿနာ ရင်ဆိုင်နေရဟု ကလော့ပ်ပြော

    မန်စီးတီးတွင် ဂွါဒီယိုလာမှာ လူစာရင်းပြဿနာ ရင်ဆိုင်နေရဟု ကလော့ပ်ပြော

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ယှဉ်ပြိုင်မှုပိုကြီးသော ပရီးမီးယားလိဂ်မှ မန်စီးတီးလူစာရင်းမှာ ဘာစီလိုနာတွင် ကိုင်တွယ်ခဲ့ရသည့် လူစာရင်းကဲ့သို့ တောင့်တင်းမှုမရှိခြင်းက ဂွာဒီယိုလာအတွက် ပြဿနာဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားလိုက်သည်။

    စပိန်နှင့် ဂျာမနီတို့တွင် ဆုဖလားများစွာ ဆွတ်ခူးကာ ယခုနှစ်တွင် အင်္ဂလန်သို့ ရောက်ရှိလာသော်လည်း ယခုတစ်ပတ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် မိုနာကိုအား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဂွါဒီယိုလာမှာ FA ဖလားတစ်လုံးသာ မျှော်လင့်နိုင်တော့သည်။

    စနေနေ့တွင် မန်စီးတီးကွင်းသို့ သွားရောက်ကစားရမည့် လီဗာပူးလ်နည်းပြ ကလော့ပ်က ဘာကာတွင် ဂွါဒီယိုလာကိုင်တွယ်ခဲ့သည့် လူစာရင်းနှင့် ယခု မန်စီးတီးလူစာရင်းမှာ အလွန်အမင်း ကွာခြားနေပြီး ထို့ကြောင့်ပင် အထူးသဖြင့် ဥရောပပြိုင်ပွဲ၌ ခက်ခဲရခြင်းဟု ဆိုသည်။

    “ကျွန်တော်တို့ အသင်းလူစာရင်းကို နှိုင်းယှဉ်ကြည့်ရမှာပါ။ မက်ဆီပါတဲ့အသင်းနဲ့ မပါတဲ့အသင်း၊ တစ်ခါ အင်နီယေစတာပါတဲ့အသင်းနဲ့ မပါတဲ့အသင်း၊ ဇာဗီ အကောင်းဆုံး ကစားနိုင်တဲ့အချိန် အသင်းနဲ့ မကစားနိုင်တဲ့အချိန်အသင်း။ ဒါက ခြားနားချက်ပါပဲ။ တစ်ယောက်ကို အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ သူ ဘာလို ချင်တာလဲဆိုတာ ကြည့်ရမှာပါ။ ဒါဟာ နည်းပြတစ်ယောက်ကို သုံးသပ်ရာမှာ အရေးပါဆုံးအချက် ဖြစ်ပါလိမ့်မယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာ၌ ရှိနေသော်လည်း ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၀ မှတ်ကွာဟနေသည်။ ကလော့ပ်ကမူ ပရီးမီးယားလိဂ်၏ ယှဉ်ပြိုင်မှု ကြီးမားခြင်းကလည်း ဂွါဒီယိုလာအတွက် ခက်ခဲစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လက်ရှိသုံးစွဲနေသည့် ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားများ (၁)

    လက်ရှိသုံးစွဲနေသည့် ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားများ (၁)

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ဘာသာစကားဆိုတာ ဇီဝရုပ် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေသလို အချိန်တိုင်း၊ မျိုးဆက်တိုင်း ပြောင်းလဲတိုးတက်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘာသာစကားတစ်ခုနဲ့ အဲဒီဘာသာစကားကနေ နောက်ထပ် ခွဲထွက်လာတဲ့ ဘာသာစကားတစ်ခုဟာ သိသိသာသာ ကွဲပြားခြားနားသွားတာမျိုး မရှိပါဘူး။ ဒ့ါကြောင့် ဘာသာ
    စကားတစ်ခုက အခြား ဘာသာစကားတစ်ခုထက် ပိုပြီး သက်တမ်းရင့်တယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဘာသာစကားအားလုံးဟာ လူသားတွေလိုပဲ အိုးမင်းဟောင်း နွမ်းတတ်ပါတယ်။ အခုဖော်ပြမယ့် ဘာသာစကားတွေကတော့ နည်းနည်း ထူးခြားပြီး ရှေးလည်း ပိုကျပါတယ်။

    ဟီဘရူး

    ဟီဘရူးဘာသာစကားဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၄၀၀ ၀န်းကျင်လောက်အထိ နိစ္စဓူဝသုံး စကားဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းက ဂျူးလူမျိုးတွေ အခမ်းအနားတွေမှာသာ အသုံးပြုတော့တဲ့ အဆင့်ကို ရာက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ ဇီယွ
    န်ဝါဒ ခေါင်းဆောင်လာမှုနဲ့အတူ ဟီဘရူးဘာသာစကားဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး လက်ရှိ အစ္စရေးရဲ့ တရားဝင် ရုံးသုံး ဘာသာစကား ဖြစ်လို့နေပါတယ်။ ယခုခေတ်သုံး ဟီဘရူးဟာ ဓမ္မဟောင်းကျမ်းမှာ အသုံးပြုတဲ့ ပုံစံနဲ့ ကွာခြားပေမယ့် မွေးရာပါ ဟီဘရူစကားတတ်သူတွေဟာ ဓမ္မဟောင်းကျမ်းက ဟီဘရူးစာလုံးတွေ သူတို့နဲ့ ဆက်စပ်နေတဲ့ စာတွေကို ကောင်းကောင်း နားလည်ကြပါတယ်။ ခေတ်သစ် ဟီဘရူးစကားကို စပြောကြတဲ့ အစောပိုင်းဂျူးတွေရဲ့ မိခင်ဘာသာစကားဟာ ယီဒစ်ရှ် (Yiddish) ဖြစ်ပြီး လက်ရှိမှာတော့ ခေတ်သစ် ဟီဘရူးဘာသာစကားဟာ အခြားသော ဂျူးဘာသာစကားတွေအပေါ်မှာ လွှမ်းမိုးသွားခဲ့ပါပြီ။

    တမီလ်

    တမီလ်ဘာသာစကားဟာ လူပေါင်း ၇၈ သန်းလောက် ပြောဆိုနေတဲ့ ဘာသာစကားဖြစ်ပြီး သီရိလင်္ကာနိုင်ငံနဲ့ စင်ကာပူတို့မှာ အစိုးရမှ တရားဝင် ဘာသာစကားတစ်ခု အဖြစ်အသိအမှတ်ပြုထားပါတယ်။ နောက်ပြီး တမီလ်ဘာသာစကားဟာ ခေတ်သစ်ကာလအထိ ရှေးဟောင်း ဂန္တ၀င်ပုံစံနဲ့ ရှင်သန်လာတဲ့ တစ်ခုတည်းသော ဘာသာစကားလည်း ဖြစ်ပါတယ်။ ဒါဝီဒီယန် ဘာသာစကား မိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး အိန္ဒိယတောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မျိုးကွဲပေါင်းမြောက်များစွာ ရှိနေပါတယ်။ ပြီးတော့ တမီလ်နန်ဒူးပြည်ရဲ့ ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ ခရစ်တော်မပေါ်ခင် ၃ ရာစုလောက်က တမီလ်စာနဲ့ ရေးသားထားမှုတွေကို တွေ့ရှိခဲ့ရပြီး အဲဒီအချိန်ကတည်းက ဆက်တိုက် တည်တံ့လာခဲ့တာ ဖြစ်ပါတယ်။ ခရစ်တော်မတိုင်ခင် နှစ်ပေါင်း ၆၀၀ လောက်အရင် အသုံးပြုခဲ့တဲ့ အခြား အိန္ဒိယဘာသာစကား သက္ကတနဲ့ မတူတာက တမီလ်ဟာ လက်ရှိမှာ ကမ္ဘာပေါ် အသုံးများဆုံး ဘာသာစကားစာရင်းမှာ အဆင့် ၂၀ နေရာ ရှိနေတာဖြစ်ပါတယ်။ သက္ကတဘာသာစကားကတော့ လက်ရှိမှာ တိမ်ကောသွားပါပြီ။

    လစ်သူယေးနီးယန်း

    ဥရောပရဲ့ ဘာသာစကားအများစုဟာ အင်ဒို-ဥရောပ ဘာသာစကားအနွယ်ဝင်တွေဖြစ်ပေမယ့် ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၃၅၀၀ လောက် အရင်ကတည်းက တစ်ခုနဲ့တစ်ခု ကွဲပြားသွားတယ်လို့ မှတ်ယူထားပါတယ်။ နောက်ပိုင်းမှာ ဂျာမနီ၊ အီတလီ၊ အင်္ဂလိပ်တို့လို ဒါဇင်နဲ့ချီတဲ့ အခြား ဘာသာစကားတွေအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး သူတို့ မျှဝေသုံးစွဲခဲ့ကြတဲ့ ပုံစံတွေဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အင်ဒို-ဥရောပ မိသားစုဝင်ထဲက ဘောလ်တစ်ဒေသ ဘာသာစကားတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယန်းဟာ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၃၅၀၀ လောက်ကတည်းက သုံးစွဲခဲ့တယ်လို့ ဘာသာစကားပညာရှင်တွေက ယူဆထားတဲ့ ပရိုတို-အင်ဒို-ဥရောပ (PIE) က ပုံစံအများစု ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လစ်ယူယေးနီးယန်း ဘာသာစကားဟာ အခြားသော ညီနောင်ဘာသာစကားတွေထက် PIE ရဲ့ အသံထွက်တွေ၊ သဒ္ဒါစည်းမျဉ်းတွေ တော်တော်များများကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါ့ကြောင့် လစ်သူယေးနီးယန်းကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘာသာစကားတွေထဲက တစ်ခုအဖြစ် မှတ်ယူကြတာ ဖြစ်ပါတယ်။

    ဖာရစီ

    ဖာရစီကို ကြားဖူးချင်မှ ကြားဖူးကြမှာဖြစ်ပေမယ့် ဒီစကားကို အီရန်၊ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ အခြားနိုင်ငံတော်တော်များများမှာ သုံးစွဲကြပါတယ်။ ပါရှားဆိုတဲ့ စကားလုံးကို လူတိုင်း ကြားဖူးကြမှာဖြစ်ပြီး၊ မီးခွက်စောင့် ဘီလူးပုံပြင်နဲ့ တွဲမြင်ကြမှာပါ။ ပါရှန်နဲ့ ဖာရစီဘာသာစကားဆိုတာ နာမည်သာကွဲပြီး အားလုံးတူပါတယ်။ ဖာရစီဟာ ပါရှန်အင်ပါယာမှာ အသုံးပြုတဲ့ ရှေးဟောင်း ပါရှားစကားကနေ တိုက်ရိုက် ဆင်းသက်လာတာ ဖြစ်ပါတယ်။ ခေတ်သစ် ပါရှန်စကားကတော့ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၈၀၀လောက်မှာမှ ပေါ်ပေါက်လာတာဖြစ်ပြီး အခြားသော ခေတ်ပေါ်ဘာသာစကားတွေနဲ့ ကွဲလွဲတာက အဲဒီကတည်းကစလို့ အပြောင်းအလဲ အနည်း ငယ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ် ပါရှန်စကားပြောဆိုသူတစ်ယောက်ဟာ အေဒီ ၉၀၀ လောက်က ပါရှန်စာအုပ်တစ်အုပ်ကို အင်္ဂလိပ်တစ်ယောက် အေဒီ ၉၀၀ လောက်ကရေးတဲ့ အင်္ဂလိပ်စာအုပ်ဖတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေ မရှိဘဲ ဖတ်နိုင်တယ်လို့ ရှိတ်စပီးယားက ပြောခဲ့ပါတယ်။

    အိုက်စလန်ဒစ်

    အိုက်စလန်ဒစ် ဘာသာစကားဟာ အင်ဒို-ဥရောပ အုပ်စုဝင် ဘာသာစကားဖြစ်ပြီး ဂျာမန်မြောက်ပိုင်း အုပ်စုခွဲမှာ ပါဝင်ပါတယ်။ (အင်္ဂလိပ်ကလည်း ဂျာမန်အုပ်စုဝင်ဖြစ်ပေမယ့် အနောက်ဂျာမန်ဘက်ကပါ။) ဂျာမန်အုပ်စုဝင် ဘာသာစကား အများစုဟာ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အခြားသော အင်ဒို-ဥရောပအုပ်စုဝင် ဘာသာ စကားတွေက ပုံစံအချို့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အိုက်စလန်ဒစ် ဘာသာစကားကတော့ ရှေးရိုးပုံစံအတိုင်း တောက်လျှောက် တည်ရှိလာခဲ့ပြီး ဒီပုံစံတွေ တော်တော်များများကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ၁၄ ရာစုကနေ ၂၀ ရာစု အတွင်းမှာ အိုက်စလန်နိုင်ငံကို ဒိန်းမတ်တွေ အုပ်ချုပ်မှုကလည်း အိုက်စလန်ဒစ် ဘာသာစကားအပေါ် သိပ်ပြီး သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နော့စ်လူမျိုးတွေ တိုင်းပြည်ထဲ ၀င်ရောက်အခြေချကတည်းက ပါလာခဲ့တဲ့ ဒီ အိုက်စလန်ဒစ် ဘာသာစကားဟာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အိုက်စလန်ဒစ်စကား ပြောဆိုတဲ့သူတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာအရင်က ရေးသားခဲ့တဲ့ ၀တ္ထုတွေကိုလည်း အလွယ်တကူ ဖတ်နိုင်ကြပါတယ်။

    (ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)
    Ref : The Culture Trip

  • ဂျာမနီဝန်ကြီးချုပ်နှင့် ထရမ့်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံ

    ဂျာမနီဝန်ကြီးချုပ်နှင့် ထရမ့်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံ

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြပြီး IS အဖွဲ့အား ချေမှုန်းရေး၊ နေတိုးမဟာမိတ်အဖွဲ့ အားကောင်းစေရေးနှင့် ယူကရိန်း-ရုရှားပြဿနာ ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    မာကဲလ်နှင့် ထရမ့်တို့မှာ အမြင်ချင်းမတူကြသည့် ခေါင်းဆောင်များဖြစ်ကြပြီး အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုများလည်း ရှိခဲ့ကြသည်။ ထရမ့်က ပြီးခဲ့သည့်နှစ် ၎င်း၏ မဲဆွယ်ပွဲတွင် မာကဲလ်မှာ ဆီးရီးယားမှ ဒုက္ခသည်များကို လက်ခံခြင်းအားဖြင့် ဂျာမနီနိုင်ငံကို ဖျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မာကဲလ်က မိမိတို့၏ ဆွေးနွေးမှုမှာ ပိုမိုကောင်းမွန်သော ဆွေးနွေးမှုဖြစ်ပြီး တစ်ဦးအကြောင်း တစ်ဦးက ပြောဆိုခြင်းမဟုတ်ကြောင်း၊ မိမိတို့၏ အမြင်များကို ဖလှယ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

    ထရမ့်က မိမိတို့ ၂ နိုင်ငံမှာ အစွန်းရောက် အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒ အန္တရာယ်၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “ပြောင်းရွှေ့အခြေချမှုအဟာ အခွင့်ထူးဖြစ်ပြီး အခွင့်အရေးမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးရမှာက မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စပါ”

    ထို့ပြင် ထရမ့်က မိမိအနေဖြင့် နေအတိုးအဖွဲ့အား အခိုင်အမာ ထောက်ခံသည်ဟု ထည့်သွင်းပြာကြားခဲ့သော်လည်း ကာကွယ်ရေး အသုံးစားရိတ်ကိုမူ အဖွဲ့ဝင်နိုင်ငံများက ညီတူညီမျှ ကျခံရမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    မာကဲလ်ကမူ ထရမ့်က နေအတိုးအဖွဲ့အား ထောက်ခံသည့်အတွက် မိမိအနေဖြင့် အားတက်မိကြောင်း၊ ဂျာမနီကလည်း နေတိုးအဖွဲ့တွင် ထည့်ဝင်နေသော ငွေကြေးကို တိုးမြင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ခေါင်းဆောင် နှစ်ဦး အာဖဂန်နစ္စတန်အရေးနှင့် ယူကရိန်းအရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

    Ref: Aljazeera

  • ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ပြည်သူများကို ဒုံးကျည်ရန်မှ ကယ်ဆယ်ရေး ပထမဆုံး လေ့ကျင့်မှုကို ယနေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် တစ်ပတ်ကျော်က မြောက်ကိုရီးယားမှ ပစ်လွှတ်စမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းမှာ ဂျပန်အနောက်မြောက်ဖက် ကမ်းရိုးတန်းသို့ ကျရောက်ခဲ့ပြီး ထိုအထဲမှ တစ်ခုမှာ အိုဂါမြို့နှင့် ကီလိုမီတာ ၂၀၀ ခန့်အကွာသို့ ရောက်ရှိခဲ့သည်။

    ယနေ့ပြုလုပ်သည့် ကယ်ဆယ်ရေးလေ့ကျင့်ခန်းမှာ မြောက်ကိုရီးယားက ဂျပန်ကျွန်းများအပေါ် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်မှုကို အခြေခံ၍ လေ့ကျင့်ခြင်းဖြစ်သည်။

    “ဒုံးကျည်ဟာ အိုဂါကျွန်းဆွယ်အနောက်ဖက် ကီလိုမီတာ ၂၀ အတွင်း ကျရောက်တယ်လို့ ယူဆရပါတယ်။ အစိုးရဟာ လက်ရှိမှာ အပျက်အဆီးကို ဆန်းစစ်နေပါတယ်” ဟု လေ့ကျင့်နေစဉ်အတွင်း ပြည်သူများအား အသိပေးသည့် စပီကာများမှ ပြောကြားခဲ့သည်။

    လေ့ကျင့်မှုအတွင်း ပြည်သူများမှာ အရေးပေါ်ပစ္စည်းများ၊ ကာကွယ်ရေး ၀တ်စုံများ ထားရှိပေးထားသည့် သတ်မှတ် ကယ်ဆယ်ရေးစင်တာများသို့ သွားရောက်ခဲ့ရသည်။ ထိုလေ့ကျင့်မှုတွင် ကျောင်းသားများအား ကယ်ထုတ်ရေး အစီအစဉ်လည်း ပါဝင်ခဲ့သည်။

    ဂျပန်အစိုးရ တာဝန်ရှိသူများကမူ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေတွင် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီရက်တွေမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုအမူကို မှန်းဆလို့မရဘူးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်” ဟု အိုဂါမြို့တည်ရှိရာ အကီတာပြည်နယ်မှ လုံခြုံရေးဆိုင်ရာ အကြီးအကဲ အိုဆာမူ ဆိုင်တိုက ပြောကြားခဲ့သည်။

    Ref: CNA

  • နယ်ကျော်လာသည့် အစ္စရေးတိုက်လေယာဉ်များမှ တစ်စီးကို ပစ်ချခဲ့သည်ဟု ဆီးရီးယားပြော

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – အစ္စရေး တိုက်လေယာဉ် ၄ စင်းမှာ မိမိတို့၏ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာသည့်အတွက် မိမိတို့က ပစ်ချခဲ့ပြီး တစ်စီးပျက်ကျကာ အခြားတစ်စီးမှာလည်း ကျည်ထိမှန်သွားခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။

    မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ မိနစ် ၄၀ တွင် အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်ပိုင်နက်မှတစ်ဆင့် ဆီးရီးယားသို့ ၀င်ရောက်လာခဲ့ပြီး ပါလ်မိုင်ရာမြို့သွားရာလမ်းရှိ စစ်စခန်းတစ်ခုကို ပစ်ခတ်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က စစ်တပ်မှထုတ်ပြန်သည့် ကြေငြာချက်ကို ဖော်ပြခဲ့သ
    ည်။

    “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ်ဟာ သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သူတို့ သိမ်းပိုက်ထားတဲ့ ပိုင်နက်ပေါ်မှာ တစ်စီးကို ပစ်ချခဲ့ကာ နောက်တစ်စီးကတော့ ကျည်ဆံမှန်ခဲ့ပါတယ်။ ကျန်တဲ့လေယာဉ်တွေက ထွက်ပြေးသွားပါတယ်” ဟု အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို ရည်ညွှန်း၍ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အစ္စရေး၏ ထိုတိုက်ခိုက်မှုမှာ ရန်စမှုလုပ်ရန်ဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆီးရီးယားစစ်တပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရတပ်မှာ ပါလ်မိုင်ရာ ရှေးဟောင်းမြို့ကို IS အကြမ်းဖက်သမားများလက်မှ မတ်လ ၂ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။

    ဇန်န၀ါရီလကလည်း ဒမတ်စကတ်မြို့အနီးရှိ မာဇီဟ် လေတပ်စခန်းကို အစ္စရးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အစ္စရေးမှာ ယခင်ကလည်း ဆီးရီးယားပိုက်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးစစ်တပ် ပစ်မှတ်များကို မကြာခဏ တိုက်ခိုက်ခဲ့သည်။

    Ref: Press TV