News @ M-Media

Blog

  • အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    အမေရိကန်တွင် ဆစ်ခ်လူမျိုးတစ်ဦးကို လူဖြူတစ်ဦးက သေနတ်ဖြင့် ပစ်

    မတ် ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့အနီးတွင် လူဖြူတစ်ဦးက ဆစ်ခ်လူမျိုးတစ်ဦးကို တိုင်းပြည်မှ ထွက်သွားရန်ပြောကာ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဆီယက်တဲလ် တီဗီ KIRO 7 က အဆိုပါ ဆစ်ခ်လူမျိုးမှာ ကားအတွင်းရှိနေစဉ် လက်မောင်း၌ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “‘တိုင်းပြည်က ထွက်သွားစမ်း။ မင်းလာတဲ့နေရာကိုပြန်’ ဆိုတဲ့ စကားမျိုးတွေ ပြောပြီး အပစ်ခံလိုက်ရတာပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုးဖြစ်တာဟာ သိပ်ပြီး အံ့အားသင့်စရာကောင်းသလို အလွန်အမင်းလည်း စိတ်ပျက်စရာလည်း ကောင်းပါတယ်” ဟု ကန့်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ကန် သောမတ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Seattle Times က သေနတ်ဖြင့် ပစ်သွားသူမှာ အရပ် ၆ ပေခန့် ဂင်တိုတိုရှိသော လူဖြူအမျိုးသားဖြစ်ပြီး ၎င်း၏ မျက်နှာတစ်ဝက်ကို ဖုံးထားသော မျက်နှာဖုံး ၀တ်ဆင်ထားသည်ဟု ဒဏ်ရာရသူက ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။

    ပစ်ခတ်ခံရသည့် ဆစ်ခ်လူမျိုးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်သည်။

    ဆစ်ခ်ညွှန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဂ်ျဒီပ် ဆင်းက အစိုးရခေါင်းဆောင်များအနေဖြင့် အမုန်းအခြေခံ ရာဇ၀တ်မှုကို ရပ်တန့်ရေး အဓိကထား ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ရှူရှမာ ဆွာရဂ်ျကလည်း သောကြာနေ့က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    ကြာသာပတေးနေ့က တောင်ကယ်ရိုလိုင်းနားတွင် အိန္ဒိယနွယ်ဖွား အမျိုးသား ဟာနစ်ရှ် ပက်တေးလ်မှာ ဆိုင်ပိတ်နေချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့ကမူ ထိုပစ်ခတ်မှုမှာ လူမျိုးရေးလှုံ့ဆော်မှုကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    လွန်ခဲ့သည် နှစ်ပတ်က ကန်းဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အိန္ဒိယ အင်ဂျင်နီယာတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အမေရိကန်တွင် ဆစ်ခ်လူမျိုးများမှာ ပစ်မှတ်ထား တိုက်ခိုက်မှုကို အများအပြား ခံခဲ့ရသည်။

    Ref: Aljazeera

  • အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    မေ ၅၊ ၂၀၁၇
    M-Media

    – အစိုးရဘက်ဂျက်ဖြင့် တည်ဆောက်ရန် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်ယူသွားမည်ဟု ရခိုင်ပြည်နယ်အစိုးအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားလိုက်သည်။

    လေဆိပ်ဆောက်လုပ်ရေး လုပ်ငန်းကို ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး ဗဟိုအစိုးရက တစ်နှစ်လျှင် ထိုစီမံကိန်းအတွက် ငွေကျပ် ၂ ဘီလီယံသာ ထောက်ပံ့သည့်အတွက် ထိုငွေပမာဏနှင့် စီမံကိန်းပြီးဆုံးရန်မှာ နောက်ထပ် ၁၀ နှစ်ကျော် ကြာမြင့်မည်ဟု ၎င်းက ဆိုသည်။

    “လေဆိပ်ဆောက်လုပ်ဖို့အတွက် တစ်နှစ်ကို ကျပ် ၂ ဘီလီယံလောက်ပဲ သုံးနိုင်တယ်။ ဒီစီမံကိန်းတစ်ခုလုံး အပြီးသတ်ဖို့အတွက် ငွေကျပ် ၂၆ ဘီလီယံလောက် လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းကို တာဝန်ယူလိုတဲ့ ကုမ္ပဏီတွေကို တင်ဒါပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ တင်ဒါအောင်တဲ့သူ ဆောင်ရွက်လို့ရှိရင် လေဆိပ်ဟာ ၃ နှစ်အတွင်း ပြီးဆုံးနိုင်ပါတယ်။ ဒါဟာ မြောက်ဦးဒေသက ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို အားကောင်းစေမှာ ဖြစ်ပါတယ်”

    လက်ရှိတွင် မြောက်ဦးကို ပြည်နယ်မြို့တော် စစ်တွေမှ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့်သာ သွားလာနိုင်သည်။

    မြောက်ဦးတွင် သမိုင်းဝင် စေတီပုထိုးပေါင်း ၁၅၀၀ ကျော်ရှိနေပြီး အချို့၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀၀ ကျော် ကြာမြင့်နေပြီဖြစ်သည်။ ထိုဒေသအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် ကြိုးပမ်းနေသည်။

    ထို့ပြင် အဆိုပါ ဒေသမှာ နိုင်ငံခြားသားများ စိတ်ဝင်စားရာ နေရာလည်းဖြစ်ပြီး တစ်နှစ်လျှင် မြောက်ဦးသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားအရေအတွက်မှာ ၄၀၀၀ ကျော် ရှိနေသည်။

    Ref: Bangkokpost

  • အမေရိကန်ရှိ နိုင်ငံသားများကို မက္ကဆီကို၏ ကူညီမှု တိုးမြှင့်မည်

    အမေရိကန်ရှိ နိုင်ငံသားများကို မက္ကဆီကို၏ ကူညီမှု တိုးမြှင့်မည်

    မတ် ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်အစိုးရက အထောက်အထားမရှိသော သူများကို နှိမ်နင်းမည့် အစီအစဉ်ကြောင့် ၎င်းတို့၏ နိုင်ငံသားများကို ကူညီရန် မက္ကဆီကိုက တိုးမြှင့်လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ ကောင်စစ်ဝန်ရုံး ၅၀ တွင် ဥပဒေရေးရာ အကူအညီပေးရေးစင်တာကို ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    အဆိုပါ စင်တာများမှာ ၎င်းတို့၏ အခွင့်အရေးများ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားနေရသည့် မက္ကဆီကန်များအတွက် ဥပဒေရေးရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ စနေနေ့ကလည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး လူးဝစ် ဗီဒီဂါရေးက အမေရိကန်အစိုးရအနေဖြင့် မက္ကဆီကန်များ၏ အခွင့်အရေးကို လေးစားရန်နှင့် အထောက်အထားမရှိသူများကို ဥပဒေကြောင်းအရ လမ်းတစ်ခုဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။

    ထို့ပြင် အမေရိကန်အတွင်းရှိ မက္ကဆီကိုနိုင်ငံသားများအနေဖြင့် ဥပဒေကို လိုက်နာရန် မိမိတို့အစိုးရက လိုချင်ပြီး လူ့အခွင့်အရေးကို လေစားရန်လည်း ဆော်သြပေးသွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    သမ္မတ ဒေါ်နယ်ထရမ့် အာဏာရယူခဲ့သည့် ပထမလတွင် နယ်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်များကို ပိုမို တင်းကြပ်ရန်၊ တရားမ၀င် ၀င်ရောက်လာသူများအား နှိမ်နှင်းရေးအတွက် အမေရိကန် မက္ကဆီကိုယ်ခြားတွင် တံတိုင်းဆောက်ရန် အမိန့်ပေးခဲ့ကာ မက္ကဆီကိုနှင့် အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာခဲ့သည်။

    Pew Research Center က အမေရိကန်တွင် အထောက်အထားမဲ့ တရားမ၀င်နေထိုင်သူ အရေအတွက်မှာ ၆ သန်းနီးပါးရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံမှ ပန်းရောင်ကဒ်ကိုင် မြန်မာလုပ်သားများ ပွဲစားများ၏ အမြတ်ထုတ်ခံနေရ

    ထိုင်းနိုင်ငံမှ ပန်းရောင်ကဒ်ကိုင် မြန်မာလုပ်သားများ ပွဲစားများ၏ အမြတ်ထုတ်ခံနေရ

    မတ် ၅၊ ၂၀၁၇
    M-Media

    ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ

    – ထိုင်းအစိုးရက ထုတ်ပေးထားသော ပန်းရောင်ကဒ် ကိုင်ဆာင်ထားသည့် မြန်မာအလုပ်သမားများ CI လျှောက်ထားရာတွင် ငွေကြေးမတန်တဆ တောင်းခံမှုနှင့် ကြုံတွေ့နေရသည်ဟု ‘ရွှေ့ပြောင်းအလုပ်သမားများကွန်ယက်’ (MWRN) က ပြောကြားလိုက်သည်။

    “ဥပဒေလိုက်နာတဲ့ စက်ရုံကြီးတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို အကျပ်အတည်းဖြစ်အောင် မလုပ်ကြပါဘူး။ ဒါပေမယ့် စက်ရုံသေးသေးလေးတွေကတော့ လုပ်ကြပါတယ်။ အခုဆိုရင် ပွဲစားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေဟာ CI လျှောက်ထားဖို့အတွက် ဘတ် ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိ တောင်းနေကြပါတယ်” ဟု MWRN မှ ဒုတိယဥက္ကဌ ဦးအောင်ကျော်က ပြောကြားခဲ့သည်။

    ပန်းရောင်ကဒ် သို့မဟုတ် ယာယီအထောက်အထားကိုင်ထားသော ရွှေ့ပြောင်းလုပ်သားများမှာ CI လျှောက်ထားမှုလုပ်ငန်းစဉ် ရှုပ်ထွေးသောကြောင့် ပွဲစားများကို အသုံးပြုနေကြရသည်။

    “CI ကဒ်ရရင် လွတ်လပ်စွာ သွားလာနိုင်ပြီး အိမ်ပြန်လို့ရတယ်ဆိုတာ မြန်မာရွှေ့ပြောင်းလုပ်သားတွေက သိကြပါတယ်။ ဒါ့ကြောင့် ပွဲစားတွေက စက်ရုံအာဏာပိုင်တွေနဲ့ပေါင်းပြီး အမြတ်ထုတ်နေကြတာပါ”

    ထိုင်းနိုင်ငံရှိ ပန်းရောင်ကဒ်ကိုင်ထားသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းရှိ CI ထုတ်ပေးရေး စင်တာ ၆ ခုက မတ်လ ၃ ရက်နေ့တွင် CI အထောက်အထား ထုတ်ပေးမည်ဖြစ်ပြီး ဘတ် ၃၀၀ သာ ကျသင့်မည်ဟု မြန်မာအစိုးရက ဖေဖော်ဝါရီလတွင် ကြေငြာထားသည်။

    ထို့ပြင် ငွေကြေးပိုမို မပေးရစေရန်အတွက် ပွဲစားများကို ရှောင်ရန်လည်း သတိပေးထားသည်။ သို့သော်လည်း ဦးအောင်ကျော်က မြန်မာလုပ်သားများမှာ အဆိုပါ လုပ်ငန်းစဉ်တွင် ရှုပ်ထွေးမှုကို တွေ့ရသောကြာင့် ပွဲစားများကို အားကိုးနေရခြင်းဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ တက်ကြွလှုပ်ရှားသူအချို့က CI လျှောက်ထားပြီးသော်လည်း နိုင်ငံကူးလက်မှတ် လျှောက်ထားရမည် ဖြစ်သောကြောင့် မြန်မာလုပ်သားများမှာ ငွေကြေ ၂ ခါ ကုန်ကျနေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူများကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးသင့်ကြောင်း၊ ထိုနိုင်ငံကူးလက်မှတ်က CI ထက် ပို၍ အသုံးဝင်ကြောင်း တိုက်တွန်းခဲ့သည်။

    ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားဦးရေမှာ ၃ သန်းမှ ၄ သန်းအကြားရှိပြီး ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများမှာ ၁.၇ သန်းရှိကာ၊ ထိုင်းအစိုးရမှ ထုတ်ပေးသည့် ပန်းရောင်ကဒ်ကို ကိုင်ဆောင်သူထားသူမှာ ၈ သိန်းခန့်ရှိသည်။

    Ref: mmtimes

  • စာအုပ် ၆ သန်းပါသည့် အွန်လိုင်းစာအုပ်စတိုး အရှေ့အလယ်ပိုင်းတွင်ဖွင့်လှစ်

    စာအုပ် ၆ သန်းပါသည့် အွန်လိုင်းစာအုပ်စတိုး အရှေ့အလယ်ပိုင်းတွင်ဖွင့်လှစ်

    မေ ၅၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Souq.com မှာ စာအုပ်ပေါင်း ၆ သန်းပါဝင်မည့် အွန်လိုင်း စာအုပ်စတိုးတစ်ခုကို ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    ကမ္ဘာကျော် Amazon ၏ Kindle စာအုပ်များကဲ့သို့ ဖြစ်ပြီး Global Bookstore ဟု အမည်ပေးထားသည့် Souq.com ၏ ယခု အွန်လိုင်းစာအုပ်စတိုးမှာ အရှေ့အလယ်ပိုင်း ဒေသအတွက် စာအုပ်များကို ပိုမိုရရှိစေနိုင်မည် ဖြစ်သည်။ ထို အွန်လိုင်းစာအုပ်စတိုးကို ယူအေအီး အစိုးရ၏ Year of Reading initiative က ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

    Global Bookstore တွင် ယဉ်ကျေးမှု၊ မိသားစု၊ ပညာရေး၊ စီးပွားရေး စသည်တို့ အပါအ၀င် ကဏ္ဍပေါင်းစုံမှ စာအုပ်များ ပါဝင်မည်ဖြစ်သည်။

    Souq.com ကို ပူးတွဲတည်ထောင်သူနှင့် စီအီးအို ရော်နယ်ဒို မူချာဝါရ်က “ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် စာအုပ်ပေါင်းစုံကို လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့ စာအုပ်စတိုး ဖန်တီးပေးရတာကို ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ အနာဂတ်မှာလည်း ဒီထက် ပိုပြီး တိုးတက်အောင်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံအတွင်းမှ အဖွဲ့အစည်းများ အထူးသဖြင့် Mohammed Bin Rashid Al Maktoum Foundation၊ Dubai e-Library တို့နှင့် ပူးပေါင်းကာ စာဖတ်ခြင်း၊ အသိပညာ ရှာဖွေခြင်းနှင့် ပတ်သက်၍ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူချာဝါရ်က ထပ်လောင်း ပြောကြားခဲ့သည်။

    “ယူအေအီးရဲ့ National Reading လှုပ်ရှားမှုနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး ဒီလို စာအုပ်စာပေကဏ္ဍမှာ ချဲ့ထွင်မှုဟာ ဒေသတစ်ဝှမ်း စာဖတ်မှုဓလေ့ အရှိအဟုန်အသစ်ကို မြင်နေရတဲ့ စိတ်ဝင်စားစရာကာင်းတဲ့ အချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဒေသတွင်းကလူတွေကို စာအုပ်စာပေတွ ပိုမိုဖတ်ရှုစေနိုင်မှာ ဖြစ်ပါတယ်”

    မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် Arab Reading Index အညွှန်းကိန်းအရာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးမှ ပြည်သူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ၅၁ နာရီဝန်းကျင် စာဖတ်ပြီး ကျန်သည့် အာရပ်ဒေသက စာဖတ်ချိန် ၃၅ နာရီထက် ပို၍ မြင့်မားသည်။

    အာရပ်ဒေသတွင် လူတစ်ဦးမှာ တစ်နှစ်လျှင် ပျမ်းမျှ စာအုပ် ၁၆ အုပ် ဖတ်ရှုပြီး ယူအေအီးတွင် ပြည်သူတစ်ဦး တစ်နှစ် ပျမ်းမျှ ဖတ်ရှုသော စာအုပ်မှာ ၂၄ အုပ်ရှိသည်။

    Ref: Arabian Business