News @ M-Media
Blog
  • ဘရာဇီးလ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဘောကောက်ခွေးများ အသုံးပြုမည်
    ဘရာဇီးလ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဘောကောက်ခွေးများ အသုံးပြုမည်
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – လာမယ့်တစ်ပတ်အတွင်း ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့မှာ ကျင်းပပြုလုပ်မယ့် အေတီပီ ဘရာဇီးလ်အိုးပင်း တင်းနစ်ပြိုင်ပွဲက ပွဲတစ်ချို့မှာ ဘောကောက်ခွေးတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့နှစ်ကလည်း ပြိုင်ပွဲတုန်းကလည်း ခွေးလေခွေးလွင့်တွေကို စောင့်ရှောက်ထားတဲ့ စင်တာက ခွေး ၄ ကောင်ကို ဘောကောက်အဖြစ် စမ်းသပ်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်း ဘောကောက်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
    ဒီနှစ်မှာတော့ စင်ဒီ၊ နန်ဒါ၊ ပရီတင်ဟာ၊ မီယာ၊ အာလီတီနဲ့ အိုဗဲလ် စတဲ့ ခွေး ၆ ကောင်ဟာ မတ်လ ၄ ရက်နေ့ကနေ ၅ နေ့အထိ ပြုလုပ်မယ့် ဆီမီးဖိုင်နယ်၊ ဖိုင်နယ် ပွဲစဉ်တွေအရင် လက်ရည်စမ်းပွဲတွေမှာ ဘောကောက်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
    “သူတို့လေးတွေဟာ ဘ၀ခရီးလမ်း မဖြောင့်ဖြူးခဲ့တဲ့ ခွေးလေးတွေပါ။ ဒါပေမယ့် ကျွန်မတို့ဟာ အတိတ်က ခံစားခဲ့ရတဲ့ သမိုင်းကြောင်းတွေကို ပြချင်တာမဟုတ်ပါဘူး။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့နဲ့ အနာဂတ်မှာ သူတို့လေးတွေဟာ အဖော်မွန်ကောင်းတွေဖြစ်တယ်ဆိုတာ သက်သေပြဖို့ပါပဲ” လို့ တင်းနစ်ပြိုင်ပွဲမှာ ဘောကောက်ခွေးအသုံးပြုရေးလှုပ်ရှားမှုကို စီစဉ်ခဲ့တဲ့ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း PremieR Pet မာဒါလီနာ စပင်နာဇိုလာက ပြောကြားခဲ့ပါတယ်။
    ဘရာဇီးလ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဥရုဂွေးက ပါဘလို ကျူဗက်ဇ်ဟာ လက်ရှိ ၂ ကြိမ်ဆက်ချန်ပီယံဖြစ်ပြီး ပြင်သစ်အိုးပင်း ၉ ကြိမ်မြောက်ချန်ပီယံ ရာဖေးနာဒယ်ဟာလည်း ဒီပွဲကို နွှဲမှာဖြစ်ပါတယ်။
    Ref: CNN
  • အစ္စရေးဝန်ကြီးချုပ်ကို ဟစ်တလာနှင့်နှိုင်းကာ သြဇီပြည်သူများ ဆန္ဒပြ
    အစ္စရေးဝန်ကြီးချုပ်ကို ဟစ်တလာနှင့်နှိုင်းကာ သြဇီပြည်သူများ ဆန္ဒပြ
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – သြစတေးလျနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သြဇီပြည်သူများက ဟစ်တလာနှင့်ခိုင်းနှိုင်းကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ပါလက်စတိုင်းထောက်ခံသူ လူပေါင်း ၆၅၀ ခန့်မှာ ဆစ်ဒနီတွင် စုရုံးကာ ဟစ်တလာပုံစံ နှုတ်ခမ်းမွှေးတပ်ထားသည့် ပိုစတာ၊ ‘ဖက်စစ်ကောင်’ ဟု ရေးသားထားသည့် ပို့စတာများကို ကိုင်ဆောင်ခဲ့ကြသည်။
    ထို့ပြင် နေတန်ယာဟုအား စစ်ရာဇ၀တ်ကောင်၊ အကြမ်းဖက်သမားအဖြစ် ရေးသားထားသော ပိုစတာများလည်း ပါဝင်သည်။ ဆန္ဒပြသူများမှာ ဆစ်ဒနီတွင် နေတန်ယာဟု တည်းခိုနေသည့် ဟိုတယ်သို့ ချီတက်သွားသည့်အချိန်တွင် ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။
    သြစတေးလျနှင့် အစ္စရေးတို့မှာ ခိုင်မာသော ဆက်ဆံရေးရှိပြီး ရာထူးရှိ အစ္စရေးဝန်ကြီးချုပ်တစ်ဦး သြဇီသို့ လာရောက်ခြင်းမှာလည်း ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ နေတန်ယာဟုမှာ သြဇီတွင် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး ခရီးစဉ်မှာ ၄ ရက် ကြမြင့်မည်ဖြစ်သည်။
    Ref : RT
  • ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာက နည်းပြ ရာနီယေးရီကို ထုတ်ပယ်
    ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာက နည်းပြ ရာနီယေးရီကို ထုတ်ပယ်
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းက နည်းပြ ကလော်ဒီယို ရာနီယေးရီကို အသင်းမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။
    လက်စတာမှာ ယခုရာသီတွင် မနှစ်ကကဲ့သို့ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၅ ပွဲသာ အနိုင်ရထားပြီး ရာသီပြီးဆုံးရန် ၁၃ ပွဲ လိုတော့သည့်အချိန်တွင် လတန်းဆင်းဇုန်နှင့် ၁ မှတ်သာကွာဟနေသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်း အင်္ဂလိပ် ထိပ်တန်း အမှတ်ပေးပြိုင်ပွဲ ၄ ခုတွင် ဂိုးမသွင်းနိုင်သည့် တစ်ခုတည်းသောအသင်း ဖြစ်နေသည်။
    “ခက်ခဲတယ်ဆိုတာ ၀န်ခံလိုပြီး ဦးဆောင်မှု အပြောင်းအလဲ မလုပ်လိုပေမယ့်လည်း အသင်းရဲ့ အကျိုးစီးပွားအတွက် လိုအပ်လို့ လုပ်လိုက်ရတာ ဖြစ်ပါတယ်” ဟု လက်စတာစီးတီးအသင်းက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ ပထမအကျော့တွင် စပိန်ကလပ် ဆီးဗီးလားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၄ နာရီ မတိုင်ခင်မှာပင် ရာနီယေးရီမှာ ယခုကဲ့သို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။
    “လက်စတာစီးတီးသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနည်းပြတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ အဆင့်ကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါပေမယ့် လက်ရှိရာသီ ပြည်တွင်းရလဒ်တွေဟာ အသင်းရဲ့ အခြေအနေကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်” ဟု လက်စတာ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ရာနီယေးရီမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် လက်စတာစီးတီး နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
    Ref : BBC
  • ကင်ဂျုံနမ်အား လုပ်ကြံမှုတွင် ဓာတ်တုလက်နက်ကို အသုံးပြုခဲ့ဟု မလေးရှားပြော
    ကင်ဂျုံနမ်အား လုပ်ကြံမှုတွင် ဓာတ်တုလက်နက်ကို အသုံးပြုခဲ့ဟု မလေးရှားပြော
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – မြောက်ရီယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲအစ်ကို သတ်ဖြတ်ခံရမှုတွင် ကနဦးစစ်ဆေးချက်များအရ ဓာတုစစ်ပွဲများတွင် အသုံးပြုသည့် nerve agent ဓာတုလက်နက်ဖြင့် လုပ်ကြံခံခဲ့ရသည်ကို တွေ့ရှိရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ယနေ့တွင် ရဲတပ်ဖွဲ့၏ စစ်ဆေးရေးအရာရှိက ထုတ်ပြန်သော ကြေငြာချက်၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး မလေးရှား ဓာတုဗေဒ ဦးစီးဌာနမှ ကနဦး စစ်ဆေးဖော်ထုတ်မှုအရ ကင်ဂျုံနမ်၏ မျက်နှာတွင် VX nerve agent ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
    အဆိုပါ VX nerve agent ဓာတုလက်နက်ကို ဖျက်အားပြင်းလက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။
    ကင်ဂျုံအန်မှာ ပြီးခဲ့သည့်တစ်ပတ်က ကွာလာလမ်ပူလေဆိပ်တွင် အမျိုးသမီးနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ nerve agent ကို ၎င်းတို့တွင် ထိခိုက်မှုမရှိဘဲ ကင်၏ မျက်နှာကို အဘယ်ကဲ့သို့ အုပ်နိုင်ခဲ့သည်ကို မပြောခဲ့ပေ။
    ထို့ပြင် ၎င်းတို့တွင် လက်အိတ်စွပ်ထားခြင်း၊ သို့မဟုတ် အသုံးပြုပြီးနောက် လက်ကို လျင်မြန်စွာ ဆေးကြောခြင်းတို့ ပြုလုပ်ခဲ့သည်လားဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
    စောစောပိုင်းက မလေးရှားရဲတပ်ဖွဲ့မှ ထုတ်ပြန်မှုတွင် အမျိုးသမီးနှစ်ဦးမှာ ကင်၏မျက်နှာတွင် အရည်တစ်ခု ပွတ်သပ်ခဲ့ပြီး ၎င်းတို့၏လက်ကို လျှင်မြန်စွာ ဆေးကြောခဲ့သည်ဟု ဖော်ပြထားသည်။
    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက မလေးရှား၏ စုံစမ်းစစ်ဆေးမှုများမှာ အမှားအယွင်းများ၊ ကွဲပြားမှုများ ရှိနေသည်ဟု ယမန်နေ့တွင် ပထမဆုံး ကြေငြာခဲ့ပြီး သေဆုံးသူမှာ ကင်ဂျုံနမ် ဖြစ်သည်ဟု မဖော်ပြခဲ့ပေ။
    Ref: Aljzeera
  • အင်္ဂလန်ရှိ နျူဘန်ကာဟောင်းတွင် ဆေးခြောက်အကြီးအကျယ်ထုတ်လုပ်မှုကို ဖမ်းဆီး
    အင်္ဂလန်ရှိ နျူဘန်ကာဟောင်းတွင် ဆေးခြောက်အကြီးအကျယ်ထုတ်လုပ်မှုကို ဖမ်းဆီး
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media
    – အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြေအောက် နျူကလီးယား ဘန်ကာဟောင်းတစ်ခုတွင် ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်နေသည့် အကြီးစားစက်ရုံတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ဘန်ကာထဲတွင် အခန်းပေါင်း ၂၀ ခန့်ရှိနေပြီး အခန်းတိုင်းကို ဆေးခြောက်လက်ကား ဖြန့်ချီရန်အတွက် အသုံးပြုထားသည်။
    ၁၉၈၀ ပြည့်နှစ်များက ကာကွယ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ခဲ့သည့် အဆိုပါဘန်ကာမှာ နျူကလီးယားတိုက်ခိုက်မှု ဖြစ်လာသည့်အခါတွင် ဒေသတွင်းရှိ ဂုဏ်သရေရှိသူများ၊ အစိုးရ တာဝန်ရှိသူများကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ အဆိုပါ လုပ်ငန်းမှာ အလွန်သိုသိပ်ပြီး၊ သံသယရှိသူများ ထိုဘန်ကာမှ ထွက်လာသည့်အချိန်တွင်မှ ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    “အဆောက်အဦးထဲမှာ အခန်းပေါင်း ၂၀ နီးပါးလောက်ရှိတယ်။ ၂ ထပ်အဆောက်အဦးဖြစ်ပြီး တစ်ထပ်ကို ပေ ၂၀၀x ၇၀ လောက် ကျယ်ပါတယ်။ အခန်းတိုင်းကို ဆေးခြောက်ပင် စီးပွားဖြစ်ထုတ်လုပ်တဲ့နေရာအဖြစ် ပြောင်းထားတယ်။ အရင်ရိပ်သိမ်းပြီးသား ဆေးခြောက်ပင်အဟောင်း တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပေါလ် ဖရန့်ကလင်းက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုတွေ့ရှိမှုမှာ နိုင်ငံသမိုင်းတွင် အကြီးမားဆုံး ဆေးခြောက်လုပ်ငန်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။
    Ref: BBC