News @ M-Media

Blog

  • ဓနသာဟာယ လူငယ်ထူးချွန်ဆု ဇကာတင်စာရင်းတွင် ဘင်္ဂါလီနှစ်ဦး ပါဝင်လာ

    ဓနသာဟာယ လူငယ်ထူးချွန်ဆု ဇကာတင်စာရင်းတွင် ဘင်္ဂါလီနှစ်ဦး ပါဝင်လာ

    မတ် ၅၊ ၂၀၁၇
    M-Media

    – ‘၂၀၁၇ ခုနှစ် ဓနသဟာယ လူငယ်ထူးချွန်ဆု’ (2017 Commonwealth Young Person of the Year ) ဇကာတင်စာရင်း ၁၇ ဦးတွင် ဘင်္ဂလားဒေ့ရှ်မှ လူငယ်နှစ်ဦး ပါဝင်လာသည်ဟု သိရသည်။

    အူဟန်ချင်း မာရ်မာနှင့် သောင်ဖီက် အဟ်မဒ်ခန်းတို့ဖြစ်ကြပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များ (SDGs) အတွက် ၎င်းတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ဇကာတင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်ဟု ဓနသဟာယ ၀ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

    မာရ်မာမှာ Menstruation Hygiene Campaign လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရပြီး ထိုလှုပ်ရှားမှုအတွင်း အမျိုးသမီးငယ် ၇၀၀ ၀န်းကျင်ကို လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး၊ အခွင့်အရေးများကို သိရှိလာအောင် အသိပညာပေးခဲ့သည်။

    South Asian Society ကို ဖွဲ့စည်းတည်ထောင်ထားသည့် သောင်ဖီက်မှာ SDGs နှင့်ပတ်သက်၍ အမျိုးသမီးငယ်များအား စွမ်းအားမြှင့်ပေးရန်အတွက် “Girls for Global Goals” လှုပ်ရှားမှုကို စဆောင်ရွက်ခဲ့ပြီး အမျိုးသမီးငယ် ၆၀၀ ခန့် အကျိုးဖြစ်ထွန်းခဲ့သည်။ လှုပ်ရှားမှုတွင် စေတနာ့ဝန်ထမ်းပေါင်း ၄၅၀၀ က စီမံကိန်းပေါင်း ၅၀၀ ကျော်ကိုလည်း ဆောင်ရွက်နေသည်။

    သောင်ဖီးက်၏ Know your SDGs လှုပ်ရှားမှုမှာလည်း လူငယ်ပေါင်း ၄၂၀၀၀ ထံ ရောက်ရှိခဲ့သည်။ ဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့ရှိ Marlborough House ၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

    ယခုနှစ် ဇကာတင်စာရင်းတွင် ပါဝင်သူများမှာ ၂၀၃၀ ပြည့်နှစ်တွင် လုပ်ဆောင်ပြီးသားဖြစ်ရမည်ဟု သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ၁၇ ခု ပါဝင်သည့် SDGs အကြောင်းကို ပြည်သူများ သိရှိစေရန် အထောက်အကူဖြစ်စေမည့် စီမံကိန်းများအား ဦးစီးဦးဆောင်ပြုသူများကို အသိအမှတ်ပြုခြင်းဖြစ်သည်။

    အခြားဆုတစ်ခုဖြစ်သော Commonwealth Youth Awards for Excellence in Development Work မှာ အာရှ၊ ပစိဖိတ်၊ ကာရစ်ဘီယံနှင့် အမေရိက၊ အာဖရိက၊ ဥရောပတို့တွင် ဆင်းရဲမွဲတေမှုလျှော့ချခြင်းမှ ငြိမ်းချမ်းမှုတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် အသက် ၁၅ နှစ်မှ ၂၉ နှစ်အကြား လူငယ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

    ဇကာတင်စာရင်းတွင် ပါဝင်သူများကို ဓနသဟာယ မဟာမင်းကြီးရုံး၊ ဓနသဟာယ အဖွဲ့အစည်းများနှင့် လူငယ်ခေါင်းဆောင်များ ပါဝင်သော ဒိုင်လူကြီးအဖွဲ့က ရွေးချယ်ပေးခြင်းဖြစ်သည်။ Commonwealth Young Person of the Year ဆုရရှိသူကို မတ်လ ၁၅ ရက်နေ့တွင် ကြေငြာသွားမည်ဖြစ်ပြီး အာရှ၊ ပစိဖိတ်၊ ကာရစ်ဘီယံနှင့် အမေရိက၊ အာဖရိက၊ ဥရောပတို့မှ ဒေသအလိုက် အထူးချွန်ဆုံး လူငယ်များကိုလည်း ကြေငြာသွားမည်ဖြစ်သည်။

    ယခုနှစ် ဇကာတင်စာရင်းတွင် သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဂူယာနာ၊ ဂျမေကာ၊ မာလာဝီ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ပါပူအာ နယူးဂီနီ၊ သီရိလင်္ကာ၊ စိန့်ဗင်းဆင့်နှင့် ဂရီနာဒိုင်၊ ယူဂန်ဒါနှင့် ယူကေနိုင်ငံတို့မှ လူငယ်များ ပါဝင်ကြသည်။

    Ref : The Daily Star

  • အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    မတ် ၄၊ ၂၀၁၇
    M-Media

    – ရုရှားနိုင်ငံထုတ်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ S-300 ဒုံးခွင်းစနစ်ကို အီရန်က အခုရက်ပိုင်းအတွင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

    ဒီဒုံးခွင်းစနစ်ရဲ့ စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့ စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အီရန် စစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အီရန်ဟာ S-300 ဒုံးခွင်းစနစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ၀ယ်ယူထားခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြုလုပ်ထားတဲ့ ပိတ်ဆိုမှုကြောင့် ကြန့်ကြာခဲ့ရတာပါ။

    ဒါပေမယ့် အီရန်နိုင်ငံ အင်အားကြီး ၆ နိုင်ငံတို့ နျူဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ဒီကိစ္စဟာ ပြေလည်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက S-300 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်ရှိလာခဲ့ပါတယ်။

    အီရန်ဟာ ဒီဒုံးခွင်းစနစ်ပုံစံ ပြည်တွင်းဖြစ် BAVAR-373 ဒုံးခွင်းစနစ်ကို ဒီဇိုင်းထုတ် တည်ဆောက်နေပြီး သိပ်မကြာတော့တဲ့အနာဂတ်မှာ စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်။

    Ref : Press TV

    https://www.youtube.com/watch?v=wWqzxcY6-_w

  • “သဟဇာတ ဖြစ်စွာ အတူနေထိုင်ရေး ပညာပေး” ခရီးနီးပါ့မလား ?

    “သဟဇာတ ဖြစ်စွာ အတူနေထိုင်ရေး ပညာပေး” ခရီးနီးပါ့မလား ?

    မတ်လ ၄  ၂၀၁၇
    ကျော်မိုးအောင်ရေးသည်။

    မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်အဖွဲ့ စည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ 30.3.2013 (ဓါတ်ပုံ-Myanmar Peace Center)

    NGO တစ်ခုက ရေးသားထားပြီး အချို့ဒေသတွေ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေမှာ pilot စမ်းသပ်ထားပြီးဖြစ်တဲ့ ပြည်သူ့နီတိ သင်ရိုးသစ်ကို မြန်မာပြည် လက်ရှိအနေအထားမှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသူရော၊ မကြိုက်တဲ့သူ ကန့်ကွက်တဲ့သူတွေပါ ရှိမှာပါ။ အောင်မြင်ပါ့မလားတောင် စိုးရိမ်စရာ။

    ပညာရေးလောကသား ကျောင်းဆရာတစ်ယောက် အနေနဲ့ နိုင်ငံတကာ သင်ရိုးတွေ လေ့လာဖြစ်ပါတယ်။ ဥပမာအားဖြင့် စင်္ကာပူ မူလတန်း သင်ရိုးညွှန်းတမ်းမှာ လူမှုရေးဘာသာရပ်ရဲ့ သင်ခန်းစာက Our Neighbor ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း၊ သူတို့တွေ ဘာ လုပ်ကြတယ် … ဘယ်လို ပွဲလမ်းသဘင်တွေရှိတယ် … သူတို့ အခြေခံ ခံယူချက်က ဘာတွေ ဆိုတာကို ကာတွန်းလေးတွေ ပုံပြင်လေးတွေနဲ့ သင်ကြားပေးတာပါ။ တရုတ်နှစ်သစ်ကူးပွဲအကြောင်း … တရုတ်လူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာ စတာတွေ၊ ဟိန္ဓူတို့အကြောင်း … ဒီပါဝလီပွဲကို သွားလည်ကြတဲ့အကြောင်း စတာတွေ၊ ခရစ်ယာန်တို့ရဲ့ အခြေခံ ဓလေ့တွေ … ခရစ္စမတ်ပွဲတော်ကျင်းပပုံတွေ၊ ပြီးတော့ မွတ်စလင်မ်တို့ကြောင်း … ဥပုသ်လ ဝါကျွတ်အီးဒ်ပွဲတော်မှာ မုန့်စားကြတာတွေ အစရှိသည်ဖြင့် သင်ပေးတာပါ။ Social Harmony ဖြစ်စေရေးအတွက်ပါ။

    အင်္ဂလန်ပညာရေးမှာ အခြေခံကတည်းက ဘာသာတရားများအကြောင်း လေ့လာသင်ယူခြင်းက ဘာသာရပ်တစ်ခု ပါ ပါတယ်။ ဘာသာတရားတွေ ထွန်းကားလာပုံ၊ ဘာသာတရားတို့ရဲ့ အခြေခံ ခံယူချက်တွေ၊ ဘာသာတရား အသီးသီး ပေါ်ထွန်းလာပြီးနောက် ဘယ်လိုဘယ်ပုံ အကျိုးရှိပုံတွေအကြောင်းကို လူမှုဗေဒဘာသာရပ်တစ်ခုအနေနဲ့ ပထဝီ သမိုင်းတို့ကိုပါ အခြေခံလို့ လေ့လာသင်ယူခွင့် ငယ်စဉ်ကတည်းက ရခဲ့ကြတာပါ။ မူလတန်းက စလို့ အထက်တန်းအထိ သင်ရိုးညွှန်းတမ်းမှာ ပါသလို တက္ကသိုလ်အဆင့်မှာလည်း ဆက် လေ့လာလို့ ရပါသေးတယ်။

    ဂျပန် သင်ရိုးညွှန်းတမ်းမှာလည်း သင်ရကြောင်း၊ သူတို့ ငယ်ငယ်ကတည်းက ကျောင်းမှာ သင်ခဲ့ရလို့ ဘယ်ဘာသာတရားက ဘယ်လို ကျင့်သုံးကြတယ် ဆိုတာ သိနေတယ်ဆိုတဲ့အကြောင်း ဂျပန် မိတ်ဆွေများ ပြောပြလို့ သိရပါတယ်။

    ဥပမာတွေ ပြောပြတာပါ။

    ဘာသာရေးကို သင်ပေးနေတာမဟုတ်ပါ … ဘာသာတစ်ခုအကြောင်း သင်ပေးနေတာ မဟုတ်ပါ။ ဘာသာတရား ဆိုတာ ဒီလိုတွေ ရှိပါလား ဆိုတာရယ် .. ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ မတူသူတွေအကြောင်း တစေ့တစောင်း သိခွင့်ရထားတာရယ် စတာတွေက ပတ်ဝန်းကျင်မှာ သဟဇာတ ဖြစ်စေရေးအတွက် အရေးတကြီး လိုအပ်ချက်တွေပါ။

    မဟုတ်လည်း ဒါတွေ ကြားရမှာပဲ … မဟုတ်မမှန် ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ လိုရာပုံဖော်ထားတဲ့ အမှား တွေကို ကလေးတွေကို ပေးသိမလား … စနစ်တကျနဲ့ ကိုယ်စားပြုနိုင်တဲ့ (authentic ဖြစ်တဲ့) အရှိတရားကို ပေးသိမလား … ဘယ်ဟာက ပို သင့်တော်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။

    နုနယ်တဲ့ကလေးတွေကို အရောင်အဆင်း ကင်းမဲ့ပြီး အဖြူထည်လေးတွေပဲ ဖြစ်စေချင်ရင် မှန်ကန်တဲ့ အသိ ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ မဟုတ်ရင် မိမိ သက်ဆိုင်ရာ ဘာသာအသီးသီးက ခေါင်းဆောင်များ ဆရာသမားများက ကိုယ့်ချင်းကိုယ် ပြောမယ့် ဝါဒမှိုင်းတိုက်ထားတဲ့ သူများမကောင်း ငါတို့ကောင်း၊ ငါတို့က အမြဲတမ်း ခံနေရ ဆိုတဲ့ မှိုင်း ဝင်ပါတယ် (ဘယ် ဘာသာဝင် မဆိုပါ။) ဒါမှမဟုတ်လည်း Facebook လို ဆိုရှယ်မီဒီယာမှာ၊ တခြား မီဒီယာစုံမှာ ဖွသမျှ အဟုတ်ထင်ကြပါမယ်။ အဲဒါကို ရှောင်နိုင်ဖို့က ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ academic ဆန်ဆန် ပညာသင်ယူခြင်းကနေ ရနိုင်ပါမယ်။

    နောက်တစ်ပိုင်းက ဒီအကြောင်းအရာတွေ ထည့်သွင်း ပြဋ္ဌာန်းရေးဆွဲမယ်ဆိုပြီးဖြစ်လာတာ ခုအစိုးရသစ်လက်ထက် မနေ့တနေ့ကမှ မဟုတ်ပါ။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ခုနှစ်မှာ ပြည်တွင်းပဋိပက္ခအချို့ ဖြစ်အပြီးမှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ရက် နေ့လယ် ၂နာရီက ရန်ကုန် Myanmar Peace Center ရုံးခန်းမှာကျင်းပခဲ့ပါတယ်။

    အဲဒီမှာ သီတဂူ ဆရာတော်ကြီးတို့ကိုယ်တိုင် သဝဏ်လွှာပေးပို့၊ တက်ရောက်သူ ရဟန်းရှင်လူအားလုံး သဘောတူညီစွာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာက ရေရှည်ကုစားနိုင်ရေးအတွက် စီမံချက်အနေနဲ့ မြန်မာပြည်က အခြေခံ ပညာသင်ခန်းစာ သင်ရိုးညွှန်းတမ်းမှာ ဘာသာကြီးလေးခုအကြောင်း သဟဇာတဖြစ်စေမယ့် သင်ခန်းစာများကို သိမှတ်စရာ ဗဟုသုတအနေနဲ့ ထည့်သွင်းသင်ကြားဖို့ပါ။

    အဲဒီကြေညာချက်ထဲက အမှတ် (၁၀)မှာ ဒီလို ပြောခဲ့တာပါ။

    “(၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။”

    အဲဒီ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ချခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း စမ်းသပ်စီမံကိန်းများ အကောင်အထည်ဖော်နေခဲ့တာပါ။

    လက်ရှိ ပြဋ္ဌာန်းစာအုပ်များကို ရေးဆွဲတဲ့ အဖွဲ့ကလည်း ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာကျော်ရင်လှိုင်တို့ ဦးဆောင်တဲ့ CDNH ဆိုတဲ့ “ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့” ကနေပါ။ သူတို့ နှစ်နဲ့ချီ သုတေသန လုပ်ထားတာကို အဆိုပြုတာပါ။

    လက်တွေ့ အကောင်အထည် ဖော်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။ ပညာရေးလောကသား တစ်ယောက်အနေနဲ့တော့ ဖြစ်စေချင်မိပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် လိုအပ်ချက်တစ်ခု လို့ ရိုးသားစွာ မြင်မိပါတယ်။

    ref:
    မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲ ပူးတွဲကြေညာချက် Link

  • ဆင့်ခေါ်သည်ကို မလာသောကြောင့် မြောက်ကိုရီးယား သံအမတ်ကို မလေးရှားနှင်ထုတ်

    ဆင့်ခေါ်သည်ကို မလာသောကြောင့် မြောက်ကိုရီးယား သံအမတ်ကို မလေးရှားနှင်ထုတ်

    မတ် ၄၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယားသံအမတ် ကန်ချိုလ် သတင်းထောက်များအား ရှင်းလင်းနေစဉ်

    – မြောက်ရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်​၍ မြောက်ကိုရီးယားနှင့် မလေးရှားတို့အကြား တင်းမာမှုများရှိနေစဉ် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို မလေးရှားက ယနေ့တွင် နှင်ထုတ်လိုက်သည်ဟု သိရသည်။

    သံအမတ် ကန်ချိုလ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း မလာခြင်းကြောင့် ယခုကဲ့သို့ နှင်ထုတ်ခြင်းဖြစ်သည်ဟု မလေးရှားအာဏာပိုင်များက ပြောကြားခဲ့ကာ တိုင်းပြည်မှ ထွက်သွားရန် ၄၈ နာရီ အချိန်ပေးထားသည်။

    ကင်ဂျုံနမ်အသတ်ခံရမှုနှင့်ပတ်သက်၍ မလေးရှားမှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ အကြီးတန်း သံအရာရှိ တစ်ဦးအပါအ၀င် မြောက်ကိုရီးယား နိုင်ငံသား အနည်းဆုံး ၆ ဦးကို သံသယရှိသူအဖြစ် ကြေငြာထားသည်။ သံအမတ် ကန်ချိုလ်က မလေးရှားမှာ မြောက်ကိုရီးယားကို ပျက်ဆီးစေရန် ရန်လိုသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားက ဆင့်ခေါ်မှုမှာ ထိုမှတ်ချက်အတွက် ဖြေရှင်းချက်ပေးရန်နှင့် တောင်းပန်ရန်စေရန်ဖြစ်သည်။ တောင်ကိုရီးယားက ကင်ဂျုံအန်ကို မြောက်ကိုရီးယား အစိုးရမှ လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

    Ref : Aljazeera

  • မီးဖိုဆောင်အလုပ်သမားကို ဆိုင်ရှယ်ယာခွဲပေးတဲ့ ဒိန်းမတ်က နာမည်ကြီး စားသောက်ဆိုင်

    မီးဖိုဆောင်အလုပ်သမားကို ဆိုင်ရှယ်ယာခွဲပေးတဲ့ ဒိန်းမတ်က နာမည်ကြီး စားသောက်ဆိုင်

    မေ ၄၊ ၂၀၁၇
    M-Media

    Noma စားသောက်ဆိုင် ပူးတွဲပိုင်ရှင် ဖြစ်လာတော့မယ့် အလီဆွန်ကို

    – ဒိန်းမတ်နိုင်ငံက ကမ္ဘာ့အဆင့် Noma စားသောက်ဆိုင်ဟာ သူ့ဆိုင်က ပန်ကန်ဆေးသူတစ်ယောက်ရဲ့ သစ္စာရှိမှု၊ အလုပ်ကြိုးစားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆိုင်ရဲ့ ပူးတွဲပိုင်ရှင်အဖြစ် ချီးမြှောက်လိုက်ပါတယ်။

    ချီးမြှောက်ခံရသူကတော့ အလီ ဆွန်ကိုဆိုသူဖြစ်ပြီး ကိုပင်ဟေဂင်မှာ ဆိုင်စဖွင်တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။

    Noma စားသောက်ဆိုင်ဟာ Restaurant မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်အဖြစ် ၄ ကြိမ်အရွးခံရပြီး SanPellegrino ရဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီစားသောက်ဆိုင်ဟာ ခေတ္တပိတ်ပြီး ဒီဇင်ဘာရောက်တဲ့အခါ နေရာအသစ်မှာ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပါတယ်။

    ဆိုင်ပိတ်ပွဲအထိမ်းအမှတ်အဖြစ်ပြုလုပ်တဲ့ ပါတီမှာ အလီဆွန်ကိုအပါအ၀င် ဆိုင်ရဲ့ဝန်ထမ်း ၃ ဦးကို ဆိုင်သစ်အတွက် ပူးတွဲပိုင်ရှင်အဖြစ် ကြေငြာခဲ့တာဖြစ်ပါတယ်။

    ဆိုင်ပိုင်ရှင် စာဖိုမှူးမှုး ရီနီ ရဒ်ဇီပီက အလီဟာ မိမိတို့ရဲ့ စီးပွားရေးမိတ်ဖတ်အသစ်တွေထဲက တစ်ဦးဖြစ်လာတယ်ဆိုတဲ့ကို ကြေငြာရတဲ့ တခဏဟာ ဘ၀မှာ အပျော်ရွှင်ဆုံး အချိန်ကာလကတည်းက တစ်ခုဖြစ်တယ်လို့ဆိုပြီး၊ အလီရဲ့ အလုပ်ကြိုးစားမှုနဲ့ အမြဲတမ်း ပြုံးနေတဲ့မျက်နှာကို အသိအမှတ်ပြုတာဖြစ်တယ်လို့လည်းဆိုပါတယ်။

    အသက် ၆၂ နှစ်အရှိပြီဖြစ်တဲ့ ဆွန်ကိုဟာ လွန်ခဲ့တဲ့ ၃၄ နှစ်က ဂမ်ဘီယာနိုင်ငံကနေ ဒိန်းမတ်ကို ပြောင်းရွှေ့အခြေချလာသူပါ။

    “ဒီမှာအလုပ်လုပ်ရတဲ့အတွက် ဘယ်လောက်ပျော်ရွှင်တယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ အကောင်းဆုံး သူတွေနဲ့ အလုပ်လုပ်ရတယ်။ လူတိုင်းနဲ့လည်း ကျွန်တော် ခင်ပါတယ်။ သူတို့ဟာ ကျွန်တော့်အပေါ်မှာ တော်တော်လေး လေးစားတယ်။ ကျွန်တော် သူတို့ကို ဘာပဲပြောပြော၊ ဘာဘဲမေးမေး သူတို့က ကျွန်တော့်အတွက် ရှိနေကြပါတယ်” လို့ အလီက ဖွင့်ဟခဲ့ပါတယ်။

    အလီနဲ့အတူ Noma ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာသူတွေကတော့ သြစတေးလျနိုင်ငံသား မန်နေဂျာ စပရဒ်ဘူရီ၊ ၀န်ဆောင်မှု ဒါရိုက်တာ လူရစ်ခ်ျတာတို့ ဖြစ်ပါတယ်။

    Ref: The Guardian